← Chapters

အခန်း ၂၃၅

Vol. 13 Ch. 235

အခန်း ၂၃၅

Vol. 13 Ch. 235

အခန်း (၂၃၅)

"မဖြစ်နိုင်ဘူး..."

"ဒါ ဘာ မူလဝိညာဉ်ကြီးလဲ"

သူတို့နှစ်ဦးသည် ကြောက်လန့်တကြား မျက်နှာများ တွန့်လိမ်သွားကြသည်။ ဤလောကတွင် ဖြစ်နိုင်ခြေ မရှိသော မြင်ကွင်းကို မြင်လိုက်ရသကဲ့သို့သော မျက်နှာမျိုး ဖြစ်သည်။ ဤမျှ ကြီးမားသော မူလဝိညာဉ်မျိုး ရှိစရာ အကြောင်းမရှိပေ။

ရှောင်ချိလည်း ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး မျက်လုံးများကို အကျယ်ကြီး ဖွင့်ထားကာ စကားမပြောနိုင် ဖြစ်သွားသည်။ ဟို မိစ္ဆာသန္ဓေသားကတင် လုံလောက်အောင် ယုတ္တိမတန်နေပြီ ဖြစ်ရာ အစ်ကိုချန်၏ မူလဝိညာဉ်က ပိုပြီးတော့တောင် ယုတ္တိမတန်နေသည်။

ဒါက... အစ်ကိုချန် ရဲ့ အစစ်အမှန် စွမ်းအားပဲ။ တစ်ယောက်တည်းနဲ့ နှစ်ယောက်ကို ရင်ဆိုင်နေရတာတောင် တစ်ဖက်သတ် အနိုင်ယူနေတာပဲ။

ရှောင်ချိသည် ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ ပင့်သက်ရှိုက်လိုက်မိသည်။ သေချာပေါက် အသတ်ခံရတော့မယ်လို့ ထင်နေတာ။

"မူလဝိညာဉ် အလယ်အလတ်အဆင့် လောက်လေးနဲ့... ငါ့ရှေ့မှာ လာပြီး သရဲတစ္ဆေ လုပ်ပြနေတာလား"

အေးစက်သော အသံတစ်သံသည် အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသူ နှစ်ဦး၏ ကျောနောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

သူတို့နှစ်ဦးသည် နတ်အသိများ ပြင်းထန်စွာ တုန်လှုပ်သွားပြီး စိတ်နှလုံးများ ပြိုကွဲလုမတတ် ခံစားရကာ လည်ပင်းများကို တဆတ်ဆတ် တုန်ရီလျက် နောက်သို့ လှည့်ကြည့်လိုက်ကြသည်။

"ငါတို့က သာမန် တံငါသည်တွေပါဆိုတာကို၊ မင်းတို့ ဘယ်သူ့ကိုမှလည်း လက်မဆော့ခဲ့ဘူး မဟုတ်လား"

ချန်ရွှင်သည် သူတို့နှစ်ဦး၏ အနောက်တွင် ရပ်လျက် လက်နှစ်ဖက်ဖြင့် သူတို့၏ ဦးခေါင်းခွံများကို ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အစကနေ ပြန်စပြီး လာခဲ့... ကျင့်ကြံခြင်း ဆိုတာ ဘာလဲဆိုတာကို ဟိုဘက်ဘဝ ရောက်မှ ပြန်လေ့လာချေ"

စကားဆုံးသည်နှင့် တပြိုင်နက် ချန်ရွှင်သည် လေပေါ်မှနေ၍ သူတို့နှစ်ဦးကို အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

ဝှစ်... ဘုန်း...

အရိပ်သုံးခုသည် ကြယ်တံခွန်များကဲ့သို့ ကျဆင်းလာပြီး မြေကြီးပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော မြေကွဲသံကြီးများနှင့်အတူ ဦးခေါင်းခွံများ ကြေမွသွားသည့် တုံးတိတိ အသံကြီးများ ပဲ့တင်ထပ်သွားလေသည်။

ကွဲအက်သွားသော မြေပြင်၏ ဂယက်သည် အဝေးရှိ ပင်လယ်ရေပြင်အထိ ရောက်ရှိသွားပြီး ပင်လယ်ပြင်တွင် အက်ကွဲကြောင်းကြီး နှစ်ခု ဖြစ်ပေါ်သွားစေသည်အထိ ဖြစ်သည်။

မြေပြင်ပေါ်တွင် မျက်စိတစ်မှိတ်အတွင်း တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားပြီး အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသူ နှစ်ဦးသည် မျက်လုံးအိမ်များ ပေါက်ထွက်သွားကာ ညစ်ညမ်းသော သွေးများကို ဟင်းလင်းပြင်တွင် ဖြန့်ကျဲသွားစေသည်။ ဝိညာဉ်စွမ်းအားနှင့် မူလဝိညာဉ်သည်လည်း ဖိနှိပ်ခံလိုက်ရပြီး လက်ချောင်းလေး တစ်ချောင်းပင် မလှုပ်ရှားနိုင်တော့ဘဲ မျှော်လင့်ချက်မဲ့စွာ နာကျင်မှုကို ခံစားနေကြရသည်။

ရှောင်ချိသည် လေရူးများကြောင့် အမွေးများ လွင့်စင်လုမတတ် ဖြစ်နေရင်း ထိုမြင်ကွင်းကို ကြောင်တောင်တောင် ငေးကြည့်နေမိသည်။

"မွန်း..."

နွားနက်ကြီးသည် ရူးသွပ်သွားသည့်အလား အော်ဟစ်လိုက်သည်။ အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသူ အားလုံးကို အစီအရင်ထဲသို့ ဆွဲသွင်းလိုက်သည်။

"အား..."

"သခင်မ..."

...

ပင်လယ်ပြင်တွင် သနားစရာကောင်းသော အော်ဟစ်သံများ ပဲ့တင်ထပ်သွားသည်။ ဓာတ်ငါးပါး သံကြိုးများဖြင့် ချည်နှောင်ခံထားရပြီး မဟာအစီအရင်သည် သူတို့၏ နတ်အသိများကို လောင်ကျွမ်းစေလေသည်။ သူတို့ ဂုဏ်ယူဝင့်ကြွားလှသော ဝိညာဉ်ကြေမွခြင်း လက်နက် များသည်လည်း အရာမရောက်တော့ပေ။

"နွားကြီး... ရှောင်ချိ... အင်မော်တယ်အဆင့် တက်ခြင်း မဟာအစီအရင် ကို ခင်းကျင်းကြ"

"မွန်း"

"လုပ်မယ်... အစ်ကိုချန်..."

သူတို့ သုံးဦးသည် ကောင်းကင်သို့ ပျံတက်သွားကြပြီး အထက် ကောင်းကင်၏ သုံးဖက်သုံးတန်တွင် တင်ပျဉ်ခွေထိုင်လိုက်ကြသည်။

အမွှေးတိုင်ဖို တစ်ရာ့ရှစ်ခုသည် ပတ်ဝန်းကျင်တွင် ခင်းကျင်းထားပြီး အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသူ အားလုံးသည် အသံမထွက်ဘဲ ပုံရိပ်ယောင် အင်မော်တယ်အဆင့် တက်ခြင်း မဟာအစီအရင်ထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ သူတို့သည် ထိုအရာကို သတိပြုမိခြင်းပင် မရှိလိုက်ပေ။

"တာအိုမိတ်ဆွေ... ကျွန်မတို့ မျက်စိရှင်လျက်နဲ့ တိုင်းစန်းတောင်ကို မမြင်ခဲ့ပါဘူး။ ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

အဘွားအိုသည် ခန္ဓာကိုယ်တစ်ခုလုံး သွေးသံရဲရဲ ဖြစ်နေရင်း အားနည်းသော အသံဖြင့် အော်ဟစ်လိုက်သည်။

"ကျွန်မတို့က လော့ဟွမ်ကျောင်းတော် က လူတွေပါ။ ကျွန်မတို့ကို သတ်လိုက်ရင်လည်း တာအိုမိတ်ဆွေ အတွက် ဘာအကျိုးအမြတ်မှ ရှိမှာ မဟုတ်ပါဘူး"

သူမ၏ မျက်နှာသည် မျှော်လင့်ချက်မဲ့ခြင်းများ လွှမ်းခြုံနေသည်။ ကျင့်ကြံခြင်းလောကတွင် အနှစ်တစ်ထောင်တိုင်တိုင် အသက်ရှင်လာခဲ့ပြီးမှ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်မျိုးနှင့် ဆုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ထားပေ။ ဤ လက်ချာခြေချာ ဘာမှ လုပ်၍ မရနိုင်သော ခံစားချက်ကြီးသည် ကျောင်းတော်သခင် နှင့် ရင်ဆိုင်နေရသကဲ့သို့ပင် ရှိသည်။

"မင်းတို့ကို ခွင့်လွှတ်တာက တာလီ က ဗုဒ္ဓမြတ်စွာတွေရဲ့ အလုပ်ပဲ။ ငါတို့ရဲ့ အလုပ်က မင်းတို့ကို ဗုဒ္ဓမြတ်စွာတွေဆီ ပို့ပေးဖို့ပဲ"

ချန်ရွှင်သည် အေးစက်စွာ ရယ်မောလိုက်ပြီး ရင်ဘတ်ရှေ့တွင် လက်ချောင်းနှစ်ချောင်းကို ထောင်လိုက်သည်။

"ညီအစ်ကိုတို့... လုပ်ကြစို့။ သူတို့ကို အကောင်းဆုံး အိပ်မက်တွေ မက်သွားအောင် လုပ်ပေးလိုက်။ အားနည်းတဲ့ သွေးသားတွေကို စွန့်လွှတ်ပြီး အင်မော်တယ် ဖြစ်သွားကြစမ်း..."

နွားနက်ကြီးနှင့် ရှောင်ချိတို့သည် တစ်ပြိုင်နက် ခေါင်းညိတ်လိုက်ကြပြီး အမွှေးတိုင်ဖိုများထဲသို့ ဝိညာဉ်စွမ်းအားများ ထည့်သွင်းကာ သုတ်တရားများကို စတင် ရွတ်ဖတ်ကြလေသည်။

"အား..."

အစီအရင်ထဲတွင် ဖမ်းဆီးခံထားရသော အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသူ ဆယ်ဂဏန်းခန့်၏ ခေါင်းထက်မှ အနက်ရောင် မီးခိုးများ ပန်းထွက်လာသည်။ သူတို့၏ မျက်လုံးများထဲတွင် ပြင်းထန်သော နောင်တရမှုများနှင့် ကြောက်ရွံ့မှုများ လည်ပတ်နေသည်။ ဘာလို့... ဘာလို့ သည်လိုလူမျိုးတွေကို လက်ဆော့မိခဲ့တာလဲ။

သူတို့၏ ခန္ဓာကိုယ်တွင် ကျန်ရှိနေသေးသော အနည်းငယ်မျှသော သွေးသားများသည်ပင် တဖြည်းဖြည်း အငွေ့ပျံလာပြီး ခေါ်ယူထားသော မိစ္ဆာသန္ဓေသား များသည်လည်း တစ်စုံတစ်ခုဖြင့် ဖောက်ထွင်းခံလိုက်ရသကဲ့သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။

သုံးဦး၏ သုတ်တရား ရွတ်ဖတ်သည့် အရှိန် မြန်ဆန်လာသည်နှင့်အမျှ အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသူများ၏ အော်ဟစ်သံများလည်း ပိုမို ကျယ်လောင်လာသည်။ သူတို့သည် လွယ်လွယ်နှင့် မသေနိုင်ကြသေးပေ။

သုတ်တရား ရွတ်ဖတ်ရင်း သူတို့ သုံးဦးသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဝိညာဉ်စွမ်းအား များကို တစ်နေရာတည်းသို့ စုစည်းကာ အော်ဟစ်လိုက်ကြသည်။

"တာအိုမိတ်ဆွေ... အင်မော်တယ် လမ်းစဉ်ဆီကို ကြွလှမ်းသွားလိုက်ပါတော့..."

ဘုန်း...

ဘုန်း...

အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသူ အားလုံးသည် ကျယ်လောင်သော အသံကြီးများနှင့်အတူ ပေါက်ကွဲသွားကြသည်။

သွေးမှုန်လေးများပင် လွင့်ပျံခြင်း မရှိပေ။ ဘာတစ်ခုမျှ မကျန်ရစ်ပေ။ အားလုံး ပျက်သုဉ်းသွားပြီး နတ်အသိများပင်လျှင် ချေမှုန်းခံရကာ ပြာကျသွားလေသည်။ သံသရာလည်ခြင်း အခွင့်အရေးကိုပင် မရရှိလိုက်ဘဲ အကြွင်းမဲ့ ပျက်သုဉ်းသွားခြင်း ဖြစ်သည်။

ရှောင်ချိသည် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး လေထဲတွင် ဝဲပျံနေသော သိုလှောင်လက်စွပ် များကို လိုက်လံ သိမ်းဆည်းလိုက်သည်။ ဤကဲ့သို့သော ရတနာများကို အလဟဿ အဖြစ်ခံ၍ မဖြစ်ပေ။ ရှောင်ချိ ကိုယ်တိုင်လည်း ဈေးပေါသော သိုလှောင်အိတ် များကိုသာ ကိုင်ဆောင်ထားရသေးသည်။

နွားနက်ကြီးက နွားလက်ဝါးကို ဝှေ့ယမ်းလိုက်ရာ ပင်လယ်ပြင်တွင် ပြင်းထန်သော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည်။

လှေငယ် ငါးစင်းသည် စိစိညက်ညက် ကြေမွသွားသည်။ လာတုန်းကတော့ အားမာန်အပြည့်နဲ့... အခုတော့ ပြန်လို့ မရတော့ဘူးပေါ့။

သုံးယောက်သား ကမ်းစပ်သို့ ပြန်လည် ရောက်ရှိလာကြပြီး ပင်လယ်ပြင်တွင် တိုက်ခတ်နေသော မုန်တိုင်းကို ဆက်လက် ကြည့်ရှုနေကြသည်။ ဘာမှမဖြစ်ခဲ့သကဲ့သို့ မည်သူ့ထက်မဆို ပို၍ သက်သောင့်သက်သာ ရှိနေကြသည်။

ရှောင်ချိ၏ အစ်ကိုကြီး နှစ်ယောက်အပေါ် ကြည်ညိုလေးစားမှုသည် ဖုံးကွယ်၍ မရနိုင်လောက်အောင် လျှံကျနေပြီ ဖြစ်သည်။ အားကိုးရလွန်းသည်။ လုံခြုံမှုက အမြင့်ဆုံး ရောက်နေပြီ။

"နွားကြီး... ဒဏ်ရာ ရသေးလား"

ချန်ရွှင်သည် နွားနက်ကြီးကို အထက်အောက် စစ်ဆေးကြည့်လိုက်သည်။

"ငါ့ရဲ့ ညီအစ်ကို ပီသပါပေတယ်။ တစ်ယောက်တည်းနဲ့ သုံးယောက်ကို အပြတ်အသတ် အနိုင်ယူနိုင်တာပဲ"

"မွန်း..."

နွားနက်ကြီးသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ချန်ရွှင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဒါပေါ့။

"အစ်ကိုချန်... အစ်ကိုနွား... ဒီ သိုလှောင်လက်စွပ် တွေကို ဘယ်လိုလုပ်မလဲ"

ရှောင်ချိသည် ကုလားထိုင်ပေါ်တွင် မတ်တပ်ရပ်လျက် သိုလှောင်လက်စွပ် ဆယ်ဂဏန်းခန့်ကို ပြသလိုက်သည်။ သို့သော် အားလုံးမှာ ပြင်းထန်သော အစီအရင် တားမြစ်ချက်များ ချမှတ်ထားသဖြင့် လွယ်လွယ်နှင့် ဖွင့်၍ မရနိုင်ပေ။

"မွန်း"

နွားနက်ကြီးက လက်ဝါးကို ဝှေ့ယမ်းလိုက်သည်။ ငါ့တာဝန် ထားလိုက်။

ဓာတ်ငါးပါး အစီအရင် ချိုးဖျက်ခြင်း နည်းစနစ် ကို အသုံးမပြုရသည်မှာ ကြာပြီဖြစ်သော်လည်း အစီအရင် ချိုးဖျက်ခြင်းသည် သူ၏ ကျွမ်းကျင်ရာ နယ်ပယ်ပင် ဖြစ်သည်။

ခဏအကြာတွင် သိုလှောင်လက်စွပ် ၏ တားမြစ်ချက်များသည် အနာအဆာကင်းစွာ ပွင့်ထွက်သွားပြီး အနက်ရောင် မီးခိုးအချို့ လွင့်တက်လာသည်။ တစ်ချက်ကြည့်ရုံဖြင့် အန္တရာယ်များသော ပစ္စည်းများဖြစ်ကြောင်း သိသာလှသည်။

"မွန်း..."

နွားနက်ကြီး မျက်လုံးပြူးသွားသည်။ ဤ သိုလှောင်လက်စွပ် ၏ တားမြစ်ချက်သည် ထောင်ချောက် ဆင်ထားခြင်း ဖြစ်နေသည်။ အကယ်၍ အတင်းအဓမ္မ ဖွင့်ရန် ကြိုးစားခဲ့ပါက ဒဏ်ရာရနိုင်သလို လက်စွပ် ကိုယ်တိုင်လည်း ပေါက်ကွဲသွားမည် ဖြစ်သည်။

"ဟင်"

ချန်ရွှင်၏ နတ်အသိ သည် လက်စွပ် အတွင်းသို့ ဝင်ရောက် ရှာဖွေနေပြီ ဖြစ်သည်။ ရှောင်ချိသည် ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအား အကာအကွယ် တစ်ခု ဖွင့်ကာ မိုးနှင့်လေကို ကာကွယ်ပေးထားသည်။

အထဲတွင် ရေကြောင်းပြမြေပုံ အများအပြား ပါရှိသည်။ အပြင်ဘက်တွင် ဝယ်ယူ၍ မရနိုင်သော ပစ္စည်းများဖြစ်ပြီး အင်အားစု အသီးသီး၏ ကျွန်းများ တည်ရှိရာ နေရာများကိုပင် အသေးစိတ် ရေးဆွဲထားသည်။

ရှောင်ချိသည် ကျင့်စဉ် လျှို့ဝှက်စာအုပ် အချို့ကို ထုတ်ယူလိုက်ရာ မျက်လုံးထောင့်များ တဆတ်ဆတ် လှုပ်သွားသည်။ လူသားများကို ယဇ်ပူဇော်ပြီး ကျင့်ကြံရသော ဂါထာမန္တန် များချည်းသာ ဖြစ်သည်။ အခြားသူများ၏ ရွှေအမြုတေနှင့် မူလဝိညာဉ်များကို စုပ်ယူသည့် နည်းလမ်းများ၊ မကျေနပ်ချက်များနှင့် သတ်ဖြတ်ခြင်းအသိများကို ဆေးဖြင့် ထိန်းချုပ်သည့် နည်းလမ်းများ အစရှိသည်တို့ ပါဝင်သည်။

"တကယ့်ကို မိစ္ဆာကျင့်ကြံသူ စစ်စစ်တွေပဲ"

ချန်ရွှင်လည်း ဟိုလှန်သည်လှန် ဖတ်ကြည့်လိုက်သည်။

"ဒါကြောင့်လည်း မိစ္ဆာကောင်တွေလို ပုံစံမျိုး ဖြစ်ကုန်တာပေါ့။ အဲဒီလိုလူမျိုးတွေက ဒီလို ပင်လယ်မျိုးမှာပဲ နေစရာ နေရာ ရှိမှာပါ"

"မွန်း..."

နွားနက်ကြီးသည် နှာမှုတ်သံ ထုတ်လိုက်ပြီး ယုတ်မာသော အစီအရင် စာအုပ်ကို ကိုင်လျက် စိတ်ဝင်တစား ဖတ်ရှုနေသည်။

လက်စွပ်ထဲတွင် အလွန်များပြားသော ဝိညာဉ်ကျောက်တုံးများနှင့် ဝိညာဉ်ဆေးပင်များ ပြည့်နှက်နေသည်။ အဆင့်လတ် ဝိညာဉ်ကျောက်တုံး ချည်းကိုပင် နှစ်သိန်းကျော် ရှိသည်။ ရေဓာတ် ဝိညာဉ်ကျောက်တုံး များ အများဆုံး ဖြစ်သည်။ ကျင့်ကြံသူ မည်မျှကို ဓားပြတိုက် လုယက်ခဲ့သည် မသိပေ။

"အစ်ကိုချန်... ကျွန်တော်တို့ သူဌေးကြီးတွေ ဖြစ်သွားပြီဟေ့..."

ရှောင်ချိသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ တစ်သက်လုံး ဤမျှ များပြားသော ဝိညာဉ်ကျောက်တုံး များကို တစ်ခါမျှ မမြင်ဖူးပေ။

"ဝိညာဉ်ဆေးပင် တွေနဲ့ ဆေးဖော်နည်း တွေလည်း အများကြီးပဲ။ အမိုက်စားပဲ"

"ဒီ မူလဝိညာဉ်အဆင့် မိစ္ဆာကျင့်ကြံသူတွေက ဒီပင်လယ်မှာ အနည်းဆုံး အနှစ်တစ်ထောင်လောက်တော့ သောင်းကျန်းနေခဲ့တာ ဖြစ်ရမယ် ဒါက သူတို့ရဲ့ တစ်သက်စာ ပိုင်ဆိုင်မှုတွေပဲပေါ့"

ချန်ရွှင်သည် တဟီးဟီး ရယ်မောရင်း တိုက်ပွဲဝင် ပစ္စည်းများကို ရေတွက်နေသည်။

"ရှောင်ချိ... အားနည်းတဲ့သူကို ကူညီပြီး အားကြီးတဲ့သူကို နှိမ်နင်းတယ်ဆိုတဲ့ စကားကို မင်း ကြားဖူးလား။ အဲဒါက ငါတို့ ကျင့်ကြံသူ တွေရဲ့ တာဝန်ပဲကွ"

"ဪ... အဲဒီလိုကိုး အစ်ကိုချန်"

ရှောင်ချိသည် စိတ်လှုပ်ရှားလွန်းသဖြင့် ဟိုပြေးသည်ပြေး လုပ်နေသည်။ သူကိုယ်တိုင်လည်း အနှစ်တစ်ထောင် နီးပါး အသက်ရှင်လာခဲ့သော်လည်း ပိုင်ဆိုင်မှုက ပြောင်သလင်းခါနေသည်။

ဝိညာဉ်ကျောက်တုံး များ ရှိသည်ဟု ကြားလိုက်ရသော နွားနက်ကြီးသည်လည်း အစီအရင် စာအုပ်မှ ခေါင်းမော့လာပြီး မျက်လုံးများ ပြူးကျယ်ကာ အံ့သြသွားသည်။ အမြတ်ကြီး ထွက်တာပဲ။ ညတွင်းချင်း သူဌေးကြီး ဖြစ်သွားပြီ။

"ရှောင်ချိ... မြို့ထဲမှာ လုပ်ခဲ့တဲ့ ဟိုမှတ်စုစာအုပ်လေးကို ထုတ်လိုက်။ ရေကြောင်းပြမြေပုံကို ကူးရေးရမယ်"

"ဟုတ်ကဲ့ပါ အစ်ကိုချန်"

"နွားကြီး... သူတို့ရဲ့ ကျင့်စဉ်တွေနဲ့ စာအုပ်တွေကို စစ်ဆေးပေးဦး။ အသုံးမဝင်တာတွေကို မီးရှို့လိုက်။ မူလဝိညာဉ်အဆင့် ကျင့်ကြံသူတွေ ဆိုရင် နတ်အသိ နဲ့ ဝိညာဉ်ကို ခြေရာခံတဲ့ မျက်လှည့်ပညာမျိုး ထည့်ထားနိုင်တယ်"

"မွန်း မွန်း"

နွားနက်ကြီးလည်း အလျင်အမြန် မတ်တပ်ရပ်လိုက်ပြီး ဟိုပြေးသည်ပြေး လုပ်ကာ လက်စွပ်ထဲမှ စာအုပ်များကို ထုတ်ယူပြီး စတင် ရှင်းလင်းလေတော့သည်။

ချန်ရွှင်သည် ဦးခေါင်းခွံ ငါးခု ထွင်းထုထားသော အမှတ်တံဆိပ်ပြား ကို လေ့လာကြည့်ရှုနေသည်။ လော့ဟွမ်ကျောင်းတော်။ တကယ့်ကို မိစ္ဆာကျင့်ကြံသူ တွေရဲ့ အဖွဲ့အစည်းကြီး တစ်ခုရဲ့ နာမည်မျိုးပဲ။ မူလဝိညာဉ် နောက်ဆုံးအဆင့် ခေါင်းဆောင် တစ်ယောက်ယောက် ရှိလောက်သည်။

အထဲတွင် ပါဝင်သော ဝိညာဉ်ဆေးပင်များသည်လည်း အားလုံး မမြင်ဖူးသော အရာများသာ ဖြစ်သည်။ ပင်လယ်ဒေသ အထူးထွက်ကုန်များ ဖြစ်ပြီး သေချာပေါက် ဂရုတစိုက် သိမ်းဆည်းကာ စိုက်ပျိုးရန် ရည်ရွယ်ထားသည်။

သို့သော် လက်စွပ်ထဲတွင် ဝိညာဉ်အသွင်ပြောင်းအဆင့် နှင့် ပတ်သက်သော သတင်းအချက်အလက် တစ်ခုမျှ မပါရှိပေ။ ထိုအဆင့်အတန်းမျိုး ဆိုလျှင် တာလီ တွင်လည်း အကြွင်းမဲ့ အစွမ်းထက်သူများ ဖြစ်ကြရာ သာမန် မူလဝိညာဉ်အဆင့် ကျင့်ကြံသူများ ထိတွေ့နိုင်သော အဆင့်မျိုး မဟုတ်ပေ။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ သူတို့သည် ကမ်းစပ်တွင် သိုလှောင်လက်စွပ် ဆယ်ဂဏန်းခန့်ကို ရှင်းလင်းရန် အလုပ်ရှုပ်နေကြဆဲ ဖြစ်သည်။

ကောင်းကင်သည် မလင်းသေးပေ။ ဖြူဖျော့ဖျော့နှင့် ငြိမ်သက်နေသော ပင်လယ်ပြင်ကို ကြည့်ရသည်မှာ ညဘက်က မုန်တိုင်းသည် ပုံရိပ်ယောင် တစ်ခုသာ ဖြစ်ခဲ့သကဲ့သို့ပင်။

ရုတ်တရက် အဝေးမှ ကောင်းကင်သည် လင်းထိန်လာသည်။

တိမ်များသည် မျက်စိတစ်မှိတ်အတွင်း မီးတောက်များကဲ့သို့ နီရဲသွားပြီး ပင်လယ်ပြင်တွင် ထင်ဟပ်နေသော နေမင်း၏ ပုံရိပ်သည် လှိုင်းများလှုပ်ရှားမှုကြောင့် မှုန်ဝါးနေသည်။

လူသူကင်းမဲ့သော ကျွန်း၏ ကမ်းစပ်။ အရိပ်သုံးခုသည် အလုပ်များနေဆဲဖြစ်ပြီး တိုက်ပွဲဝင် ပစ္စည်းများကို စနစ်တကျ ခွဲခြားနေကြသည်။

ရှောင်ချိသည် ရံဖန်ရံခါ ကျယ်လောင်စွာ ရယ်မောရင်း ပြေးလွှားနေသည်။ ဤပစ္စည်းများသည် သူ၏ ကိုယ်ပိုင် ပစ္စည်းများ မဟုတ်သော်လည်း ရိုးသားစွာပင် ပျော်ရွှင်နေမိသည်။ အစ်ကိုကြီး နှစ်ယောက်အတွက် ဝမ်းသာနေခြင်း ဖြစ်သည်။ စိတ်လှုပ်ရှားစရာ ကောင်းသော ခရီးစဉ်ပင်။

နွားနက်ကြီး၏ အမြီးသည် အရိပ်များ ထပ်နေသည်အထိ တဝှီးဝှီး ခတ်နေပြီး "မွန်းမွန်း" ဟု အလွန် ပျော်ရွှင်စွာ ရယ်မောနေသည်။ မိစ္ဆာကျင့်ကြံသူ များထံမှ မမျှော်လင့်ဘဲ ရရှိလိုက်သော လက်ဆောင်အတွက် အလွန် ကျေးဇူးတင်နေသည်။ ဒီလိုသာဆိုရင် အကြိမ်ဘယ်လောက်လာလာ ကြိုဆိုပါတယ်။

ချန်ရွှင်သည် ကျန်းမာရေး လက်ဖက်ရည်ကို သောက်သုံးရင်း နက်ရှိုင်းသော မျက်ဝန်းများဖြင့် နေထွက်လာသည်ကို ငေးကြည့်နေသည်။

(ရှောင်ချိရဲ့ ကျင့်ကြံမှုအဆင့် ကို မြှင့်ပေးဖို့ အချိန်တန်ပြီ ထင်တယ်)

စိတ်ထဲတွင် တီးတိုး ရေရွတ်လိုက်သည်။ သည်လောက် စိတ်သဘောထားချင်း တိုက်ဆိုင်သော ညီလေးမျိုး တွေ့ရခဲသည်။ ထို့အပြင် ဤခရီးစဉ် တစ်လျှောက်လုံးတွင် ရှောင်ချိသည် တစ်ခါမျှ တစ်စုံတစ်ခုကို တောင်းဆိုခဲ့ခြင်း မရှိပေ။

ထိုအချိန်မှာပင်။

ကျယ်ပြောလှသော အနောက်ဘက်ပင်လယ်၏ တစ်နေရာ။ အစီအရင်ဖြင့် လွှမ်းခြုံထားသော ကြောက်မက်ဖွယ်ကောင်းသည့် ကျွန်းတစ်ကျွန်း ရှိနေသည်။

ကျွန်း၏ ပတ်ဝန်းကျင်တွင် လူသားများ၏ အရိုးစုများနှင့် ပင်လယ်သားရဲများ၏ အရိုးစုများ ပြန့်ကျဲနေပြီး ကြောက်မက်ဖွယ်ကောင်းသော မကျေနပ်ချက် အငွေ့အသက်များသည် ကောင်းကင်သို့ ထိုးတက်နေသည်။

ကျွန်း၏ ဗဟိုချက်ရှိ မှောင်မိုက်သော ရှေးဟောင်း ရဲတိုက်ကြီး အတွင်း၌ ခရမ်းရောင် ဆံပင်နှင့် အမျိုးသားတစ်ဦးသည် ဒေါသကြောင့် မီးဟုန်းဟုန်းတောက်နေသော မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်သည်။

"ဘယ်သူ့ လက်ချက်လဲ..."

ထိုအော်ဟစ်သံသည် မိုးခြိမ်းသံကဲ့သို့ ကျွန်းတစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေသည်။

မူလဝိညာဉ်အဆင့် ကျင့်ကြံသူကြီး ငါးဦး တစ်ပြိုင်နက်တည်း သေဆုံးသွားပြီး သူတို့၏ ဝိညာဉ်မီးအိမ်များ ငြိမ်းသွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အမျိုးသားကို အလွန်အမင်း ဒေါသထွက်စေသည်မှာ သေဆုံးသွားသည့် သဲလွန်စကို ခြေရာခံ၍ မရခြင်းပင် ဖြစ်သည်။ နတ်အသိ အပိုင်းအစလေး တစ်ခုမျှပင် မကျန်ရစ်ခဲ့ဘဲ သူတို့ မည်သည့်နေရာတွင် သေဆုံးသွားသည်ကိုပင် မသိရပေ။ တကယ့်ကို ကျိန်ဆဲချင်စရာ အကောင်းဆုံးပင်။

ခရမ်းရောင် ဆံပင်နှင့် အမျိုးသား၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းတန်း ဖြတ်သန်းသွားပြီး ထုတ်လွှတ်လိုက်သော အရှိန်အဝါသည် တဖြည်းဖြည်း ရိုင်းစိုင်းကြမ်းတမ်းလာသည်။ မူလဝိညာဉ်အဆင့် ကျင့်ကြံသူ ငါးဦးကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရပြီး မည်သို့မျှ မခံစားရသော အဖွဲ့အစည်း ဆိုသည်မှာ မရှိနိုင်ပေ။

သို့သော် ခဏအကြာတွင် သူသည် ဖြည်းညှင်းစွာ တည်ငြိမ်လာသည်။

ဒီကိစ္စကို တိတ်တဆိတ် စုံစမ်းမှ ရမည်။ မည်သည့် အင်အားစုက သူတို့၏ လော့ဟွမ်ကျောင်းတော် ကို ပစ်မှတ်ထားသနည်း ဆိုသည်ကို မသိရသော်လည်း မူလဝိညာဉ်အဆင့် ငါးဦးကို တစ်ပြိုင်နက်တည်း ချေမှုန်းနိုင်ပြီး မည်သည့် ခြေရာလက်ရာမျှ အချန်မထားခဲ့ခြင်းသည်... သူကိုယ်တိုင်ပင် မလုပ်ဆောင်နိုင်သော အရာဖြစ်သောကြောင့်ပင်။

All Chapters