အခန်း ၂၃၈
Vol. 13 Ch. 238
အခန်း (၂၃၈)
ဂါး…..
ရှောင်ချိ ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွေးများ ထောင်ထသွားကာ ကြက်သီးများ ထသွားသည်။ မီးလျှံအရှိန်အဝါများကို ပေါက်ကွဲထွက်စေကာ သွေးရောင်ဓားသွားဆီသို့ ပြန်လည် ခုတ်ပိုင်းလိုက်သည်။
ဝုန်း
အရာအားလုံး ကြေမွသွားသည်။ ရှောင်ချိ၏ မျက်ဝန်းများ အလွန်မှေးကျဉ်းသွားသည်။
ခုနက မြင်ကွင်းက... စိတ်ချောက်ချားစရာပဲလား။ အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ရှောင်ချိ အပေါ်သို့ မော့ကြည့်လိုက်ရာ အစ်ကိုကြီးနှစ်ယောက်မှာ အပြင်းအထန် တိုက်ခိုက်နေဆဲ ဖြစ်သည်။ ဤခရမ်းရောင် မြူခိုးများသည် ရှေးဟောင်းသင်္ဘောကြီးထံမှ ထွက်ပေါ်လာသကဲ့သို့၊ ပင်လယ်အောက်ခြေမှ စိမ့်ထွက်လာသကဲ့သို့ အဆုံးအစမရှိ ဖြစ်ပေါ်နေသည်။
ရှောင်ချိ အသက်ပြင်းပြင်း ရှူလိုက်ပြီး မည်းနက်နေသော သွေးကွက်များကို ဆက်မကြည့်တော့ဘဲ အလောင်းများနှင့် သိုလှောင်လက်စွပ် ရှာဖွေရေးတွင်သာ အာရုံစိုက်လိုက်တော့သည်။
ထိုအချိန်တွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့မှာ ကျောထဲစိမ့်ခနဲဖြစ်သွားကြသည်။
ရှေးဟောင်း အလိုဆန္ဒများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားတိုင်း ဝမ်းနည်းကြေကွဲမှု၊ ညည်းတွားမှု၊ မျှော်လင့်ချက်မဲ့မှု စသည့် အဆိုးမြင် စိတ်ခံစားချက်များ ကူးစက်လာသည်။
"နွားကြီး... ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအားကို သုံးပြီး ဒီစီနီယာတွေကို တမလွန်ဘုံကို ပို့ပေးလိုက်စမ်း"
ချန်ရွှင် မျက်မှောင်ကြုတ်လိုက်သည်။ နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့သော်လည်း ဤကဲ့သို့ ထူးဆန်းသော ခံစားချက်မျိုး တစ်ခါမျှ မခံစားဖူးပေ။ အဘယ်ကြောင့် ဤမျှ ဝမ်းနည်းကြေကွဲနေရသနည်း။
"တာအိုမိတ်ဆွေတို့... ကောင်းရာမွန်ရာ သွားကြပါတော့"
"မွန်း..."
နွားနက်ကြီးသည် ဝိညာဉ်အပေါက်ကို အကုန်ဖွင့်ချလိုက်သည်။ ကျောဘက်ရှိ ပုံရိပ်ယောင်ကြီးထံမှ မည်းနက်သော အလင်းတန်းများ အဆက်မပြတ် ထွက်ပေါ်လာပြီး ခရမ်းရောင် မြူခိုးများဆီသို့ အရှိန်ပြင်းစွာ စီးဆင်းသွားသည်။ မြင်ကွင်းမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ချန်ရွှင်လည်း အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး စွမ်းအားများကို ဆက်လက် မထိန်းချုပ်ထားတော့ပေ။ ဝိညာဉ်အပေါက်ကို ဖွင့်ချလိုက်ရာ ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအားများသည် လှိုင်းကြီးများကဲ့သို့ ဒလဟော ထွက်ပေါ်လာသည်။ မည်းနက်သော အလင်းတန်းများကို အရပ်လေးမျက်နှာသို့ ပစ်လွှတ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ အလိုဆန္ဒများနှင့် ခရမ်းရောင် မြူခိုးများဆီသို့ ဝင်ရောက် တိုက်ခိုက်လိုက်သည်။
ဝုန်း ဝုန်း
လှိုင်းကြီးများသည် ကောင်းကင်သို့ ထိုးတက်သွားသည်။ ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအား၏ ကြောက်မက်ဖွယ် ကောင်းမှုက သူတို့ မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေသည်။ မိုးကြိုးပင်လယ်ကြီး တစ်ခု ဖြတ်သန်းသွားသကဲ့သို့ ခရမ်းရောင် မြူခိုးများကို အတင်းအဓမ္မ ဖျက်ဆီးပစ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်ကို ပွက်လောညံသွားစေသည်။
ခရမ်းရောင် မြူခိုးများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အဆုံးအစမရှိသော အလင်းတန်းမည်းများက ဖျက်ဆီးပစ်လိုက်သည်။ ဒြပ်ငါးပါး စွမ်းအင်ဖြင့် ဖြည်းညှင်းစွာ ချေဖျက်နေသည်နှင့် မတူညီတော့ပေ။
ချန်ရွှင် မျက်ဝန်းများ မှေးကျဉ်းသွားသည်။ ဤသည်မှာ ယာယီ ဖြေရှင်းနည်းသာ ဖြစ်သည်။ ထိုရှေးဟောင်းသင်္ဘောကြီးကို မဖျက်ဆီးနိုင်သရွေ့ ခရမ်းရောင် မြူခိုးများသည် အဆုံးအစမရှိ ထွက်ပေါ်နေဦးမည် ဖြစ်သည်။ သို့သော် လက်ရှိ အခြေအနေအရ သူတို့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်တော့ပေ။
"မွန်း..."
"နွားကြီး... ဒီရှေးဟောင်းသင်္ဘောကြီးက တော်တော် ထူးဆန်းတယ်... ကျင့်ကြံသူတွေရဲ့ စစ်မြေပြင်ကနေ ပြန်လာတဲ့ ပုံစံမျိုး မဟုတ်ဘူး... ဟို ခြောက်သွေ့နေတဲ့ သွေးမည်းတွေကလည်း သေချာပေါက် လူ့သွေးတွေ မဟုတ်ဘူး"
ချန်ရွှင် အပေါ်သို့ မော့ကြည့်ရင်း ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအားကို အသုံးပြုနေဆဲ ဖြစ်သည်။
"ဒီလောက် ကြီးမားတဲ့ ရှေးဟောင်းသင်္ဘောကြီးကို ငါတို့ ကောင်းကောင်း ထိန်းချုပ်ထားနိုင်တယ်... ကျန်တာကိုတော့ ရှောင်ချိကိုပဲ တာဝန်လွှဲပေးလိုက်ရအောင်"
"မွန်း"
နွားနက်ကြီးလည်း အပေါ်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ အားလုံးက တွက်ချက်ထားသည့်အတိုင်းပင် ဖြစ်သည်။
ဂေါက်... ဂေါက်...
ရုတ်တရက် ရှေးဟောင်းသင်္ဘောကြီး အတွင်းမှ ကျယ်လောင်လေးလံသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
သင်္ဘောကြီး တစ်စီးလုံး အသက်ဝင်လာသကဲ့သို့ မျှော်လင့်ချက်မဲ့လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော 'အလိုဆန္ဒ' တစ်ခု နိုးထလာမည်ကို ခံစားလိုက်ရသည်။
"အစ်ကိုချန်... အစ်ကိုနွား... ပြေးကြမယ်ဟေ့"
ရှောင်ချိ ထိတ်လန့်တကြား အော်ဟစ်လိုက်သော်လည်း အလွန် စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်မှ ပြုတ်ကျလာသည်။
"သိုလှောင်လက်စွပ် တစ်ကွင်း ရပြီဟေ့"
"သွားပြီ... နွားကြီး... ရှောင်ချိ... ပြေးမယ်"
"မွန်း"
ဝှစ်... ဝှစ်...
နွားနက်ကြီး ပြုတ်ကျလာသော ရှောင်ချိကို ဖမ်းဆွဲလိုက်ပြီး သူတို့သုံးယောက်သည် ပင်လယ်ပြင်မှ ချက်ချင်း ပျောက်ကွယ်သွားကြသည်။ လှေပျံကြီးသည် အစွမ်းကုန် မောင်းနှင်လိုက်ပြီး ပင်လယ်ပြင်တွင် လှိုင်းကြီးများ ထစေကာ အရှိန်ကုန် ထွက်ပြေးလေတော့သည်။
ဝုန်း
သူတို့ ထွက်ပြေးသွားပြီးနောက် ရှေးဟောင်းသင်္ဘောကြီးမှ ထူးဆန်းသော အလင်းရောင်များ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်ကို ပွက်လောညံသွားစေကာ မျက်စိတစ်မှိတ်အတွင်း အငွေ့ပျံသွားစေသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ပတ်ဝန်းကျင် တစ်ခုလုံးကို သတ်ဖြတ်ခြင်း အသိများ ပြည့်နှက်သွားစေပြီး ကောင်းကင်သို့ ထိုးတက်လုမတတ် တိုက်ခိုက်လိုစိတ်များကို ထုတ်လွှတ်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော အလိုဆန္ဒသည် နိုးထလာခဲ့သည်။ သို့သော် ပစ်မှတ်ကို မရှာတွေ့ခဲ့သဖြင့် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ ရှေးဟောင်းသင်္ဘောကြီးသည် အိမ်အပြန်လမ်း ပျောက်ဆုံးနေသော အထီးကျန် လှေတစ်စင်းကဲ့သို့ တားမြစ်ပင်လယ် အတွင်း၌ ပြန်လည် လွင့်မျောနေလေသည်။
တားမြစ်ပင်လယ် မိစ္ဆာစံအိမ်။
လှေပျံကြီးသည် လှိုင်းများကို ခွဲလျက် အလွန်ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပင်လယ်ပြင်ကို ဖြတ်သန်းသွားနေသည်။ လှေပေါ်မှ စိတ်လှုပ်ရှားစွာ အော်ဟစ်သံ သုံးခု ထွက်ပေါ်လာသည်။
'ကြိုးကြာဝိညာဉ် သစ်ပင်' အောက်တွင် ထိုင်နေသော သူတို့သုံးဦး၏ အကြည့်များသည် သိုလှောင်လက်စွပ် တစ်ကွင်းပေါ်သို့ ရောက်ရှိနေကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွန် ရှေးကျသော အရာမှန်း သိသာလှသည်။ မျက်နှာပြင်ပေါ်တွင် ထွင်းထုထားသော အကွက်အဆင်များသည် လက်ရှိ ကျင့်ကြံခြင်း လောကမှ အရာများ မဟုတ်ပေ။
"ရှောင်ချိ... မင်း ဘယ်လို ရှာတွေ့ခဲ့တာလဲ"
"အစ်ကိုချန်... ဒါက တော်တော် အတွင်းကျတဲ့ နေရာမှာ ဝှက်ထားတာ... သင်္ဘောခန်းထဲက အရိုးစု တစ်ခုရဲ့ လက်ထဲမှာ ဆုပ်ကိုင်ထားတာ"
"အရိုးစု ရှိတယ် ဟုတ်လား"
"မွန်း..."
ချန်ရွှင်နှင့် နွားနက်ကြီးတို့ အကြည့်ချင်း ဆုံလိုက်ကြသည်။ သူတို့သည် ထိုမည်းနက်နေသော သွေးကွက်များကိုသာ မြင်တွေ့ခဲ့ရပြီး အလောင်းများကို မတွေ့ခဲ့ရပေ။
"အပြင်ဘက်မှာတော့ သေချာပေါက် ရှိတယ်... ဒါပေမဲ့ အတွင်းထဲကိုတော့ ကြောက်လို့ မဝင်ရဲခဲ့ဘူး... ဒီလက်စွပ်ကို ယူလိုက်တဲ့ အချိန်မှာပဲ အန္တရာယ်ရှိတဲ့ အရာတစ်ခု နိုးထလာတော့မလို ဖြစ်သွားလို့လေ"
ရှောင်ချိ လည်ပင်းကို ပုလိုက်သည်။ ယခု ပြန်တွေးကြည့်လျှင်ပင် ကျောချမ်းစရာ ကောင်းလှသည်။ (မဖြစ်နိုင်တဲ့ ကံတရား အကြောင်းအကျိုးတွေကိုများ သယ်ဆောင်လာမိပြီလား မသိဘူး...)
"အစ်ကိုချန်... ကျွန်တော် တတ်နိုင်သလောက်တော့ လုပ်ခဲ့ပြီးပြီနော်"
"မင်း တော်ပါတယ် ရှောင်ချိရာ... မင်းရဲ့ 'မီးလျှံရောင် နတ်အသိ' က ဒီတားမြစ်ပင်လယ်မှာ တော်တော်လေး အသုံးဝင်ပုံရတယ်"
ချန်ရွှင် စဉ်းစားခန်း ဝင်သွားပြီး ရှောင်ချိကို စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
" 'မီးခြင်္သေ့နီ' ဆိုတာ ဒီကျင့်ကြံခြင်း လောကရဲ့ မျိုးရင်း မျိုးစိတ်လား"
နွားနက်ကြီး ကြောင်တောင်တောင် ဖြစ်သွားသည်။ အစ်ကိုကြီးက ဘာတွေ ပြောနေတာလဲ။
"မဟုတ်လို့လား... အစ်ကိုချန်"
"ဒီကမ္ဘာလောကကြီး အပြင်ဘက်မှာ 'ကမ္ဘာကြီး' တွေ ရှိသေးတယ်ဆိုတာ မင်း သိလား"
ချန်ရွှင်၏ မျက်မှောင်များ ပိုမို တွန့်ကွေးသွားသည်။
"ပြီးတော့ ဟို အလိုဆန္ဒ အကြွင်းအကျန်တွေ... ဘယ်လို ကြည့်ကြည့် ကျင့်ကြံသူတွေ အချင်းချင်း တိုက်ခိုက်လို့ ကျန်ရစ်ခဲ့တဲ့ အရာတွေနဲ့ မတူဘူး... ဒီနေရာက ရှေးဟောင်း စစ်မြေပြင်ဟောင်းလို့ ပြောကြပေမဲ့ တကယ်တမ်း ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ ဘယ်သူမှ မသိကြဘူး"
ရှောင်ချိ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ အစ်ကိုချန်... ဘာတွေ ပြောနေတာလဲ...
"မင်းရဲ့ နတ်အသိက တော်တော် ထူးဆန်းတယ်... အထူးသဖြင့် မင်းကိုယ်တိုင် နတ်အသိကို ကျင့်ကြံခဲ့လို့ မျိုးစိတ်ရဲ့ အကန့်အသတ်ကို ကျော်လွန်သွားတာပဲ... ဟို 'ပုံရိပ်ယောင် ဖြိုခွင်းခြင်း' စွမ်းရည် တစ်ခုတည်းနဲ့တင် ငါတို့ လိုက်မမီနိုင်တော့ဘူး... ငါတို့လည်း နတ်အသိကို ကျင့်ကြံထားတာတောင်မှပဲ"
ချန်ရွှင်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားပြီး အနည်းငယ် ပြုံးလိုက်သည်။
"မျိုးစိတ်တွေကြားက ပါရမီ ကွာခြားချက်ဆိုတာ... ကြိုးစားရုံ သက်သက်နဲ့ အလွယ်တကူ ဖြည့်ဆည်းလို့ ရတဲ့ အရာမျိုး မဟုတ်ဘူးပဲ"
ရှောင်ချိ နားလည်သလိုလို၊ နားမလည်သလိုလိုဖြင့် ခေါင်းညိတ်လိုက်သည်။
အမှန်ပင်။ ကောင်းကင် လွင်ပြင်ကြီးရှိ ဝိညာဉ်သားရဲများသည် နတ်အသိကို ကျင့်ကြံ၍ မရနိုင်ပေ။ မိမိ၏ မျိုးစိတ်က အမြဲတမ်း ထူးခြားနေသော်လည်း သာမန် ဝိညာဉ်သားရဲများထက် ပိုမို များပြားသော ဆင်းရဲဒုက္ခများကို ခံစားခဲ့ရသည်။
ချန်ရွှင်သည် နွားနက်ကြီးဘက်သို့ လှည့်ကာ စကားလမ်းကြောင်း လွှဲလိုက်သည်။
"နွားကြီး... ရှေးဟောင်းသင်္ဘောကြီး ထဲမှာ နောက်ဆုံး နိုးထလာတဲ့ အဲဒီ အလိုဆန္ဒ... ပွင့်ပွင့်လင်းလင်း ပြောရရင် ငါတို့ နိုင်မယ် ထင်လား"
"မွန်း"
နွားနက်ကြီးလည်း လန့်သွားပြီး ချန်ရွှင်ဘေးသို့ တိုးကပ်သွားသည်။ နိုင်မည် ဆိုပါက ဤမျှ အသည်းအသန် ထွက်ပြေးမည် မဟုတ်ပေ။
ဤနေရာတွင် သူတို့၏ စွမ်းအားများသည်လည်း အနည်းငယ် ဖိနှိပ်ခံထားရပြီး ဤနေရာသည် ချင်တိုင်းပြည်၏ ကျင့်ကြံခြင်း လောကလည်း မဟုတ်ပေ။ သူတို့သည် ပြိုင်ဘက်ကင်းများ မဟုတ်ကြပေ။
"အစ်ကိုနွား... ဒီသိုလှောင်လက်စွပ်ကို ဘယ်လို လုပ်မလဲ"
ရှောင်ချိ မျက်တောင်ခတ်လိုက်သည်။ အတွင်းထဲတွင် အစီအရင် ထောင်ချောက်များ ရှိမရှိ မသိနိုင်ပေ။
"မွန်း"
နွားနက်ကြီး၏ မျက်လုံးများ တောက်ပလာသည်။ ဤဟောင်းနွမ်းနေသော သိုလှောင်လက်စွပ်၏ ဆီးခတ်ထားမှုသည် နှစ်ကာလများစွာ ကြာမြင့်လာမှုကြောင့် ပျက်စီးနေပြီ ဖြစ်ရာ ဖွင့်၍ ရနေပြီ ဖြစ်သည်။
သူတို့သုံးဦးသည် တစ်ပြိုင်နက်တည်း နတ်အသိကို လက်စွပ်ထဲသို့ စေလွှတ်လိုက်ရာ မသိလိုက်ဘာသာဖြင့် "အို..." ဟု အာမေဋိတ်သံများ ထွက်ပေါ်လာကြသည်။
အတွင်းရှိ နေရာလွတ်မှာ အလွန်တရာ ကျယ်ဝန်းလှပြီး ယခင်က ကျင်းယွီ ပေးခဲ့သော လက်စွပ်ထက်ပင် ပိုမို ကြီးမားသေးသည်။ သို့သော် အတွင်းထဲရှိ ပစ္စည်းများမှာမူ သနားစရာ ကောင်းလောက်အောင် နည်းပါးလှပြီး ပြာများသာ အများအပြား ရှိနေသည်။
"စစ်ပွဲနယ်မြေ စခန်း ဟုတ်လား"
ချန်ရွှင်သည် မိမိဘာသာ ရေရွတ်လိုက်ပြီး အမိန့်ပြား တစ်ခုကို ထုတ်ယူလိုက်သည်။ သွေးများ ခဲပြီး ပြုလုပ်ထားသကဲ့သို့ နီရဲနေကာ မည်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရသော်လည်း အံ့သြဖွယ်ကောင်းလောက်အောင် ယနေ့တိုင် အကောင်းပကတိ ကျန်ရှိနေသည်။
"အစ်ကိုချန်... အဲဒါ ဘာကြီးလဲ"
"မွန်း..."
ရှောင်ချိနှင့် နွားနက်ကြီးတို့သည် အံ့သြစွာဖြင့် ချန်ရွှင်ကို ကြည့်လိုက်ကြသည်။ ဘယ်လို ကြည့်ကြည့် လူတွေ ပြုလုပ်ထားသည့် အရာပင် ဖြစ်သည်။
"လူတွေရဲ့ စစ်တပ် စခန်းချရာ နေရာက ပစ္စည်း ဖြစ်ပုံရတယ်... ဒါပေမဲ့ အသေးစိတ်ကိုတော့ မသိရဘူး"
ချန်ရွှင် ခေါင်းခါလိုက်ပြီး အသံကို အနည်းငယ် မြှင့်လိုက်သည်။
"အရင်ဆုံး တခြားဟာတွေကို ကြည့်ကြရအောင်... ဒါတွေက အတိတ်က အကြွင်းအကျန်တွေ... သမိုင်းရဲ့ အမှောင်ထုထဲမှာ နစ်မြုပ်သွားခဲ့တာ ကြာပြီ... အများကြီး ဆက်မတွေးကြနဲ့တော့... ငါတို့နဲ့ ဘာမှ မဆိုင်ဘူး"
နွားနက်ကြီးနှင့် ရှောင်ချိတို့ လိမ္မာစွာ ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ စဉ်းစားမနေတော့ဘဲ လက်စွပ်ထဲရှိ ပစ္စည်းများကို ပြန်လည် ရှာဖွေကြလေသည်။
လက်စွပ်ထဲတွင် ဝိညာဉ်ကျောက်တုံး တစ်တုံးမျှ မရှိသော်လည်း မပို့ရသေးသော သွေးစာ တစ်စောင် ကျန်ရှိနေသေးသည်။ အံ့သြစရာ ကောင်းသည်မှာ ပင်မသွေးဖြင့် ရေးသားထားခြင်း ဖြစ်သည်။ သို့သော် စာလုံးများမှာ အလွန် မှေးမှိန်နေပြီး ဖတ်ရန် ခက်ခဲနေသည်။
ချန်ရွှင်သည် တစ်လုံးချင်းစီကို သေချာစွာ ဖတ်လိုက်သည်။
"ယွဲ့အာ... ကျင့်ကြံခြင်း လောကရဲ့ အနာဂတ်... တာ့လီ ရဲ့ အနာဂတ်... ငါတို့ကို လိုအပ်တယ်..."
စာတစ်ကြောင်းတည်းသာ ရှိသည်။ အလွန် အလျင်စလို ရေးသားခဲ့ရသဖြင့် ပေးပို့ရန်ပင် အချိန်မရခဲ့ပုံ ပေါ်သည်။ ယခုအခါ ဤထက်ပို၍ ဖတ်ရှုရန် မဖြစ်နိုင်တော့ပေ။
တိုတောင်းသော စာကြောင်းလေး ဖြစ်သော်လည်း ၎င်းတွင် အလွန်တရာ ကြီးမားလှသော အလေးအနက်ထားမှုနှင့် ဝမ်းနည်းကြေကွဲမှုများ ပါဝင်နေသည်။
နှစ်ထောင်ပေါင်း၊ သောင်းပေါင်းများစွာ အချိန်တို့ ကုန်ဆုံးသွားခဲ့သော်လည်း ထိုခံစားချက်သည် အချိန်ကာလ မြစ်ကြီးကို ဖြတ်ကျော်ကာ ချန်ရွှင်၏ ခေါင်းထဲသို့ ကူးစက်လာခဲ့သည်။ ချန်ရွှင် မျက်ဝန်းများ မှေးကျဉ်းသွားပြီး အချိန်အတော်ကြာအောင် စကားမပြောဘဲ နေကာ ထိုသွေးစာကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
ရှောင်ချိ သက်ပြင်းချလိုက်သည်။ လက်စွပ်ထဲတွင် တန်ဖိုးရှိသော အရာ တစ်ခုမှ မရှိပေ။ ဤသို့ဆိုလျှင် မိစ္ဆာကျင့်ကြံသူများ၏ ပစ္စည်းများကမှ ပိုကောင်းဦးမည်။ အပင်ပန်းခံရကျိုး မနပ်ပေ။
"မွန်း..."
နွားနက်ကြီးက ချန်ရွှင်ကို တွန်းလိုက်သည်။ အစ်ကိုကြီး၏ ပုံစံမှာ အနည်းငယ် ထူးဆန်းနေသည်။
ချန်ရွှင်သည် နွားနက်ကြီးကို ပွတ်သပ်ပေးလိုက်ပြီး ခါးသက်စွာ ပြုံးလျက် ခေါင်းခါလိုက်သည်။ သူ၏ မျက်ဝန်းများမှာ နက်ရှိုင်းနေပြီး ဘာတွေးနေမှန်း မသိရသော်လည်း ဤသိုလှောင်လက်စွပ်အပေါ် စိတ်ဝင်စားမှု လျော့နည်းသွားပုံရသည်။
"အစ်ကိုချန်... ဒီရှေးဟောင်းသင်္ဘောကြီးက လူကို လန့်အောင် လုပ်ရုံ သက်သက်ပဲ... အတွင်းထဲမှာ ဘာမှ မရှိပါလား"
"အရူးကောင်... အတွေ့အကြုံ ဆိုတာ ဝိညာဉ်ကျောက်တုံး တွေနဲ့ တိုင်းတာလို့ ရတဲ့ အရာမျိုး မဟုတ်ဘူး"
ချန်ရွှင်သည် ရယ်မောရင်း ရှောင်ချိကို လက်တစ်ဖက်တည်းဖြင့် ပင့်ချီကာ ဂျိုင်းကြားတွင် ညှပ်ထားလိုက်သည်။
"မလောပါနဲ့... ဟို ခရမ်းရောင် စွမ်းအင်တွေကို ဖြေရှင်းမယ့် နည်းလမ်းကို ငါနဲ့ နွားကြီး ရှာတွေ့ထားပြီးပြီ... ဒီနေရာမှာ ရှိတဲ့ ရတနာတွေ အကုန်လုံးက ငါတို့အပိုင်ပဲ"
"မွန်း"
နွားနက်ကြီးသည် နောက်ခြေထောက်ဖြင့် မြေကြီးကို ကန်လိုက်သည်။ ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအားသည် ထိုခရမ်းရောင် မြူခိုးများအတွက် အကောင်းဆုံး ဆေးစွမ်းကောင်းပင် ဖြစ်သည်။
"အစ်ကိုချန်... အစ်ကိုနွား... အမိုက်စားပဲ"
ရှောင်ချိ အော်ဟစ်လိုက်သည်။
"ညီအစ်ကိုတို့... ထွက်ကြစို့... ဆက်ပြီး လုယက်ကြမယ်"
ချန်ရွှင်သည် လက်ကို နောက်ပစ်လျက် အဝေးသို့ လှမ်းကြည့်လိုက်သည်။
"ရှောင်ချိ... မြန်မြန် လမ်းပြစမ်း"
ဂေါက်
မွန်း
နွားနက်ကြီးနှင့် ရှောင်ချိတို့သည် မိမိတို့၏ အလုပ်များသို့ အသီးသီး ပြန်ဝင်ကြသည်။ တစ်ယောက်က လမ်းပြပြီး နောက်တစ်ယောက်က လှေပျံကြီးကို မောင်းနှင်သည်။ ချန်ရွှင်သည် လှေပေါ်တွင် လောကအကြောင်းကို ဆွေးနွေးနေသကဲ့သို့ အမိန့်ပေး ညွှန်ကြားနေရင်း မှတ်စုစာအုပ်ကို ထုတ်ကာ ဤအတွေ့အကြုံများကို စတင် ရေးမှတ်လေတော့သည်။