← Chapters

အခန်း ၂၂၄

Vol. 13 Ch. 224

အခန်း ၂၂၄

Vol. 13 Ch. 224

အခန်း (၂၂၄)

တာ့လီ၊ ဟော့ယွမ်ပြည်နယ်။

ဤပြည်နယ်တွင် မီးတောင်များ ပေါများပြီး ကောင်းကင်နှင့်မြေကြီးကြား၌ မီးဓာတ်ဝိညာဉ်စွမ်းအင်များ ပုံမှန်မဟုတ်လောက်အောင် ပြည့်နှက်နေသည်။ နေရာအနှံ့အပြားရှိ မြေအောက်မီးကြောများကို ကြီးငယ်မဟူသော ဂိုဏ်းအသီးသီးက သိမ်းပိုက်ထားကြသည်။

ဤနေရာသည် ကောင်းကင် လွင်ပြင်ကြီးနှင့် နယ်နိမိတ်ချင်း ထိစပ်နေသောကြောင့် တစ်ကိုယ်တော်ကျင့်ကြံသူ အရေအတွက် အလွန်များပြားကာ မှောင်ခိုဈေးကွက်များလည်း နေရာအနှံ့ ပေါ်ပေါက်နေသည်။ ပြည်နယ်အသီးသီးမှ ခိုးဝှက်သယ်ဆောင်လာသော ဝိညာဉ်ကြည်လင် မြက်ပင်များသည် ဤနေရာ၌ဆိုလျှင် မတန်တဆ မြင့်မားသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ပေသည်။ ဟော့ယွမ်ပြည်နယ်၏ အဓိက မြို့ကြီးတိုင်းတွင် ပို့ဆောင်ရေး အစီအရင်များ ရှိကြပြီး အသုံးပြုခမှာ အလွန် ကြီးမားသော်လည်း ခရီးသွားလာချိန်ကို များစွာ သက်သာစေနိုင်သည်။

ဟော့ယွမ်ပြည်နယ်၊ လုထိုင်မြို့တော်။

မြို့ရိုးအပြင်ဘက်တွင် တုတ်ကောက်ကို အားပြုလျက် အဘိုးအိုတစ်ဦး လျှောက်လှမ်းနေသည်။ သူ၏ ခြေလှမ်းများမှာ အလွန် နှေးကွေးပြီး တစ်ခါတစ်ရံ အဆက်မပြတ် ချောင်းဆိုးကာ ခြေလှမ်းအနည်းငယ် လျှောက်လိုက်၊ လမ်းဘေးတွင် နားလိုက်နှင့် ထပ်တလဲလဲ ဖြစ်နေသည်။ သူက ခေါင်းမော့ကာ မြို့တော်ကြီးကို မော့ကြည့်ရင်း သက်ပြင်းတစ်ချက် ဖွဖွချလိုက်သည်။

ပေတစ်ရာကျော် မြင့်မားသော မြို့ရိုးထက်တွင် ကျင့်ကြံသူများက တန်းစီလျက် ကင်းစောင့်နေကြသော်လည်း ကျယ်ဝန်းလှသော မြို့တံခါးအောက်တွင်မူ တံခါးစောင့်တစ်ဦးမျှပင် မရှိပေ။ ထိုနေရာတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ လွတ်လပ်စွာ ဝင်ထွက်သွားလာနေကြပြီး ဝိညာဉ်သားရဲ အများအပြားလည်း ဖြတ်သန်းသွားလာနေကြသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း အဘိုးအို၏ မျက်ဝန်းများသည် မှုန်မှိုင်းသွားလေသည်။ တကယ်လို့ ငါ့မှာ ဝိညာဉ်အမြစ်သာ ရှိခဲ့ရင်...

ထိုအချိန်တွင် အဘိုးအို၏ အကြည့်များသည် မသိစိတ်၏ စေ့ဆော်မှုဖြင့် ထူးဆန်းသော သုံးယောက်အုပ်စုဆီသို့ ရောက်ရှိသွားသည်။

မီးခိုးရောင် ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် နွားနက်ကြီးတစ်ကောင်ကို ဆွဲခေါ်လျက် ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။ ထို့အပြင် ထိုနွားနက်ကြီး၏ ဝမ်းဗိုက်အောက်တွင် ခွေးနီလေး တစ်ကောင် ကပ်ပါလာသည် မဟုတ်ပါလား။

မီးခိုးရောင်ဝတ် အမျိုးသား၏ မျက်ဝန်းများ အနည်းငယ် မှေးကျဉ်းသွားပြီး နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားကာ နွားနက်ကြီး၏ ခေါင်းကို လက်တစ်ဖက်ဖြင့် ဖက်ထားလိုက်သည်။ နွားနက်ကြီးသည် "မွန်း" ဟု တိုးညှင်းစွာ အော်မြည်လိုက်ပြီး ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့် လုပ်နေသည်။ ၎င်း၏ မျက်ဝန်းများမှာ အလွန် ရိုးအပြီး အေးချမ်းနေကာ ထူးခြားမှု တစ်စုံတစ်ရာ မရှိပေ။

သို့သော် ဝမ်းဗိုက်အောက်ရှိ ခွေးနီလေးမှာမူ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး မျက်လုံးများကို တစ်ဝက်ခန့် မှိတ်ထားကာ စိတ်ထဲတွင် ဂါထာများကို အသည်းအသန် ရွတ်ဆိုနေလေသည်။ ငါ့ကို မမြင်ရဘူး... ဘယ်သူမှ ငါ့ကို မမြင်ရဘူး...

သူတို့သည် ခြေတစ်လှမ်းချင်းစီဖြင့် မြို့တော်အတွင်းသို့ ဝင်ရောက်သွားကြသည်။

သို့သော် ဤနေရာရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းသည် သိသိသာသာကို မြင့်မားလွန်းလှသည်။ မြို့တော်အတွင်း၌ သက်ဝင်လှုပ်ရှားနေပြီး လမ်းမကြီးများသည် မြင်းလှည်းငါးစီး ပြိုင်တူ မောင်းနှင်နိုင်လောက်အောင် ကျယ်ဝန်းကာ ညီညာစွာ ခင်းကျင်းထားသည်။

ချန်ရွှင်၏ မျက်နှာတွင် အံ့သြမှုများ အပြည့် ဖြစ်ပေါ်သွားသည်။

တာ့လီ၏ မြို့တော်တွင် သာမန်ပြည်သူများနှင့် ကျင့်ကြံသူများသည် အတူတကွ ပေါင်းသင်းနေထိုင်နေကြသည် မဟုတ်ပါလား။ သာမန်ပြည်သူများသည် ကျင့်ကြံသူများကို မြင်တွေ့ရလျှင်လည်း အံ့သြသွားခြင်း အလျဉ်းမရှိဘဲ ခွန်အားကြီးသူအပေါ် ထားရှိသည့် အခြေခံ လေးစားမှုလောက်ကိုသာ ပြသကြသည်။ အရှင်အင်မော်တယ် ဟု ခေါ်ဆိုကာ ဝပ်တွားခယခြင်းမျိုး မရှိကြပေ။

တာ့လီရှိ သာမန် ကျင့်ကြံသူများသည်လည်း သာမန်ပြည်သူများအပေါ် အထက်စီးဆန်သော အပြုအမူမျိုး မရှိကြဘဲ အချင်းချင်း အလွန် သဟဇာတဖြစ်စွာ နေထိုင်ကြပုံရသည်။ တာ့လီတွင် အင်မော်တယ် ဟု ခေါ်ဆိုရန် ထိုက်တန်သူမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူ အကျော်အမော်များသာ ဖြစ်သည်။ ချီသန့်စင်ခြင်းအဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကိုမူ ခွန်အားအနည်းငယ် ပိုကြီးသော သာမန်လူများအဖြစ်သာ သတ်မှတ်ထားကြသည်။

ထို့အပြင် တာ့လီတွင် ကျင့်ကြံသူများနှင့် ပတ်သက်၍ အလွန် တင်းကျပ်သော ဥပဒေများ ရှိသည်။ မြို့တော်၏ ငြိမ်ဝပ်ပိပြားရေးကို ဖျက်ဆီးသူ၊ အပြစ်မဲ့ ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်သူများအား တွေ့သည်နှင့် ချက်ချင်း သတ်ဖြတ်ခွင့်ပေးထားသည်။ ပြည်နယ်အသီးသီးရှိ ဂိုဏ်းကြီးများမှ ဝရမ်းပြေး စာရင်းများကို အမြဲတမ်း ထုတ်ပြန်ထားလေ့ရှိသည်။ ထိုစာရင်းများတွင် မိစ္ဆာကျင့်ကြံသူများ၏ နတ်အသိအငွေ့အသက်များကို ဖမ်းယူမှတ်တမ်းတင်ထားပြီး တွေ့ရှိပါက အကြောင်းပြချက် မလိုဘဲ ချက်ချင်း သတ်ဖြတ်ခွင့် ရှိလေသည်။

ချန်ရွှင်သည် ဤခရီးစဉ်မှတစ်ဆင့် အမှန်တရား တစ်ခုကို သတိပြုမိသွားခဲ့သည်။ ကျင့်ကြံခြင်းလောက၏ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အမှန်တကယ်တွင် တရားမျှတခြင်းနှင့် မိစ္ဆာ ဟူသော ပြတ်သားသည့် ခွဲခြားမှုမျိုး မရှိပေ။ မတူညီသော အတွေးအခေါ် လမ်းစဉ်များသာ ရှိကြခြင်း ဖြစ်သည်။

သို့သော် မိစ္ဆာကျင့်ကြံသူများကတော့ ကွဲပြားသည်။ ၎င်းတို့သည် မိလ္လာမြောင်းထဲမှ ကြွက်များကဲ့သို့ဖြစ်ကာ တွေ့ရှိပါက လူတိုင်း၏ ဝိုင်းဝန်းချေမှုန်းခြင်းကို ခံရမည် ဖြစ်သည်။ ဤကျယ်ပြောလှသော ကမ္ဘာမြေကြီးပေါ်တွင် ၎င်းတို့အတွက် နေစရာ နေရာဟူ၍ မရှိပေ။

နှစ်နာရီခန့် ကြာပြီးနောက်။

သူတို့သည် လမ်းကြားထောင့် တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်လျက် ဖြတ်သန်းသွားလာနေသော လူများကို ကြည့်ရှုရင်း နတ်အသိများ ချိတ်ဆက်ကာ တိတ်တဆိတ် စကားပြောဆိုနေကြသည်။

"နွားကြီး၊ ရှောင်ချိ... ဒီ တာ့လီကြီးက အရမ်းကို ကျယ်ဝန်းလွန်းတယ်၊ အရာအားလုံးကို သေချာ စီစဉ်ပြီးမှ လှုပ်ရှားကြမယ်"

"မွန်း"

"အစ်ကိုချန်၊ အစ်ကိုနွား... ကျွန်တော်က အစ်ကိုတို့ နှစ်ယောက် အစီအစဉ်အတိုင်းပါပဲ"

ရှောင်ချိသည် ချန်ရွှင်နှင့် နွားနက်ကြီး ကြားတွင် ညှပ်လျက် ခန္ဓာကိုယ်ကို ကျုံ့ထားပြီး နှလုံးခုန်သံများ တဒိုင်းဒိုင်း မြည်ကာ မြေကြီးထဲသို့ ခေါင်းဝင်သွားမတတ် ကြောက်လန့်နေလေသည်။

"ငါတို့ ဒီ တာလီကို လာရတဲ့ ရည်ရွယ်ချက် အချို့ ရှိတယ်"

ချန်ရွှင်သည် တည်ငြိမ်သော မျက်ဝန်းများဖြင့် မျက်နှာချင်းဆိုင်ရှိ ပေါက်စီဆိုင်ကို ကြည့်ရင်း နတ်အသိဖြင့် ဆက်ပြောလိုက်သည်။

"ပထမအချက်က အလွန်ကြီးမားတဲ့ ပို့ဆောင်ရေး အစီအရင် နည်းပညာကို လေ့လာဖို့။ ဒုတိယအချက်က ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကို ချိုးဖောက် တက်နိုင်မယ့် နည်းလမ်းကို ရှာဖွေဖို့။ တတိယအချက်က ဗုဒ္ဓဘာသာမှာ ပြောတဲ့ 'ကုသိုလ်' ဆိုတဲ့ အမှန်တရားကို ရှာဖွေဖို့ပဲ။ အဲဒီအပြင် ဝမ်ရှန်းသုတ် တို့၊ တာပေသုတ် တို့လို ဂါထာမန္တန်တွေကိုလည်း သင်ယူချင်သေးတယ်"

"ဒါပေမဲ့ အရေးအကြီးဆုံး အဓိက ရည်ရွယ်ချက်ကတော့... ပင်လယ်ထဲထွက်ပြီး ငါးကြီးကြီး မျှားဖို့ပဲ... ပြီးတော့ ကောင်းကင်မြစ် ရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းဖို့ပဲ"

"မွန်း မွန်း"

နွားနက်ကြီး၏ မျက်လုံးများ တောက်ပသွားပြီး ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်လိုက်သည်။ အစ်ကိုကြီး ကျေးဇူးကြောင့် လုပ်ရမည့် ကိစ္စများ ချက်ချင်း ရှင်းလင်းသွားပြီ ဖြစ်သည်။

"အစ်ကိုချန်၊ အစ်ကိုနွား... အစ်ကိုတို့က တကယ်ပဲ အဆင့်မြင့်လွန်းပါတယ်..."

ရှောင်ချိ၏ မျက်ဝန်းများ မှေးကျဉ်းသွားသည်။ ဘာတွေပြောနေမှန်း တစ်ဝက်ခန့် နားမလည်သော်လည်း အစီအစဉ် ကြီးမားလွန်းသဖြင့် ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားရသည်။

"ညီလေးကတော့ ကို အရှုံးပေးပါတယ်ဗျာ"

ချလွင်... ချလွင်...

သူတို့ အနာဂတ်၏ ကြီးကျယ်ခမ်းနားသော စီမံကိန်းအကြောင်း တိတ်တဆိတ် ဆွေးနွေးနေကြချိန်။ လမ်းသွားလမ်းလာ သာမန်ပြည်သူတစ်ဦးသည် သနားကရုဏာသက်သည့်ဟန်ဖြင့် ခေါင်းခါလျက် သူတို့ရှေ့သို့ ကြေးပြားအနည်းငယ်ကို ပစ်ချပေးသွားလေသည်။

"ဒီခေတ်ကြီးထဲမှာ အဲဒီလောက် အဖာအထေးတွေနဲ့ လျှော်တေအင်္ကျီကို ဝတ်ထားရတယ်လို့..."

ဟုတ်ပေသည်။ သေချာ ကြည့်လိုက်မည် ဆိုလျှင်။ အမျိုးသား စီးထားသော ဖိနပ်တွင် အဖာအထေးများစွာ ရှိနေပြီး ကျောဘက်တွင်လည်း စုတ်ပြတ်နေသော ကောက်ရိုးဦးထုပ်ကို ချိတ်ဆွဲထားသည်။ ထိုကဲ့သို့သော အမျိုးသားသည် တောဆန်သော နွားတစ်ကောင်နှင့် ပုံစံပြောင်းနေသော ခွေးတစ်ကောင်ကို ခေါ်ဆောင်လျက် လမ်းကြားထောင့်တွင် ဆောင့်ကြောင့်ထိုင်နေခြင်း ဖြစ်သည်။ ဘေးလူအမြင်ဖြင့် ကြည့်မည်ဆိုလျှင် မည်သို့ပင် ကြည့်စေကာမူ တာ့လီရှိ သူတောင်းစားများ၏ ပုံစံမျိုးသာ ဖြစ်နေသည်။

"သောက်ကျိုးနည်း"

"မွန်း"

"ဂရု"

သုံးယောက်သား မျက်လုံးများ ပြူးကျယ်သွားကြပြီး မယုံကြည်နိုင်သော မျက်နှာဖြင့် ထိုပြည်သူ၏ ကျောပြင်ကို လှမ်းကြည့်လိုက်ကြသည်။ ထိုပြည်သူသည် ကျေးဇူးတင်စရာ မလိုပါဘူး ဟု ပြောနေသည့်အလား လန်းဆန်းစွာ ပြုံးပြပြီး အထာကျကျ ထွက်ခွာသွားလေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ အကြည့်ချင်း ဆုံလိုက်ကြသည်။ ရှောင်ချိ တစ်ကောင်တည်းသာ ဂရုမစိုက်သည့်ပုံဖြင့် ကျနေသော ကြေးပြားများကို ကောက်ယူကာ လက်ဖြင့် ပြောင်လက်နေအောင် ပွတ်တိုက်နေလေသည်။ ငွေကြေးဆိုသည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့သောကြောင့် ဖြစ်သည်။

"ဟားဟားဟား..."

"မွန်း... မွန်း..."

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဗိုက်နှိပ်ကာ အားရပါးရ ရယ်မောလိုက်ကြသည်။ ရှောင်ချိမှာမူ ကြေးပြားများကို အဆန်းတကြယ် ကြည့်ရှုနေဆဲ ဖြစ်သည်။ ဤအရာများဖြင့် ဈေးဝယ်၍ ရသည်ဟု ဆိုသည်။

"အစ်ကိုချန်၊ အစ်ကိုနွား... ဒါက တော်တော်လေး မဆိုးတဲ့ စီးပွားရေးပဲနော်"

ရှောင်ချိသည် မျက်လုံးများကို ပြူးကျယ်ထားပြီး စီးပွားရေး အသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ပြောလိုက်သည်။

"ကျွန်တော်တို့ ဒီအတိုင်း ကျင့်ကြံသူတွေရှေ့မှာ တောင်းစားကြရင် ဝိညာဉ်ကျောက်တုံးတွေ အလွယ်တကူ ရနိုင်မှာပဲ မဟုတ်လား"

"မွန်း"

နွားနက်ကြီးက ခွာကို ဆန့်ထုတ်ပြီး ရှောင်ချိ၏ ခေါင်းကို ဘတ်ခနဲ ရိုက်ချလိုက်သည်။ အစ်ကိုကြီးရဲ့ ဂုဏ်သိက္ခာတွေ ကျဆင်းကုန်ပြီ မဟုတ်ပါလား။

"ဟဲဟဲ... အစ်ကိုနွားရယ်... ကျွန်တော်က ဒီအတိုင်း ပြောကြည့်တာပါ"

ရှောင်ချိသည် လည်ပင်းကို ပုလိုက်ပြီး အလွန်အကျွံ စနောက်မိသွားကြောင်း သိလိုက်ရသည်။ ထို့နောက် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့် ပြန်လုပ်နေလေသည်။ သူ့အတွက်လည်း ဤမျှ ကြီးမားသော မြို့တော်ကြီးထဲသို့ ဝင်ရောက်လာခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ရာ သိချင်စိတ်နှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေခြင်း ဖြစ်သည်။

ချန်ရွှင်သည် လေးနက်စွာ တွေးတောနေသည်။ နွားနက်ကြီးသည် သူ့ကို မနှောင့်ယှက်ဘဲ ရှောင်ချိနှင့်အတူ လမ်းမကြီး၏ အခြေအနေကို ဆက်လက် ကြည့်ရှုနေလေသည်။ တာ့လီရှိ ပြည်သူများ၏ ဝတ်စားဆင်ယင်မှုမှာ အတော်လေး ခမ်းနားပြီး လမ်းလျှောက်သည့် ပုံစံတွင်လည်း ယုံကြည်မှုများ ပြည့်နှက်နေသည်။ ခွန်အားကြီးသူများအပေါ် ကြောက်ရွံ့ရိုကျိုးသည့် အမူအရာမျိုး အလျဉ်းမရှိပေ။ ဖြတ်သန်းသွားလာနေသော ကျင့်ကြံသူများသည်လည်း ထိုပြည်သူများကို နှောင့်ယှက်ခြင်း မပြုကြဘဲ အလွန် မြင့်မားသော နားလည်မှုများ တည်ဆောက်ထားကြပုံ ရသည်။

"ကောင်းပြီ... သွားကြစို့ ပို့ဆောင်ရေး အစီအရင်ကို စီးမယ်"

"မွန်း"

"အစ်ကိုနွား... စောင့်ပါဦး"

သူတို့သည် တပြိုင်နက်တည်း မတ်တပ်ထရပ်လိုက်ကြသည်။ ရှောင်ချိသည် ခဏမျှ နောက်ကျသွားပြီး နွားနက်ကြီး၏ ဝမ်းဗိုက်အောက်သို့ အလျင်အမြန် ဝင်ရောက် ပုန်းအောင်းလိုက်သည်။ ကျင့်ကြံသူများ၏ ပုံရိပ်ကို မြင်ရုံနှင့်ပင် ခြေထောက်များ ပျော့ခွေနေသည်။ နွားနက်ကြီး၏ ဘေးတွင် ရှိနေချိန်မှသာ သူ အနည်းငယ် လုံခြုံစိတ်ချမှုကို ရရှိနိုင်သည်။ ယခုအခါ ခွာ၍မရအောင် ပူးကပ်နေပြီ ဖြစ်သည်။

သူတို့သည် လမ်းမကြီးအတိုင်း ဆက်လက် လျှောက်လှမ်းလာကြပြီး လမ်းတစ်ဝက်တွင် သတင်းစုံစမ်းသူထံ၌ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်ဂဏန်းခန့် ပေးချေကာ သတင်းမေးမြန်းခဲ့ကြသည်။ ပို့ဆောင်ရေး အစီအရင်သည် မြို့တော်၏ အလယ်ဗဟိုတွင် ရှိပြီး ဦးစွာ ဤနေရာမှနေ၍ ဟော့ယွမ်ပြည်နယ်၏ မြို့တော်ကြီးဆီသို့ သွားရမည် ဖြစ်သည်။ ထိုနေရာရှိ အလွန်ကြီးမားသော ပို့ဆောင်ရေး အစီအရင်ကို အသုံးပြုမှသာ အခြားပြည်နယ်များသို့ ကူးသန်းသွားလာနိုင်မည်ဟု ဆိုသည်။

ပြည်နယ်တစ်ခုတည်းအတွင်း ပို့ဆောင်မည်ဆိုပါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးဖြင့်သာ လုံလောက်သော်လည်း အခြားပြည်နယ်သို့ ပင်လယ်ဖြတ်ကျော် ပို့ဆောင်ရမည်ဆိုပါက အဆင့်လတ် ဝိညာဉ်ကျောက်တုံးဖြင့် ပေးချေရန် လိုအပ်ပေသည်။

လုထိုင်မြို့တော်၏ အလယ်ဗဟို။

ရှေးဟောင်း ဗိမာန်ကြီး တစ်ခု မတ်မတ်ရပ်တည်နေပြီး ၎င်း၏ ပတ်လည်တွင် မျှော်စင်ငယ်များစွာ တည်ဆောက်ထားကာ အတွင်း၌ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ တင်ပျဉ်ခွေထိုင်လျက် ကင်းစောင့်နေကြသည်။

ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအားများကို ထောက်လှမ်းနိုင်သော အစီအရင်များ ခင်းကျင်းထားသည်။ ဤနေရာသည် သာမန်လူများ ဝင်ရောက်ခွင့် မရှိသော အထွတ်အမြတ် နယ်မြေဖြစ်ပြီး ကျင့်ကြံသူများကိုသာ ဝင်ထွက်သွားလာခွင့် ပြုထားသည်။ အကယ်၍ သာမန်လူများ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာပါက ထိုနေရာ၌ပင် အသတ်ခံရမည် ဖြစ်ပြီး အချည်းနှီး သေဆုံးရမည်သာ ဖြစ်သည်။ ထိုနေရာတွင် မည်သည့် အကြောင်းပြချက်၊ မည်သည့် ကရုဏာမျှ မရှိပေ။

ချန်ရွှင်၊ နွားနက်ကြီးနှင့် ရှောင်ချိတို့ သုံးဦးသည် ဗိမာန်အတွင်းသို့ ဝင်ရောက်သွားကြသည်။ ဗိမာန်အတွင်း၌ ကျင့်ကြံသူများစွာ ရှိနေပြီး ထူးဆန်းသော အစီအရင် အများအပြားသည် အဆက်မပြတ် လည်ပတ်နေကာ အလင်းရောင်များ ထွက်ပေါ်နေသည်။ တစ်ခါတစ်ရံ အစီအရင် အတွင်းမှ ပို့ဆောင်ခံရသော ကျင့်ကြံသူများ ထွက်ပေါ်လာတတ်သည်။ အားလုံး၏ မျက်ဝန်းများသည် အေးစက်နေပြီး အသေခံရန်အတွက် ကောင်းကင် လွင်ပြင်ကြီး သို့ သွားရောက်မည့်သူများ ဖြစ်ကြောင်း သိသာလှသည်။

ချန်ရွှင်သည် နတ်အသိဖြင့် ဗိမာန်အတွင်းကို လျင်မြန်စွာ စူးစမ်းလိုက်သည်။ ဤဗိမာန်အတွင်း၌ ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးပင် တည်ငြိမ်စွာ ထိုင်လျက် ကင်းစောင့်နေကြသည် မဟုတ်ပါလား။ သတင်းစုံစမ်းသူ၏ အဆိုအရ ဤဟော့ယွမ်ပြည်နယ်၏ ပို့ဆောင်ရေး အစီအရင် ကွန်ရက် အားလုံးကို လင်းရှူးကုန်သည်အသင်း ဟူသော အဖွဲ့အစည်းကြီးက လွှမ်းမိုးထိန်းချုပ်ထားကြောင်း သိရသည်။ ဤကုန်သည်အသင်းသည် မည်မျှ ကြီးမားသော အဖွဲ့အစည်း ဖြစ်ကြောင်းကို သတင်းစုံစမ်းသူပင်လျှင် အပြည့်အဝ နားလည်ထားခြင်း မရှိပေ။

"သွားကြစို့"

ချန်ရွှင်သည် ဗိမာန်၏ ထောင့်တစ်နေရာတွင် ဧည့်ခံနေသော အခြေခံတည်ဆောက်ခြင်းအဆင့် လူလတ်ပိုင်း အမျိုးသားတစ်ဦးကို ပစ်မှတ်ထားလိုက်ပြီး ထိုနေရာသို့ လျှောက်သွားလိုက်သည်။ ဗိမာန်အတွင်း၌ ပို့ဆောင်ရေး အစီအရင် ဆယ်ခုကျော် ရှိသဖြင့် ကြပ်ညပ်နေခြင်း မရှိပေ။

"စီနီယာ"

လူလတ်ပိုင်း အမျိုးသား၏ မျက်ဝန်းများ အနည်းငယ် မှေးကျဉ်းသွားပြီး ခါးကို ကိုင်းညွတ်ကာ လက်သီးဆုပ် အရိုအသေပြုလိုက်သည်။ သူ၏ မျက်လုံးထဲတွင် ချန်ရွှင်နှင့် နွားနက်ကြီး၏ စွမ်းအားများကို ဖောက်ထွင်းမမြင်နိုင်ပေ။ ဝမ်းဗိုက်အောက်တွင် ကပ်နေသော ထိုခွေးနီလေး တစ်ကောင်တည်းသာ အခြေခံတည်ဆောက်ခြင်းအဆင့် ရှိကြောင်း သိနိုင်လေသည်။

All Chapters