အခန်း ၂၃၃
Vol. 13 Ch. 233
အခန်း (၂၃၃)
ချန်ရွှင်သည် ကုန်းပတ်ပေါ်တွင် အသားကင်စင်ကို ပြင်ဆင်လိုက်ပြီး ဝိညာဉ်ဆေးပင်များကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကာ အသားများကို စတင်ကင်လေတော့သည်။ သူတို့သုံးဦး၏ အစာအိမ်သည် အဆုံးအစမရှိသော်လည်း ယနေ့ ရရှိခဲ့သော သားကောင်များက များပြားလှရာ ဗိုက်ဝရန်အတွက် လုံလောက်ပေသည်။
နွားနက်ကြီးနှင့် ရှောင်ချိတို့သည် ဘေးယှဉ်ထိုင်ကာ စကားစမြည် ပြောဆိုနေကြသည်။
သို့သော် ရှောင်ချိ၏ မျက်ဝန်းထဲတွင် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုများ ကိန်းအောင်းနေပြီး တီးတိုးရေရွတ်နေမိသည်။
"ဘုရားရေ... တရားရေ..."
အစ်ကိုချန်နှင့် အစ်ကိုနွားတို့လို လူမျိုးကတောင် အတိတ်တုန်းက မသိနားမလည်တဲ့ အစွမ်းထက်သူတစ်ယောက်ရဲ့ ဖိနှိပ်မှုကို ပြန်မခံရဲလောက်အောင် ခံခဲ့ရဖူးတယ်တဲ့လား။ အဲဒီလူက ဘယ်လောက်တောင် စွမ်းအားကြီးမားတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး ဖြစ်နေမလဲ။
ရှောင်ချိသည် စိတ်ထဲတွင် ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။ နောက်နောင် အကယ်၍ ထိုကဲ့သို့သော သူမျိုးနှင့် ဆုံတွေ့ပါက ချက်ချင်း ဒူးထောက်တောင်းပန်ပြီး မဆန့်ကျင်တော့ဟု ကျိန်တွယ်လိုက်လေသည်။
ချန်ရွှင်သည် အသားကင်ရင်း လေထဲတွင် ဝဲပျံနေသော ရေကြောင်းပြမြေပုံကို ကြည့်ရှုနေသည်။
သူတို့၏ လက်ရှိတည်နေရာသည် အနောက်ဘက်ပင်လယ်၏ အဆုံးအစွန်ဆုံး နေရာတစ်ခုတွင် ဖြစ်သည်။ အနောက်ဘက်ပင်လယ်တွင် ကြယ်ပွင့်များကဲ့သို့ များပြားလှသော ဝိညာဉ်ဆေးပင်များနှင့် ရှားပါးသော ရတနာများ ကိန်းဝပ်လျက်ရှိသည်။
ဝူး...
လှေကြီးသည် ဖြည်းညှင်းစွာ စတင်ရွေ့လျားသွားသည်။ ကျယ်ပြောလှပြီး လျှို့ဝှက်ဆန်းကြယ်သော ပင်လယ်ပြင်ကြီးတွင် သူတို့၏ လှေကြီးသည် အထီးကျန်နေသော ပုရွက်ဆိတ်ငယ်လေး တစ်ကောင်သာသာမျှသာ ရှိပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လှိုင်းကြီးများကြားတွင် ပျောက်ကွယ်သွားလေတော့သည်။
ထိုအချိန်မှစ၍ လဝက်ခန့်ကြာအောင် သူတို့သည် ပင်လယ်ပြင်တွင် ငါးဖမ်းရင်း အချိန်ကုန်ဆုံးခဲ့ကြသည်။
ရှောင်ချိသည်လည်း တဖြည်းဖြည်း တက်ကြွလန်းဆန်းလာပြီး ချန်ရွှင်ကို အတုခိုးကာ အသားကင်ရန် ကြိုးစားရင်း မျက်နှာတစ်ခုလုံး မည်းနက်နေအောင် အခိုးခံရလေ့ရှိသည်။
ဤပင်လယ်ပြင်တွင် ကုန်သည်အသင်းများ၏ လှေကြီးများကို မတွေ့ရပေ။ သူတို့ သွားနေသော လမ်းကြောင်းသည် သာမန် ကျင့်ကြံသူများ သွားလာလေ့ရှိသည့် လမ်းကြောင်းမျိုး မဟုတ်သောကြောင့် ဖြစ်သည်။
ယနေ့တွင်မူ လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်းသည် သူတို့၏ မျက်စိရှေ့၌ ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။
မြေပုံထဲတွင် ထိုကျွန်းကို မတွေ့ရသော်လည်း ကျွန်းပေါ်မှ အလွန်ပြင်းထန်သော ဝိညာဉ်အငွေ့အသက်များ ထွက်ပေါ်နေသည်။
ချန်ရွှင်သည် ကြိုးကြာဝိညာဉ်သစ်ပင်၏ ထိပ်ဖျားတွင် မတ်တပ်ရပ်လျက် အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
"ဒီကျွန်းက ပိုင်ရှင်မရှိတဲ့ မြေရိုင်းပဲ။ မြေပုံထဲမှာလည်း မပါဘူး။ အကြမ်းဖျင်း တွက်ကြည့်မယ်ဆိုရင် ဒီနေ့ကစပြီး ငါတို့က ဒီကျွန်းရဲ့ ပိုင်ရှင်တွေ ဖြစ်သွားပြီပေါ့"
"မွန်း... ရှင်"
"အစ်ကိုချန်... ဘာမှမမေးဘဲ ဒီအတိုင်းကြီး သိမ်းပိုက်လိုက်တော့မလို့လား"
"ဒါပေါ့"
ချန်ရွှင်သည် လက်ကို နောက်ပစ်ကာ အေးစက်စွာ နှာမှုတ်လိုက်သည်။
"တကယ်လို့ ဒီနေရာမှာ မိုင်းတွင်း ရှိနေလို့ လာလုမယ့် သေချင်နေတဲ့ကောင် ရှိရင်တော့ အင်မော်တယ်အဆင့် တက်ခြင်း သိုင်းကွက်သုံးကွက် နဲ့ သူတို့ကို အိပ်မက်လှလှလေး မက်သွားအောင် လုပ်ပေးလိုက်ရုံပဲ"
"မွန်း..."
နွားနက်ကြီးက ရယ်မောလိုက်သည်။ အစ်ကိုကြီးက တကယ့်ကို အမိုက်စားပဲ။
"အစ်ကိုချန် အမိုက်ဆုံးပဲဟေ့"
ရှောင်ချိကလည်း ဝမ်းသာအားရ ခုန်ပေါက်ကာ အော်ဟစ်လိုက်သည်။
ပင်လယ်ပြင်၏ ကျယ်ပြောမှုက တစ်ပိုင်းဖြစ်ပြီး လှေကြီး၏ အမြန်နှုန်းကလည်း အလွန်မြန်ဆန်လှရာ သူတို့ကိုယ်တိုင်ပင် ယခု မည်သည့်နေရာသို့ ရောက်နေမှန်း မသိကြတော့ပေ။
လှေကြီး ကမ်းစပ်သို့ တိတ်ဆိတ်စွာ ဆိုက်ကပ်သွားသည်နှင့် တပြိုင်နက် သုံးယောက်သား ကျွန်းပေါ်သို့ တန်း၍ ခုန်ချလိုက်ကြသည်။
ကျွန်းအတွင်း၌ သစ်ပင်ကြီးများ ထူထပ်စွာ ပေါက်ရောက်နေပြီး တစ်ခါမျှ မမြင်ဖူးသော ထူးဆန်းသည့် ဝိညာဉ်သားရဲများကိုလည်း တွေ့မြင်နေရသည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် နတ်အသိကို အစွမ်းကုန် ဖွင့်ကာ မြေကြီးကို သုံးပေခန့်အထိ တူးဆွမတတ် ရှာဖွေထောက်လှမ်းလိုက်ကြသည်။ ကျွန်းက ကြီးမားလှသဖြင့် မူလဝိညာဉ်အဆင့် နတ်အသိဖြင့်ပင် အကုန်အစင် မလွှမ်းခြုံနိုင်ခဲ့သော်လည်း အနည်းဆုံးတော့ မူလဝိညာဉ်အဆင့် ဝိညာဉ်သားရဲ၏ အငွေ့အသက်ကို မခံစားရပေ။
ဂါး...
ဂါး...
ရုတ်တရက် တောနက်ကြီးထဲမှ ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
သစ်ပင်ကြီးများ အမြောက်အမြား ပြိုလဲကျသွားပြီးနောက် ထိုအထဲမှ ရွှေအမြုတေအလယ်အလတ်အဆင့် ရှိသော မျောက်ဖြူကြီးတစ်ကောင်သည် ကောင်းကင်သို့ ခုန်တက်လာကာ သူတို့ဆီသို့ ဟိန်းဟောက်လိုက်သည်။
ရင်ဘတ်တွင် အမွေးဖြူများ ပေါက်နေသော ထိုမျောက်ဖြူကြီးသည် သွေးကြောများ ယှက်သန်းနေသည့် မျက်လုံးရဲရဲကြီးများဖြင့် ကျူးကျော်သူ သုံးဦးကို စူးစိုက်ကြည့်နေပြီး ကြောက်ရွံ့သည့် အရိပ်အယောင် မရှိဘဲ ပိတ်ရပ်နေသည်။
"ဟေ့... ဟေ့... အရမ်း အဓိပ္ပါယ် မရှိလွန်းဘူးလား"
ချန်ရွှင်သည် မျက်မှောင်ကြုတ်ကာ နောက်သို့ ခြေတစ်ဝက်ခန့် ဆုတ်လိုက်သည်။
"ကျွန်းပေါ် ရောက်ခါစပဲ ရှိသေးတယ်... ချက်ချင်းကြီး သတ်ပွဲ ဝင်တော့မလို့လား"
"မွန်း..."
နွားနက်ကြီး မတ်တပ်ထရပ်လိုက်ပြီး အဝေးရှိ ဝိညာဉ်သားရဲကြီးကို အလွန် တည်ငြိမ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ရှောင်ချိ၏ မျက်ဝန်းများ မှေးကျဉ်းသွားပြီး မသိစိတ်၏ စေ့ဆော်မှုဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ နွားနက်ကြီး၏ ကျောနောက်သို့ ဝင်ပုန်းလိုက်သည်။ ထို့နောက် ခြေသည်းလေးဖက်တွင် မီးတောက်မီးလျှံများ တောက်ပလာစေကာ ထိုမျောက်ဖြူကြီးအား... အလစ်တိုက်ခိုက်ရန် အသင့်ပြင်လိုက်တော့သည်။
ဝုန်း...
မျောက်ဖြူကြီးသည် အဝေးမှနေ၍ ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဝိညာဉ်စွမ်းအင်များကို လက်သီးတွင် စုစည်းကာ အလွန် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှု တစ်ချက်ကို ပစ်လွှတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်မှ ဖုန်လုံးကြီးများ လွင့်ပျံသွားသည်။ ထိုဖိအားသည် အံ့မခန်းဖြစ်ပြီး စတင်တိုက်ခိုက်ကတည်းက အသေသတ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ဘုန်း...
နွားနက်ကြီး၏ မျက်လုံးထဲတွင် စူးရှသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။ သူသည် ချန်ရွှင်၏ ရှေ့သို့ တက်သွားပြီးနောက် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ မျောက်ဖြူကြီး၏ လက်သီးနှင့် ဝင်ရောက် တိုက်မိလေသည်။
လေထဲတွင် နားကွဲမတတ် ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည်။
မျောက်ဖြူကြီး၏ မျက်ဝန်းများ အလွန်အမင်း မှေးကျဉ်းသွားသည်။
ဟင်းလင်းပြင်တွင် ပေါ်ထွက်လာသော နွားလက်ဝါးရာကြီးသည် တိုက်ခိုက်မိပြီးနောက်တွင်ပင် စွမ်းအား လျော့ကျသွားခြင်း မရှိဘဲ မျောက်ဖြူကြီးထံသို့ ဆက်လက် ဝင်ရောက်လာခြင်း ဖြစ်သည်။
ဖြန်း... ဖြန်း...
မျောက်ဖြူကြီးသည် ကာကွယ်ရန် ကြိုးစားသော်လည်း အချိန်မမီတော့ဘဲ နံရိုးများ ကျိုးကြေသွားကာ သွေးများအန်ပြီး နောက်သို့ လွင့်စင်သွားသည်။
၎င်း၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်နေသည်။ အလွန် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကောင်များနှင့် ရင်ဆိုင်လိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သွားသဖြင့် အရှိန်ကို အသုံးချကာ အမြီးတန်းနေအောင် ထွက်ပြေးရန် ကြိုးစားတော့သည်။
ဂါး...
ရုတ်တရက် မျောက်ဖြူကြီး၏ အနောက်ဘက်တွင် ရဲရဲတောက်နေသော အလင်းတန်းကြီး တစ်ခု ထွက်ပေါ်လာသည်။
ပေရှစ်ဆယ်ခန့် ရှည်လျားပြီး ခန့်ညားထည်ဝါကာ ကြောက်မက်ဖွယ်ကောင်းလှသော ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ အရိပ်မည်းကြီးတစ်ခု အဖြစ် ကျရောက်လာပြီး မျောက်ဖြူကြီးကို လွှမ်းခြုံထားလိုက်သည်။
မျောက်ဖြူကြီး၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ချွေးစေးများ ပြန်လာသည်။
စောစောက ခွေးနီလေး တစ်ကောင် ဖြစ်နေတဲ့ကောင်က ဘာလို့ ခြင်္သေ့ကြီး အဖြစ် ပြောင်းလဲသွားရတာလဲ။ ဒါ့အပြင် မူလဝိညာဉ်အဆင့် ဝိညာဉ်သားရဲတဲ့လား။
"ဟေ့ကောင်... အစ်ကိုချန် ကိုများ လက်ဆော့ချင်ရတယ်လို့... မင်းက သတ္တိကောင်းလှချည်လား"
ရှောင်ချိ၏ ကောက်ကျစ်သော အကြည့်များသည် ရေခဲကဲ့သို့ အေးစက်စူးရှသွားသည်။ ခန္ဓာကိုယ်မှ ရိုင်းစိုင်းကြမ်းတမ်းသော ဝိညာဉ်စွမ်းအားများကို ပေါက်ကွဲထွက်လာစေပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ခြေသည်းဖြင့် ကုပ်ဆွဲလိုက်သည်။ လေထဲတွင် ကြောက်မက်ဖွယ်ရာ မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာသည်။
မူလဝိညာဉ်အဆင့်၏ စွမ်းအားကို ရွှေအမြုတေအဆင့်လောက်က ခုခံနိုင်စွမ်း မရှိပေ။
အား...
မျောက်ဖြူကြီးသည် နာကျင်စွာဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ ခန္ဓာကိုယ် တစ်ခုလုံး သွေးများဖြင့် ရွှဲနစ်သွားပြီး အရိုးထိအောင် နက်ရှိုင်းသော ခြေသည်းရာများ ထင်ကျန်ရစ်ကာ ပြင်းထန်သော မီးတောက်များ၏ လောင်ကျွမ်းခြင်းကို ခံနေရသည်။ ခန္ဓာကိုယ်ထဲရှိ ရွှေအမြုတေသည်ပင်လျှင် ခြောက်သွေ့သွားလုမတတ် လောင်ကျွမ်းသွားခဲ့သည်။
ရှောင်ချိသည် မီးတောက် နတ်အသိကို အရပ်လေးမျက်နှာသို့ ဖြန့်ကျက်လိုက်ပြီး အခြား ပုန်းအောင်းနေသော အန္တရာယ်ရှိသူများ ရှိမရှိ ထောက်လှမ်းလိုက်သည်။ ဤသည်မှာ ရှောင်ချိ၏ အကျင့်တစ်ခု ဖြစ်သည်။ သူ၏ ခြေရာလက်ရာကို ဘယ်တော့မှ အချန်မထားပေ။
ရှောင်ချိသည် မျောက်ဖြူကြီး၏ အလောင်းကို ကိုက်ချီလျက် လေပေါ်မှ လမ်းလျှောက်ကာ ကမ်းစပ်သို့ ပြန်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း သေးငယ်သွားပြီး မျက်လုံးထဲတွင် ကိန်းအောင်းနေသော သတ်ဖြတ်လိုစိတ်များလည်း ပျောက်ကွယ်သွားလေသည်။
"အစ်ကိုချန်... အစ်ကိုနွား..."
"ရှောင်ချိ... ဒီကိုလာခဲ့၊ ငါလုပ်ထားတဲ့ ကုလားထိုင်ကို လာကြည့်စမ်းပါဦး"
"မွန်း မွန်း"
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ကုလားထိုင်ရှည်ပေါ်တွင် လှဲလျောင်းလျက် ပင်လယ်လေကို ရှူရှိုက်ကာ နေစာလှုံနေကြပြီ ဖြစ်သည်။ စောစောက ဖြစ်ပွားခဲ့သော အသေးအဖွဲ ပြဿနာလေးကို ဂရုမစိုက်သည့် ပုံပင်။
ရှောင်ချိ၏ အကြည့်သည် ထိုနေရာသို့ ချက်ချင်း ရောက်ရှိသွားသည်။
"အစ်ကိုချန်... ဒီမျောက်ကြီးကို ဘယ်လိုလုပ်မလဲ"
"ဒီနားတင် ပစ်ထားလိုက်။ ညစာ ဟင်းလုပ်စားမယ်"
ချန်ရွှင်က လှည့်ကြည့်ကာ ရယ်မောလိုက်သည်။
"ရှောင်ချိ... ပင်ပန်းသွားပြီ၊ မြန်မြန် လာနားတော့"
"မွန်း မွန်း..."
နွားနက်ကြီးကလည်း ခွာကို ဝှေ့ယမ်းကာ ရှောင်ချိကို လှမ်းခေါ်လိုက်သည်။ အစ်ကိုချန်မှာ သူကိုယ်ပိုင် အကြံအစည် ရှိပြီးသားပင်။
ရှောင်ချိသည် ဟီးဟီးဟီး ဟု ရယ်မောလိုက်ပြီး အလောင်းကို သဲသောင်ပြင်ပေါ်သို့ ပစ်ချလိုက်ကာ အစ်ကိုကြီး နှစ်ယောက်နှင့်အတူ နေစာလှုံနေလေတော့သည်။
ချန်ရွှင်သည် ခေါင်းအနောက်ဘက်တွင် လက်ကို ယှက်ထားပြီး နှုတ်ခမ်းထောင့်စွန်းများတွင် အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။
ရှောင်ချိနှင့် နွားနက်ကြီးတို့သည် ထပ်မံ၍ တတွတ်တွတ် စကားပြောနေကြပြန်သည်။ မည်မျှပင် ပြောစေကာမူ စကားရာဇဝင် မကုန်ဆုံးနိုင်သည့်ပုံပင်။ ချန်ရွှင်သည် သူတို့၏ စကားဝိုင်းထဲသို့ ဝင်မပါပေ။
သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။
ထို မျောက်ဖြူကြီး ပေါ်လာပုံက အရမ်းကို ရုတ်တရက် ဆန်လွန်းသည်။ မူလကတည်းက ဤနေရာတွင် ရှိနေသည်ဟု ဆိုခြင်းထက် မိမိတို့ ပို့ဆောင်ရေး အစီအရင်မှ ထွက်လာသကဲ့သို့ တစ်နေရာရာမှ ရုတ်တရက် ထွက်ပေါ်လာသည့် သဘာဝမကျသော အခြေအနေမျိုး ဖြစ်နေသည်။
ချန်ရွှင်သည် ကောင်းကင်ရှိ တိမ်ဖြူများကို မော့ကြည့်လိုက်သည်။ မျောက်ဖြူကြီး၏ အလောင်းကို အနောက်ဘက်တွင် ပစ်ထားခဲ့ရခြင်းမှာ သူခိုးကြောင်သူခိုးဝှက် ကောင်များကို သတိပေးသည့် အနေဖြင့် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
နံနက်ခင်း နေရောင်ခြည် အောက်တွင် ပင်လယ်ရေပြင်သည် လှိုင်းသံများ ထွက်ပေါ်နေသည်။
သူတို့သည် မီးပုံတစ်ခု ဖိုလိုက်ကြပြီး ညရောက်သည့်တိုင်အောင် ကမ်းစပ်တွင် ထိုင်လျက် ငွေရောင် လရောင်အောက်တွင် ဒီရေ အတက်အကျ အသံများကို နားထောင်နေကြသည်။ လှေကြီးသည်လည်း ဘေးနားတွင် ဆိုက်ကပ်ထားလျက် ရှိသည်။
သို့သော် ထိုအေးချမ်းသော အချိန်ကာလသည် ကြာရှည်မခံပေ။
ရုတ်တရက် ပင်လယ်ရေပြင်၏ အခြေအနေသည် တစ်မုဟုတ်ချင်း ပြောင်းလဲသွားပြီး မုန်တိုင်းများ တိုက်ခတ်လာတော့သည်။ အနောက်ဘက်ပင်လယ်၏ ရာသီဥတုသည် ပုံမှန်မဟုတ်လောက်အောင် ပြောင်းလဲလွယ်လှသည်။ ဤလဝက်အတွင်း သူတို့ ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရပြီး ဖြစ်သည်။
ဝေါ... ဒိုင်း...
ပင်လယ်ပြင်သည် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ကောင်းကင်နှင့် မြေကြီးကိုပင် လှုပ်ခါသွားစေနိုင်သော စွမ်းအင်လှိုင်းများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ကောင်းကင်ကြီးသည် မည်းမှောင်သွားပြီး မျက်စိတစ်မှိတ်အတွင်း မိုးခြိမ်းသံများ ပဲ့တင်ထပ်ကာ လျှပ်စီးများ လက်လာတော့သည်။ ပုံမှန်အားဖြင့်ဆိုလျှင် အလွန် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမျိုး ဖြစ်သည်။
"ဟားဟားဟား... ဒါက တကယ် အမိုက်စားပဲကွ"
"မွန်း..."
"အစ်ကိုချန်... အစ်ကိုနွား... ပင်လယ်ကြီးက ခမ်းနားထည်ဝါတာပဲ။ ဒီလို မြင်ကွင်းမျိုးကို ကောင်းကင် လွင်ပြင်ကြီးမှာဆို မြင်ရမှာ မဟုတ်ဘူး"
သူတို့ သုံးဦးသည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ ကျန်းမာရေး လက်ဖက်ရည်ကို သောက်သုံးရင်း ဤ ဒေါသတကြီး တိုက်ခတ်နေသော မုန်တိုင်းကို အေးအေးဆေးဆေး ထိုင်ကြည့်နေကြခြင်း ဖြစ်သည်။ မည်သူ့ထက်မဆို ပို၍ သက်သောင့်သက်သာ ရှိနေကြသည်။
ကောင်းကင်တွင် လျှပ်စီးများ တလက်လက် တောက်ပနေပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည်။
ထိုအချိန်တွင်... ရုတ်ရုတ်သဲသဲ ဖြစ်နေသော ပင်လယ်ပြင်၏ အဝေးတစ်နေရာမှ မီးတစ္ဆေများကဲ့သို့ မီးအိမ် အလင်းရောင် ငါးခု လင်းလက်လာသည်။
လှေငယ် ငါးစင်းသည် ကမ်းစပ်ရှိ လှေကြီးဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာကြသည်။
လှေပေါ်တွင် အနက်ရောင် ဝတ်ရုံကို ခေါင်းမြီးခြုံထားသော သူများ မတ်တပ်ရပ်နေကြသည်။ အားလုံးက ခေါင်းငုံ့ထားကြသဖြင့် မျက်နှာကို မမြင်ရပေ။
"တာအိုမိတ်ဆွေ သုံးဦး... အဲဒီ လှေကြီးကို ငါတို့ကို ငှားလို့ ရမလား"
ရုတ်ရုတ်သဲသဲ ဖြစ်နေသော လှိုင်းသံများကို ဖုံးလွှမ်းသွားနိုင်လောက်အောင် အေးစက်ပြီး အိုမင်းရင့်ရော်နေသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသူ တစ်ဦးသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လာသည်။ သစ်ကိုင်းခြောက်ကဲ့သို့ မျက်နှာထားရှိသော အဘွားအိုတစ်ဦးသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခုကို ပြုံးထားသည်။
နွားနက်ကြီးသည် မျက်ဝန်းများကို မှေးကျဉ်းလိုက်ပြီး မတ်တပ်ရပ်နေပြီ ဖြစ်သည်။ ဤအရှိန်အဝါသည် သာမန် ရွှေအမြုတေအဆင့်မျှသာ မဟုတ်ပေ။
ရှောင်ချိသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပြီး နေ့ခင်းက ပြသခဲ့သော ရဲရင့်မှုများ ဘယ်ရောက်သွားမှန်း မသိတော့ဘဲ အဝေးရှိ မီးတစ္ဆေငါးခုကို ကြည့်ကာ ကြက်သီးများ တဖြန်းဖြန်းထသွားလောက်အောင် ကြောက်ရွံ့မှုကို ခံစားနေရသည်။ ပင်လယ်ကြီးက အန္တရာယ်များလွန်းလှသည် မဟုတ်ပါလား။
"ဟင်"
ချန်ရွှင်သည် ခေါင်းအနောက်ဘက်တွင် လက်ကို ယှက်ထားလျက် မျက်ခွံကို အနည်းငယ် ပင့်လိုက်သည်။
"မင်းတို့က... ပြဿနာ လာရှာတာလား"