အခန်း ၂၂၁
Vol. 13 Ch. 221
အခန်း (၂၂၁)
လှေပျံပေါ်တွင်...
လှေအမြီးပိုင်း၌ မားမားမတ်မတ် တည်ရှိနေသော ကြိုးကြာဝိညာဉ် ဒြပ်ငါးပါးသစ်ပင် အောက်တွင် အကြီး၊ အလတ်၊ အသေး အရိပ်သုံးခု ရပ်နေကြသည်။
မီးခြင်္သေ့နီသည် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ကောင်းကင်တွင် လွင့်မျောနေသော တိမ်ပင်လယ်ကြီးကို ငုံ့ကြည့်နေသည်။ ဤမျှ မြင့်မားသော ကောင်းကင်သို့ တစ်ခါမှ မပျံသန်းဖူးချေ။ ကောင်းကင်ပိုမြင့်လေလေ တွေ့ဆုံရမည့် ပျံသန်းနိုင်သော ဝိညာဉ်သားရဲများက ပို၍ စွမ်းအားကြီးမားလေလေ ဖြစ်သည်။
သို့သော် အတန်ကြာ စိတ်လှုပ်ရှားပြီးနောက် ရောက်ရှိလာသည်မှာ ပြင်းထန်သော ထိတ်လန့်ကြောက်ရွံ့မှုပင် ဖြစ်သည်။ မျက်စိအောက်တွင် ဖြန့်ကျက်နေသော ကောင်းကင် လွင်ပြင်ကြီး တဖြည်းဖြည်း မှုန်ဝါးသွားသည်ကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် "ငါတော့ ပြန်ချင်ပြီ..." ဟူသော အတွေးများ ဝင်ရောက်လာတော့သည်။
"မွန်း... မွန်း"
နွားနက်ကြီးက ငေးမောနေသော ခြင်္သေ့၏ ခန္ဓာကိုယ်ကို ဖွဖွလေး ပုတ်လိုက်သည်။ လန့်ဖျပ်သွားပြီး ချွေးစေးများ စီးကျလာသော ခြင်္သေ့မှာ တဆတ်ဆတ် တုန်ရီသွားကာ နွားနက်ကြီးကို မော့ကြည့်လိုက်သည်။
"ခြင်္သေ့... မင်းမှာ တာအိုဘွဲ့နာမည် ဘာများ ရှိလဲ"
ချန်ရွှင်သည် သစ်ပင်ရိပ်တွင် မှီလျက် နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်ကာ အပြုံးတစ်ခု ပေါ်လာသည်။
"ငါ့အမှတ်ဉာဏ်အရဆိုရင် မူလဝိဉာဉ် အဆင့်လောက် ရောက်ပြီဆိုရင် ခမ်းနားတဲ့ တာအိုဘွဲ့နာမည် တစ်ခုနှစ်ခုလောက်တော့ ရှိတတ်ကြတာပဲ"
"စီနီယာ... ညီလေးက ကောင်းကင် လွင်ပြင်ကြီး ထဲမှာပဲ အမြဲတမ်း ပုန်းအောင်းနေခဲ့တာဆိုတော့ တာအိုဘွဲ့နာမည်တွေ ဘာတွေ မလိုပါဘူးဗျာ"
မီးခြင်္သေ့နီက မျက်နှာချိုသွေးကာ ပြုံးပြလိုက်သည်။ ယခုအခါ သူသည် ခွေးဘီလူးကြီး တစ်ကောင် အရွယ်အစားခန့်သာ ရှိအောင် ရုပ်လုံးဖျောက်ထားလေသည်။
သို့သော် သူ၏ ပုံစံမှာ လျှို့ဝှက်ဆန်းကြယ်မှု အနည်းငယ် ရှိနေသည်။ မျက်ခုံးနှစ်ခုကြားတွင် အနီရောင် မှော်ဝင်အကွက်လေးများ ရှိနေပြီး ခေါင်းပေါ်တွင် လျှော်ကြိုးခွေများကဲ့သို့ ဖွာလန်ကြဲနေသော လည်ဆံမွှေးများက လှုပ်ခါနေသည်။ သို့သော် သူ၏ မျက်နှာပေးမှာ အလွန် မျက်နှာငယ်လွန်းပြီး ကြောက်တတ်လွန်းသဖြင့် 'အပြင်ပန်း ဟန်ရေးပြနေသော ချစ်စရာ ခွေးကြီး' တစ်ကောင်နှင့်သာ တူနေတော့သည်။
"သေချာ တရားဝင် မိတ်မဆက်ရသေးဘူးပဲ... နွားကြီး... ဒီကို လာခဲ့"
"မွန်း"
နွားနက်ကြီးသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးကာ ချန်ရွှင်၏ ဘေးတွင် ရပ်လိုက်ပြီး ခန္ဓာကိုယ်ဖြင့် ညင်သာစွာ ပွတ်သီးပွတ်သပ် လုပ်လိုက်သည်။ အနောက်ဘက်ရှိ ကြိုးကြာဝိညာဉ်သစ်ပင် ကလည်း အလင်းရောင် ဖျော့ဖျော့လေးများ ထုတ်လွှတ်နေသည်။
"ငါ့ နာမည်က ချန်ရွှင်ပဲ... နောက်ဆိုရင် ငါ့ကို 'အစ်ကိုချန်' လို့ ခေါ်... နွားကြီးရဲ့ နာမည်က နွားကြီး... အဲဒါကိုတော့ 'အစ်ကိုနွား' လို့ ခေါ်လိုက်"
ချန်ရွှင်က တဟားဟား ရယ်မောလိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
"ပြီးတော့ ဒါက 'ကြိုးကြာလေး' ပဲ... မင်းအတွက်တော့ 'အစ်ကိုကြိုးကြာ' ပေါ့... အခုလောလောဆယ်တော့ အသိဉာဏ် မရှိသေးပေမယ့် အချိန်တန်ရင် သေချာပေါက် အသိဉာဏ် ပွင့်လာလိမ့်မယ်"
"မွန်း... မွန်း"
နွားနက်ကြီးသည် ဟိတ်ဟန်အပြည့်ဖြင့် ခေါင်းကို မော့ထားလိုက်သည်။ နောက်ဆုံးတော့ သူလည်း 'အစ်ကို' လို့ အခေါ်ခံရတဲ့ အနေအထားကို ရောက်လာခဲ့ပြီပဲ။
"အစ်ကိုချန်... အစ်ကိုနွား... အစ်ကိုကြိုးကြာ... ကျွန်တော့်ကို စောင့်ရှောက်ပေးကြပါဦးဗျာ"
မီးခြင်္သေ့နီသည် အလွန် ဝမ်းသာပျော်ရွှင်သွားပြီး အမြီးကို တရမ်းရမ်းဖြင့် ဟိုပြေးဒီပြေး လုပ်နေကာ လူတစ်ယောက်၊ နွားတစ်ကောင်နှင့် သစ်ပင်တစ်ပင်ကို အသီးသီး လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
ဤသည်မှာ သူ့ကို 'စီးတော်ယာဉ်' အဖြစ် မဟုတ်ဘဲ တကယ့် 'မိသားစုဝင်' အဖြစ် လက်ခံလိုက်ပြီ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
"ကောင်းပြီ... ငါ မင်းကို နာမည်တစ်ခု ပေးမယ်"
"အစ်ကိုချန်... ကျေးဇူးပြုပြီး နာမည်ပေးပါဗျာ"
မီးခြင်္သေ့နီသည် သံမဏိကျာပွတ်ကဲ့သို့သော အမြီးကြီးကို တရမ်းရမ်းဖြင့် တက်ကြွလန်းဆန်းသွားလေပြီ။
နွားနက်ကြီးလည်း ဝမ်းသာအားရဖြစ်သွားပြီး မှတ်စုစာအုပ်ငယ်လေးကို အလျင်အမြန် ထုတ်ယူကာ သူ၏ 'နွားကြီး' ဟူသော နာမည်သည် မည်မျှ ခမ်းနားကြီးကျယ်သော အဓိပ္ပာယ် ရှိကြောင်း ရှင်းပြထားသည့် စာမျက်နှာကို ချန်ရွှင်အား ပြသလိုက်သည်။
"အင်း..."
ချန်ရွှင်သည် လက်ပိုက်လိုက်ပြီး နွားနက်ကြီး၏ မှတ်စုစာအုပ်ကို ကြည့်ကာ လေးနက်စွာ စဉ်းစားခန်း ဝင်သွားသည်။
"ကောင်းပြီ... မင်းရဲ့ နာမည်က မြောက်နန်းတော် ခြင်္သေ့နီ ပဲ"
"မွန်း..."
"ဂါး..."
မီးခြင်္သေ့နီ၏ မျက်လုံးများ အရောင်တောက်သွားသည်။ နွားနက်ကြီးက အပြေးအလွှား ရောက်လာပြီး သူ၏ နာမည်ရင်းမြစ်နှင့်အတူ ထိုနာမည်က မည်မျှ မိုက်ကြောင်းကို ရှင်းပြနေလေတော့သည်။
နွားတစ်ကောင်နှင့် ခြင်္သေ့တစ်ကောင်သည် မည်သည့် အတားအဆီးမျှ မရှိဘဲ အချင်းချင်း ဆက်သွယ် ပြောဆိုလာကြသည်။ 'မွန်း' ဟူသော အော်မြည်သံနှင့် 'ဂါး' ဟူသော ဟိန်းဟောက်သံ သက်သက်ဖြင့် ဝိညာဉ်သားရဲများကြားရှိ ကိုယ်ပိုင် ဘာသာစကားတစ်ခု အဖြစ် တည်ဆောက်ထားပုံရသည်။
မီးခြင်္သေ့နီသည်လည်း လူသားစကားကို အတင်းအကျပ် ပြောဆိုနေရသည်ထက် ပို၍ လွတ်လပ်လွယ်ကူနေပုံ ရသည်။ ချန်ရွှင် ကိုယ်တိုင်လည်း ခွေးကို 'ဝုတ်ဝုတ်' ဟု ဟောင်ပြီး ဆက်သွယ်ပြောဆိုသည့် အလုပ်မျိုးကို လုပ်မည် မဟုတ်ပေ။
ချန်ရွှင်သည် အပြုံးလေးဖြင့် ဘေးတွင် ထိုင်ကာ စကားစမြည် ပြောဆိုနေကြသော နွားနှင့် ခြင်္သေ့ကို ကြည့်နေမိသည်။ ထာဝရ စကားပြော၍ မကုန်နိုင်တော့မည့်အလား သားရဲဘာသာစကားဖြင့် အဆက်မပြတ် ဖလှယ်နေကြသည်။
နွားနက်ကြီး ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ဤမျှ ပျော်ရွှင်နေသည်ကို သူ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။
ယခင်က သူတို့သည် လူသားများ၏ နယ်မြေများတွင်သာ အမြဲတမ်း သွားလာလှုပ်ရှားခဲ့ကြပြီး စကားပြောဆိုရမည့်သူများမှာလည်း လူသားများသာ ဖြစ်ခဲ့သည်။
ထိုအရာက ချန်ရွှင်၏ ရင်ထဲတွင် ကြီးမားသော ဖိအားတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ လူအများစုသည် နွားနက်ကြီးကို 'အသုံးဝင်သော တိရစ္ဆာန်' တစ်ကောင် အဖြစ်သာ မြင်ကြသည်။ အကယ်၍ စွမ်းအားကြီးမားသော ကျင့်ကြံမှုအဆင့်သာ မရှိခဲ့လျှင် တန်းတူရည်တူ လေးစားမှုကို ရရှိမည် မဟုတ်ပေ။
သို့သော် နွားနက်ကြီးသည် သူ၏ ညီအစ်ကိုအရင်း ဖြစ်သည်။ အခြားသူများက နွားနက်ကြီးကို မည်သို့ မြင်ကြသနည်း ဆိုသည်ကို ချန်ရွှင် အမြဲတမ်း ဂရုစိုက်ခဲ့သည်။
နှစ်ပေါင်း တစ်ထောင် ရှင်သန်လာခဲ့သည့် ယနေ့အချိန်အထိ နွားနက်ကြီးကို 'စစ်မှန်သော ညီအစ်ကို' အဖြစ် ဆက်ဆံခဲ့သူမှာ စီနီယာဂျီ တစ်ဦးတည်းသာ ရှိခဲ့သည်။ ကျင့်ကြံမှုအဆင့်နှင့် ခွန်အားကို အခြေခံပြီး မဟုတ်ဘဲ နွားတစ်ကောင်၏ အသိဉာဏ်ကို လေးစားတန်ဖိုးထားခဲ့သူမှာ သူတစ်ဦးတည်းသာ ဖြစ်သည်။
"ဟက်ဟက်..." ချန်ရွှင်သည် မသိစိတ်၏ စေ့ဆော်မှုဖြင့် ရယ်မောသံ ထွက်သွားမိသည်။
သူသည် လက်တစ်ဖက်ဖြင့် နဖူးကို အုပ်ကာ မီးခြင်္သေ့နီကို ကြည့်လိုက်သည်။ နာမည်ရင်းတော့ သတ်မှတ်ပြီးပြီ၊ သို့သော် ချစ်စနိုး နာမည်ပြောင်ကို ဘယ်လို ခေါ်ရမလဲ။
"ပေ့ကုန်းဟုန်ရှီး"
"ဟုတ်ကဲ့... အစ်ကိုချန်"
မီးခြင်္သေ့နီသည် အရှိန်အဟုန်ဖြင့် ခေါင်းမော့လာပြီး အသံကျယ်ကြီးဖြင့် ပြန်ထူးလိုက်သည်။ ထိုအသံလှိုင်းကြောင့် နွားနက်ကြီး၏ မှတ်စုစာအုပ်ငယ်လေးမှ စာမျက်နှာများ တဖျပ်ဖျပ် လွင့်ပျံသွားပြီး နွားနက်ကြီးကို လန့်ဖျပ်သွားစေသည်။
"နောက်ဆိုရင် မင်းကို 'ရှောင်ချိ' လို့ပဲ ခေါ်မယ်... နာမည်ရင်းကိုတော့ အပြင်မှာ လျှောက်မပြောနဲ့နော်"
"နားလည်ပါပြီဗျ"
မီးခြင်္သေ့နီသည် မျက်နှာချိုသွေးကာ ပြုံးဖြီးဖြီး လုပ်လိုက်သည်။ ဤကဲ့သို့သော မှောင်ခိုလောက၏ စည်းမျဉ်းများကို သူ ကောင်းကောင်း နားလည်ပါသည်။
နွားနက်ကြီးလည်း နာမည်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြသပြီးနောက် ချန်ရွှင်၏ ဘေးသို့ ပြန်လာကာ အလွန် ပျော်ရွှင်နေသည့်ဟန်ဖြင့် အမြီးကို ရမ်းနေလေသည်။
တစ်လ ကြာပြီးနောက်။
ရှောင်ချိသည် နွားနက်ကြီး၏ နောက်သို့ တကောက်ကောက် လိုက်ပါနေသော 'တပည့်ကျော်' အဖြစ် ပြောင်းလဲသွားလေပြီ။
ယခင်အတိုင်း ပုံမှန်ထက်လွန်ကဲစွာ ကြောက်တတ်ပြီး ကိစ္စရှိတိုင်း "ကျွန်တော်တို့ ကောင်းကင် လွင်ပြင်ကြီး ကိုပဲ ပြန်သွားကြမလား" ဟု အားငယ်စွာ ပြောဆိုတတ်သည်။
နွားနက်ကြီးလည်း သတိထားမိသည်။ ဤရှောင်ချိ၏ ရုပ်ခန္ဓာသည် အမှန်တကယ်ပင် ပုံမှန်ထက် ပိုမို ကြံ့ခိုင်လွန်းလှသည်။
သီအိုရီအရ ဆိုလျှင် ဝိညာဉ်သားရဲများသည် ရုပ်ခန္ဓာ ကြံ့ခိုင်လေလေ 'အရွယ်အစား သေးငယ်အောင် ရုပ်လုံးဖျောက်ရန်' ပို၍ ခက်ခဲလေလေ ဖြစ်သည်။ သို့သော် ရှောင်ချိသည် ထိုသဘောတရားကို ဆန့်ကျင်ကာ ခွေးတစ်ကောင် အရွယ်အစားအထိ သေးငယ်အောင် ကျုံ့ဝင်နိုင်နေသည်။ မည်ကဲ့သို့သော နည်းစနစ်ကို အသုံးပြုထားမှန်း မသိနိုင်ပေ။
သို့သော် သူ၏ မှော်ပညာ အသုံးပြုမှုမှာ အတော်လေး အားနည်းပြီး 'မီးလျှံအလင်း' ဖြင့် ပြိုင်ဘက်ကို ဖိအားပေးရုံသာ တတ်နိုင်စွမ်း ရှိသည်။
ချန်ရွှင်သည် အဆောက်အအုံ၏ အပြင်ဘက်တွင် ရပ်လျက် အသံကျယ်ကြီးဖြင့် လှမ်းအော်လိုက်သည်။
"နွားကြီး... ရှောင်ချိ... ဒီကို လာကြ"
"မွန်း"
"ဂါး"
သူတို့ နှစ်ကောင်စလုံး ခြေသံ တဒုန်းဒုန်းဖြင့် ပြေးလာကြသည်။ အစ်ကိုချန်က ဘာအကြောင်းများ ပြောပြမလဲ ဆိုပြီး ရင်ခုန်နေကြသည်။
ချန်ရွှင်သည် မီးခြင်္သေ့နီကို ငုံ့ကြည့်ကာ မေးမြန်းလိုက်သည်။
"ရှောင်ချိ... ဒီ ကောင်းကင် ချောက်ကမ်းပါးကြီး က ဘယ်လို ဖြစ်ပေါ်လာတာလဲ ဆိုတာ မင်း သိလား"
ချန်ရွှင်သည် မှတ်စုစာအုပ်ငယ်ထဲမှ မှတ်တမ်းများကို ရှာဖွေထားခြင်း ဖြစ်သည်။ အမွေအနှစ် ရှိသော ရှေးဟောင်း မျိုးဆက် ဝိညာဉ်သားရဲများသည် မူလဝိဉာဉ် အဆင့်သို့ တက်ချိန်တွင် ရှေးဟောင်းကာလ၏ 'မျိုးဆက် သွေးမှတ်ဉာဏ်' ကို နိုးထစေနိုင်ကြောင်း ဆိုထားသည်။ ရှောင်ချိ ဆိုလျှင် တစ်ခုခု သိထားမည်မှာ သေချာသည်။
ထိုမေးခွန်းကို ကြားလိုက်ရသော အခိုက်အတန့်တွင် မီးခြင်္သေ့နီ၏ မျက်ဝန်းများ အလွန်မှေးကျဉ်းသွားပြီး ကြက်သီးများဖြန်းခနဲထသွားသည်။
... သူသည် ထို 'အမှန်တရား' ကို တကယ်ပင် သိရှိထားခြင်း ဖြစ်သည်။
"မွန်း" နွားနက်ကြီးက သူ့ပခုံးကို ပုတ်လိုက်ပြီး နားမလည်နိုင်သော မျက်နှာဖြင့် ကြည့်လိုက်သည်။
ချန်ရွှင်က ဖြည်းညှင်းစွာ ထိုင်ချလိုက်ရာ သူတို့လည်း စက်ဝိုင်းပုံစံ ဝိုင်းဖွဲ့ ထိုင်လိုက်ကြသည်။ ပတ်ဝန်းကျင် လေထုသည် ရုတ်တရက် လေးလံသွားသည်။
"အစ်ကိုချန်... ကောင်းကင် ချောက်ကမ်းပါးကြီးက တကယ်တော့ ကောင်းကင် ပြင်ပကနေ လွင့်စင်လာတဲ့ အရာတွေကြောင့် ဖြစ်ပေါ်လာရတာပါ..."
မီးခြင်္သေ့နီ မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက မူလဝိဉာဉ် အဆင့်ရှိတဲ့ ဝိညာဉ်သားရဲ တော်တော်များများပဲ သိကြတဲ့ တားမြစ်ချက် တစ်ခုပါ... ဒီအကြောင်းကို ပါးစပ်က ထုတ်ပြောလိုက်တာနဲ့ ကိုယ့်မျိုးနွယ်ကို ပျက်သုဉ်းစေမယ့် ဘေးအန္တရာယ် ကျရောက်လာလိမ့်မယ်"
"ဘာကြောင့်လဲ"
"ကျွန်တော်တို့ မီးခြင်္သေ့နီ မျိုးနွယ်တွေဟာ... အဲဒီ လျှို့ဝှက်ချက်ကြောင့်ပဲ ပျက်သုဉ်းသွားခဲ့ရတာပါ"
ရှောင်ချိသည် ခေါင်းကို အောက်သို့ ငုံ့ချလိုက်ပြီး လေးလံသော လေသံဖြင့် စတင် ပြောပြလေသည်။
"အစ်ကိုချန်သာ မမေးရင် ကျွန်တော် ဒီလျှို့ဝှက်ချက်ကို သေတဲ့အထိ သယ်သွားဖို့ ဆုံးဖြတ်ထားတာပါ"
လှေပျံအတွင်း၌ အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်လွန်းသွားသည်။ ငြိမ်သက်နေသော ရေကန်ကြီး တစ်ခုကဲ့သို့ တိတ်ဆိတ်သွား၏။ ကြိုးကြာဝိညာဉ်သစ်ပင် ၏ သစ်ရွက်များ ပွတ်တိုက်သံကိုသာ ကြားနေရသည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဖြည်းညှင်းစွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ကြည့်ရသည်မှာ ရှောင်ချိ၏ မျိုးနွယ် ပျက်သုဉ်းမှု နောက်ကွယ်တွင် ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်ကြံစည်မှု တစ်ခု ပုန်းကွယ်နေပုံ ရသည်။
"အစ်ကိုချန်... အစ်ကိုနွား... ကျွန်တော် သိပါတယ်... အစ်ကိုတို့ နှစ်ယောက်က တာ့လီနိုင်ငံက လူတွေ မဟုတ်ဘူး ဆိုတာ"
သူသည် ခေါင်းမော့ကာ ချန်ရွှင်နှင့် နွားနက်ကြီးကို ကြည့်လိုက်သည်။ ထိုမျက်ဝန်းများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ကိန်းအောင်းနေဆဲ ဖြစ်သည်။
"ဝိညာဉ်သားရဲ မျိုးနွယ်တွေနဲ့ တာ့လီနိုင်ငံ က လူသားတွေ ကြားမှာ... ဘယ်တော့မှ ဖျောက်ဖျက်ပစ်လို့ မရနိုင်တဲ့ 'နက်ရှိုင်းတဲ့ သွေးကြွေးရန်ငြိုး' ရှိနေပါတယ်"
ချန်ရွှင်နှင့် နွားနက်ကြီးတို့ ရင်ထဲ တုန်လှုပ်သွားကြပြီး တိတ်ဆိတ်စွာဖြင့် ဆက်ပြောရန် တိုက်တွန်းလိုက်ကြသည်။
ရှောင်ချိသည် မျက်ဝန်းများ တုန်ရီလျက် လေးလံ နှေးကွေးစွာဖြင့် သမိုင်း၏ အမှန်တရားကို စတင် ပြောပြလေတော့သည်။
... အလွန် ဝေးကွာလှသည့် အချိန်ကာလက။
ကောင်းကင်မှ မရေမတွက်နိုင်သော ကြယ်ပျံများ ကျဆင်းလာပြီး လွင်ပြင်ကြီးကို ထက်ပိုင်း ကွဲအက်သွားစေခဲ့သည်။ မြေကြီးများ ပြတ်တောက်သွားပြီး အလွန်ပြင်းထန်သော ဝိညာဉ်ပျက်သုဉ်းခြင်း လေနီကြမ်းများ တိုက်ခတ်လာကာ ပတ်ဝန်းကျင်ရှိ သက်ရှိအားလုံးကို အစအနမကျန် ဖျက်ဆီးပစ်ခဲ့သည်။
ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များသည် တဖြည်းဖြည်း တိုက်စားခံလာရသော်လည်း ထိုအချိန်က ဝိညာဉ်ပျက်သုဉ်းခြင်း လေနီကြမ်းသည် ယခုကဲ့သို့ ကြမ်းတမ်းခြင်း မရှိသေးကြောင်း ဆိုသည်။
တာ့လီနိုင်ငံ မှ လူသားများသည် နေရာအနှံ့မှ မရေမတွက်နိုင်သော ဝိညာဉ်သားရဲများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ ချောက်ကမ်းပါးကြီး ထဲသို့ 'ရှေ့ပြေး စူးစမ်းထောက်လှမ်းရေး' အဖြစ် ပစ်ထည့်ခဲ့ကြသည်။ သို့သော် မည်သည့် သားရဲ တစ်ကောင်မျှ ပြန်လည် ရောက်ရှိမလာပေ။
သို့တိုင်အောင် လူသားများသည် ဝိညာဉ်သားရဲများကို သေမင်းနယ်မြေဆီသို့ တစ်ကောင်ပြီး တစ်ကောင် ဆက်တိုက် ပို့ဆောင်နေခဲ့ကြသည်။
နောက်ဆုံးတွင် ဝိညာဉ်သားရဲ မျိုးနွယ်အသီးသီးမှ ဘိုးဘေးများ၏ ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။
ထိုသို့ဖြင့် ဝိညာဉ်သားရဲ မျိုးနွယ်များနှင့် လူသားများ အကြား မိုးမြေတုန်လှုပ်လောက်သော စစ်ပွဲကြီး တစ်ရပ် စတင် ဖြစ်ပွားခဲ့လေသည်။
ထိုစစ်ပွဲကြီးသည် ကောင်းကင်နှင့် မြေကြီးကို ပြိုပျက်စေခဲ့ပြီး မိုင်ပေါင်းသောင်းချီသော နယ်မြေများကို သွေးများဖြင့် နီရဲသွားစေခဲ့သည်။ နတ်ဘုရားပြောင်းလဲခြင်း အဆင့် ရှိ အစွမ်းထက်သူများပင်လျှင် တစ်ဦးပြီးတစ်ဦး ကျဆုံးသွားခဲ့ကြပြီး ဝမ်းနည်းဖွယ် သတင်းများ အဆက်မပြတ် ပျံ့လွင့်နေခဲ့သည်။
သို့သော် ဝိညာဉ်သားရဲ မျိုးနွယ်များသည် မျိုးနွယ်စုများအလိုက် ပြန့်ကျဲနေကြပြီး လူသားများကဲ့သို့ ခိုင်မာသော စည်းလုံးညီညွတ်မှုနှင့် အဖွဲ့အစည်း စနစ်များ မရှိခဲ့ကြပေ။ ရလဒ်အနေဖြင့် ဝိညာဉ်သားရဲများဘက်မှ တဖြည်းဖြည်း အင်အားချည့်နဲ့လာပြီး အပြည့်အဝ ရှုံးနိမ့်သွားခဲ့ရသည်။
တာ့လီနိုင်ငံ တစ်ခွင်ရှိ ဝိညာဉ်သားရဲများ အားလုံး အတင်းအဓမ္မ ဖမ်းဆီးခံခဲ့ရပြီး မဖွံ့ဖြိုးသေးသော နယ်မြေများကို စူးစမ်းရှာဖွေရန် ကျွန်များ အဖြစ် အခိုင်းခံခဲ့ရသည်။ အလွန် နည်းပါးသော အားနည်းသည့် မျိုးနွယ်စု အချို့နှင့် အသက်ရှင် ကျန်ရစ်သူ အနည်းငယ်သာလျှင် အသက်ကို မနည်းဆက်၍ ရှင်သန်နိုင်ခဲ့ကြသည်။