အခန်း ၂၃၆
Vol. 13 Ch. 236
အခန်း (၂၃၆)
"မွန်း "
နွားကြီးက လက်ထဲတွင် ကိုင်ထားသော ကျင့်စဉ်စာအုပ်တစ်အုပ်ကို မြှောက်ပြကာ ချန်ရွှင်ဘက်သို့ လှည့်၍ ကျယ်လောင်စွာ အော်မြည်လိုက်သည်။
"မွန်း မွန်း"
"ဘာဖြစ်လို့လဲ နွားကြီး"
ချန်ရွှင်က ရေကြောင်းပြမြေပုံကို ကြည့်နေရာမှ အသံထွက်လာရာဘက်သို့ လှမ်းကြည့်လိုက်သည်။
နွားကြီး ကိုင်ထားသောအရာမှာ ခန္ဓာကိုယ်အားဖြည့်ခြင်းနှင့် ပတ်သက်သည့် ကိုယ်ခံပညာကျင့်စဉ် လျှို့ဝှက်စာအုပ်ဖြစ်သည်။ ယင်းက မိစ္ဆာကျင့်စဉ်တစ်ခု ဖြစ်သော်လည်း တာလီ ပြည်နယ်တွင် ကိုယ်ခံပညာကျင့်စဉ် ရှိနေကြောင်း သက်သေပြနိုင်ပေသည်။
"ဟင်"
ချန်ရွှင်က မျက်ဝန်းများ မှေးကျဉ်းသွားပြီး စာအုပ်ထဲသို့ နတ်အသိဖြင့် ထောက်လှမ်းကြည့်လိုက်သည်။ ဤကိုယ်ခံပညာကျင့်စဉ်သည် အခြားကျင့်ကြံသူများ၏ သွေးသားကို အသုံးပြုကာ မိမိ၏ ခန္ဓာကိုယ်ကို အားဖြည့်ရသော ကျင့်စဉ်မျိုး ဖြစ်နေသည်။ ဒါကြောင့်လည်း ထိုလူနှစ်ယောက်ကို မြေကြီးနှင့် ဆောင့်ရိုက်လိုက်ချိန်တွင် ခန္ဓာကိုယ်များ ကြေမွမသွားဘဲ ဦးခေါင်းခွံသာ ကွဲအက်သွားခြင်း ဖြစ်မည်။
"ဒါပေမဲ့ ဒီမိစ္ဆာကျင့်စဉ်က သေချာပေါက် ချို့ယွင်းချက် ရှိနေတာပဲ... ဆက်ပြီး ကျင့်ကြံရင် မူလဝိညာဉ်အဆင့်အထိ ဖောက်ပြန်သွားလိမ့်မယ်"
ချန်ရွှင်က ခေါင်းခါလျက် ရယ်မောလိုက်သည်။
"ရေကြောင်းပြမြေပုံထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတစ်ခုကို ငါတွေ့ထားတယ်... အနောက်ပင်လယ်ရဲ့ တားမြစ်နယ်မြေလို့တော့ ပြောတာပဲ... ငါတို့ လိုချင်တဲ့အရာတွေ အဲဒီမှာ ရှိကောင်းရှိနိုင်တယ်ကွ"
နွားကြီးက လိမ္မာစွာ ခေါင်းညိတ်လိုက်ပြီး ထိုမိစ္ဆာကျင့်စဉ်စာအုပ်ကို မီးရှို့ဖျက်ဆီးပစ်လိုက်သည်။ ချန်ရွှင်က အသုံးမကျဘူးဟု ပြောလျှင် အသုံးမဝင်သည်သာ ဖြစ်သည်။ လေ့လာနေလျှင် အချိန်ဖြုန်းရာသာ ရောက်ပေမည်။
အခြားတစ်ဖက်တွင် ရှောင်ချိသည် ဝိညာဉ်ကျောက်တုံးများကို ကိုင်တွယ်ကစားနေပြီး နတ်အသိကို အသုံးပြုကာ အရေအတွက်ကို ရေတွက်နေလေသည်။ သူသည် သတိကို မလျှော့ဘဲ ကျောဘက်တွင် မီးလျှံအရှိန်အဝါများကိုပါ ကာကွယ်ထားသေးသည်။ ကျွန်းထဲမှ တစ်ခုခု ထွက်လာပြီး အလစ်ဝင်တိုက်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
"အစ်ကိုချန်... အစ်ကိုနွား... ဒီလောက် ကျင့်ကြံခြင်း အရင်းအမြစ်တွေ အများကြီး ရှိနေမှတော့ ကျွန်တော်တို့ အသက်အန္တရာယ်နဲ့ ရင်းပြီး စွန့်စားဖို့ မလိုတော့ဘူး မဟုတ်လား"
"ဟေ..."
"မွန်း "
"ကျွန်တော်တို့ ကောင်းကင် လွင်ပြင်ကြီးဆီ ပြန်... အား "
ရှောင်ချိ စကားမဆုံးမီမှာပင် ချန်ရွှင်နှင့် နွားကြီးတို့က ရှေ့နောက်ညှပ်ကာ ဖမ်းဆုပ်လိုက်ပြီး ပင်လယ်ထဲသို့ ညှာတာမှုကင်းမဲ့စွာ ပစ်ချလိုက်လေသည်။
ရှောင်ချိသည် လေထဲတွင် အော်ဟစ်ရင်း ဗွမ်းခနဲ ပင်လယ်ထဲသို့ ပြုတ်ကျသွားတော့သည်။ သူသည် မျက်ရည်များ ဝဲလျက် ခန္ဓာကိုယ်တစ်ခုလုံး ရေများရွှဲနစ်ကာ ကုန်းပတ်ပေါ်သို့ တွားသွား၍ တက်လာခဲ့သည်။ နောက်နောင် အပိုစကားများ မပြောတော့ဟု စိတ်ထဲတွင် ကျိန်တွယ်လိုက်ပြီး ဝိညာဉ်ကျောက်တုံးများကို တိတ်ဆိတ်စွာ ပြန်လည် ရေတွက်နေကာ တစ်ခါတစ်ရံ မရိုးမသား ရယ်မောသံလေးများ ထွက်ပေါ်နေလေသည်။
"ဒီနေရာမှာ အကြာကြီး နေဖို့ မသင့်တော်တော့ဘူး... ဟို မူလဝိညာဉ်အဆင့် မိစ္ဆာကျင့်ကြံသူတွေကလည်း ကြိုးကြာဝိညာဉ်သစ်ပင်ကြောင့် ဆွဲဆောင်ခံရပြီး ရောက်လာတာမျိုး မဟုတ်လောက်ဘူး"
ချန်ရွှင်က သူ့ဘာသာ ရေရွတ်လိုက်ပြီး ကျွန်း၏ အနက်ပိုင်းသို့ တစ်ချက် ကြည့်လိုက်သည်။
"ပြီးတော့ အဲဒီ မိစ္ဆာကျင့်ကြံသူတွေရဲ့ နောက်ကွယ်မှာ အဖွဲ့အစည်းတစ်ခု ရှိနေတယ်... သူတို့ ငါတို့ကို လိုက်မီဖို့ အခွင့်အရေး ပေးစရာ မလိုဘူး... ထွက်ပြေးဖို့ ပြင်ကြစို့"
"မွန်း "
နွားကြီးက ရှည်လျားစွာ အော်မြည်လိုက်ပြီး သက်သေဖျောက်သည့် အလုပ်များကို စတင် လုပ်ဆောင်လေတော့သည်။
"သိပါပြီ အစ်ကိုချန် "
ရှောင်ချိကလည်း ကျယ်လောင်စွာ ပြန်ထူးလိုက်ပြီး ခြေရာလက်ရာ ဖျောက်ဖျက်မှုများကို ပြုလုပ်လိုက်သည်။ သူသည် နွားကြီး၏ လုပ်ဆောင်ပုံကို ခိုးကြည့်ရင်း "တကယ့်ကို လုပ်ဖော်ကိုင်ဖက်တွေပဲ အစ်ကိုနွားက တကယ့် ပရော်ဖက်ရှင်နယ်ပဲ" ဟု စိတ်ထဲမှ ချီးကျူးနေမိသည်။
ချန်ရွှင်ကမူ မှတ်စုစာအုပ်ထဲတွင် ရေကြောင်းခရီးစဉ်ကို ရေးမှတ်နေလေသည်။
အနောက်ပင်လယ်၏ အနက်ပိုင်းတွင် တားမြစ်နယ်မြေတစ်ခု ရှိသည်။ ၎င်းသည် မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် ပင်လယ်တွင်းရှိ သက်ရှိများ စုဝေးရာ ကြီးမားလှသော အခွင့်အရေးများ ရှိသည့် နေရာတစ်ခုလည်း ဖြစ်သည်။ ယင်း၏ အမည်မှာ တားမြစ်ပင်လယ် - မိစ္ဆာအသိုက်အမြုံ ဖြစ်သည်။
ထိုနေရာသည် ရှေးဟောင်းခေတ် စစ်တလင်းဟောင်း တစ်ခုဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးညှီနံ့များနှင့် အမုန်းတရားများသည် ပျောက်ကွယ်သွားခြင်းမရှိဘဲ ထာဝရ လွင့်မျောနေဆဲ ဖြစ်သည်။ ၎င်းတို့က မိစ္ဆာစွမ်းအင်များကို ဖြစ်ပေါ်စေပြီး သီးသန့် နေရာတစ်ခု ဖန်တီးကာ အနောက်ပင်လယ်နှင့် ပြင်ပပင်လယ်တို့ကို ခြားနားထားလေသည်။
အတွင်းပိုင်းတွင် ရှေးဟောင်းခေတ် အမွေအနှစ်များစွာ ကိန်းအောင်းနေသော်လည်း ပင်လယ်ပြင်နှင့် ကောင်းကင် နေရာအနှံ့အပြား၌ အန္တရာယ်များ ကိန်းအောင်းနေသည်။ ဤနေရာတွင် မည်မျှများပြားသော ကျင့်ကြံသူများ အသက်ဆုံးရှုံးခဲ့ရပြီး မည်မျှများပြားသော အစွမ်းထက် ကျင့်ကြံသူများ အောင်မြင်ကျော်ကြားသွားခဲ့သည်ကိုမူ ခန့်မှန်း၍ မရနိုင်ပေ။
သေချာသည်မှာ ချန်ရွှင်သည် အခြားကျင့်ကြံသူများနှင့် အခွင့်အရေး လုယူရန် သို့မဟုတ် သွားရောက် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။ သူ၏ ရည်ရွယ်ချက်က တစ်ခုတည်းသာ ဖြစ်သည်။ သေဆုံးသူများ၏ အလောင်းကို ကောက်ယူပြီး သိုလှောင်လက်စွပ်များကို အလကား ရယူရန်ပင် ဖြစ်သည်။
မိစ္ဆာကျင့်ကြံသူများထံမှ ရရှိသော ရှေးဟောင်းမှတ်တမ်းများအရ ထိုနေရာတွင် ရှေးဟောင်း သင်္ဘောများစွာနှင့် သေဆုံးသွားသော တာလီပြည်နယ် ကျင့်ကြံသူများ၏ သင်္ဘောကြီးများ လွင့်မျောနေသည်ဟု သိရသည်။ ထိုကဲ့သို့သော ရတနာများကို ဒီအတိုင်း ပစ်ထားခြင်းသည် အလဟဿ ဖြုန်းတီးရာ ရောက်ပေမည်။ သူတို့က ကောက်ယူပြီး ထိရောက်စွာ အသုံးပြုပေးခြင်းသည်သာ အသင့်တော်ဆုံး ဖြစ်သည်။
နေ့ဝက်ခန့် ကြာပြီးနောက် သူတို့သည် ခရီးစတင် ထွက်ခွာလာခဲ့ကြသည်။ လှိုင်းထန်နေသော ပင်လယ်ပြင်သည် ကြီးကျယ်ခမ်းနားပြီး ဝင်ရောက်လာသော လှိုင်းတံပိုးများသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းညံနေသည်။ မျက်စိတစ်ဆုံး ဖြူဖွေးနေသော ပင်လယ်နှင့် ကောင်းကင်၏ နယ်နိမိတ်မျဉ်းသည် ကြည့်ရှုသူများ၏ စိတ်နှလုံးကို ပြင်းထန်စွာ လှုပ်ခတ်စေပြီး မိမိကိုယ်မိမိ အလွန် သေးငယ်ကြောင်းကို နက်ရှိုင်းစွာ ခံစားမိစေသည်။
"မွန်း "
နွားကြီးက ခွာကို ချန်ရွှင်၏ ပခုံးပေါ် တင်လိုက်ပြီး အနည်းငယ် ကြောက်လန့်နေသည့်ပုံစံ ပေါက်နေသည်။ အစ်ကိုကြီးက မိစ္ဆာအသိုက်အမြုံ ဆိုသည့် အန္တရာယ်များသော နေရာသို့ တကယ် သွားချင်နေတာလားဟု မေးနေသည့်အလား ရှိသည်။
"အစ်ကိုချန်... မိစ္ဆာအသိုက်အမြုံ ဆိုတာ နာမည်ကိုက နေရာကောင်း မဟုတ်တာနော်"
ရှောင်ချိသည် သင်္ဘောဘေးဘောင်တွင် ရပ်လျက် ပင်လယ်လေကို ခံရင်း ပြောလိုက်သည်။
"တားမြစ်ပင်လယ်ဆိုတာ သေချာပေါက် အန္တရာယ်များတဲ့ နေရာပဲ"
"ဒါကြောင့်မို့လို့ပဲ အရင်ဆုံး သွားကြည့်ရမှာပေါ့... သာမန် ကျွန်းတွေဆိုရင် ဝိညာဉ်သားရဲတွေ ရှိရင်ရှိ... မရှိရင်လည်း ရက်အနည်းငယ်ကြာတာနဲ့ တခြားကျင့်ကြံသူတွေ ရောက်လာတတ်တယ်လေ... နည်းနည်းလေးမှ အေးအေးဆေးဆေး နေလို့ မရဘူး"
ချန်ရွှင်သည် ကုန်းပတ်ပေါ်တွင် ရပ်လျက် လက်တစ်ဖက်ကို နောက်ပစ်ကာ ပင်လယ်ပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
"တားမြစ်ပင်လယ် ဆိုတာ နာမည်သာ ကြောက်စရာကောင်းတာ... တကယ်တမ်းကျတော့ ပိုင်ရှင်မရှိတဲ့ နေရာပဲ... အန္တရာယ်ရှိရင် ထွက်ပြေးလိုက်ရုံပဲလေ... တကယ်လို့ ဘေးကင်းတယ် ဆိုရင်တော့... ရနိုင်သလောက် အကုန် ယူပစ်မယ်"
"မွန်း "
နွားကြီးက လေးနက်စွာ စဉ်းစားရင်း ခေါင်းညိတ်လိုက်သည်။ ကောင်းကင် လွင်ပြင်ကြီး ၏ ချောက်ကမ်းပါးကြီးအောက်တွင် ဘာအကျိုးအမြတ်မှ မရရှိခဲ့ဘဲ ချွေးစေးများသာ စီးကျခဲ့ရသည် မဟုတ်ပါလား။ ကြည့်ရသည်မှာ အစ်ကိုကြီးက သေဆုံးသွားသော ကျင့်ကြံသူများထံမှ ရတနာများကို ကောက်ယူပြီး သူတို့အတွက်ပါ ဝိညာဉ်ပို့ပေးမည့်ပုံ ပေါက်သည်။ ယင်းက အလွန် ကောင်းမွန်သော ကူညီမှုပင် ဖြစ်ပေသည်။
"အစ်ကိုချန်... ကျွန်တော် အစ်ကို့နောက် လိုက်ခဲ့မယ် "
ရှောင်ချိသည် ခုန်ပေါက်နေပြီး နွားကြီးနှင့်အတူ အမြီးကို တရမ်းရမ်း လုပ်နေသည်။ ကိုယ့်ဘာသာ တွေးနေမည့်အစား အစ်ကိုကြီး၏ ဦးနှောက်ကို ယုံကြည်လိုက်သည်ကမှ ပိုကောင်းပေမည်။
"နွားကြီး... အစီအရင် ဖွင့်လိုက်တော့... ပုံဖျက်စနစ် ပြောင်းမယ်"
"မွန်း "
နွားကြီး၏ မျက်လုံးများ စူးရှသွားပြီး ခွာကို ဝှေ့ယမ်းလိုက်သည်။ ဒြပ်ငါးပါး အစီအရင်အလံမှ အလင်းရောင် ဖျော့ဖျော့လေး ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်း သင်္ဘောကြီးသည် ပင်လယ်ရေပြင်မှ တစ်လံခန့် အပေါ်သို့ လွင့်တက်သွားသည်။ လောကကြီး၏ ဒြပ်ငါးပါး စွမ်းအားများသည် သင်္ဘောပေါ်သို့ စုစည်းလာပြီး တဖြည်းဖြည်းနှင့် ဖောက်ထွင်းမြင်နိုင်သော အလင်းရောင် အကာအကွယ်လွှာ တစ်ခု ဖြစ်ပေါ်လာသည်။
လေဟုန်စီး၍ သွားနေသော သင်္ဘောကြီးသည် အလင်းရောင် အကာအကွယ်လွှာဖြင့် ဖုံးလွှမ်းသွားသည်နှင့်တစ်ပြိုင်နက် ပင်လယ်ပြင်မှ ပျောက်ကွယ်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်း လီပေါင်း ရာချီ ဖြတ်သန်းသွားသော်လည်း မိုးထိအောင် မြင့်မားသော လှိုင်းတံပိုးများသည် ဤသင်္ဘောကို အနည်းငယ်မျှ မလှုပ်ခါစေနိုင်ပေ။ ရှောင်ချိသည် တစ်ဖန် ပါးစပ်အဟောင်းသားဖြင့် အလွန်အမင်း အံ့ဩမှင်သက်နေပြန်သည်။
အပြင်ဘက်မှ ကြည့်မည်ဆိုပါက ဤကဲ့သို့သော ပင်လယ်ပြင်ပေါ်တွင် သင်္ဘောကြီး ခုတ်မောင်းနေသည်ကို နတ်အသိ အသုံးပြုလျှင်ပင် အာရုံခံမိနိုင်မည် မဟုတ်ပေ။ နွားကြီး၏ 'ဖုံးကွယ်ခြင်း ဒြပ်ငါးပါး အစီအရင်' ကို အတင်းအဓမ္မ ဖောက်ထွင်းနိုင်လောက်အောင် နတ်အသိ စွမ်းအား ကြီးမားလှသည့် အတိုင်းအတာမဲ့ အစွမ်းထက် ကျင့်ကြံသူ ပေါ်မလာသရွေ့ ဖြစ်သည်။
သင်္ဘောကြီးသည် လှိုင်းတံပိုးများကို ခွဲထွက်ကာ ရှေ့သို့ ဆက်လက် ခုတ်မောင်းနေသည်။ ချန်ရွှင်သည် 'ကြိုးကြာဝိညာဉ် ဒြပ်ငါးပါးသစ်ပင်' အောက်တွင် တစ်ယောက်တည်း ထိုင်ကာ ရှေးဟောင်းမှတ်တမ်းများကို ဖတ်ရှုနေပြီး နွားကြီးက သင်္ဘောဝမ်းဗိုက်ထဲတွင် ဝိညာဉ်ဆေးပင်များကို စတင် စိုက်ပျိုးနေကာ ရှောင်ချိကမူ ဆူဆူညံညံဖြင့် ပိုက်ကွန်ကို အသုံးပြုကာ ငါးဖမ်းနေလေသည်။
"ရှောင်ချိ"
"ဘာဖြစ်လို့လဲ အစ်ကိုချန် "
ရှောင်ချိသည် သင်္ဘောဘေးဘောင်တွင် ပိုက်ကွန်ကြီးကို ဆုပ်ကိုင်ထားရင်း ကျယ်လောင်စွာ ပြန်ထူးလိုက်သည်။
"ဒီသိုလှောင်အိတ်ထဲက ဝိညာဉ်ဆေးပင်တွေကို မင်း သုံးလိုက်"
ချန်ရွှင်က လက်ဝှေ့ယမ်းလိုက်ရာ သိုလှောင်အိတ် တစ်လုံးသည် ရှောင်ချိ၏ ခေါင်းပေါ်သို့ ဘုတ်ခနဲ ကျလာသည်။
"မူလဝိညာဉ် ကနဦးအဆင့် ဆိုတာ သိပ်အားနည်းလွန်းတယ်... ကျင့်ကြံမှုအဆင့်ကို သေချာ မြှင့်တင်ဦး... ငါတို့ လျှောက်ရမယ့် လမ်းက အဝေးကြီး ကျန်သေးတယ်"
"ဗျာ..."
ရှောင်ချိ လည်ပင်းပုဝင်သွားပြီး အိတ်ထဲသို့ နတ်အသိဖြင့် စမ်းသပ်ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် အလွန်အမင်း အံ့ဩသွားသဖြင့် လက်များ တုန်ရီလာပြီး ပိုက်ကွန်ကို ပင်လယ်ထဲ ပြုတ်ကျလုနီးပါး ဖြစ်သွားသော်လည်း မီယုံတမယ် ပြန်လည် ဆုပ်ကိုင်ထားနိုင်လိုက်သည်။
သိုလှောင်အိတ်ထဲတွင် ပါရှိသော အရာများမှာ မူလဝိညာဉ်အဆင့် ကျင့်ကြံသူများအတွက် သီးသန့်ဖြစ်သော တန်ဖိုးကြီး ဆေးပင်များချည်း ဖြစ်နေသည်။ ကောင်းကင် လွင်ပြင်ကြီးတွင် စိတ်ကူး၍ပင် မရနိုင်လောက်အောင် အလွန်တရာ ရှားပါးလှသော ဝိညာဉ်ဆေးပင်များ အမြောက်အမြား ဖြစ်သည်။
"အစ်ကိုချန်... ကျွန်တော်က မူလဝိညာဉ်အဆင့်လောက်ဆို လုံလောက်နေပါပြီ... ဒီလောက် တန်ဖိုးကြီးတဲ့ ဝိညာဉ်ဆေးပင်တွေကို သုံးရတာ နှမြောစရာကြီးဗျာ "
ရှောင်ချိက ခေါင်းကို တရစပ် ခါရမ်းလိုက်ပြီး ပိုက်ကွန်ကို ဆွဲတင်ကာ ချန်ရွှင်ရှေ့တွင် ဆောင့်ကြောင့် ထိုင်ချလိုက်သည်။
"ဒီလို ဝိညာဉ်ဆေးပင်တွေကို ကျွန်တော့်လို ကောင်မျိုးအတွက် သုံးတာက အလဟဿ ဖြစ်စေတာပါ... အစ်ကိုချန်နဲ့ အစ်ကိုနွားတို့ပဲ သုံးကြပါ"
ရှောင်ချိ၏ မျက်ဝန်းများထဲတွင် လောဘတက်သည့် အရိပ်အယောင် အနည်းငယ်မျှ မပါရှိပေ။ မိမိ၏ ကန့်သတ်ချက်ကို မိမိကိုယ်တိုင် အသိဆုံး ဖြစ်သည်။ အဆင့်အငယ်စား တစ်ခုကို ကျော်ဖြတ်နိုင်သည် ဆိုစေကာမူ သက်တမ်း ရှည်လာမည် မဟုတ်ပေ။
"ဒီလို ဝိညာဉ်ဆေးပင်တွေ ငါတို့ဆီမှာ အများကြီး ရှိသေးတယ်... ပြီးတော့ လူသားတွေ ဖော်စပ်ထားတဲ့ ဆေးအာနိသင်က မင်းတို့ 'မီးခြင်္သေ့နီ' မျိုးနွယ်စု အပေါ် သိပ်ပြီး အကျိုးသက်ရောက်မှု မရှိဘူး မဟုတ်လား"
ချန်ရွှင်သည် ရှေးဟောင်းမှတ်တမ်းကို ပိတ်လိုက်ပြီး ရှောင်ချိကို ကြည့်လိုက်သည်။
"ပြီးတော့ မင်း အဆင့်တက်အောင် ကူညီပေးနိုင်တဲ့ ဆေးတွေလည်း ငါ့ဆီမှာ အများကြီး ကျန်သေးတယ်"
"အစ်ကိုချန်... စေတနာကိုတော့ ဝမ်းသာပါတယ်... ဒါပေမဲ့ မူလဝိညာဉ် အလယ်အလတ်အဆင့်ကို ရောက်ဖို့ဆိုရင် ဝိညာဉ်ဆေးပင်တွေ အများကြီး လိုအပ်တယ်ဗျ... လူသားကျင့်ကြံသူတွေ သုံးတဲ့ ပမာဏထက် အဆပေါင်းများစွာ ပိုများတာ"
ရှောင်ချိက နေရခက်စွာ ရယ်မောလိုက်သည်။ ယခုအခါ ရှောင်ချိသည် ကျင့်ကြံခြင်းအပေါ် စိတ်မဝင်စားတော့ပေ။
"ဒီအရင်းအမြစ်တွေကို အစ်ကိုတို့ ကိုယ်တိုင် ကျင့်ကြံဖို့ သုံးတာက ကျွန်တော့်ကို ပေးသုံးတာထက် အများကြီး ပိုပြီး တန်ပါတယ်"
"မင်းရဲ့ အစ်ကိုချန်ကို အထင်မသေးပါနဲ့"
ချန်ရွှင်သည် အေးစက်စွာ ရယ်မောလိုက်သည်။
"မူလဝိညာဉ်အဆင့်လောက်လေးနဲ့ ရောင့်ရဲမနေစမ်းပါနဲ့... ငါ့အတွက် အသက်ကို သေချာ ရှင်သန်ပြစမ်းပါ... ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကမ္ဘာကြီးကို ငါ မင်းကို ပြသပေးမယ်"
"ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် "
ရှောင်ချိ မျက်လုံး ပြူးကျယ်သွားသည်။ အိပ်မက်ထဲတွင်ပင် မမက်ဖူးသော အဆင့်တစ်ခု ဖြစ်သည်။
"အစ်ကိုချန်..."
"ယူထားလိုက်စမ်းပါ... ငါတို့က တားမြစ်ပင်လယ်ထဲ သွားပြီး အလကားရတဲ့ ပစ္စည်းတွေ လိုက်ရှာမလို့လေ... အဲဒီမှာ ရတနာတွေ ဘယ်လောက် ကိန်းအောင်းနေမလဲဆိုတာ မသိနိုင်ဘူးကွ"
ချန်ရွှင်သည် အဝေးကို လှမ်းမျှော်ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါက ငါတို့အတွက် မလိုအပ်တဲ့ ဝိညာဉ်ဆေးပင်တွေပဲ... မင်း မယူရင် မင်းရဲ့ အစ်ကိုနွား ဒေါသထွက်လိမ့်မယ်... ငါတောင် တားလို့ ရမှာ မဟုတ်ဘူးနော်"
ရှောင်ချိသည် ခေါင်းငုံ့ထားပြီး သိုလှောင်အိတ်ကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ စကားတစ်ခွန်းမျှ မပြောနိုင်တော့ပေ။
ဒြပ်ငါးပါး ကြိုးကြာဝိညာဉ်သစ်ပင်သည် အလင်းရောင် ဖျော့ဖျော့လေး ထုတ်လွှတ်ကာ ယိမ်းနွဲ့နေပြီး ၎င်း၏ အဖြူအမည်း သစ်ရွက်များသည် ပိုမို၍ လျှို့ဝှက်ဆန်းကြယ်သော အရောင်အဝါများ တောက်ပလာလေသည်။
"... နားလည်ပါပြီ အစ်ကိုချန်... ကျွန်တော် သေချာ ကြိုးစားကျင့်ကြံပါ့မယ်"
ရှောင်ချိက ခေါင်းမမော့ဘဲ တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
"အစ်ကိုတို့ ဘယ်သွားသွား ကျွန်တော်လည်း လိုက်မှာပဲ "
"ဒါ သဘာဝပဲလေ... ငါးဖမ်းတဲ့ အလုပ်ကို မြန်မြန် ပြန်သွားလုပ်စမ်း "
ချန်ရွှင်က လက်ဝှေ့ယမ်းလိုက်ရာ ရှောင်ချိသည် "အား " ဟု အော်ဟစ်လိုက်ရသည်။ နောက်တစ်ကြိမ် လွင့်စင်သွားရပြန်သည်။
"အစ်ကိုချန်... နည်းနည်းလောက် ညှာတာပေးပါဦးဗျ "
ချန်ရွှင်သည် တဟားဟား ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သစ်ပင်အောက်တွင် စာအုပ်ကို ပြန်လည် ဖတ်ရှုနေလေသည်။ တိမ်ဖြူဖြူနှင့် ပြာလဲ့သော ပင်လယ်ပြင်။ အမှန်တကယ်ပင် အလွန် သက်သောင့်သက်သာ ရှိလှသော အချိန်လေး ဖြစ်သည်။