အခန်း ၈၇၆
Vol. 83 Ch. 876
အခန်း (၈၇၆) - လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ တက်လှမ်းခြင်း၊ ၂၇ ဆင့် ခရမ်းပြာမိုးကြိုးကပ်ဘေးနှင့် ကမ္ဘာနှစ်ခုပေါင်းစည်းခြင်း (၁)
သူမသည် ယခင်က လူသားမျိုးနွယ်စုမှ လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူအချို့ ကပ်ဘေးဖြတ်ကျော်သည်ကို မြင်တွေ့ခဲ့ဖူးသည်။
ထိုကျင့်ကြံသူများသည် မည်မျှပင် ထူးချွန်ထက်မြက်ပြီး လူသားမျိုးနွယ်စု၏ ပါရမီရှင်များ ဖြစ်ကြသည်ဖြစ်စေ သူတို့သည် ဆယ့်ရှစ်လွှာ ရွှေငွေမိုးကြိုးကပ်ဘေးဒဏ်ကို မတွန်းလှန်နိုင်ဘဲ ကောင်းကင်ကပ်ဘေးအောက်တွင် သေဆုံးခဲ့ရရှာသည်။
နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသော ကျင့်ကြံမှုများမှာ မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားခဲ့ရလေသည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးကပ်ဘေးကို မြင်တွေ့ခဲ့ရဖူးသောကြောင့်သာ လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူအများစုသည် ကပ်ဘေးဖြတ်ကျော်ရန် မဝံ့မရဲ ဖြစ်နေကြခြင်း ဖြစ်၏။
သူတို့သည် မိုးကြိုးကပ်ဘေးအောက်တွင် အသက်ပျောက်မည့်အစား လေဟာနယ်သန့်စင်ခြင်းအဆင့်တွင်သာ တစ်သက်လုံး နေထိုင်သွားရန် ရွေးချယ်ကြသည်။
သူမကိုယ်တိုင်လည်း ဤရွှေငွေမိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ရန် များစွာ ယုံကြည်ချက် မရှိလှချေ။
"ဒီလိုကိုး..."
"တကယ်လို့ ဒီလောက်ပဲဆိုရင် မင်းအနေနဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်တစ်ယောက် သေချာပေါက် ဖြစ်လာမှာပါ...”
"ကိုယ့်ဆီမှာ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်တဲ့ အဖိုးတန်ရတနာတစ်ပါး ရှိနေတာနဲ့ အတော်ပဲပေါ့...”
"အဲဒီရတနာရဲ့ အကူအညီသာ ရှိရင် ဆယ့်ရှစ်လွှာ ရွှေငွေမိုးကြိုးကပ်ဘေးဆိုတာ ဘာမှ မဟုတ်တော့ဘူး...”
ကျိုးစွေ့က ခပ်ဖွဖွ ပြုံးလိုက်ပြီး ထောင်ချီလီကို စိုက်ကြည့်ကာ ပြောလိုက်၏။
ဘာရယ်…။
ထိုစကားကို ကြားလိုက်ရချိန်တွင် ထောင်ချီလီမှာ မျက်လုံးအဝိုင်းသား ဖြစ်သွားရရှာသည်။
သူမသည် မိမိ၏လင်ယောက်ျားထံတွင် လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူများပင် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်စေမည့် ရတနာမျိုး ရှိနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။ ဤသည်မှာ အမှန်တကယ်ပင် ယုံကြည်နိုင်စရာ မရှိလှချေ။
အကယ်၍ ဤကဲ့သို့ ကပ်ဘေးကျော်ဖြတ်နိုင်သော ရတနာရှိသည့်သတင်းသာ ပြင်ပသို့ ပေါက်ကြားသွားပါက လူသားမျိုးနွယ်စုတစ်ခုလုံးသာမက တစ်လောကလုံးကိုပင် တုန်လှုပ်သွားစေနိုင်သည်။
အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများပင် ဤကဲ့သို့သော ရတနာမျိုးကို ရရှိရန် မရမက ကြိုးပမ်းကြပေလိမ့်မည်။
"ယောက်ျားဆီမှာ တကယ်ကို ကပ်ဘေးရှောင်ရတနာ ရှိနေတာပဲ..."
ဟွားစစ်ချင်ကမူ ဤသည်ကို သာမန်ကိစ္စတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သောတစ်ခေါက်က ကျိုးစွေ့ ယွီရှူးမိုးကြိုးကပ်ဘေးကို ကျော်ဖြတ်သည်ကို မြင်တွေ့ခဲ့ရစဉ်ကတည်းက ဤအမျိုးသား၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်ဘေးရှောင်ရတနာတစ်ခုခု ရှိနေရမည်ကို သူမ ရိပ်မိခဲ့သောကြောင့် ဖြစ်၏။
သို့မဟုတ်ပါက မည်ကဲ့သို့ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလှိုင်းများကို ကျော်ဖြတ်နိုင်ပါမည်နည်း။
သာမန် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးသာဆိုလျှင် ယွီရှူးမိုးကြိုးဒဏ်ကြောင့် ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။
ယနေ့တိုင် မည်သို့ ရှင်သန်နိုင်ပါမည်နည်း။
သို့သော် ဤရတနာသည် ခန္ဓာပေါင်းစည်းခြင်းအဆင့်၏ ကပ်ဘေးကိုပင် ကူညီပေးနိုင်လိမ့်မည်ဟုမူ သူမ ထင်မထားခဲ့မိချေ။
ထို့ကြောင့် မိမိလင်ယောက်ျား၏ ခန္ဓာကိုယ်ပေါ်မှ ရတနာမှာ ခန့်မှန်း၍မရနိုင်လောက်အောင် တန်ဖိုးကြီးမားလှပေသည်။
လွန်ခဲ့သောအချိန်က သူမကိုယ်တိုင် ဟောကိန်းထုတ်ခဲ့စဉ်က ဤအမျိုးသားနှင့် လက်ထပ်ပါက ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများကို ရရှိလိမ့်မည်ဟု ဟောကိန်းထွက်ခဲ့ခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။
ယခုအခါ ဗေဒင်ဟောကိန်းမှာ တဖြည်းဖြည်းနှင့် လက်တွေ့ဖြစ်လာနေပြီ ဖြစ်၏။
ဤအမျိုးသား၏ ကံတရားအရှိန်အဝါကို မှီခိုနိုင်သရွေ့ သူမတို့လည်း အတူတကွ ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်ပေလိမ့်မည်။
"ကောင်းပါပြီ... ကျွန်မ နားလည်ပါပြီ...”
"ကျွန်မ အမြန်ဆုံး တံခါးပိတ်ကျင့်ကြံပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို ရောက်အောင် ကြိုးစားပါ့မယ်...”
ထောင်ချီလီက ခေါင်းညိတ်လိုက်၏။
သူမ၏ နှလုံးသားတစ်ခုလုံး ချိုမြိန်မှုများဖြင့် ပြည့်နှက်သွားရသည်။ ဤအမျိုးသားသည် သူမအပေါ် အမှန်တကယ်ပင် ချစ်မြတ်နိုးလှသည် မဟုတ်ပါလော။
ထိုသို့မဟုတ်ပါက ဤမျှ တန်ဖိုးကြီးမားလှသော သတ္တမအဆင့် ဆေးလုံးကို အဘယ်ကြောင့် အလွယ်တကူ ပေးအပ်ပါမည်နည်း။
ဤကဲ့သို့သော သတ္တမအဆင့် ဆေးလုံးတစ်လုံးသည် မည်မျှပင် လှပသော အမျိုးသမီး အမြောက်အမြားနှင့် လဲလှယ်နိုင်သည်ကို မည်သူမျှ မသိနိုင်ပေ။
"မလောပါနဲ့ဦး... မလောပါနဲ့ဦး..."
"ဒီနေ့ ကျုပ် သတ္တမအဆင့် ဆေးလုံးဖော်စပ်ပညာရှင်အဖြစ် အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ ပျော်ပျော်ပါးပါး ဆင်နွှဲကြတာပေါ့...”
ကျိုးစွေ့က ထောင်ချီလီ၊ ပိုင်စုကျဲ့နှင့် ဟွားစစ်ချင်တို့ သုံးဦးလုံးကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ဂုဏ်ပြုပွဲကို စတင်ရန် ပြင်လိုက်တော့သည်။
သူသည် အမျိုးသမီးသုံးဦး၏ ဆွဲဆောင်မှုရှိလှသော ကောက်ကြောင်းအလှတရားများကို ခံစားမိရင်း စိတ်ကျေနပ်မှုများ ပြည့်လျှံသွားရသည်။
မည်သို့ပင်ဖြစ်စေကာမူ ဤသည်မှာ အမှန်တကယ်ပင် ဘဝ၏နိဗ္ဗာန် မဟုတ်ပါလော။
"ဟွန့်..."
ထောင်ချီလီ၊ ပိုင်စုကျဲ့နှင့် ဟွားစစ်ချင်တို့ သုံးဦးလုံး၏ မျက်နှာလေးများမှာ ရဲခနဲ နီမြန်းသွားရပြီး မျက်စောင်းလေးများ ထိုးလိုက်ကြတော့သည်။ သူတို့သည် လင်မယားများ ဖြစ်ကြသည်ဖြစ်ရာ ဤအမျိုးသား၏ စိတ်ထဲတွင် ဘာတွေတွေးနေသည်ကို မည်သို့လျှင် မသိဘဲ နေပါမည်နည်း။
သို့သော်ငြား သူမတို့၏ စိတ်အစုံမှာလည်း လှုပ်ခတ်သွားရပြီး ခန္ဓာကိုယ်အတွင်းရှိ အပူချိန်မှာလည်း တရိပ်ရိပ် မြင့်တက်လာသကဲ့သို့ ခံစားလိုက်ရသည်။
သူမတို့သည် မိမိတို့၏ ဘဝတစ်ခုလုံးကို ဤအမျိုးသား၏ လက်ထဲသို့ လုံးလုံးလျားလျား ပုံအပ်ထားမိခဲ့ပြီဖြစ်ကြောင်း နားလည်လိုက်ကြတော့သည်။
မကြာမီအချိန်အတွင်း အိပ်ခန်းထဲမှ သာယာနာပျော်ဖွယ်ကောင်းသော ချစ်တင်းနှီးနှောသံများ ထွက်ပေါ်လာပြီး လှပသော ညချမ်းလေးတစ်ည ဖြစ်သွားလေတော့သည်။
…
ရက်အနည်းငယ် ကြာပြီးနောက်။
ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးကို ရရှိထားသော ထောင်ချီလီသည် တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဤသတ္တမအဆင့် ဆေးလုံးကို ရရှိထားသော်ငြား သူမအနေဖြင့် စိတ်ကို တည်ငြိမ်စေကာ ကျင့်ကြံမှုကို အခိုင်အမာ တည်ဆောက်ရန် လိုအပ်သောကြောင့်ပင်။
ဤသည်က အနာဂတ်နှင့် သက်ဆိုင်သော ကိစ္စကြီးဖြစ်ရာ မစိုးရိမ်ဘဲ မနေနိုင်ပေ။
အနည်းငယ်မျှ သတိလက်လွတ် ဖြစ်သွားပါက ကြိုးပမ်းသမျှ သဲထဲရေသွန် ဖြစ်သွားနိုင်သဖြင့် အလွန်တရာ သတိထားရပေမည်။
ကျိုးစွေ့ကမူ ဟွားစစ်ချင်၊ ပိုင်စုကျဲ့ဟူသော မိန်းမလှနှစ်ဦးနှင့်အတူ ပျော်ပါးရင်း နေ့ရောညပါ ကြိုးပမ်းအားထုတ် ကျင့်ကြံနေလေသည်။
ပင်ပင်ပန်းပန်း အလုပ်လုပ်ရုံဖြင့် မလုံလောက်ဘဲ ဝီရိယရှိရှိ ထွန်ယက်စိုက်ပျိုးရန်လည်း လိုအပ်သေးသည် မဟုတ်ပါလော။
"အင်း..."
ထိုအချိန်တွင်ပင် ကျင့်ကြံခြင်းတစ်ကြိမ် ပြီးဆုံးသွားပြီးနောက် ကျိုးစွေ့၏စိတ်အာရုံက လှုပ်ရှားသွားကာ မိမိခန္ဓာကိုယ်အတွင်းရှိ အတားအဆီးတစ်ခုသည် အလွန်လွယ်ကူစွာ ပွင့်ထွက်သွားကြောင်း ခံစားလိုက်ရ၏။
ဤသည်က ရေတံခါးကို ရေလွှမ်းမိုးမှုက တိုးဖွင့်လိုက်သကဲ့သို့ ရေစီးကြောင်းအတိုင်း သဘာဝကျကျ ဖြစ်ပေါ်လာခြင်းပင်။
စွမ်းအားအနည်းငယ်မျှပင် စိုက်ထုတ်ရန် မလိုလိုက်ပေ။
သဘာဝအလျောက်ပင် ပိုမိုမြင့်မားသော နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်၏။
လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့်။
ဤအခိုက်အတန့်တွင် ကျိုးစွေ့သည် မိမိခန္ဓာကိုယ်ရှိ ကျင့်စဉ်စွမ်းအားနှင့် မူလဝိညာဉ်စွမ်းအားတို့ ဆတိုးတက်လာသည်ကို ခံစားလိုက်ရပြီး ယခင်နှင့် နှိုင်းယှဉ်ပါက အနည်းဆုံး တစ်ဆခန့် ပိုမို အားကောင်းလာချေပြီ။
သူ၏ခန္ဓာကိုယ်အတွင်းရှိ လေဟာနယ်သန့်စင်ခြင်း ကျင့်စဉ်စွမ်းအားများသည် ကျယ်ပြောလှသော မြစ်မကြီးသဖွယ် သောင်းကျန်းစီးဆင်းနေပြီး သွေးကြောတိုင်းဆီသို့ လှည့်ပတ်စီးဆင်းကာ နဂါးကြီးတစ်ကောင် လှုပ်ရှားနေသကဲ့သို့ တဝုန်းဝုန်း မြည်ဟီးနေ၏။
ပတ်လမ်းတစ်ခု လှည့်ပတ်လိုက်တိုင်း ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်နှင့် စွမ်းအင်များ ပါဝင်နေသည်။
သဏ္ဌာန်မဲ့ စွမ်းအားတစ်ခုသည် ပတ်ဝန်းကျင် ကီလိုမီတာပေါင်းများစွာအဖြစ် ပြန့်နှံ့သွားပြီး နယ်မြေအတွင်းရှိ ဝိညာဉ်စွမ်းအင်များကို ပွက်ပွက်ဆူသွားစေလေသည်။
"ယောက်ျား..."
ထိုအချိန်တွင် ဟွားစစ်ချင်နှင့် ပိုင်စုကျဲ့တို့ မိန်းမလှနှစ်ဦး နိုးလာကြပြီး ကျိုးစွေ့၏ခန္ဓာကိုယ်မှ အငွေ့အသက်များသည် ကောင်းကင်နှင့်မြေကြီး မှောက်ခုံလှန်သွားသကဲ့သို့ ပြောင်းလဲသွားသည်ကို ချက်ချင်း အာရုံခံမိလိုက်ကြ၏။
၎င်းတို့သည် တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်သွားကြပြီး မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားကြလေသည်။
"ယောက်ျားက လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့်ကို ဖြတ်ကျော်သွားတာလား...”
ပိုင်စုကျဲ့က ဝမ်းသာအားရ မေးလိုက်၏။
"ဟုတ်တယ်။ သဘာဝအတိုင်း ဖြတ်ကျော်သွားတာ...”
ကျိုးစွေ့က ခေါင်းညိတ်လိုက်သည်။
"ဒါက တကယ်ကို လွန်လွန်းရာကျတယ်။ ဒီလိုမျိုး သဘာဝအတိုင်း ဖြတ်ကျော်နိုင်တာကို တခြား လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူတွေ သိသွားရင် ဒေါသထွက်ပြီး သေသွားလောက်တယ်...”
ဟွားစစ်ချင်က သက်ပြင်းချရင်း ပြောလိုက်၏။
လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက အလယ်အလတ်အဆင့်သို့ ဖြတ်ကျော်ရန် မည်မျှ ခက်ခဲသည်ကို သူမ အသိဆုံးပင်။
အမှန်အတိုင်း ပြောရလျှင် အစောပိုင်းမှ အလယ်အလတ်အဆင့်သို့ ကူးပြောင်းခြင်းသည် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်၏။
ထိုကျင့်ကြံသူများသည် ဖြတ်ကျော်လိုပါက အနည်းဆုံး နှစ်ပေါင်းထောင်ချီ အချိန်ယူရပြီး အတားအဆီးကို ကျော်ဖြတ်နိုင်ရန် ကူညီပေးနိုင်သည့် ဆေးလုံးများစွာ လိုအပ်ကာ ထိုအခါမှသာ အောင်မြင်ရန် မျှော်လင့်ချက် အနည်းငယ် ရှိပေလိမ့်မည်။
သို့သော် ယခုမူ မိမိတို့၏အမျိုးသားသည် ကျင့်ကြံနေရင်းဖြင့် သဘာဝအလျောက်ပင် ဖြတ်ကျော်သွားခဲ့ချေပြီ။
မည်သည့်အတားအဆီးမျှ မရှိခဲ့ချေ။
အကယ်၍ အခြားကျင့်ကြံသူများ သိရှိသွားပါက အားကျမနာလို ဖြစ်ကြပေလိမ့်မည်။ ကွာခြားချက်က ကြီးမားလွန်းလှပေသည်။
"အင်း... ကောင်းကင်ဘုံကပ်ဘေး ရောက်လာပုံရတယ်...”
ထိုအချိန်တွင် ကျိုးစွေ့သည် တစ်စုံတစ်ခုကို အာရုံခံမိပုံရပြီး ကောင်းကင်သို့ မော့ကြည့်လိုက်၏။
မသိမသာဖြင့်ပင် ခြံဝန်းတစ်ခုလုံး၏ အထက်ကောင်းကင်တွင် ကြီးမားလှသော မိုးတိမ်မည်းကြီးများ ဖုံးလွှမ်းလာပြီး ကောင်းကင်တစ်ခုလုံး ပိတ်ဆို့သွားကာ တိမ်တိုက်နက်ရှိုင်းသော နေရာမှ ခရမ်းပြာရောင် မိုးကြိုးများ လက်လက်ထနေပြီး လေဟာနယ်ကို ခွဲဖြတ်လိုက်သကဲ့သို့ ပျက်စီးခြင်း အငွေ့အသက်များကို ထုတ်လွှတ်နေသဖြင့် လူကို ရင်တုန်ပန်းတုန် ဖြစ်စေသည်။
များစွာသော ကျင့်ကြံသူများသည် ဤကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားကို ခံစားမိပြီး တုန်လှုပ်ချောက်ချားနေကြ၏။
"ဒါက လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူတွေရဲ့ ၁၂ ဆင့် ခရမ်းပြာမိုးကြိုးကပ်ဘေးပဲ။ ဒါပေမဲ့ ယောက်ျားက သာမန် လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူမှ မဟုတ်တာ။ အနည်းဆုံး ၁၈ ဆင့်၊ မဟုတ်ဘူး၊ ၂၄ ဆင့် ခရမ်းပြာမိုးကြိုးကပ်ဘေး ဖြစ်ရမယ်။ ကောင်းကင်တာအိုက ယောက်ျားကို တကယ်ပဲ အလေးထားလွန်းတယ်...”
ဟွားစစ်ချင်က မျက်လုံးဝိုင်းလေးများဖြင့် အံ့အားသင့်လျက် ပြောလိုက်တော့၏။