← Chapters

အခန်း ၂၃၉

Vol. 13 Ch. 239

အခန်း ၂၃၉

Vol. 13 Ch. 239

အခန်း (၂၃၉)

လှေပျံကြီး၏ အရှိန်မှာ ကျဆင်းသွားပြီ ဖြစ်သည်။ နွားနက်ကြီးသည်လည်း ဆက်လက်၍ မဆင်မခြင် အရှိန်မတင်တော့ပေ။ ထိုရှေးဟောင်းသင်္ဘောကြီးသည် စစ်သင်္ဘောကြီး တစ်စင်းကဲ့သို့ ဖြစ်နေပြီး အတွင်း၌ ခိုအောင်းနေသော အလိုဆန္ဒမှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ဤတားမြစ်ပင်လယ် အတွင်း၌ နေ့နှင့် ညကိုပင် ခွဲခြား၍ မရနိုင်ပေ။ အမြဲတမ်း မှုန်မှိုင်းနေသော နေနှင့် လတို့သာ ထွက်ပေါ်နေပြီး တစ်ခါတစ်ရံတွင်မှ အလင်းရောင် အနည်းငယ် ဖြာကျလာလေ့ ရှိသည်။

"အစ်ကိုချန်... သင်္ဘောအုပ်စုကြီး တစ်စု ရှိတယ်"

ရှောင်ချိ အော်ပြောလိုက်သည်။ 'ကြိုးကြာဝိညာဉ် သစ်ပင်' ၏ ထိပ်တွင် ရပ်လျက် လည်ပင်းကို ရှေ့သို့ ဆန့်ထုတ်ကာ ကြည့်နေသည်။

"အသက်ရှင်နေတဲ့သူ တစ်ယောက်မှ မရှိဘူး... ရှေးဟောင်းသင်္ဘောကြီးလည်း ရှိတယ်"

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အသံလာရာသို့ လှမ်းကြည့်လိုက်ကြပြီး နာရီဝက်ခန့် ဆက်လက် သွားလိုက်သောအခါမှသာ ၎င်း၏ ပုံစံအပြည့်အစုံကို မြင်တွေ့လိုက်ရသည်။

ထူထဲသော မြူခိုးများနှင့် ရေခိုးရေငွေ့များ ကြားတွင် ရှေးဟောင်းသင်္ဘောကြီး တစ်စင်းသည် ပင်လယ်ပြင်၌ လွင့်မျောနေပြီး ၎င်း၏ နောက်မှ သင်္ဘောအုပ်စုကြီး တစ်စုက လိုက်ပါသွားနေသည်။ သို့သော် ထိုနေရာတွင် သက်ရှိအငွေ့အသက် မရှိဘဲ ခြောက်ခြားဖွယ် ကောင်းသော မြင်ကွင်း ဖြစ်နေသည်။

နောက်မှ လိုက်လာသော သင်္ဘောအုပ်စုသည် ရှေးဟောင်းသင်္ဘောများ မဟုတ်ကြပေ။ သင်္ဘောကိုယ်ထည်တွင် ဒဏ်ရာ အနည်းငယ်မျှ မရှိသော်လည်း ကုန်းပတ်ပေါ်တွင် တာ့လီ၏ ကျင့်ကြံသူများ လဲကျနေကြသည်။ အားလုံးမှာ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး သွေးရောင် မရှိကြပေ။

သူတို့သည် ပုံစံအမျိုးမျိုးဖြင့် နေရာအနှံ့တွင် အားပျော့စွာ လဲကျနေကြသည်။ သေမင်းက အသက်ကို ရုတ်တရက် နုတ်ယူသွားသကဲ့သို့ ဖြစ်နေပြီး သေဆုံးသွားသည်မှာ အချိန်သိပ်မကြာသေးပုံ ရသည်။

ချန်ရွှင်၏ မျက်လုံးများတွင် တစ္ဆေတစ်ကောင်ကဲ့သို့ အလင်းရောင်များ တောက်ပလာသည်။

အမြောက်အမြားသော သိုလှောင်လက်စွပ်များ။ ဤတစ်ကြိမ်တွင်တော့ ရှင်းလင်းစွာ မြင်လိုက်ရပြီ။

"ရှောင်ချိ... ရှေးဟောင်းသင်္ဘောကြီးကို မထိနဲ့နော်... ငါတို့ လမ်းဖောက်ပေးမယ်"

ချန်ရွှင်သည် ကောင်းကင်သို့ ပျံတက်သွားပြီး လှိုင်း မရှိသော ပင်လယ်ပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

"အဲဒီကောင်တွေရဲ့ သိုလှောင်လက်စွပ်တွေ... အကုန် သွားယူခဲ့"

"မွန်း"

နွားနက်ကြီးလည်း ရှည်လျားစွာ အော်မြည်လိုက်ပြီး ပင်လယ်ပြင်၏ တစ်ဖက်ခြမ်းသို့ ခြေလေးချောင်းဖြင့် ဆင်းသက်လိုက်သည်။

လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ဘယ်ညာ ခွဲထွက်သွားကြပြီး တောင်တန်းကြီးတစ်ခုကဲ့သို့ ကြီးမားသော ရှေးဟောင်းသင်္ဘောကြီး၏ ရှေ့တွင် ရပ်တန့်လိုက်ကြသည်။

ဗွက်... ဗွက်...

ပင်လယ်ပြင်သည် ပွက်လောညံသွားသည်။ ရှေးဟောင်းသင်္ဘောကြီးသည် သက်ရှိများကို အာရုံခံမိလိုက်သကဲ့သို့ ရုတ်တရက် ရပ်တန့်သွားပြီး မျက်စိရှေ့တွင် ရပ်နေသော ပုရွက်ဆိတ်များကဲ့သို့ သေးငယ်လှသည့် လူတစ်ယောက်နှင့် နွားတစ်ကောင်ကို စီးမိုးကြည့်ရှုလိုက်သည်။

ခရမ်းရောင် မြူခိုးများ အဆက်မပြတ် ထွက်ပေါ်လာချိန်တွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ မျက်လုံးများသည် သားကောင်ကို အမဲလိုက်မည့် သိမ်းငှက်များကဲ့သို့ စူးရှစွာ တောက်ပလာပြီး သူတို့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါများမှာလည်း အလွန် ကြမ်းကြုတ်ရက်စက်သော ပုံစံသို့ ပြောင်းလဲသွားလေသည်။

သူတို့၏ နောက်ကျောဘက်မှ ကြောက်မက်ဖွယ် ပုံရိပ်ယောင်ကြီး နှစ်ခု ထွက်ပေါ်လာပြီး မည်းနက်သော အလင်းတန်းများ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအားများသည် ပင်လယ်ပြင်ကို ခွဲခြမ်းလျက် လှိုင်းကြီးများကဲ့သို့ ဝင်ရောက်တိုက်ခိုက်လေသည်။

ပင်လယ်ပြင်သည် အပြင်းအထန် လှိုင်းထသွားပြီး တားမြစ်ပင်လယ်၏ တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းလိုက်သည်။ ရှေးဟောင်းသင်္ဘောကြီး၏ အလိုဆန္ဒသည် မိမိ၏ လမ်းကြောင်းကို တားဆီးသူများအပေါ် ဒေါသထွက်သွားသကဲ့သို့ ပြင်းထန်စွာ သောင်းကျန်းနေတော့သည်။

"အစ်ကိုချန်... အစ်ကိုနွား... သွားပြီဟေ့"

ရှောင်ချိသည် အနီရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ရှေးဟောင်းသင်္ဘောကြီးကို ကွေ့ပတ်လျက် အနောက်ဘက်ရှိ သင်္ဘောအုပ်စုဆီသို့ ထွက်ခွာသွားလေသည်။

ခရမ်းရောင် မြူခိုးများ ဝင်ရောက်တိုက်ခိုက်လာတိုင်း ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအားများက ၎င်းတို့ကို အကြင်နာကင်းမဲ့စွာ ဖျက်ဆီးပစ်လိုက်သည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဝိညာဉ်အပေါက်ကို အစွမ်းကုန် ဖွင့်လိုက်ကြသည်။ ပြင်းထန်သော စွမ်းအင်လှိုင်းများက ခရမ်းရောင် မြူခိုးများကို ဝိညာဉ်ဖိအားဖြင့် ထိန်းချုပ်လိုက်ရာ လှုပ်ရှား၍ပင် မရတော့ပေ။

"နွားကြီး... ရှေးဟောင်းသင်္ဘောကြီးကို မထိနဲ့နော်"

ချန်ရွှင် အေးစက်သော လေသံဖြင့် သတိပေးလိုက်သည်။ လေတိုက်သဖြင့် ဝတ်ရုံများ တဖျပ်ဖျပ် လွင့်ပျံနေပြီး ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်သော အလင်းတန်းများ လွှမ်းခြုံထားသည်။ နောက်ကျောဘက်ရှိ မူလဝိဉာဉ် ပုံရိပ်ယောင်သည်လည်း ထိုနည်းတူပင် ဖြစ်သည်။

"ခရမ်းရောင် အလိုဆန္ဒတွေကို ဖိနှိပ်ထားရုံပဲ လုပ်"

"မွန်း"

နွားနက်ကြီးက ချန်ရွှင်ကို ပြန်ထူးလိုက်သည်။ ဒြပ်ငါးပါး အစီအရင် အလံများသည် အရှိန်ပြင်းစွာဖြင့် ပတ်ဝန်းကျင်တွင် ဝဲပျံနေပြီး ပြည့်လျှံနေသော ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအားများကို ပင်လယ်ထဲသို့ အဆက်မပြတ် ထည့်သွင်းပေးနေသည်။

အစ်ကိုကြီး ပြောချင်သည်ကို သူ နားလည်ပါသည်။ ထိုရှေးဟောင်းသင်္ဘောကြီးထဲရှိ အလောင်း (ရတနာ) များကို သွားမထိရပေ။ အတင်းအဓမ္မ ရွှေ့ပြောင်းရန် ကြိုးစားပြီး ထိုအချိန်က မျှော်လင့်ချက်မဲ့လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေမျိုးကို နောက်တစ်ကြိမ် မခံစားချင်တော့ပေ။

ရှောင်ချိသည် သန္နိဋ္ဌာန်ချကာ သင်္ဘောအုပ်စုပေါ်သို့ ဆင်းသက်လိုက်သည်။

မသင်္ကာသော အကြည့်ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး ပါရမီစွမ်းရည်များကို အစွမ်းကုန် ထုတ်သုံးလိုက်သည်။ မီးလျှံအရှိန်အဝါများကို အရပ်လေးမျက်နှာသို့ ဖြန့်ကျက်လိုက်ပြီး ကျင့်ကြံသူများ၏ သိုလှောင်လက်စွပ်များကို တစ်ခုပြီးတစ်ခု ရစ်ပတ် ယူဆောင်လိုက်လေသည်။

တာ့လီ ကျင့်ကြံသူများ၏ စုတ်ပြတ်နေသော အလောင်းများကို မြင်သော်လည်း ရှောင်ချိ၏ ရင်ထဲတွင် ကြောက်ရွံ့စိတ် မဖြစ်ပေါ်လာပေ။ ယင်းအစား ထူးဆန်းသော သာယာမှုကိုပင် ခံစားနေရပြီး စိတ်ပိုင်းဆိုင်ရာ ဆန့်ကျင်မှု အနည်းငယ်မျှပင် မရှိပေ။

"အစ်ကိုချန်... အစ်ကိုနွား... ရပြီဟေ့"

ရှောင်ချိသည် သင်္ဘောဘေးဘောင်တွင် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်နေရင်း လည်ပင်းပတ်လည်တွင် အမြောက်အမြားသော သိုလှောင်လက်စွပ်များကို ဆွဲချိတ်ထားသည်။

"ပြေးကြမလား"

"ဝိညာဉ်ပို့(အသုဘချ)ပေးမယ်"

"မွန်း မွန်း"

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ပင်လယ်ပြင်တွင် ပြေးလွှားသွားကြပြီး နဖူးတွင် ချွေးစေးများ ပြန်လာကာ ရှေးဟောင်းသင်္ဘောကြီး၏ နောက်ဆုံးပိုင်းသို့ ကွေ့ပတ်သွားပြီး သေဆုံးနေသော သင်္ဘောအုပ်စုကို ကြည့်လိုက်ကြသည်။

ဝုန်း

သူတို့နှစ်ဦး သင်္ဘောပေါ်သို့ ခုန်တက်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်မှောင်ကြုတ်လိုက်ကြသည်။

ဤကျင့်ကြံသူများ၏ အလိုဆန္ဒ (စိတ်ဝိညာဉ်) များ ပျက်စီးသွားပြီ ဖြစ်သည်။ ယခုအခါ အသားတုံး အခွံချည်းသက်သက်သာ ဖြစ်နေပြီ။

နတ်အသိနှင့် ဝိညာဉ်စွမ်းအင်များလည်း အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားကြပြီ။ မြေအောက် သက်ရှိများနှင့် မတူဘဲ ပြန်လည်ရှင်သန်နိုင်မည့် မျှော်လင့်ချက်ပင် ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။

"ယဇ်ပလ္လင် ဖွင့်လိုက်... တာအိုမိတ်ဆွေတို့ကို ကောင်းရာမွန်ရာ ပို့ပေးမယ်"

ချန်ရွှင်သည် ကုန်းပတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ဝိညာဉ်အပေါက်မှ မည်းနက်သော အလင်းတန်းများသည် ယခုတိုင် ခရမ်းရောင် မြူခိုးများကို အသေအလဲ ပိတ်လှောင်ထားဆဲ ဖြစ်သည်။

"... သိုလှောင်လက်စွပ်တွေကိုတော့ ကျေးဇူးတင်စွာနဲ့ လက်ခံလိုက်ပါ့မယ်"

"မွန်း မွန်း..."

နွားနက်ကြီးလည်း ထိုင်ချလိုက်ပြီး မိမိ၏ လက်စွပ်ထဲမှ အမွှေးတိုင်အိုးကို ထုတ်ယူကာ လေထဲတွင် ဝဲပျံစေလိုက်သည်။

ရှောင်ချိ မျက်နှာပျက်သွားပြီး မသိလိုက်ဘာသာဖြင့် ရှေးဟောင်းသင်္ဘောကြီးဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်မိသည်။

အစ်ကိုကြီးတို့က ဘယ်လောက်တောင် အေးဆေးနေတာလဲ။ တကယ်ကြီး ဝိညာဉ်ပို့(အသုဘချ)ပေးမလို့လား။ နောက်နေတာ ထင်နေတာ။

သူတို့သုံးဦးသည် အရပ်သုံးမျက်နှာတွင် နေရာယူလိုက်ပြီး တရားစာရွတ်ဖတ်ကာ မေတ္တာပို့ပေးကြသည်။

ထိုအခါ သနားစရာကောင်းသော သေမင်းတမန် မျက်နှာထား ဖြစ်နေသည့် ကျင့်ကြံသူများ၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း ငြိမ်းချမ်းသော ပုံစံသို့ ပြောင်းလဲသွားပြီး ခြောက်ခြားဖွယ်ရာများ ပျောက်ကွယ်သွားလေသည်။

သူတို့၏ ခန္ဓာကိုယ်များသည် မှိန်ဖျော့သော ကြယ်မှုန် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ဖြည်းညှင်းစွာ ပျောက်ကွယ်သွားကြသည်။ အစစ်အမှန် 'ကောင်းရာမွန်ရာသို့ ရောက်ရှိခြင်း' ပင် ဖြစ်သည်။

လှေပျံကြီးသည်လည်း ရှေးဟောင်းသင်္ဘောကြီး၏ ဘေးမှ ဖြတ်သန်းသွားပြီး သင်္ဘောအုပ်စု အနီးသို့ ချဉ်းကပ်ကာ စောင့်ဆိုင်းနေသည်။

တားမြစ်ပင်လယ်မှ ရှေးဟောင်းသင်္ဘောကြီး၊ ခရမ်းရောင် စွမ်းအင်၏ အလိုဆန္ဒ၊ လမ်းပျောက်နေသော သင်္ဘောအုပ်စု၊ သနားစရာ ကောင်းအောင် သေဆုံးသွားသော တာ့လီ ကျင့်ကြံသူများ။ ထိုနေရာတွင် တရားစာရွတ်ဖတ်ရင်း မေတ္တာပို့ပေးနေသော အမည်းရောင် ပုံရိပ်သုံးခု ထပ်ပေါင်းလာသောအခါ အလွန်တရာ ထူးဆန်းပြီး ခြောက်ခြားဖွယ်ကောင်းသော မြင်ကွင်းကြီးကို ဖန်တီးလိုက်လေသည်။

"သွားမယ်"

"မွန်း"

"ဟုတ်ကဲ့ပါ အစ်ကိုချန်"

သူတို့သုံးဦးသည် အလင်းတန်း သုံးခုအဖြစ် ပြောင်းလဲကာ လှေပျံကြီးပေါ်သို့ ခုန်တက်လိုက်ပြီး အရှိန်ကုန် ထွက်ပြေးကြလေတော့သည်။

လမ်းပျောက်နေသော သင်္ဘောအုပ်စုသည် အလောင်းများ မရှိတော့ဘဲ အခွံချည်း သက်သက် ဖြစ်သွားကာ ရှေးဟောင်းသင်္ဘောကြီး၏ နောက်သို့ ထပ်မံ လိုက်ပါပြီး လမ်းလွဲနေကြပြန်သည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ကုန်းပတ်ပေါ်တွင် ပခုံးများ လှုပ်ခါအောင် အသက်ရှူနေရသည်။ ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအားကို အစွမ်းကုန် သုံးစွဲခဲ့ရသည်။ ရှေးဟောင်းသင်္ဘောကြီး တစ်စင်းကို ဖိနှိပ်ထားရခြင်းသည် တားမြစ်ပင်လယ် ကြီး တစ်ခုလုံးကို ရင်ဆိုင်ရသကဲ့သို့ ဖြစ်ပြီး ထိုဖိအားသည် စိတ်ကူးယဉ်၍ပင် မရနိုင်အောင် ကြီးမားလှသည်။

"ညီအစ်ကိုတို့... ပင်ပန်းသွားပြီ"

ချန်ရွှင် ပြုံးလိုက်သည်။

"ရှောင်ချိ... ဘယ်လောက် ရလဲ"

နွားနက်ကြီးသည် ချန်ရွှင်ဘေးသို့ တိုးကပ်သွားသည်။ အသက်အန္တရာယ် မရှိလျှင် ကိစ္စမရှိပေ။ စိတ်ဝိညာဉ် စွမ်းအား အနည်းငယ် ကုန်ဆုံးသွားရုံသာဖြစ်သည်။

"အစ်ကိုချန်... (၁၃၂) ကွင်းတောင်"

ရှောင်ချိ ထူးဆန်းသော အသံဖြင့် အော်ဟစ်လိုက်ပြီး ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ ပတ်လည်တွင် ပတ်ပြေးနေသည်။

"တကယ် ချမ်းသာပြီဟေ့"

"ဟားဟားဟား..."

ချန်ရွှင်သည် ပါးစပ်စုတ်ပြဲမတတ် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး နွားနက်ကြီး၏ ကျောကို ခပ်ကြမ်းကြမ်း ပုတ်လိုက်သည်။

"နွားကြီး... ငါ ပြောတဲ့အတိုင်း မဟုတ်လား... တားမြစ်ပင်လယ်ကို လာတာ တကယ့်ကို မှန်ကန်တဲ့ ရွေးချယ်မှုပဲ"

"မွန်း..."

နွားနက်ကြီးသည် မျက်လုံးများ ပြူးကျယ်သွားပြီး ပူနွေးသော နှာမှုတ်သံများကို အကြိမ်ကြိမ် မှုတ်ထုတ်ကာ ရင်ထဲမှ လှိုက်လှဲစွာ ဝမ်းသာပီတိ ဖြစ်နေသည်။

ရှောင်ချိ မျက်နှာတစ်ခုလုံး နီရဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ရီနေသည်။ အန္တရာယ် အနည်းငယ်လောက် စွန့်စားလိုက်ရုံဖြင့် ဤမျှ ကြီးမားလှသော အကျိုးအမြတ်ကြီးကို ရရှိလိမ့်မည်ဟု မထင်ထားပေ။

ချလွင်

သိုလှောင်လက်စွပ်များကို တစ်ခုပြီးတစ်ခု လေထဲသို့ ပစ်တင်လိုက်ပြီး နွားနက်ကြီးက တစ်ခုချင်းစီ၏ သော့များကို ဖြတ်တောက် ဖွင့်လိုက်သည်။

အတွင်းမှ တောင်ပုံယာပုံဖြစ်နေသော ခြောက်ထောင့်ပုံစံ ဝိညာဉ်ကျောက်တုံးများ ဒလဟော ကျဆင်းလာပြီး ကုန်းပတ်ပေါ်တွင် ပုံကျသွားသည်။

အရောင်အသွေး စုံလင်နေပြီး ဓာတ်အမျိုးမျိုး၏ သန့်စင်သော ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည်။ ကျင့်ကြံခြင်းလောကမှ ကျင့်ကြံသူများသည် မည်သည့်အရာကိုပင် မုန်းတီးပါစေ၊ ဤဝိညာဉ်ကျောက်တုံးများကိုတော့ ဘယ်တော့မှ မုန်းတီးမည် မဟုတ်ပေ။

မျက်စိတစ်မှိတ် အတွင်းမှာပင် လှေပျံကြီးသည် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်များဖြင့် ဖုံးလွှမ်းသွားသည်။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အရေအတွက်သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး များထက်ပင် ပိုများနေသေးသည်။

တစ်သောင်း...

သုံးသောင်း...

ငါးသောင်း...

တစ်သိန်း...

ချန်ရွှင်၊ နွားနက်ကြီးနှင့် ရှောင်ချိတို့၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရီလာကြသည်။

ဒါ ဘယ်လို ဖြစ်တာလဲ။ တားမြစ်ပင်လယ်ကို လာမယ် ဆိုပြီး အဲဒီ သင်္ဘောအုပ်စုရဲ့ အင်အားစုက ပိုင်ဆိုင်မှု အကုန် ယူလာတာလား။

ရှောင်ချိ မျက်လုံးများ မိုးမျှော်သွားသည်။ ကောင်းကင်မှ ကျလာသကဲ့သို့သော ဤ ဆုလာဘ်ကြီးကို သူ၏ စိတ်ဝိညာဉ်က ခံနိုင်ရည် မရှိတော့ချေ။ ဤမျှ များပြားလှသော ကျင့်ကြံခြင်း ရင်းမြစ်များကို အိပ်မက်ထဲတွင်သာ မြင်ဖူးခဲ့သည်။

"မွန်း"

နွားနက်ကြီး အံ့သြသွားသည်။ ချန်ရွှင်၏ ပုံစံက တစ်မျိုးကြီး ဖြစ်နေပါလား။

"အစ်ကိုချန်"

ရှောင်ချိလည်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ချန်ရွှင်သည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ အားပါသွားသဖြင့် အမှုန့်ဖြစ်သွားအောင် ညှစ်ခြေမိသွားသည်။ ထို့နောက် ထိုအတိုင်း တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး တရားမှတ်နေလေသည်။

သူသည် အလွန်တရာ ဝမ်းသာပီတိ ဖြစ်နေပြီး အဝေးရှိ ကောင်းကင်ကို ငေးမောကြည့်ရှုနေသည်။

"ကောင်းကင်ဘုံရဲ့ ကျေးဇူးကို တင်ပါတယ်။ ဤအရှင်သည် ယနေ့တွင် နောက်ဆုံးတော့ သဘောပေါက်သွားခဲ့ပြီ... 'ကျင့်ကြံခြင်း လမ်းစဉ်' ဆိုတာ ဘာလဲဆိုတာကို"

"မွန်း မွန်း"

"သုံးမကုန်နိုင်တဲ့ ဝိညာဉ်ကျောက်တုံးတွေ... သုံးမကုန်နိုင်တဲ့ ကျင့်ကြံခြင်း ရင်းမြစ်တွေ... ဒါကမှ ကျင့်ကြံခြင်း လမ်းစဉ် ဆိုတာကွ"

ချန်ရွှင်သည် အမှုန့်ဖြစ်သွားသော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများကို လက်နှစ်ဖက်ဖြင့် ကော်ယူလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားကာ ရယ်မောလေတော့သည်။

"ဟဲဟဲဟဲဟဲ..."

"အစ်ကိုချန်"

ရှောင်ချိ လန့်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသည်။ အစ်ကိုချန်... ကျင့်စဉ်သွေဖည်ပြီး ရူးသွားတာများလား။

"မွန်း..."

နွားနက်ကြီးသည် လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ချန်ရွှင်နှင့် အကြည့်ချင်း ဆုံကာ ထိုနည်းတူပင် နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားပြီး ခပ်ဟဟ ရယ်မောလိုက်သည်။ အစ်ကိုကြီး ပြောချင်တာကို သူ ကောင်းကောင်းကြီး နားလည်ပါသည်။

ရှောင်ချိ ဘယ်ကြည့်၊ ညာကြည့် လုပ်နေသည်။

(သွားပြီ... အစ်ကိုနွားပါ ရူးသွားပြီ)

(အပိုင်းပိုထည့်ပေးထားပါသည်)

minko

All Chapters