အခန်း ၈၇၅
Vol. 83 Ch. 875
အခန်း (၈၇၅) - သတ္တမအဆင့် ဆေးဖော်စပ်ပညာရှင်အဖြစ် တိုးတက်ခြင်း၊ ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးနှင့် ခန္ဓာပေါင်းစည်းခြင်း ကပ်ဘေးသုံးပါး (၅)
နောက်ထပ် နာရီဝက်ခန့် အနားယူလိုက်၏။
ကျိုးစွေ့သည် ဆေးသန့်စင်ခန်းထဲရှိ ပစ္စည်းများကို ရှင်းလင်းလိုက်ပြီး ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံး သုံးလုံးကိုလည်း သိမ်းဆည်းကာ ဆေးသန့်စင်ခန်းထဲမှ ထွက်ခွာလာခဲ့လေသည်။
ထို့နောက် သူသည် စံအိမ်ထဲသို့ ပြန်ရောက်လာခဲ့၏။
"ယောကျ်ား...”
"ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံး သန့်စင်လို့ အောင်မြင်သွားပြီလား...”
ပိုင်စုကျဲ့၊ ထောင်ချီလီနှင့် ဟွားစစ်ချင်တို့ သုံးဦးသည် ကျိုးစွေ့ကို ဝမ်းသာအားရ ကြည့်လိုက်ကြလေသည်။
စစ်ယွီရှီးမှာမူ စောစောစီးစီးကပင် ထွက်သွားခဲ့လေပြီ။ သူမအနေဖြင့် ဤနေရာတွင် အပိုလူအဖြစ် မနေချင်ချေ။
"သေချာပေါက် အောင်မြင်တာပေါ့။ ဟောဒီမှာ ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးပဲ...”
ကျိုးစွေ့သည် ခပ်ဖွဖွ ပြုံးလိုက်ပြီး ကိုယ်ပေါ်မှ ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံး သုံးလုံးကို ချက်ချင်း ထုတ်ယူလိုက်ရာ ဤသတ္တမအဆင့် အစောပိုင်း ဆေးလုံးသုံးလုံးသည် မျက်စိကျိန်းမတတ် ရွှေရောင်အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာပြီး ပြင်းထန်သော ဆေးရနံ့များ ပျံ့နှံ့သွားလေသည်။
"ဒဏ္ဍာရီထဲက ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံး ဖြစ်နေတာပဲ။ ယောကျ်ားရဲ့ ဆေးလုံးသန့်စင်တဲ့ ပညာရပ်က သတ္တမအဆင့်ကို ရောက်သွားခဲ့ပြီ...”
"လူသားမျိုးနွယ် ဧကရာဇ်မြို့တော်မှာဆိုရင်တောင် ယောကျ်ားနဲ့ ယှဉ်နိုင်တဲ့ ဆေးဖော်စပ်ပညာရှင် မရှိသလောက် ရှားပါးသွားလောက်ပြီ...”
ဟွားစစ်ချင်သည် များစွာ သက်ပြင်းချရင်း ပြောလိုက်လေသည်။
သူမ၏ ယောက်ျားဖြစ်သူက ဤမျှ တိုးတက်မှုအမြန်နှုန်း မြန်ဆန်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ကျိုးစွေ့သည် ဝိညာဉ်ကမ္ဘာသို့ ယခုလေးတင် တက်လှမ်းလာသော နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ခဲ့သည်။
သို့သော် ယခုမူ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းသွားနိုင်ရုံသာမက သတ္တမအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦးပင် ဖြစ်လာခဲ့ချေပြီ။
ထိုသို့သော တိုးတက်မှုအမြန်နှုန်းက စိတ်ကူး၍ပင် မရနိုင်အောင် ဖြစ်ရသည်။
"ဒီလိုအဖိုးတန်လှတဲ့ သတ္တမအဆင့် ရတနာဆေးလုံးတွေကို ရှင်က သုံးလုံးတောင် သန့်စင်နိုင်ခဲ့တာပဲ...”
"ပြီးတော့ လေဟာနယ်သန့်စင်ခြင်းအဆင့်ကနေ ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို ချိုးဖောက်ဖို့ ကူညီပေးနိုင်တဲ့ ရတနာဆေးလုံးတွေလေ...”
"အကယ်လို့ ဒီလိုဆေးလုံးမျိုးသာ လူသားမျိုးနွယ် ဧကရာဇ်မြို့တော်မှာ ပေါ်လာခဲ့မယ်ဆိုရင် သွေးထွက်သံယိုမှုတွေ အများကြီးဖြစ်လာမှာ သေချာတယ်...”
"ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေတောင် အကြီးအကျယ် တိုက်ခိုက်ကြပြီး မရေမတွက်နိုင်တဲ့ သေဆုံးမှုတွေ ဖြစ်လာလိမ့်မယ်...”
ထောင်ချီလီ၏ မျက်နှာမှာ အတော်လေး ရှုပ်ထွေးသွားလေသည်။
သံသယဖြစ်ဖွယ်မရှိ၊ သူတို့သည်သာ လူသားမျိုးနွယ် ဧကရာဇ်မြို့တော်တွင် ရှိနေသေးပါက ဤထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးက သူတို့အလှည့် ရောက်လာမည် မဟုတ်သည်မှာ အသေအချာပင်။
အဘယ်ကြောင့်ဆိုသော် ဇာတ်မြစ်နောက်ကြောင်းအရ ဖြစ်စေ၊ ပါရမီအရ ဖြစ်စေ သူမတို့ကိုယ်တိုင်သည် ထိုလူသားမျိုးနွယ် ပါရမီရှင်များနှင့် ယှဉ်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။
သူမကိုယ်တိုင်ကိုယ်ကျ ယခု ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံး တစ်လုံးရရှိနိုင်ခြင်းမှာ ကျိုးစွေ့၏ တာအိုလက်တွဲဖော် ဖြစ်နေခြင်းကြောင့်သက်သက်သာ ဖြစ်ပေသည်။
ဤလောကတွင် တာအိုလက်တွဲဖော်ထက် ပို၍ရင်းနှီးသော ဆက်ဆံရေး အဘယ်မှာ ရှိနိုင်ဦးမည်နည်း။
"ငါ့ယောကျ်ားဆိုတဲ့အတိုင်းပါပဲ...”
ပိုင်စုကျဲ့သည် ကျိုးစွေ့ကို အားကျကြည်ညိုသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်လေသည်။
သူမအနေဖြင့် ဤအမျိုးသားကို မည်သို့ ချီးကျူးရမည်မှန်း မသိတော့ချေ။ အချုပ်အားဖြင့်ဆိုရသော် ယခင်ကတည်းက ချီးမွမ်းစကားများစွာကို ပြောခဲ့ပြီးမဟုတ်ပါလော။
"အရမ်း အဖိုးတန်တယ်လို့ မတွေးပါနဲ့...”
"ဒါက ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံး တစ်လုံးသက်သက်ပါပဲ...”
"အခု ငါ့ဆီမှာ စိတ်ဝိညာဉ်ဆေးပင်တွေ ပေါလောနေတာပဲ။ တကယ်လို့ ထပ်လိုချင်သေးရင်လည်း ထပ်ပြီး ဖော်စပ်ပေးလို့ ရတယ်...”
"တကယ်လို့ မင်းသာ ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင် ဒါက ကျုပ်တို့အတွက် အကောင်းဆုံး သတင်းကောင်း ဖြစ်လာမှာပဲ...”
"ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းရှီးမြို့တော်ကလည်း ဒုတိယမြောက် ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်တစ်ယောက်ကို လိုအပ်နေပြီလေ...”
ကျိုးစွေ့က ပြုံးလိုက်ပြီး ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးတစ်လုံးကို ထောင်ချီလီထံသို့ ချက်ချင်း ကမ်းပေးလိုက်၏။
အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့်မူ ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိရန် အလွန်ပင် ကွာဝေးလွန်းနေသေးသောကြောင့် ဖြစ်သည်။
အချိန်တိုအတွင်း သူ မည်သို့ပင် ကြိုးစားစေကာမူ အဆင့်တက်လှမ်းနိုင်ရန် မဖြစ်နိုင်ချေ။
သို့သော် ထောင်ချီလီမှာမူ လက်ရှိတွင် လေဟာနယ်သန့်စင်ခြင်း ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည်။
ဤသတ္တမအဆင့် ရတနာဆေးလုံးသည် ထောင်ချီလီအတွက် နောက်ဆုံးတံခါးချပ်ကို တွန်းဖွင့်ရန် ကောင်းစွာ အထောက်အကူပြုနိုင်ပေလိမ့်မည်။
"နှမြောစရာကောင်းလိုက်တာ... ကျွန်မရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကို ရောက်နေပြီဆိုပေမဲ့..."
"လေဟာနယ်သန့်စင်ခြင်း ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ဖို့တော့ တော်တော်လေး လိုသေးတယ်...”
"မဟုတ်ရင် ကျွန်မလည်း အခုချက်ချင်း ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးကို သုံးပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းဖို့ ကြိုးစားကြည့်လို့ ရတာပေါ့...”
"အခုတော့ နင်က တစ်လှမ်းသာသွားပြန်ပြီ..."
ဟွားစစ်ချင်က မချင့်မရဲဖြင့် ပြောလိုက်လေသည်။
"ဒီလိုဆိုမှတော့ ကျွန်မလည်း အားနာမနေတော့ဘူးနော်...”
ထောင်ချီလီက သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်၏။ လက်ရှိ ဖုန်းရှီးမြို့တော်သည် အားကိုးအားထားပြုရန် ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်သစ်တစ်ဦးကို အမှန်တကယ် လိုအပ်နေပေသည်။
အဘယ်ကြောင့်ဆိုသော် ဖုန်းရှီးတာအိုအရှင်သည် ဒဏ်ရာရရှိထားပြီး မည်သည့်အချိန်တွင်မှ ဒဏ်ရာများ ပြန်လည်သက်သာလာမည်ကို မည်သူမျှ မခန့်မှန်းနိုင်သောကြောင့်ပင်။
အကယ်၍ သူမသည်သာ ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လျှင် အင်အားက ကောင်းကင်နှင့်မြေကြီးပမာ ပြောင်းလဲသွားပေလိမ့်မည်။
"တကယ်လို့ ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းမယ်ဆိုရင် ဘယ်လိုကပ်ဘေးတွေကို ရင်ဆိုင်ရမလဲ မသိဘူး...”
ကျိုးစွေ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
သူသည် ခန္ဓာပေါင်းစည်းခြင်းအဆင့်နှင့် အလှမ်းဝေးနေသေးသော်လည်း ထိုအဆင့်သို့ တက်လှမ်းခြင်းဆိုင်ရာ သတင်းအချက်အလက်များကို ကြိုတင်သိရှိထားခြင်းမှာ သူ၏နောင်တစ်ချိန် အဆင့်တက်လှမ်းမှုအတွက် ကြီးမားသော အကျိုးကျေးဇူး ရှိပေလိမ့်မည်။
"ဒါကတော့... လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူတစ်ယောက်က ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းတဲ့အခါ စုစုပေါင်း ကပ်ဘေးသုံးလွှာကို ရင်ဆိုင်ရတတ်တယ်...”
"ပထမဆုံးကပ်ဘေးကတော့ မူလချီကပ်ဘေးပဲ...”
"ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်တွေက စိတ်ကူးလိုက်ရုံနဲ့တင် ကောင်းကင်နဲ့မြေကြီးရဲ့ မူလချီတွေကို အတိုင်းအဆမရှိ ထိန်းချုပ်နိုင်စွမ်း ရှိကြလို့ပဲ...”
"အဲဒီလို လွန်ကျူးလှတဲ့ ကောင်းကင်မြေကြီးချီတွေက ခန္ဓာကိုယ်ထဲကို တစ်ပြိုင်နက်တည်း အလုံးအရင်းနဲ့ စီးဝင်လာတဲ့အခါ တကယ်လို့ ခန္ဓာကိုယ်ကြံ့ခိုင်မှု မလုံလောက်ရင် ဒါမှမဟုတ် အရင်က ဒဏ်ရာဟောင်းတွေ ရှိနေခဲ့ရင် ခန္ဓာကိုယ်က ဒဏ်မခံနိုင်ဘဲ ပေါက်ကွဲပြီး သေဆုံးသွားနိုင်တယ်...”
"ဒါပေမဲ့ ခန္ဓာကိုယ်ကသာ လုံလောက်အောင် သန်မာနေမယ်ဆိုရင် ဒီကပ်ဘေးကို ကျော်ဖြတ်ရတာ ပိုပြီး လွယ်ကူလိမ့်မယ်...”
"ဒါကြောင့်လည်း လေဟာနယ်သန့်စင်ခြင်း ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က မူလချီကပ်ဘေးကို ဆင့်ခေါ်နိုင်ပြီဆိုတာနဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းဖို့ အခွင့်အရေး ရပြီလို့ ပြောနိုင်တာ… တကယ်လို့ မူလချီကပ်ဘေးကိုတောင် မဆင့်ခေါ်နိုင်ဘူးဆိုရင် ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး...”
ထောင်ချီလီက လေးနက်သောလေသံဖြင့် ရှင်းပြလိုက်သည်။
သူမသည် လေဟာနယ်သန့်စင်ခြင်း ပြီးပြည့်စုံခြင်းအဆင့်တွင် အချိန်အတော်ကြာသည့်တိုင် ရှိနေခဲ့သူဖြစ်ရာ ဤအဆင့်သို့ တက်လှမ်းပုံတက်လှမ်းနည်းကို အလွတ်ရနေပြီ ဖြစ်သည်။
အကယ်၍ ဤအချက်များကို ကြိုတင်နားမလည်ထားပါက နောင်တစ်ချိန်တွင် မည်ကဲ့သို့ ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်ပါမည်နည်း။
"ဒါဆို ဒုတိယမြောက် ကပ်ဘေးကကော...”
ကျိုးစွေ့က ဆက်မေးလိုက်၏။
"ဒုတိယမြောက် ကပ်ဘေးကတော့ နှလုံးသားမိစ္ဆာကပ်ဘေးပဲ...”
"ဒါက သာမန်နှလုံးသားမိစ္ဆာကပ်ဘေး မဟုတ်ဘူး... ခန္ဓာပေါင်းစည်းခြင်းအဆင့်ရဲ့ နှလုံးသားမိစ္ဆာကပ်ဘေးပဲ...”
"ဒီကပ်ဘေးကို ကျော်ဖြတ်ဖို့က လေဟာနယ်သန့်စင်ခြင်းအဆင့်တုန်းကထက် အဆပေါင်း ဆယ်ဂဏန်း၊ ရာဂဏန်းမက ပိုပြီး ခက်ခဲတယ်...”
"နှလုံးသားမိစ္ဆာကပ်ဘေး စတင်လာတာနဲ့ များပြားလှတဲ့ စိတ်မိစ္ဆာတွေက အခွင့်ကောင်းယူ ဝင်ရောက်လာလိမ့်မယ်။ နယ်ပယ်ပြင်ပ ကောင်းကင်မိစ္ဆာတွေတောင် အခွင့်ကောင်းယူ တိုက်ခိုက်လာနိုင်တယ်...”
"တကယ်လို့ တာအိုနှလုံးသားကသာ မခိုင်မာဘူးဆိုရင် အဲဒီနှလုံးသားမိစ္ဆာကပ်ဘေးထဲမှာတင် ဝိညာဉ်ချုပ်ငြိမ်းသွားရလိမ့်မယ်...”
"ဒါပေမဲ့ ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးကတော့ ကျင့်ကြံသူတွေ နှလုံးသားမိစ္ဆာကပ်ဘေးကို ကျော်ဖြတ်တဲ့အခါမှာ အံ့ဩစရာကောင်းတဲ့ အစွမ်းအာနိသင် ရှိတယ်...”
"ဒီဆေးလုံးကို သုံးစွဲလိုက်တာနဲ့ ကျင့်ကြံသူရဲ့ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာမှုနှုန်းကို အဆမတန် မြန်ဆန်စေပြီး မူလချီကပ်ဘေးကို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်သလို ခန္ဓာကိုယ်ထဲက ဒဏ်ရာတွေကိုလည်း ချက်ချင်း ကုသပေးနိုင်တယ်…”
“တစ်ချိန်တည်းမှာပဲ ကျင့်ကြံသူရဲ့ ဝိညာဉ်အပေါ်မှာ ဝိညာဉ်ကာကွယ်ရေးအတားအဆီးတစ်ခုကို ဖန်တီးပေးပြီး စိတ်မိစ္ဆာတွေနဲ့ နယ်ပယ်ပြင်ပ ကောင်းကင်မိစ္ဆာတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်တယ်…”
“ဒါကြောင့်လည်း ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးကို လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူတွေ ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းဖို့ အကောင်းဆုံး နတ်ဘုရားဆေးလုံးလို့ တင်စားကြတာ...”
ထောင်ချီလီက သက်ပြင်းချရင်း ပြောလိုက်၏။
ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးသည် ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းရန် အကောင်းဆုံးဆေးလုံးအဖြစ် သတ်မှတ်ခံရခြင်းမှာ ပထမကပ်ဘေးနှစ်ခုလုံးကို ကျော်ဖြတ်ရန် ကြီးမားစွာ အထောက်အကူပြုသောကြောင့် ဖြစ်၏။
သို့သော် ထိုအကြောင်းရင်းကြောင့်ပင် ဤဆေးလုံး၏ အဓိကဆေးပင်ဖြစ်သော အံ့ဖွယ်တစ်သောင်းပန်းကို ကျင့်ကြံသူများက အလွန်အကျွံ ခူးယူခဲ့ကြရာ တစ်စထက်တစ်စ မျိုးတုံးလုနီးပါး ဖြစ်ခဲ့ရသည်။
နှစ်ပေါင်းများစွာ ကြာလာသောအခါ ဤ သတ္တမအဆင့် ဆေးပင်မှာ လုံးဝ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ရလေသည်။
ယခုအခါ အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများကသာ ၎င်းကို ပိုင်ဆိုင်ထားနိုင်တော့သည်။
ပြင်ပကမ္ဘာသို့ ပျံ့နှံ့ရောက်ရှိရန်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စရပ်ပင်။
ထို့ကြောင့်လည်း အင်အားနည်းပါးသော လူမျိုးစုများမှ လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူများသည် ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းရန် ပိုမိုခက်ခဲလာရခြင်း ဖြစ်၏။
ကျိုးစွေ့၏ ကံတရားမှာမူ အမှန်တကယ်ပင် ကောင်းလွန်းလှပေသည်။
သူသည် ခြင်နက်မျိုးနွယ်စုကျင့်ကြံသူ၏ သိုလှောင်အိတ်ထဲမှ အံ့ဖွယ်တစ်သောင်းပန်းကို မထင်မှတ်ဘဲ ရရှိခဲ့ပြီး ၎င်းကို မျိုးစေ့အဖြစ် အသုံးပြုကာ အံ့ဖွယ်တစ်သောင်းပန်း အမြောက်အမြားကို စိုက်ပျိုးနိုင်ခဲ့သည်။
ထို့ကြောင့်သာ သူသည် ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးကို ဖော်စပ်နိုင်ခဲ့ပြီး အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများ၏ တစ်ဦးတည်းမူပိုင်ခဝါချမှုကို ရိုက်ချိုးနိုင်ခဲ့ခြင်း ဖြစ်သည်။
"ဒီလိုကိုး..."
ကျိုးစွေ့က ခေါင်းညိတ်လိုက်မိ၏။ သူသည်လည်း ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံး၏ တန်ဖိုးမှာ သူထင်ထားသည်ထက် ပိုမိုနက်နဲကြောင်း နားလည်သွားသည်။
အကယ်၍ ဤဆေးလုံးကိုသာ လေလံပွဲသို့ တင်သွင်းလိုက်မည်ဆိုပါက ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်မည်မျှပင် ရောက်ရှိလာပြီး လုယူကြမည်ကို မခန့်မှန်းနိုင်ချေ။
အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုမှ ကျင့်ကြံသူများအတွက်ပင် ဤသည်မှာ အဖိုးမဖြတ်နိုင်သော ဆေးလုံးတစ်လုံး ဖြစ်ပေသည်။
"တတိယမြောက် ကပ်ဘေးကတော့ ပိုပြီး ရှင်းပါတယ်။ ဒါကတော့ ခန္ဓာပေါင်းစည်းခြင်း မိုးကြိုးကပ်ဘေးပဲ...”
"အဲဒါကို ရွှေငွေမိုးကြိုးကပ်ဘေးလို့လည်း ခေါ်ပြီး စုစုပေါင်း ဆယ့်ရှစ်အလွှာ ရှိတယ်...”
"တကယ်တော့ လေဟာနယ်သန့်စင်ခြင်း ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူအများစုက ဒီဆယ့်ရှစ်လွှာ ရွှေငွေမိုးကြိုးကပ်ဘေးအောက်မှာပဲ အသက်ပျောက်သွားကြတာ များတယ်...”
"ဒီလိုမိုးကြိုးကပ်ဘေးက များပြားလှတဲ့ ကျင့်ကြံသူတွေကို နောင်တတရားတွေနဲ့အတူ ပြာအဖြစ် ပြောင်းလဲသွားစေဖို့ လုံလောက်တယ်လေ...”
ထောင်ချီလီ၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ လွှမ်းမိုးသွားတော့သည်။