အခန်း ၂၁၈
Vol. 13 Ch. 218
အခန်း (၂၁၈)
နေဝင်ဆည်းဆာအချိန်။ မှိန်ဖျော့ဖျော့ နေရောင်ခြည်အောက်တွင် ကမ္ဘာမြေပြင်သည် တိတ်ဆိတ်ငြိမ်သက်သော အရောင်အဆင်းဖြင့် လွှမ်းခြုံနေသည်။
နွားပေါ်တွင် ခွစီးထားသော လူရိပ်တစ်ခုသည် ကောင်းကင် လွင်ပြင်ကြီး အတိုင်း အေးအေးဆေးဆေး ခရီးဆက်နေသည်။ ကောက်ရိုးဦးထုပ်ကို ဆောင်းကာ လက်ထဲတွင် ပန်းချီဆွဲသည့် ပျဉ်ပြားကို ကိုင်ဆောင်လျက် ပတ်ဝန်းကျင် ရှုခင်းများကို ပုံဖော်နေသည်။
ဖြတ်သန်းသွားသော ဝိညာဉ်သားရဲ အချို့က သူတို့၏ အနောက်ဘက်မှနေ၍ အလစ်ဝင်ရောက် တိုက်ခိုက်ရန် ကြံရွယ်ကြသည်။ သို့သော် ရုတ်တရက်ဆိုသလို ထိုသားရဲများ၏ စိတ်နှလုံးထဲတွင် ကြီးမားလှသော ကြောက်ရွံ့မှုကြီး ကျရောက်လာပြီး မျက်စိတစ်မှိတ်အတွင်း ငြိမ်ကျသွားကာ မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ မြက်ပင်များကိုသာ ငေးငိုင်စွာ စားသောက်နေကြတော့သည်။
ထို့နောက် လူတစ်ယောက်နှင့် နွားတစ်ကောင် ဝေးကွာသွားမှသာ ဝိညာဉ်သားရဲများသည် နာကျင်ရှုံ့မဲ့သော မျက်နှာထားဖြင့် စားထားသော မြက်ပင်များကို ပြန်အန်ထုတ်ကြတော့သည်။ (လမ်းသွားလမ်းလာမျှသာ ဖြစ်ကြောင်း ဟန်ဆောင်ရသည်မှာလည်း အသက်နှင့် ရင်းရပေသည်)
ဝှစ်...
ဝှစ်...
ဝှစ်...
ထိုအချိန်တွင် ကောင်းကင်၌ ရုတ်တရက် ပြင်းထန်သော လိုက်လံတိုက်ခိုက်မှုကြီးတစ်ခု ဖြစ်ပွားလာသည်။ ရွှေအမြုတေ အလယ်အလတ်အဆင့် ဝိညာဉ်သားရဲ နှစ်ကောင်သည် ကြွက်သားများ ဖောင်းကြွနေပြီး ခန့်ညားထည်ဝါသော ရုပ်သွင်ရှိသည့် မူလဝိညာဉ် အစောပိုင်းအဆင့် ဝိညာဉ်သားရဲတစ်ကောင်ကို အသည်းအသန် လိုက်လံတိုက်ခိုက်နေကြသည်။
ထိုဝိညာဉ်သားရဲ၏ အမည်မှာ မီးခြင်္သေ့နီ ပင် ဖြစ်သည်။
ချန်ရွှင်နှင့် နွားကြီးတို့ အံ့အားသင့်သွားကြသည်။ ကောလာဟလများအရ ကြားဖူးသော်လည်း ဤခြင်္သေ့သည် သူတို့ ယခင်က နေထိုင်ခဲ့ဖူးသော ကျင့်ကြံခြင်းလောက (ချန်တိုင်းပြည် ပတ်ဝန်းကျင်)တွင် မျိုးသုဉ်းပျောက်ကွယ်သွားသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ဤနေရာတွင် ဆုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ထားပေ။
၎င်း၏ သွေးသားများသည် ကျင့်ကြံသူများအတွက်ရော ဝိညာဉ်သားရဲများအတွက်ပါ အလွန်တရာ အဖိုးတန်လှသော အားဖြည့်ဆေးများ ဖြစ်ပြီး ကျင့်ကြံမှုအဆင့်ကိုပင် တက်စေနိုင်သည့် ဆေးဘက်ဝင် အာနိသင် ရှိသည်ဟု ဆိုကြသည်။ ယခင်က ဖတ်ရှုခဲ့ဖူးသော ဝိညာဉ်သားရဲ မှတ်တမ်း တွင် အလွန်တရာ ချီးကျူးခံရသည့် ရှားပါးမျိုးစိတ်တစ်ခု ဖြစ်သည်။
သို့သော် ထိုအကောင် ထွက်ပြေးနေသည့် ပုံစံက မည်သို့ကြည့်ကြည့် ထူးဆန်းနေသည်။ ဟေ့ကောင် မင်းက မူလဝိညာဉ် အစောပိုင်းအဆင့်က ဘီလူးကြီး တစ်ကောင် မဟုတ်ဘူးလား။
ကောင်းကင်တွင် လေနီကြမ်းများ တိုက်ခတ်နေသည်။
မီးခြင်္သေ့နီသည် ဟင်းလင်းပြင်ကို နင်းဖြတ်ကာ ထွက်ပြေးနေသည်။ ခန္ဓာကိုယ်အရှည်မှာ ခုနစ်လံ၊ ရှစ်လံခန့် ရှိပြီး မြင်ရသည်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ဟင်းလင်းပြင်ကို နင်းလိုက်တိုင်း မီးတောက်မီးလျှံများ ပြန့်ကျဲသွားပြီး အလွန်တရာ တောက်ပခမ်းနားနေသည်။
ဂါး...
မီးခြင်္သေ့နီသည် နောက်သို့ လှည့်ကြည့်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ မျက်ဝန်းများ အလွန်အမင်း မှေးကျဉ်းသွားပြီး ခန့်ညားထည်ဝါသော မျက်နှာကြီးသည် ယုံကြည်နိုင်စရာ မကောင်းလောက်အောင်ပင် အောက်ကျို့ပြီး သတ္တိကြောင်သော အမူအရာအဖြစ် ပြောင်းလဲသွားသည်။
(ဆက်မလိုက်ကြပါနဲ့တော့ကွာ... ငါက သက်တမ်းစေ့ နေပြီး သေချင်ရုံလေးပါကွာ...)
၎င်းတို့ မျိုးစိတ်၏ ထူးခြားသော သဘာဝကြောင့် ဝိညာဉ်သားရဲ အများအပြားနှင့် ကျင့်ကြံသူများက အမြဲတမ်း အမဲလိုက်ရန် ပစ်မှတ်ထားကြသည်။
ဤခြင်္သေ့၏ ဘဝဇာတ်ကြောင်းမှာလည်း အလွန် သနားစရာ ကောင်းလှသည်။ မွေးဖွားလာပြီး နှစ်အနည်းငယ်မျှ မကြာမီ သူ၏ မျိုးနွယ်စုတစ်ခုလုံး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
သို့သော် မွေးရာပါ အလွန်အမင်း သတ္တိကြောင်မှု ကြောင့် ဘေးအန္တရာယ်ပေါင်းများစွာမှ လွတ်မြောက်ခဲ့ပြီး ကောင်းကင် လွင်ပြင်ကြီး တွင် ယနေ့အထိ လှည့်လည် သွားလာနေနိုင်ခဲ့ခြင်း ဖြစ်သည်။
သူ၏ စိတ်နှလုံးထဲတွင် လက်စားချေလိုစိတ် အနည်းငယ်မျှ မရှိပေ။ "အသက်ရှင်နေရရင်ကို လုံလောက်ပြီ" ဟူသော အလွန်တရာ နိမ့်ကျသည့် မျှော်လင့်ချက်သာ ရှိသည်။ ငယ်စဉ်က ရရှိခဲ့သော စိတ်ဒဏ်ရာများသည် လူတစ်ယောက်၏ ဘဝကိုသာမက ဝိညာဉ်သားရဲ တစ်ကောင်၏ ဘဝကိုလည်း အဆုံးအဖြတ် ပေးနိုင်စွမ်း ရှိပေသည်။
သူသည် အမဲလိုက်ခြင်းကို မနှစ်သက်ဘဲ ခိုးဝှက်ခြင်း ကိုသာ သဘောကျသည်။ အသက်ရှင်သန်ရန်အတွက် အခြား ဝိညာဉ်သားရဲများ၏ ဥများနှင့် တစ်ခါတစ်ရံ ၎င်းတို့၏ ဇနီးမယားများပင် သူ၏ ခိုးဝှက်မှုဒဏ်ကို ခံခဲ့ရသည်။
ရွှေအမြုတေအဆင့် သို့ ရောက်ရှိပြီးနောက် ထိုကဲ့သို့ ခိုးကြောင်ခိုးဝှက် အလုပ်များကို မလုပ်တော့ပေ။ သို့သော် ကျင့်ကြံမှုအဆင့် တက်လာသည်နှင့်အမျှ သူ၏ သွေးသားများသည် ပိုမို ဆွဲဆောင်မှုရှိသော ရနံ့များကို ထုတ်လွှတ်လာခဲ့သည်။
ထို့အပြင် သူသည် မည်သည့် ဝိညာဉ်သားရဲ အုပ်စုတွင်မှ မပါဝင်ဘဲ အန္တရာယ်ကြုံလာပါက အမြဲတမ်း ရှေ့ဆုံးမှ ထွက်ပြေးတတ်သဖြင့် သူ၏ ဂုဏ်သတင်းမှာ အလွန် ဆိုးရွားနေပြီး သူ့အား ကာကွယ်ပေးမည့် ဝိညာဉ်သားရဲ တစ်ကောင်မျှ မရှိပေ။
သို့သော် မူလဝိညာဉ် အဆင့် သို့ ရောက်ရှိပြီးနောက် အခြေအနေ အနည်းငယ် ပြောင်းလဲလာခဲ့သည်။
ခန္ဓာကိုယ်ကြီးမှာ သိသိသာသာ ကြီးမားလာပြီး မြင်ရသည်မှာ အလွန် ခန့်ညားထည်ဝါလာသဖြင့် ဝိညာဉ်သားရဲ အများအပြားကို ကြောက်လန့်သွားအောင် လုပ်နိုင်ခဲ့သည်။ အချို့သော ဝိညာဉ်သားရဲ အုပ်စုများတွင် ဧည့်သည်တော်အဖြစ် ဖိတ်ကြားခံရသည်များပင် ရှိလာသည်။
သို့သော် ထိုအုပ်စုများ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရသောအခါ သူသည် ရှေ့သို့ထွက်ကာ "ဂါး" ဟု ဟန်ဆောင် ဟိန်းဟောက်ပြီးနောက် ဝင်ရောက်ကူညီခြင်း မရှိဘဲ တိတ်တဆိတ် ထွက်ပြေးသွားတတ်လေသည်။
ဂါး...
နောက်ဆုံးတွင် မီးခြင်္သေ့နီ ဒေါသပေါက်ကွဲသွားတော့သည်။ ဘယ်အချိန်အထိ အသည်းအသန် လိုက်နေဦးမှာလဲ။
ချက်ချင်းပင် အနီရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ခန္ဓာကိုယ်ထဲမှ မူလဝိညာဉ် ပေါ်ထွက်လာသည်။
ရွှေအမြုတေအဆင့် ဝိညာဉ်သားရဲ နှစ်ကောင်သည် ကြောက်လန့်တကြား ခြေလှမ်းများ ရပ်တန့်သွားကြသည်။ (သောက်ကျိုးနည်း... ဒီကောင်က မူလဝိညာဉ် အဆင့်လား)
ဝုန်း... အား...
ကောင်းကင်၌ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာပြီး သွေးမိုးများ ရွာသွန်းကျလာသည်။ ပြင်းထန်သော ရိုက်ချက်များကြောင့် ရွှေအမြုတေအဆင့် ဝိညာဉ်သားရဲ နှစ်ကောင်သည် ပြင်းထန်သော ဒဏ်ရာများကို ရရှိသွားကြသည်။
သို့သော် မီးခြင်္သေ့နီသည် ထိုမြင်ကွင်းကို ကြည့်ကာ (ဒုက္ခပဲ... လက်လွန်သွားပြီ) ဟု တွေးလျက် ကြောက်လန့်တကြား မျက်နှာပျက်သွားကာ မျက်စိတစ်မှိတ်အတွင်း အနီရောင် အလင်းတန်းတစ်ခုသဖွယ် အလောတကြီး ထွက်ပြေးသွားလေတော့သည်။
ထိုမြင်ကွင်းကို ကြည့်နေသော ချန်ရွှင်နှင့် နွားကြီးတို့လည်း ဆွံ့အသွားကြသည်။ ဘယ်လို ထူးဆန်းတဲ့ ဝိညာဉ်သားရဲကြီးလဲဟ။
ဤနေရာသို့ လာရာလမ်းတစ်လျှောက်တွင် ဝိညာဉ်သားရဲများ၏ တိုက်ပွဲပေါင်းများစွာကို မြင်တွေ့ခဲ့ရသော်လည်း မူလဝိညာဉ် အဆင့် ဝိညာဉ်သားရဲ၏ တိုက်ပွဲကိုမူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ထို့အပြင် ပထမဆုံး မြင်ဖူးသည့်အကောင်က ဤမျှ ရယ်စရာကောင်းသည့် အကောင် ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားပေ။
သူတို့နှစ်ဦး၏ မျက်ဝန်းများတွင် ပြင်းပြသော သိချင်စိတ်များ ပေါ်ထွက်လာပြီး တိတ်တဆိတ် နေရာမှ ပျောက်ကွယ်သွားကာ ခြင်္သေ့၏ နောက်သို့ လိုက်ပါသွားကြသည်။
နေ့ဝက်ခန့် ကြာပြီးနောက်။
မီးခြင်္သေ့နီသည် အခြား ဝိညာဉ်သားရဲများ မရှိသော နေရာတစ်ခုကို ရှာတွေ့သည်နှင့် မြေကြီးကို အသည်းအသန် တူးဆွတော့သည်။
သူသည် မြေအောက်တွင် နေထိုင်ရသည်ကို သဘောကျသည်။ ယခင်ကတည်းက ဤမြေတူးသည့် စွမ်းရည်ကြောင့် ဘေးဒုက္ခပေါင်းများစွာကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်တွင် ပျံသန်းနေသော ဝိညာဉ်သားရဲများပင် သူ့ကို မမြင်နိုင်ကြပေ။
မြေကျင်းမှာ တဖြည်းဖြည်း ကြီးမားလာပြီး သူတို့မျိုးစိတ်၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် ပတ်ဝန်းကျင်ရှိ အငွေ့အသက်များကို ဖုံးကွယ်ထားလိုက်သည်။ ခဏလောက် နားလိုက်ဦးမည်။
မူလဝိညာဉ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ ကျင့်ကြံခြင်း လမ်းစဉ်သည် အဆုံးမှတ်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။ မီးခြင်္သေ့နီမျိုးစိတ် ဝိညာဉ်အသွင်ပြောင်းအဆင့် သို့ တက်နိုင်သည်ဟု တစ်ခါမျှ မကြားဖူးသလို သူ၏ မျိုးဆက်သွေး စွမ်းရည်များကိုလည်း အကုန်အစင် အသုံးပြုပြီးသွားပြီ ဖြစ်သည်။
သူသည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး ရွှံ့နွံများပေါ်တွင် ဝပ်လျက် အနားယူလိုက်သည်။ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် အလင်းရောင်များ တောက်ပနေသည်။
(ဒီအတိုင်း ဘေးကင်းကင်းနဲ့ ကောင်းကင် လွင်ပြင်ကြီး မှာ ကျန်တဲ့ နှစ်ထောင်ပေါင်းများစွာကို ဖြတ်သန်းပြီး သက်တမ်းစေ့ နေသွားတော့မယ်)
မီးခြင်္သေ့နီ မျိုးစိတ်သည် သက်တမ်းရှည်ကြသည်။ မူလဝိညာဉ် အဆင့်ဆိုလျှင် နှစ်သုံးထောင်ခန့် အသက်ရှင်နိုင်သည်။ သို့သော် သက်တမ်းစေ့ နေသွားနိုင်သူမှာ လက်ချိုးရေ၍ ရသည်။
သူသည် မည်သည့် ဝိညာဉ်သားရဲ အုပ်စု၏ ခေါင်းဆောင်မှ မဖြစ်ချင်သလို ရင်းမြစ်များကိုလည်း လုယူချင်စိတ် မရှိပေ။ အသက်ရှင်နေရလျှင်ပင် ပျော်ရွှင်နေပြီ ဖြစ်သည်။
"ဟဲဟဲ... တာအိုမိတ်ဆွေ ခြင်္သေ့နီ... စကားလေး နည်းနည်းလောက် ပြောကြမလား"
"ဝါး..."
မီးခြင်္သေ့နီသည် မျက်လုံးပြူးကျယ်သွားပြီး ဝုန်းခနဲ အသံကြီးနှင့်အတူ ခုန်ထလိုက်မိသည်။ မြေမှုန့်များ လွင့်စင်သွားပြီး သေးပင် ထွက်ကျလုမတတ် ဖြစ်သွားသည်။ ဘာမှမရှိတဲ့နေရာကနေ ဘယ်လိုလုပ် အသံထွက်လာတာလဲ။
သူ၏ မျက်စိရှေ့တွင် မှုန်ဝါးဝါး အရိပ်နှစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။ တစ်ဦးမှာ လူသားဖြစ်ပြီး နောက်တစ်ကောင်မှာ နွားတစ်ကောင် ဖြစ်သည်။
(သွားပြီ... ငါ့ဘဝတော့ သွားပြီပဲ)
မီးခြင်္သေ့နီ၏ ခန့်ညားထည်ဝါသော မျက်နှာပေါ်တွင် ချွေးစေးများ ရေတံခွန်ကဲ့သို့ စီးကျလာသည်။ အသက်ရှူသံ ပြင်းပြင်းများ ထွက်ပေါ်လာပြီး မျက်စိရှေ့ရှိ ပိန်သွယ်သော အရိပ်နှစ်ခုကို ကြည့်လိုက်သော်လည်း "နိုင်ဖို့ အလားအလာ မရှိဘူး" ဟု မျှော်လင့်ချက်မဲ့စွာ တွေးလိုက်မိသည်။ ရုန်းကန်လိုစိတ်ပင် မရှိတော့ပေ။
သူသည် မူလဝိညာဉ် ကို တိတ်တဆိတ် ထိန်းချုပ်လိုက်ပြီး ခန္ဓာကိုယ်ကို စွန့်ပစ်ကာ အချိန်မရွေး ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။ ဒီခန္ဓာကိုယ်ကို ယူလိုက်ကြပါ။ ခန္ဓာကိုယ်ကိုယူပါ ငါ့ကိုတော့ ချမ်းသာပေးကြပါ။
"စိတ်မလှုပ်ရှားပါနဲ့... ငါတို့က လူကောင်းတွေပါ"
"မွန်း... မွန်း..."
သူတို့နှစ်ဦး စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်။
အလွန် ပြင်းထန်လှသော ဝိညာဉ်ဖိအားသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး ပြီးပြည့်စုံသော ဒြပ်ငါးပါး စွမ်းအားသည် မီးခြင်္သေ့နီ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝိညာဉ်ဖိအားဖြင့် ထိန်းချုပ်လိုက်သည်။ ခန္ဓာကိုယ်အတွင်းရှိ မူလဝိညာဉ် ပင်လျှင် ဖိနှိပ်ထားလိုက်ပြီး လက်တစ်လုံးမျှပင် မလှုပ်ရှားနိုင်တော့ပေ။
မီးခြင်္သေ့နီ၏ ခန္ဓာကိုယ်မှ အားအင်များ ဆုတ်ယုတ်သွားပြီး မျက်ဝန်းများ တုန်ရီလာသည်။ သတိထား ပြင်ဆင်နေသည့်ကြားမှပင် ဖိနှိပ်ခံလိုက်ရသည်တဲ့လား။
သူ၏ မျက်လုံးများမှ မျက်ရည်နှစ်ပေါက် စီးကျလာသည်။ မြေကြီးပေါ်တွင် အားကိုးရာမဲ့စွာ လဲလျောင်းရင်း စိတ်ထဲတွင် ကျိတ်၍ ဆဲရေးနေမိသည်။
(ငါ လှုပ်မရအောင် အသေချုပ်ထားပြီးမှ 'ငါတို့က လူကောင်းတွေပါ' လို့ လာပြောနေတာ ဘယ်သူက ယုံမှာလဲကွ...)
"စီ... စီနီယာ..."
မီးခြင်္သေ့နီက လူစကားဖြင့် ပြောလိုက်သည်။ အသံထွက်မှာ အတော်လေး သဘာဝမကျပေ။
"ကျွန်တော်... ကျွန်တော် လူသားတွေနဲ့ နွားတွေကို တစ်ခါမှ အန္တရာယ် မပြုခဲ့ဖူးပါဘူးဗျာ... ကျေးဇူးပြုပြီး ချမ်းသာပေးပါ... လမ်းပြပေးရမယ် ဆိုရင်လည်း ဝမ်းသာအားရ ပြပေးပါ့မယ်"
သူ၏ မည်းနက်ပြီး ကြီးမားသော မျက်လုံးကြီးများသည် ဟိုဟိုသည်သည် ရွေ့လျားနေသည်။ ဤလူနှစ်ဦးသည် ကောင်းကင် လွင်ပြင်ကြီး သို့ အမဲလိုက်ရန် လာရောက်သော ကျင့်ကြံသူများ ဖြစ်မည်မှာ သေချာသည်။ ယခု အသက်ရှင်နေရုံဖြင့် လွတ်မြောက်ရန် အခွင့်အရေး သေချာပေါက် ရှိလာမည်ဖြစ်သည်။
"အင်း... မင်း ခန္ဓာကိုယ်ကို နည်းနည်းလောက် သေးသွားအောင် လုပ်လို့ မရဘူးလား... မော့ကြည့်ပြီး စကားပြောရတာ လည်ပင်း ညောင်းလို့"
ချန်ရွှင်သည် တည်ငြိမ်စွာ ပြုံးလိုက်သည်။
"မင်း အသက်ကို နုတ်ယူဖို့ ရည်ရွယ်ချက် မရှိပါဘူး... ဆုံတွေ့ရတာလည်း ရေစက်ပဲလေ... သူငယ်ချင်း မလုပ်ကြဘူးလား"
"မွန်း... မွန်း..." နွားကြီးလည်း တဟဲဟဲ ရယ်မောလိုက်သည်။ အစ်ကိုကြီး ပြောတဲ့အတိုင်းပဲ။
"ဗျာ... တကယ် ပြောတာလား"
မီးခြင်္သေ့နီသည် ကြည့်ရသည်မှာ ကောက်ကျစ်စဉ်းလဲမှု မရှိပုံရသည်။ မျက်ဝန်းထဲတွင် ဝမ်းသာအားရမှုများ ပေါ်လာပြီး အသွင်ပြောင်းခြင်း ဂါထာကို အသုံးပြုကာ ခန္ဓာကိုယ်ကို သေးငယ်အောင် ပြုလုပ်လိုက်သည်။
မျက်စိရှေ့တွင်ပင် တဖြည်းဖြည်း သေးငယ်သွားပြီးနောက်... ခွေးတစ်ကောင် အရွယ်အစားအထိပင် သေးငယ်သွားလေတော့သည်။
ချန်ရွှင်နှင့် နွားကြီးတို့ ဆွံ့အသွားကြသည်။ ဝိညာဉ်သားရဲများသည် အသွင်ပြောင်းခြင်းဖြင့် အရွယ်အစားကို ပြောင်းလဲနိုင်သည်ကို သိထားသော်လည်း ဤမျှလောက်အထိ အစွန်းရောက်အောင် သေးငယ်သွားသည့် အကောင်မျိုးကို တစ်ခါမျှ မမြင်ဖူးပေ။
"စီနီယာ... ဒါဆို အဆင်ပြေပြီလား"
မီးခြင်္သေ့နီသည် ဖားယားပြီး ပြုံးရွှင်စွာ မေးလိုက်သည်။
"အသက်ကိုသာ ချမ်းသာပေးမယ်ဆိုရင် ဘာပဲ ခိုင်းခိုင်း လုပ်ပါ့မယ်"
"သေချာတာပေါ့"
"မွန်း..."
ချန်ရွှင်နှင့် နွားကြီးတို့က ဖော်ရွေစွာ ခေါင်းညိတ်ပြလိုက်ရာ တင်းမာနေသော လေထုမှာ ချက်ချင်း ပြေလျော့သွားသည်။ သူ့အား ထိန်းချုပ်ထားသော ဓာတ်ငါးပါး စွမ်းအားများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
"စီနီယာ နှစ်ယောက်လုံး... အသက်ချမ်းသာပေးတဲ့ ကျေးဇူးကို တစ်သက်တာ မမေ့ပါဘူး"
မီးခြင်္သေ့နီသည် မြေကြီးပေါ်တွင် ဝပ်တွားကာ ဦးချ ကန်တော့လိုက်သည်။
ချန်ရွှင်တို့ စကားပြောရန် ပြင်လိုက်သော... ထိုစက္ကန့်တွင်ပင်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပေါက်ကွဲထွက်မတတ် အနီရောင် အလင်းတန်းများ လွှမ်းခြုံသွားပြီး မူလဝိညာဉ် ထွက်ပေါ်လာကာ အစွမ်းကုန် အမြန်နှုန်းဖြင့် ထွက်ပြေးရန် ကြိုးစားတော့သည်။
"နွားကြီး... ဒီကောင်က အကောင်းပြောနေတာကို လက်မခံဘဲ အကြမ်းကိုင်မှ ရမယ့်ကောင်ပဲ... ဝင်ချစမ်း"
"မွန်း..."
"အား..."
မီးခြင်္သေ့နီသည် မျက်လုံးပြူးကျယ်သွားသည်။
ပတ်ဝန်းကျင်ရှိ နံရံများတွင် နွားကြီး၏ ဒြပ်ငါးပါး အစီအရင်ကို စောစောကတည်းက ခင်းကျင်းထားပြီး ဖြစ်ရာ သူ၏ မူလဝိညာဉ် ထွက်ပြေးရန် လမ်းကြောင်းမှာ အစကတည်းက မရှိခဲ့ခြင်း ဖြစ်သည်။ ထောင်ချောက်ဆင်ခံလိုက်ရပြီ။
"ငါတို့ရှေ့မှာ လာပြီး ခိုးကြောင်ခိုးဝှက် လုပ်ရဲတယ်ပေါ့... ငနဲလေး... မင်းက နုပါသေးတယ်ကွာ... နွားကြီး... အသေတီးပစ်လိုက်"
"မွန်း"
"စီ... စီနီယာ... မဟုတ်ပါဘူး... စိတ်လွတ်သွားလို့ပါ... ခွင့်လွှတ်ပေးပါဦး..."
မြေအောက်လှိုဏ်ခေါင်းအတွင်း၌ စူးစူးဝါးဝါး အော်ဟစ်သံများနှင့် ပြင်းထန်သော တုန်ခါသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး မြေပြင်ပေါ်အထိပင် အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားသည်။
မီးခြင်္သေ့နီသည် ချန်ရွှင်နှင့် နွားကြီးတို့၏ အရှေ့အနောက် ညှပ်ပိတ်ရိုက်နှက်နေပြီး ကစားစရာ အရုပ်တစ်ရုပ်ကဲ့သို့ လွှင့်ပစ်နေကြသည်။ သူသည် မျက်နှာတစ်ပြင်လုံး နာကျင်ခံစားရသော အမူအရာကို ပြသကာ တမင်သက်သက် ပါးစပ်မှ သွေးများပန်းထွက်လာအောင် ပြုလုပ်လိုက်သည်။
မူလဝိညာဉ် အဆင့် ဝိညာဉ်သားရဲ၏ ခန္ဓာကိုယ်မှာ မည်မျှ ကြံ့ခိုင်သန်စွမ်းသနည်း။ မြေကြီးပေါ်သို့ ရိုက်ချခံရရုံမျှဖြင့် ထိခိုက်ဒဏ်ရာ ရစရာ အကြောင်းမရှိပေ။
သို့သော် ဤဟန်ဆောင်မှုကို ထိုနှစ်ဦး သိသွား၍ မဖြစ်ပေ။ သူတို့ ကျေနပ်သည်အထိ အထိုးခံလိုက်ခြင်းက အကောင်းဆုံးသော ကိုယ်ခံပညာပင် ဖြစ်သည်။
ခဏအကြာ။
မီးခြင်္သေ့နီသည် မျက်လုံးများ ပြာဝေလျက် ပါးစပ်မှ အမြှုပ်များထွက်ကာ ကြီးမားလှသော မြေကျင်းကြီးထဲတွင် ပုံလျက်သား လဲကျနေသည်။ သူ၏ ပုံစံမှာ နွားကြီးနှင့် အရွယ်အစား တူညီလောက်အောင် အသွင်ပြောင်းထားသည်။
အဘယ်ကြောင့်ဆိုသော် ထိုနှစ်ဦးက "ဒီလောက် အရွယ်အစားဆိုရင် ထိုးကြိတ်ရတာ ပိုကောင်းတယ်... ကြီးကြီးလုပ်ထားစမ်း" ဟု တောင်းဆိုခဲ့သဖြင့် သူကလည်း လိမ္မာစွာဖြင့် လိုက်နာခဲ့သောကြောင့် ဖြစ်သည်။
ချန်ရွှင်နှင့် နွားကြီးတို့ အချင်းချင်း ကြည့်ကာ တွေဝေသွားကြသည်။
(ဒီ မူလဝိညာဉ် အဆင့် ဝိညာဉ်သားရဲကြီးက လွန်လွန်းမက အားနည်းလွန်းမနေဘူးလား... အားတောင် သိပ်မထည့်ရသေးဘူးလေ)