အခန်း ၈၇၂
Vol. 83 Ch. 872
အခန်း (၈၇၂) - သတ္တမအဆင့် ဆေးဖော်စပ်ပညာရှင်အဖြစ် တိုးတက်ခြင်း၊ ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးနှင့် ခန္ဓာပေါင်းစည်းခြင်း ကပ်ဘေးသုံးပါး (၂)
ဤအချိန်တွင် အမှတ် (၈၈) တာအိုကျောင်းတော်ရှိ စံအိမ်တစ်ခု၌။
ဝုန်း... ဝုန်း... ဝုန်း…။
ကောင်းကင်ထက်၌ မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းနေပြီး ရွှေရောင် မိုးကြိုးများသည် နဂါးပျံများကဲ့သို့ မကြာခဏ အောက်သို့ပစ်ချနေကာ ဆေးဖော်စပ်ခန်းဆီသို့ ဦးတည်သွားနေသည်။ ထိုနေရာတစ်ဝိုက်တွင် ဖျက်ဆီးခြင်း အငွေ့အသက်များ ပြည့်နှက်နေချေသည်။
ထောင်ချီလီ၊ ပိုင်စုကျဲ့၊ စစ်ယွီရှီးနှင့် ဟွားစစ်ချင်တို့ လေးဦးလုံးသည် မျက်ဝန်းလှလှလေးများကို ဝိုင်းစက်လျက် ထိုကဲ့သို့ ကောင်းကင်လှုပ်ခတ်စေသော မိုးကြိုးကပ်ဘေးကို ကြည့်ရင်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကြ၏။
"ယောက်ျားက ဘယ်လိုဆေးလုံးမျိုးကို ဖော်စပ်နေလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ ဆေးလုံးကပ်ဘေးကို ဆွဲဆောင်နေရတာလဲ...”
ပိုင်စုကျဲ့က အလွန်တရာ အံ့ဩတုန်လှုပ်သွားရ၏။
သူမသည်လည်း ဆေးလုံးကပ်ဘေးများနှင့် အကျွမ်းတဝင် ရှိလှသည် မဟုတ်ပါလော။
အဘယ်ကြောင့်ဆိုသော် ဤကာလအတွင်း ကျိုးစွေ့သည် ဆေးလုံးများကို မကြာခဏ ဖော်စပ်လေ့ရှိပြီး ဆေးလုံးကပ်ဘေးများ ပေါ်ပေါက်လာတတ်သောကြောင့်ပင်။
သို့သော် ယခင်က ကပ်ဘေးများသည် သူမ နားလည်နိုင်သော အတိုင်းအတာအတွင်း၌သာ ရှိခဲ့သည်။ ယခုမူ ပေါ်ပေါက်လာသော ဆေးလုံးကပ်ဘေးသည် ယခင်ကထက် ဆယ်ဆမက ပိုမိုပြင်းထန်နေသဖြင့် သူမ၏ နှလုံးသားကို တုန်လှုပ်ခြောက်ခြားစေပြီး ကြက်သီးမွေးညင်းများပင် ထလာစေ၏။
မည်သို့သော ဆေးလုံးက ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးကို ဖြစ်ပေါ်စေနိုင်သည်ကို သူမ မခန့်မှန်းနိုင်တော့ပေ။ ဤသည်မှာ တကယ့်ကို ထူးဆန်းအံ့ဩဖွယ်ရာပင်။
"ကျမ ထင်တာ မမှားဘူးဆိုရင် ဒါက သတ္တမအဆင့် ဆေးလုံးဖြစ်တဲ့ ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးပဲ ဖြစ်ရမယ်...”
ဟွားစစ်ချင်က မျက်ဝန်းများကို မှေးစင်းကာ သူမ၏ ခန့်မှန်းချက်ကို ပြောလိုက်လေသည်။
"ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးလား။ ဒါက လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေကို ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းစေနိုင်တဲ့ ဒဏ္ဍာရီလာ အထွတ်အထိပ် နတ်ဘုရားဆေးလုံး မဟုတ်လား...”
"ယောက်ျားက တကယ်ပဲ ဒီလိုဆေးလုံးမျိုးကို ဖော်စပ်နိုင်ပြီလား..."
ပိုင်စုကျဲ့က သူမ၏အပြူးသားမျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း အံ့ဩတုန်လှုပ်သွားလေသည်။
သူမသည် အမျိုးသားဖြစ်သူက ဤကာလအတွင်း ဆေးလုံးဖော်စပ်ခြင်းပညာရပ်ကို အစဉ်တစိုက် ကျင့်ကြံအားထုတ်နေပြီး တိုးတက်မှုနှုန်းမှာ အလွန်ပင် လျင်မြန်ကြောင်း သိထားပေသည်။
သို့သော်ငြား သတ္တမအဆင့် ဆေးလုံးအထိ ဖော်စပ်နိုင်လိမ့်မည်ကို သူမ လုံးဝမထင်မှတ်ထားခဲ့ချေ။
ဤသည်က သူမ၏ယောက်ျားတွင် သတ္တမအဆင့် ဆေးလုံးဖော်စပ်ပညာရှင် အဆင့်အတန်း ရှိနေပြီဖြစ်ကြောင်း ဖော်ပြနေပေသည်။
အကယ်၍သာ အမှန်ဖြစ်ပါက သူမ၏ယောက်ျားသည် လူသားမျိုးနွယ်၏ ဧကရာဇ်မြို့တော်တွင်ပင်လျှင် အလွန်အရေးပါသော အထင်ကရပုဂ္ဂိုလ်ကြီး ဖြစ်လာပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူအပါး တစ်ရာကျော်ထဲတွင်ပင် သတ္တမအဆင့် ဆေးလုံးဖော်စပ်ပညာရှင် ဖြစ်လာနိုင်သူမှာ အလွန်တရာ ရှားပါးလှသောကြောင့် ဖြစ်၏။
"ဒါပေမဲ့ မဟုတ်သေးဘူး... သူက သတ္တမအဆင့် ဆေးလုံးဖော်စပ်ပညာရှင်အဆင့် ရှိတယ်ဆိုရင်တောင်မှ..."
"ထိုက်ရွှမ်အံ့ဖွယ်တစ်သောင်းဆေးလုံးကို ဖော်စပ်ဖို့ လိုအပ်တဲ့အဓိကဆေးပင်ကို သူ ဘယ်ကနေ ရလာတာလဲ..."
"အဓိကဆေးပင်ဖြစ်တဲ့ အံ့ဖွယ်တစ်သောင်းပန်းဆိုတာ လွန်ခဲ့တဲ့အချိန်ကတည်းက မျိုးသုဉ်းသွားခဲ့ပြီ မဟုတ်လား..."
"မျိုးမသုဉ်းသေးဘူးဆိုရင်တောင် အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုတွေကပဲ ထိန်းချုပ်ထားတာလေ... သာမန်ကျင့်ကြံသူတွေအနေနဲ့ ဘယ်လိုမှ မရနိုင်ဘူး..."
စစ်ယွီရှီးမှာ ကြက်သေသေသွားရပြီး ဤသို့သောအရာမျိုး ဖြစ်ပျက်လာလိမ့်မည်ကို လုံးဝ ထင်မှတ်မထားခဲ့ချေ။
သူမသည် အကယ်၍ ထိုက်ရွှမ်အံ့ဖွယ်တစ်သောင်းဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပါက မည်မျှအခြေအနေအထိ ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို ကောင်းစွာ နားလည်ထားသည်။
ဤသည်က ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူအသစ်တစ်ပါး မွေးဖွားလာတော့မည်ကို အဓိပ္ပာယ်ရသည် မဟုတ်ပါလော။
လူသားမျိုးနွယ်တွင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ရာကျော်မျှသာ ရှိရသည့်အကြောင်းရင်းမှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများကို ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းရန် ကူညီပေးနိုင်သော ဆေးလုံးများနှင့် အထောက်အကူပြု ဆေးဖက်ဝင်အပင်များ ကင်းမဲ့နေသောကြောင့် ဖြစ်၏။
ဤသို့သော အဆင့်မြင့်ဆေးပင်များကို အင်အားကြီးမျိုးနွယ်စုကြီးများနှင့် အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများက စောစီးစွာပင် သိမ်းပိုက်ထားကြသဖြင့် လူသားမျိုးနွယ်ကဲ့သို့ အားနည်းသောမျိုးနွယ်စုများအတွက် အလှည့်မကျနိုင်ဘဲ ကျင့်ကြံမှုအဆင့်တက်လှမ်းရန် အလွန်တရာ ခက်ခဲလှပေသည်။
အကယ်၍သာ လူသားမျိုးနွယ်သည် ထိုက်ရွှမ်အံ့ဖွယ်တစ်သောင်းဆေးလုံးကို ဖော်စပ်နိုင်ပါက ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူဦးရေမှာ ယခုထက် နှစ်ဆကျော် သို့မဟုတ် ထို့ထက်မက ပိုမိုများပြားလာမည်မှာ အသေအချာပင်။
"ဒါကတော့... ယောက်ျားက ကိုယ့်ကံတရားနဲ့ကိုယ် ရတနာတွေ ရတတ်တာပဲ... အံ့ဖွယ်တစ်သောင်းပန်းကို ရတာလည်း ဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး... ခစ်ခစ်…"
ထောင်ချီလီက တခစ်ခစ် ရယ်မောလိုက်၏။
အမှန်စင်စစ် သူမသည် ဤအကြောင်းကို စောစီးစွာကတည်းက သိရှိထားပြီး ဖြစ်လေသည်။
သူမ၏ယောက်ျားသည် အံ့ဖွယ်တစ်သောင်းပန်း တစ်ပင်ကို ရရှိခဲ့ရုံသာမကဘဲ အပင်များစွာကိုလည်း စိုက်ပျိုးပျိုးထောင်ထားနိုင်သဖြင့် နောင်တစ်ချိန်တွင် ထိုက်ရွှမ်အံ့ဖွယ်တစ်သောင်းဆေးလုံးကို အမြောက်အမြားပင် ဖော်စပ်နိုင်မည် ဖြစ်၏။
ထိုအချိန်ကျလျှင် သူမတို့ညီအစ်မများ လေဟာနယ်သန့်စင်ခြင်းအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပါက ထိုက်ရွှမ်အံ့ဖွယ်တစ်သောင်းဆေးလုံး၏ အကူအညီဖြင့် ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
သူမတို့အတွက် ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းရန် အကြီးမားဆုံးသော အတားအဆီးမှာ ကင်းစင်သွားပြီ ဖြစ်ပေသည်။
ရိုးရိုးသားသား ပြောရလျှင် သူမ၏ယောက်ျားက သူမအတွက် ထိုက်ရွှမ်အံ့ဖွယ်တစ်သောင်းဆေးလုံးကို ဖော်စပ်ပေးလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
ဤသည်က လူသားမျိုးနွယ်၏ ဧကရာဇ်မြို့တော်တွင်ပင် ရရှိရန် မဖြစ်နိုင်သော အခွင့်အရေးမျိုး ဖြစ်ပေသည်။
"ဒါက..."
စစ်ယွီရှီးမှာ ပြောစရာစကား မရှိတော့ချေ။ ထိုအမျိုးသားသည် အလွန်ပင် ဆန်းကြယ်လွန်းလှသည်။ သူသည် ဘုံတက်လှမ်းသူတစ်ဦးမျှသာ ဖြစ်သော်လည်း သူ၏စွမ်းဆောင်ရည်များမှာ သူမတို့ကဲ့သို့ ဝိညာဉ်လောက၏ မူလနေထိုင်သူများထက် အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ် ကောင်းနေချေသည်။
ထို့အပြင် ဤအမျိုးသားသည် တစ်နှစ်ပတ်လုံး ဖုန်းရှီးကျွန်းတွင်သာ ကျင့်ကြံနေပြီး အပြင်သို့ထွက်ကာ စွန့်စားခြင်းလည်းမရှိဘဲ ဤမျှများပြားသော ရတနာများကို မည်သည့်နေရာမှ ရရှိနေသနည်းဟူသည်မှာ အမှန်တကယ်ပင် အဖြေရှာရ ခက်ခဲလှပေသည်။
သူမသည် ဤအမျိုးသားအပေါ် ပိုမို၍ စိတ်ဝင်စားလာမိတော့သည်။
ဝုန်း... ဝုန်း... ဝုန်း…။
ယခုအချိန်တွင် သတ္တမအဆင့် ဆေးလုံးကပ်ဘေးမှာ ပိုမိုပြင်းထန်လာပုံရပြီး ရွှေရောင်မိုးကြိုးများ ကောင်းကင်ယံမှ အဆက်မပြတ် ကျရောက်လာလျက် ရှိသည်။
ရာနှင့်ချီသော မိုးကြိုးများသည် မိုးကြိုးပင်လယ်ကြီးအလား ဖြစ်ပေါ်နေကာ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းအငွေ့အသက်များကို ထုတ်လွှတ်လျက် တစ်ပြင်လုံးရှိ ဆေးဖော်စပ်ခန်းကို လုံးဝပြာကျသွားစေရန် ခြိမ်းခြောက်နေသည်။
သို့သော်လည်း ထိုရွှေရောင်မိုးကြိုးများသည် ဆေးဖော်စပ်ခန်းကို မည်မျှပင် ပြင်းထန်စွာ တိုက်ခိုက်သည်ဖြစ်စေ၊ ရွှံ့နွံအိုင်ထဲသို့ ကျရောက်သွားသကဲ့သို့ပင် အလုံးစုံ ဝါးမြိုခြင်းခံလိုက်ရပြီး ဆေးဖော်စပ်ခန်းကို မြူမှုန့်တစ်စမျှပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။
ဝုန်း...
မည်မျှ ကြာမြင့်သွားသည်မသိ၊ ကောင်းကင်ယံမှ ဆေးလုံးကပ်ဘေးစွမ်းအားများသည်လည်း သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေပြီ။
ရှင်းလင်းလှစွာပင် သတ္တမအဆင့် ဆေးလုံးကပ်ဘေး၏ စွမ်းအားများမှာ အလုံးစုံ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထို့နောက် ဆေးဖော်စပ်ခန်းမှ ရောင်စုံအလင်းတန်းများ ကောင်းကင်သို့ ထိုးတက်သွားကာ မိုင်တစ်ရာကျော် ရှည်လျားသော သက်တန့်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး မွှေးကြိုင်လှသော ဆေးရနံ့များနှင့်အတူ အမှတ် (၈၈) တာအိုကျောင်းတော် တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
ဤဆေးရနံ့များကို ရှူရှိုက်မိလိုက်ရသဖြင့် အမှတ် (၈၈) တာအိုကျောင်းတော်မှ ကျောင်းသားများအားလုံး စိတ်ဝိညာဉ်များ နိုးကြားတက်ကြွလာကာ ကျင့်ကြံမှုအဆင့်များ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး အချို့မှာ နှစ်ပေါင်းများစွာ ပိတ်ဆို့နေသော အတားအဆီးကိုပင် တိုက်ရိုက် ကျော်ဖြတ်နိုင်ခဲ့ကြ၏။
မြေပြင်ပေါ်ရှိ မြက်ပင်များမှာလည်း လျင်မြန်စွာ ကြီးထွားလာပြီး ပန်းမန်များ ဖူးပွင့်လာကာ သစ်ပင်ကြီးများမှာလည်း ပိုမိုမြင့်မားလာပုံရသည်။
အမှတ် (၈၈) တာအိုကျောင်းတော် တစ်ခုလုံးရှိ သစ်ပင်ပန်းမန်များမှာ စိမ်းလန်းစိုပြည်လာပြီး ကြီးမားလှသော သက်စောင့်အားအင်များ ပြည့်နှက်သွားလေသည်။
"ရနံ့တွေပျံ့လွင့်နေပြီး ရောင်စုံအလင်းတွေလည်း ဖြာထွက်နေပြီ... သူက သတ္တမအဆင့် ဆေးလုံးကို တကယ်ပဲ အောင်မြင်အောင် ဖော်စပ်နိုင်ခဲ့တာလား..."
ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် စစ်ယွီရှီးမှာ သူမ၏လှပသော အပြူးသားမျက်ဝန်းများဖြင့် ငေးကြည့်ရင်း အလွန်ပင် အံ့အားသင့်သွားရသည်။
သူမသည် ဤမျှပြင်းထန်လှသော ဆေးလုံးကပ်ဘေးအောက်တွင် ဆေးဖော်စပ်ခြင်းမှာ မုချ ကျရှုံးလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အဆုံးသတ်တွင် အောင်မြင်သွားလိမ့်မည်ဟု မည်သူက ထင်ထားမိပါမည်နည်း။
ဤသည်က အမှန်တကယ်ပင် စိတ်ကူးယဉ်၍ မရနိုင်လောက်အောင် ဖြစ်ပေသည်။
"သေချာပေါက် အောင်မြင်တာပေါ့... ယောက်ျားက ဆေးလုံးဖော်စပ်တဲ့နေရာမှာ ကျရှုံးတာမျိုး မရှိသလောက်ပဲ..."
ပိုင်စုကျဲ့က အလွန်ပင် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ ဤသည်က သူမ၏ယောက်ျားသည် ယခုအချိန်တွင် သတ္တမအဆင့် ဆေးလုံးဖော်စပ်ပညာရှင် ဖြစ်လာပြီဖြစ်ကြောင်း သက်သေပြနေသည်။
မဟုတ်သေးချေ၊ သတ္တမအဆင့် ဆေးလုံးဖော်စပ်ပညာရှင် ဖြစ်လာရုံတင် မကသေးပေ။
ထိုက်ရွှမ်အံ့ဖွယ်တစ်သောင်းဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခြင်းသည် အစ်မကြီးထောင် ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက် ရှိလာပြီဖြစ်ကြောင်း ဖော်ပြနေသည် မဟုတ်ပါလော။
……