အခန်း ၂၃၂
Vol. 13 Ch. 232
အခန်း (၂၃၂)
"သွားစို့... ဈေးဝယ်ထွက်မယ်"
ချန်ရွှင်သည် မတ်တပ်ရပ်လိုက်ပြီး နွားကြီးနှင့် ရှောင်ချိကို ကြည့်လိုက်သည်။
"ပင်လယ်သားရဲတွေနဲ့ ဝိညာဉ်ဆေးပင် စွယ်စုံကျမ်း တွေ သွားဝယ်ရမယ်... မဟုတ်ရင် တွေ့ရင်တောင် ဘာမှန်း ညာမှန်း သိမှာ မဟုတ်ဘူး"
"မွန်း"
နွားကြီးသည် ပျော်ရွှင်လွန်းသဖြင့် ခုန်ပေါက်နေပြီ ဖြစ်သည်။ နှစ်ရှည်လများ မက်ခဲ့သော အိပ်မက်သည် ယခုပင် အကောင်အထည် ပေါ်လာတော့မည် မဟုတ်ပါလား။
ရှောင်ချိလည်း ပျော်ရွှင်စွာ ခုန်ပေါက်နေပြီး အသက်ရှူသံများ ပြင်းထန်လာသည်။ နောက်ဆုံးတော့ တာလီ ကို စွန့်ခွာရမည့် အချိန် ရောက်လာခဲ့ပြီ။
သူတို့ သုံးဦးသည် ဆိုင်ခန်း အသီးသီးသို့ ခပ်သွက်သွက် လျှောက်သွားကာ ဈေးဝယ်ကြပြီး ရှောင်ကြဉ်ရမည့် အချက်အချို့ကိုလည်း စုံစမ်းမေးမြန်းခဲ့ကြသည်။ ဥပမာအားဖြင့် အနောက်ပင်လယ်တွင် မည်သူမည်ဝါမှန်း မသိရသော အင်အားစု အမြောက်အမြား တည်ရှိပြီး အကြောင်းမဲ့ သွားရောက် မပတ်သက်သင့်ကြောင်း အစရှိသည်တို့ ဖြစ်သည်။
ပင်လယ်ထဲထွက်၍ ပင်လယ်သားရဲများကို အမဲလိုက်မည် ဆိုပါက ကုန်သည်အသင်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းက အလုံခြုံဆုံး ဖြစ်သည်ဟု ဆိုကြသည်။ သူတို့တွင် ပြည့်စုံသော ပင်လယ်မြေပုံများ ရှိသည့်အပြင် အဆက်အသွယ်များလည်း ရှိသဖြင့် ယုတ္တိမတန်သော အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ခြေ နည်းပါးကြောင်း သိရသည်။
ထိုစကားကို ကြားသောအခါ ချန်ရွှင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ဆိုင်ရှင်များနှင့် ပျော်ရွှင်စွာ စကားစမြည် ပြောဆိုပြီးနောက် လက်သီးဆုပ်ဦးညွှတ် နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။
နောက်တစ်နေ့။ ဖျင်ယွင်မြို့တော်၏ ပို့ဆောင်ရေး အစီအရင်တွင် ချန်ရွှင်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ညီအစ်ကိုတို့... ထွက်မယ်ဟေ့"
"မွန်း"
"ဝုတ်"
ဝုန်း...
ပို့ဆောင်ရေး အစီအရင်သည် စူးရှတောက်ပသော အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး ကြယ်မှုန်များကဲ့သို့ အလင်းမှုန်လေးများ ကောင်းကင်သို့ မြောက်တက်သွားသည်။ အစီအရင်ကို ဖွင့်ပေးနေသော ကျင့်ကြံသူ၏ မျက်နှာမှာ အလွန် ဆိုးရွားနေသည်။ ဤစီနီယာ၏ ကျယ်လောင်လွန်းသော အော်ဟစ်သံကြောင့် ခေါင်းများပင် မူးဝေသွားရသည်။
မျက်စိတစ်မှိတ်အတွင်း ပို့ဆောင်ရေး အစီအရင် လည်ပတ်မှု ပြီးဆုံးသွားပြီး ပုံရိပ်သုံးခုသည် ဝှစ်ခနဲ အသံနှင့်အတူ ပျောက်ကွယ်သွားကြသည်။ သူတို့ ထွက်ခွာသွားပြီးနောက် ကျင့်ကြံသူသည် အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ပြီး အေးစက်စွာ ဟမ့် ခနဲ အသံပြုလိုက်သည်။
ကွေ့ရီမြို့တော်။
တာလီ၏ အနောက်ဘက် ကမ်းခြေနှင့် မျက်နှာချင်းဆိုင် တည်ရှိသော ကျင့်ကြံသူများ၏ အလွန် ကြီးမားလှသည့် မြို့တော်ကြီး တစ်ခု ဖြစ်သည်။ ကောင်းကင်တွင် လှေပျံကြီးများစွာ ရပ်နားထားပြီး ကုန်သည်အသင်း အသီးသီး၏ အလံများကို လွှင့်ထူလျက် အဝေးတစ်နေရာဆီသို့ ဖြည်းညှင်းစွာ ချီတက်သွားနေကြသည်။
လှေပျံများ၏ ပတ်လည်တွင် ခင်းကျင်းထားသော အရောင်ငါးမျိုးရှိ အစီအရင်များသည် ကွေ့ရီမြို့တော်၏ ကောင်းကင်ကို ပုံမှန်မဟုတ်လောက်အောင် လှပတောက်ပစွာ ဖန်တီးပေးထားသည်။
မြို့တော်အတွင်းရှိ ဆူညံသံများသည် ကောင်းကင်သို့ပင် ထိုးဖောက်သွားမတတ် ရှိပြီး ပြန်လည်ရောက်ရှိလာသော လှေပျံကြီးများ၏ ကုန်းပတ်ပေါ်တွင် ကြီးမားလှသော ပင်လယ်သားရဲကြီးများကို တင်ဆောင်လာကြရာ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အံ့သြချီးကျူးသံများ ထွက်ပေါ်နေလေသည်။
ကွေ့ရီမြို့တော်၏ အထက်ကောင်းကင်သည် မိုးတိတ်ခါစ အချိန်ဖြစ်ပြီး ကြည်လင်နေသော ကောင်းကင်ပြာကြီးထဲတွင် သက်တံတစ်တန်းသည် ကောင်းကင်အဆုံး၌ ပေါ်ထွက်လာသည်။ ထိုနူးညံ့လှပသော ပုံစံသည် လှပသော ပိုးသားဖဲကြိုးလေး တစ်ခု ဆန့်တန်းထားသကဲ့သို့ပင် ဖြစ်သည်။
လှေပျံငယ်လေး တစ်စင်းသည် မြို့တော်အတွင်းမှ ပျံတက်သွားပြီး လှေပျံကြီးများ၏ ကြားမှ တိုးဝှေ့လျက် မြန်ဆန်သော အရှိန်ဖြင့် အနောက်ဘက် ကမ်းခြေဆီသို့ ဦးတည်သွားလေသည်။
"ဝေးဟေး... ညီအစ်ကိုတို့... ထိုးဖောက်ဟေ့"
"မွန်း"
"အစ်ကိုချန်... ပင်လယ်ကြီးဗျို့"
သူတို့ သုံးဦးသည် လှေပျံ၏ ရှေ့ဆုံးတွင် ရပ်လျက် မျက်တောင်မခတ်တမ်း မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ထားကြသည်။ အဝေးတစ်နေရာရှိ မှိုင်းညို့နေသော ကောင်းကင်နှင့် ပင်လယ်ကြီးကို ငေးမောကြည့်ရှုနေကြသော်လည်း မည်သည့်နေရာသည် ကောင်းကင်၏ အဆုံးဖြစ်ပြီး မည်သည့်နေရာသည် ပင်လယ်၏ အဆုံးဖြစ်ကြောင်းကို ခွဲခြား၍ မရနိုင်ပေ။
အနောက်ပင်လယ်၏ လှိုင်းတံပိုးများသည် ပြင်းထန်စွာ ရိုက်ခတ်နေသည်။ တောင်တန်းကြီးများကဲ့သို့ ကြီးမားလှသော လှိုင်းကြီးများသည် မီးခိုးရောင် သန်းနေသော အလွန် ဝေးကွာလှသည့် မိုးကုပ်စက်ဝိုင်းဆီမှနေ၍ လွှမ်းမိုးနိုင်သော အရှိန်အဟုန်ဖြင့် မိုးခြိမ်းသံကဲ့သို့ အသံကြီးများ ထွက်ပေါ်ကာ ကမ်းစပ်ဆီသို့ ရိုက်ခတ်လာကြသည်။
လှိုင်းတံပိုးများသည် ကမ်းစပ်တွင် မတ်မတ်ရပ်တည်နေသော ကျောက်ဆောင်များကို ပြင်းထန်စွာ ရိုက်ခတ်ရာ နှင်းကဲ့သို့ ဖြူဖွေးသော ရေမှုန်ရေမွှားများ လွင့်စင်သွားပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးများ ပဲ့တင်ထပ်သွားသည်။
ပို၍ အာရုံစိုက်ကာ ကြည့်ရှုလိုက်မည် ဆိုပါက ပင်လယ်ထဲတွင် မရေမတွက်နိုင်သော ကျွန်းများ ဝဲပျံနေသကဲ့သို့ ထင်မှတ်ရသည်။ ကြီးငယ်မဟူသော ကျွန်းများသည် အလွန် ဝေးကွာလှသော နေရာအထိ ဆက်တန်းရှည်လျားနေသည်။ တခါတရံတွင် ကြောက်မက်ဖွယ်ကောင်းသော ပင်လယ်သားရဲများသည် ပင်လယ်ပြင်မှ ခုန်ထွက်လာကြပြီး ကောင်းကင်သို့ ထိုးတက်သွားမတတ် လှိုင်းတံပိုးကြီးများကို ဖြစ်ပေါ်စေသည်။
သူတို့သည် ပင်လယ်ကြီးဆီသို့ တဖြည်းဖြည်း နီးကပ်သွားကြသည်။ မျက်စိတစ်ဆုံး ကြည့်လိုက်ပါက ပြာလဲ့ကြည်လင်နေသော ပင်လယ်ကြီးသည် အဆုံးအစမရှိ ကျယ်ပြောလှပြီး ပင်လယ်ပြင်သည် ကမ်းစပ်မှနေ၍ အဝေးကြီးဆီသို့ ဆန့်တန်းသွားကာ ကောင်းကင်ကြီးနှင့် တစ်သားတည်း ဖြစ်နေသည်။
ထို ကောင်းကင်နှင့် ပင်လယ် ဆုံစည်းရာ နေရာတွင် ရာချီ၊ ထောင်ချီသော သင်္ဘောကြီးများသည် ပင်လယ်ပြင်ထက်၌ ခုတ်မောင်းနေကြသည်။ ကုန်းပတ်ပေါ်တွင် ကျင့်ကြံသူ အများအပြား ရပ်နေကြပြီး စူးရှတောက်ပသော နေရောင်ခြည်အောက်တွင် တလက်လက် တောက်ပနေကြသည်။
"မိုက်လိုက်တာ..."
ချန်ရွှင်သည် အူကြောင်ကြောင်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒီလောက်တောင်... ကြီးမားလှပါလား"
"မွန်း..."
နွားကြီးသည် နှာမှုတ်သံ ရှည်ကြီးကို ပြုလုပ်လိုက်ပြီး ဒူးများပင် ပျော့ခွေသွားမတတ် ခံစားလိုက်ရသည်။ ဒါက ပင်လယ်ကြီးလား။ မြစ်ကြီးတွေထက် အများကြီး ပိုပြီး ကြောက်စရာကောင်းတာ အမှန်ပဲ။
ရှောင်ချိသည် နှုတ်ခမ်းများ တုန်ရီနေပြီး နွားကြီးကို အသေအလဲ ဖက်တွယ်ထားကာ တုန်လှုပ်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။ ကောင်းကင် လွင်ပြင်ကြီး စသည်တို့မှာ ဤပင်လယ်ကြီး၏ ရှေ့မှောက်တွင် ယှဉ်ပြိုင်၍ မရနိုင်ပေ။ ရှောင်ချိ၏ စိတ်ကူးယဉ်နိုင်စွမ်း အကန့်အသတ်ကို ကျော်လွန်သွားခဲ့လေပြီ။
ထိုအချိန်တွင် အဝေးမှနေ၍ ပင်လယ်လေပြေများ တိုက်ခတ်လာသည်။ ခမ်းနားကြီးကျယ်ပြီး အားကောင်းလှသော လေပြေများသည် သူတို့၏ စိတ်နှလုံး ရေကန်ပြင်ကို လှုပ်ခတ်သွားစေသည်။
နှလုံးခုန်သံများသည် တဖြည်းဖြည်း နှေးကွေးတည်ငြိမ်သွားပြီး စကားဖြင့် ဖော်ပြ၍ မရနိုင်သော သက်သောင့်သက်သာရှိမှုကြီးက လွှမ်းခြုံသွားသည်။ စိတ်နှလုံးထဲတွင် တိမ်တစ်လိပ်မျှ မရှိသော ကောင်းကင်ကြီးကဲ့သို့ ကျယ်ဝန်းငြိမ်သက်သွားပြီး "အသက်ရှင်နေရတာ ကောင်းလိုက်တာ" ဟူသော ခံစားချက်များ တဖြည်းဖြည်း ပေါ်ပေါက်လာလေသည်။
တစ်နာရီခန့် ကြာပြီးနောက်။
သူတို့ သုံးဦးသည် လူသူကင်းမဲ့သော ကမ်းခြေပေါ်သို့ ဆင်းသက်လိုက်ကြပြီး လှိုင်းတံပိုးများ ကျောက်ဆောင်ကို ရိုက်ခတ်သည့် အသံကို ခံစားနေကြသည်။
ရှောင်ချိသည် ချန်ရွှင်၏ ဘယ်ဘက်တွင် ထိုင်နေပြီး နွားကြီးသည် ချန်ရွှင်၏ ညာဘက်တွင် ခြေလေးချောင်းထောက်ကာ မတ်တပ်ရပ်နေသည်။ သူတို့ သုံးဦးသည် ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေမိကြသည်။
ချန်ရွှင်၏ မျက်ဝန်းများတွင် လွမ်းဆွတ်တမ်းတသော အရိပ်အယောင်များ ကိန်းအောင်းနေသည်။ ပင်လယ်၏ သီးသန့်ဖြစ်သော ရနံ့များကို ရှူရှိုက်နေရင်း စောစောက စိတ်လှုပ်ရှားမှုများသည် ဘယ်ဆီသို့ ရောက်ရှိသွားမှန်းမသိဘဲ ငြိမ်သက်သွားလေသည်။
"မွန်း"
နွားကြီးက ချန်ရွှင်ကို တွန်းလိုက်သည်။ ဘာကို စောင့်နေတာလဲ။
ရှောင်ချိသည်လည်း ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ပြီး ချန်ရွှင်ကို ကြည့်လိုက်သည်။ အစ်ကိုချန်၏ ထိုမျက်လုံးများသည် အမြဲတမ်း ဘာကို တွေးတောနေမှန်း ဖတ်ရှု၍ မရနိုင်ပေ။
"လှေပေါ် တက်မယ်"
ချန်ရွှင်သည် လေကို ပြင်းပြင်းရှူသွင်းလိုက်သည်။ ဒြပ်ငါးပါး နတ်အလင်းတန်းများသည် သူ့ကို လွှမ်းခြုံသွားပြီး ကောင်းကင်ဆီသို့ ထိုးဖောက်သွားသည်။ စိတ်ကူးယဉ်ဆန်သော မြင်ကွင်းများကြားတွင် ပုံရိပ်ယောင်ကြီး တစ်ခုသည် သူတို့၏ ရှေ့တည့်တည့်ရှိ ပင်လယ်ပြင်ထက်၌ ဖြည်းညှင်းစွာ ပေါ်ထွက်လာလေသည်။
ဝုန်း... ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီးများနှင့်အတူ လှေပျံကြီးသည် ပင်လယ်ပြင်ပေါ်သို့ ကျဆင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း ရိုက်ခတ်လာသော လှိုင်းတံပိုးသံများသည် တောင်ကြား တစ်ထောင် တုန်ခါသွားပြီး ရေတံခွန် တစ်သောင်း ဝင်တိုက်လိုက်သကဲ့သို့ ဆူညံသွားသည်။
စူးရှတောက်ပသော အလင်းရောင်များကို ထုတ်လွှတ်နေသည့် အမည်းနှင့် အဖြူရောင် သစ်ပင်ကြီး တစ်ပင်သည် လှေပျံကြီး၏ ကုန်းပတ်ပေါ်တွင် မတ်မတ်ရပ်တည်နေသည်။ မှိန်ဖျော့ဖျော့ အလင်းရောင်များ ထွက်ပေါ်နေသော ထိုသစ်ကိုင်းနှင့် သစ်ရွက်များသည် ပင်လယ်လေပြေတွင် ယိမ်းနွဲ့နေပုံမှာ အမှန်တကယ်ပင် ခမ်းနားကြီးကျယ်လှပေသည်။
သူတို့ သုံးဦးသည် ရယ်မောလိုက်ကြပြီး လေဟာပြင်ကို နင်းလျက် မျက်စိတစ်မှိတ်အတွင်း 'ကြိုးကြာဝိညာဉ်ဒြပ်ငါးပါးသစ်ပင်' ၏ အောက်သို့ ဆင်းသက်လိုက်ကြသည်။
နွားကြီးက ခွာကို ဝှေ့ယမ်းလိုက်ရာ မူလဝိညာဉ် စွမ်းအားများမှ ဖန်တီးထားသော 'ဒြပ်ငါးပါး အစီအရင်အလံ' များသည် လှေပျံ၏ အရပ်လေးမျက်နှာနှင့် ဗဟိုချက်တွင် နေရာယူသွားကြသည်။ ကောင်းကင်နှင့် မြေကြီးကြားရှိ ဒြပ်ငါးပါး စွမ်းအင်များသည် အပြင်းအထန် စုဝေးရောက်ရှိလာကြပြီး ချန်ရွှင်ကလည်း လှေပျံကြီး၏ ဒြပ်ငါးပါး စွမ်းအားကို စတင် ဖွင့်လိုက်လေသည်။
ရှောင်ချိသည် လှေပျံ၏ အစွန်းတွင် ရပ်လျက် ပင်လယ်ပြင်ကို လေ့လာစောင့်ကြည့်နေပြီး လှေပျံ ထွက်ခွာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။
ဝူး... ဝူး...
ပင်လယ်လေပြေများသည် လှိုင်းတံပိုးများကဲ့သို့ တစ်ဟုန်ထိုး တိုက်ခတ်လာချိန်တွင် လှေပျံကြီးသည် စတင် ထွက်ခွာလေပြီ။ လေဟုန်ကို စီးကာ လှိုင်းတံပိုးများကို ခွဲထွက်လျက် ကျယ်ပြောလှသော သမုဒ္ဒရာကြီးဆီသို့ ချီတက်သွားလေသည်။ ဦးတည်ရာ အရပ်မျက်နှာ ဆိုသည်မှာ မည်သို့ပင် ဖြစ်စေကာမူ အရေးမကြီးတော့ပေ။
"နွားကြီး... ရှောင်ချိ... ပိုက်ကွန်ကို ချလိုက်"
ချန်ရွှင်သည် သစ်ပင်၏ ထိပ်ဖျားမှနေ၍ အလောတကြီး အော်ဟစ်လိုက်သည်။ ပင်လယ်ထဲတွင် ငါးအုပ်ကြီးများ ရေကူးသွားလာနေကြသည်။
"မြန်မြန်လုပ်... ဟို 'ချည်မျှင်တစ်ထောင် ဝိညာဉ်နွယ်ပင်' နဲ့ လုပ်ထားတဲ့ ပိုက်ကွန်ကို သုံးလိုက်... သောက်ကျိုးနည်း... တစ်ခါတည်းနဲ့ သိမ်းကျုံးဖမ်းပစ်မယ်"
"မွန်း"
"ရပြီ... အစ်ကိုချန်"
နွားကြီးနှင့် ရှောင်ချိတို့သည် ကုန်းပတ်ပေါ်တွင် ဝုန်းဒိုင်းကြဲ ပြေးလွှားသွားကြပြီး ပိုက်ကွန်ကြီးကို ဆွဲယူကာ ထိုအတိုင်းပင် ပင်လယ်ထဲသို့ ပစ်ချလိုက်ကြသည်။
"ဟားဟားဟား..."
ချန်ရွှင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အပေါ်မှနေ၍ ညွှန်ကြားနေသည်။
"အေး... ဟုတ်တယ် ညီအစ်ကိုတို့... အဲဒီဘက်ကို... သေချာပေါက် အကောင်ကြီးကြီး ရှိတယ်ကွ"
"မွန်း"
နွားကြီးသည် ချန်ရွှင်ကို စူးစိုက်ကြည့်လိုက်သည်။ ဆူညံလိုက်တာ... အခု အလုပ်ရှုပ်နေတယ်ကွ။
ရှောင်ချိသည် အစွမ်းကုန် ပိုက်ကွန်ကို ဆွဲနေရင်း လှေပျံ၏ အစွန်းတွင် ရပ်ကာ မျက်တောင်မခတ်တမ်း ပင်လယ်ပြင်ကို ကြည့်ရှုနေသည်။ ဤပင်လယ်သားရဲများသည် ရှောင်ချိအတွက်လည်း အကောင်းဆုံးသော အားဖြည့် ဆေးစွမ်းများပင် ဖြစ်သည်။
တစ်နာရီခန့် ကြာပြီးနောက်။
"ဟား... ပိုက်ကွန်ကို ဆွဲတင်... နွားကြီး... မြန်မြန်"
ကျန်းမာရေး လက်ဖက်ရည်ကို သောက်နေသော ချန်ရွှင်၏ မျက်နှာ အရောင်ပြောင်းသွားသည်။
"အကောင်ကြီးကွ... ရှောင်ချိ၊ နွားကြီး... ဆွဲတင်ကြစမ်း"
"မွန်း"
နွားကြီးလည်း နှာမှုတ်သံကို ပြုလုပ်လိုက်သည်။ လက်တုံ့ပြန်မှု ရှိနေသည်။
"အစ်ကိုနွား... ဆွဲတင်မယ်ဟေ့"
ရှောင်ချိလည်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ပိုက်ကွန်ကြီးသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးနှင့်အတူ ပင်လယ်ပြင်မှ ထွက်ပေါ်လာပြီး တလက်လက် တောက်ပနေသော ပင်လယ်ရေများကို ဖြန်းပက်လျက် လေထဲသို့ မြောက်တက်သွားလေသည်။
ပိုက်ကွန်ထဲတွင် ဆူဖြိုးနေသော ငါးများ၊ ပုစွန်များနှင့် ဂဏန်းများ အပြည့် ပါရှိသည်။ အားလုံးမှာ အလွန် ကြီးမားလှသော်လည်း ကျင့်ကြံမှုအဆင့် မရှိကြပေ။ သာမန် ပင်လယ်ထွက် သတ္တဝါများသာ ဖြစ်ကြပြီး ပင်လယ်သားရဲဟု ခေါ်ဆို၍ မရသော အရာများချည်းသာ ဖြစ်သည်။
သို့သော် ထိုအထဲတွင် လိပ်ကြီး တစ်ကောင် ပါဝင်နေသည်။ စောစောက ချန်ရွှင် ပြောခဲ့သည်မှာ ဤအကောင်ကို ဆိုလိုခြင်း ဖြစ်သည်။ ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားနေသော ထိုလိပ်ကြီးသည် အံ့သြစရာကောင်းလောက်အောင် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားလေသည်။
ကုန်းပတ်ပေါ်တွင် ပင်လယ်ရေများ ရွှဲနစ်သွားပြီး ပင်လယ်သတ္တဝါများသည် အပြင်းအထန် ခုန်ပေါက်နေကြသည်။ ခွန်အားများမှာ အတော်လေး ကြီးမားလှသော်လည်း မူလဝိညာဉ်အဆင့် ကျင့်ကြံသူ နှစ်ဦး၏ ခွန်အားရှေ့မှောက်တွင်မူ အချည်းနှီး ရုန်းကန်နေရုံသာ တတ်နိုင်တော့သည်။
"ဒီလိပ်ကြီးကို လွှတ်ပေးလိုက်မယ်... အသုံးမှ မဝင်တာ"
ချန်ရွှင်သည် နှုတ်ခမ်းကို စူလိုက်သည်။ သူက အခြေခံတည်ဆောက်ခြင်းအဆင့် ပင်လယ်သားရဲများ ဖမ်းမိသည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
"မွန်း..."
နွားကြီးသည် ချန်ရွှင်ကို ကြည့်ကာ ရယ်မောလိုက်ပြီး လိပ်ကြီးကို ပင်လယ်ထဲသို့ ပစ်ချလိုက်သည်။ လိပ်ကြီးမှာ ထိတ်လန့်သွားပြီး အလျင်အမြန် ထွက်ပြေးသွားရာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေတော့သည်။
"အစ်ကိုချန်... ဒီပင်လယ်စာတွေကို ဘယ်လို လုပ်မလဲ"
ရှောင်ချိသည် ကျယ်လောင်စွာ ရယ်မောရင်း အပေါ်သို့ လှမ်းအော်လိုက်သည်။
"ဒီလောက် လွယ်လွယ်ကူကူ ဖမ်းလို့ ရလိမ့်မယ်လို့ မထင်ထားဘူး"
"ရှောင်ချိ... ဒီပိုက်ကွန်က ငါနဲ့ မင်းရဲ့ အစ်ကိုနွားတို့ရဲ့ ကိုယ်ပိုင် ဖန်တီးမှုကွ... ဒီလို ပင်လယ်သားရဲတွေကို ဖမ်းတဲ့ အချိန်မှာ သူတို့က ဒါကို ထောင်ချောက်မှန်း မသိနိုင်ကြဘူး"
ချန်ရွှင်သည် လောကကြီးကို အထင်သေးသော မျက်နှာထားဖြင့် ပင်လယ်ပြင်ကို လှမ်းကြည့်လိုက်သည်။
"ဒီအနောက်ပင်လယ်ကြီးက ကျယ်ဝန်းတယ်... ငါတို့ မသွားနိုင်တဲ့ နေရာ ဆိုတာ မရှိဘူး... အားလုံးကို ဖမ်းပစ်မယ်"
"ဒီကောင်တွေကို ငါ တာဝန်ယူလိုက်မယ်... အရသာရှိတာတွေ လုပ်ကျွေးမယ်ကွ"
"မွန်း..."
နွားကြီးသည် ကုန်းပတ်ပေါ်တွင် ခုန်ပေါက်နေပြီး အမြီးကို တယမ်းယမ်း လုပ်နေလေသည်။ အလွန် ကောင်းမွန်လွန်းလှသည်။
ရှောင်ချိလည်း မျက်လုံးများ တလက်လက် တောက်ပနေသည်။ အစ်ကိုချန် ချက်ပြုတ်သော အစားအစာများကို သူ တစ်ခါမျှ မစားဖူးပေ။
ညအချိန်။ လခြမ်းကွေးလေး သည် ပင်လယ်ပြင်၌ ထင်ဟပ်နေပြီး ကောင်းကင်မှ ကျဆင်းလာသကဲ့သို့ ရှိသည်။ လေတိုက်ခတ်လိုက်သောအခါ လမင်း၏ ပုံရိပ်သည် လှိုင်းတံပိုးများကြောင့် ယိမ်းနွဲ့ကာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားလေသည်။
လှေပျံကြီးသည် ပင်လယ်ပြင်ထက်၌ ရပ်နားထားသည်။ သို့သော် သေချာ ကြည့်လိုက်မည် ဆိုပါက လှေပျံကိုယ်ထည်သည် နစ်မြုပ်နေခြင်း မရှိဘဲ ပင်လယ်ပြင်မှ လက်မအနည်းငယ်ခန့် မြောက်နေပြီး လှိုင်းတံပိုးများအထက်တွင် အလွန် တည်ငြိမ်စွာ ဝဲပျံနေလေသည်။