← Chapters

အခန်း ၈၇၇

Vol. 83 Ch. 877

အခန်း ၈၇၇

Vol. 83 Ch. 877

အခန်း (၈၇၇) - လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ တက်လှမ်းခြင်း၊ ၂၇ ဆင့် ခရမ်းပြာမိုးကြိုးကပ်ဘေးနှင့် ကမ္ဘာနှစ်ခုပေါင်းစည်းခြင်း (၂)

အမှန်အတိုင်း ပြောရလျှင် သာမန် လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူတစ်ဦး အလယ်အလတ်အဆင့်သို့ တက်လှမ်းရန် ၁၂ ဆင့် ခရမ်းပြာမိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ရခြင်းကပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီ ဖြစ်၏။

မရေတွက်နိုင်သော လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူများစွာသည် ဤ ၁၂ ဆင့် ခရမ်းပြာမိုးကြိုးကပ်ဘေးကို ကြောက်ရွံ့သဖြင့်သာ ရှေ့မဆက်ဝံ့ဘဲ ရှိနေကြရခြင်း ဖြစ်ပေသည်။

အတားအဆီးကို ဖြတ်ကျော်ရန် အခွင့်အရေးရှိသော်လည်း ဖြတ်ကျော်ရန် မဝံ့ရဲကြပေ။

အဘယ်ကြောင့်ဆိုသော် တစ်ကြိမ်တစ်ခါ ဖြတ်ကျော်ရန် ကြိုးစားလိုက်သည်နှင့် ခရမ်းပြာမိုးကြိုးကပ်ဘေးကို ချက်ချင်း ဖိတ်ခေါ်မိမည် ဖြစ်သောကြောင့်ပင်။

အကယ်၍ မခုခံနိုင်ပါက ကပ်ဘေးမိုးကြိုးအောက်တွင် သေဆုံးသွားပြီး လမ်းစဉ် ပျောက်ကွယ်သွားရုံသာ ရှိတော့သည်။

ကပ်ဘေးကျော်ဖြတ်ရန် လုံလောက်သော ရတနာများကို မပြင်ဆင်ထားဘဲ သူတို့သည် မိုးကြိုးကပ်ဘေးကို ဖိတ်ခေါ်ပြီး ဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။

ယခုမူ မိမိတို့၏ခင်ပွန်းသည် ၂၄ ဆင့် ခရမ်းပြာမိုးကြိုးကပ်ဘေးနှင့် ကြုံတွေ့နေရသည်မှာ လွန်လွန်းလှပေသည်။

မည်သို့သော လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူက ဤမျှ ကြောက်စရာကောင်းသော မိုးကြိုးကပ်ဘေးကို ခုခံနိုင်ပါမည်နည်း။

"ကိစ္စမရှိဘူး။ ခရမ်းပြာမိုးကြိုးကပ်ဘေးလေးပဲကို။ ဘာမှမဟုတ်ပါဘူး။ ပြီးတော့ ဒါက ၂၄ ဆင့် ခရမ်းပြာမိုးကြိုးကပ်ဘေး မဟုတ်ဘူး။ ၂၇ ဆင့် ဖြစ်ရမယ်...”

ကျိုးစွေ့က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး လျှပ်တပြက် လှုပ်ရှားကာ အိပ်ခန်းထဲမှ ပျံသန်းထွက်သွားပြီး ကောင်းကင်ထက်သို့ တိုက်ရိုက် ရောက်ရှိသွားလေသည်။

"အိုက်ယား… ယောက်ျား... ဘာလို့ အဝတ်အစား မဝတ်တာလဲ...”

ပိုင်စုကျဲ့က မျက်လုံးလေး ကလယ်ကလယ်ဖြင့် မိမိယောက်ျားက အဝတ်အစား တစ်ထည်မှ မကပ်ဘဲ ပျံသန်းထွက်သွားသည်ကို ကြည့်ကာ မေးလိုက်၏။

တော်သေးသည်မှာ ဤနေရာသည် ၎င်းတို့၏ခြံဝန်းဖြစ်ပြီး ပတ်ဝန်းကျင်တွင် ပြင်ပလူ မရှိခြင်းပင်။

မဟုတ်ပါက မိမိယောက်ျားကို အားလုံး မြင်သွားကြပေလိမ့်မည်။

"အဝတ်အစားဝတ်လည်း ခရမ်းပြာမိုးကြိုးကပ်ဘေးရဲ့ အပစ်ခံရရင် အဆုံးမှာ ကိုယ်လုံးတီး ဖြစ်သွားမှာပဲ။ ဘာမှ မဝတ်တာကမှ ပိုကောင်းသေးတယ်...”

ဟွားစစ်ချင်က တခစ်ခစ် ရယ်မောရင်း ပြောလိုက်၏။

"ဒါပေမဲ့ ယောက်ျားက တကယ်ကို သတ္တိကောင်းလွန်းတယ်။ ဘာမှလည်း မပြင်ဆင်ထားဘူး။ ခုခံရေးရတနာတွေတောင် တစ်ခုမှ မရှိဘူး။ တစ်ခုခုတော့ ဖြစ်မသွားဘူးမလား...”

ပိုင်စုကျဲ့က ဤအချက်ကို အနည်းငယ် စိုးရိမ်နေမိ၏။

အဘယ်ကြောင့်ဆိုသော် မည်သည့် လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူမဆို ကပ်ဘေးကျော်ဖြတ်ချိန်တွင် အစွမ်းကုန် ပြင်ဆင်ကြပြီး သွားကစ ခြေအဆုံး သံချပ်ကာ ဝတ်ဆင်ထားချင်ကြကာ ခြေချောင်းများတွင်ပင် ခုခံရေးလက်စွပ်များ ဝတ်ဆင်ထားကြသောကြောင့်ပင်။

သို့သော် မိမိတို့၏အမျိုးသားကမူ မည်သည့် ရတနာမျှ မပြင်ဆင်ဘဲ လက်ဗလာဖြင့် ၂၇ ဆင့် ခရမ်းပြာမိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရန် သွားနေသည်မှာ စွမ်းအားကြီးမားလွန်း၍ သတ္တိရှိလှပေသည်။

"အေးဆေးပေါ့… ယောက်ျားက စိတ်ချလက်ချ ရှိနေတဲ့ဟာ… ၂၇ ဆင့် ခရမ်းပြာမိုးကြိုးကပ်ဘေးက ကြောက်စရာကောင်းပေမဲ့ ယောက်ျားကိုတော့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ စောစောက ငါ ယောက်ျားအတွက် ဟောကိန်းထုတ်ကြည့်ပြီးပြီ။ ကောင်းခြင်းမင်္ဂလာတွေနဲ့ ပြည့်စုံပြီး အန္တရာယ်ကင်းမဲ့နေတယ်...”

ဟွားစစ်ချင်က ပျင်းကြောဆွဲလိုက်ရာ သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးလေး ပေါ်လွင်သွားပြီး ရင်ဖိုစရာ ကောင်းလှပေသည်။

သို့သော်ငြား ဤနေရာသည် အိပ်ခန်းအတွင်းသာ ဖြစ်သဖြင့် ပြင်ပလူများအနေဖြင့် မြင်တွေ့နိုင်ရန် မဖြစ်နိုင်ပေ။

"ဒါဆိုရင်တော့ ကောင်းတာပေါ့...”

ဤစကားကို ကြားရသဖြင့် ပိုင်စုကျဲ့သည် စိတ်အေးသွားပြီး သူမ၏ စိတ်အာရုံကို အပြင်သို့ ဖြန့်ကျက်လိုက်ရာ ကျိုးစွေ့သည် ခြံဝန်း၏ အထက်ကောင်းကင်သို့ ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။

ဝုန်း… ဝုန်း… ဝုန်း…

နောက်တစ်စက္ကန့်တွင် ကောင်းကင်ထက်မှ ခရမ်းပြာမိုးကြိုးများ တစ်ခုပြီးတစ်ခု ကျဆင်းလာပြီး ပျက်စီးခြင်း အငွေ့အသက်များ ပါဝင်ကာ နားကွဲမတတ် မြည်ဟီးနေချေသည်။ ဤကဲ့သို့သော ခရမ်းပြာမိုးကြိုး တစ်ချက်တည်းဖြင့်ပင် လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူကို ပြာကျသွားစေရန် လုံလောက်လှပေသည်။

သို့သော် ကျိုးစွေ့သည် ရပ်မြဲအတိုင်း ရပ်နေပြီး ရှောင်တိမ်းခြင်းမရှိသလို ခန္ဓာကိုယ်မှ ရှေးဟောင်းလိပ်နက်အကာအကွယ် အလွှာလေးလွှာကို ထုတ်လွှင့်လိုက်ရာ များပြားလှသော လိပ်နက်သင်္ကေတများ လည်ပတ်နေသည့် ကြီးမားလှသော ခုခံရေးနယ်ပယ်တစ်ခု ဖြစ်ပေါ်လာ၏။

ဘုန်း… ဘုန်း… ဘုန်း…

ခရမ်းပြာမိုးကြိုးများ တစ်ခုပြီးတစ်ခု ကျရောက်လာပြီး ရှေးဟောင်းလိပ်နက် အကာအကွယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာလေသည်။

သို့သော် အားလုံးမှာ အချည်းနှီးသာ ဖြစ်၏။

တတိယအလွှာမြောက် ရှေးဟောင်းလိပ်နက် အကာအကွယ်ကိုသာ ဖျက်ဆီးနိုင်ခဲ့ပြီး ခရမ်းပြာမိုးကြိုးသည် ၎င်း၏ စွမ်းအားအားလုံး ကုန်ဆုံးသွားခဲ့ချေပြီ။

သို့သော် ကျိုးစွေ့က စိတ်အာရုံတစ်ချက် လှုပ်ရှားလိုက်သည်နှင့် ရှေးဟောင်းလိပ်နက် အကာအကွယ်သည် ချက်ချင်းပင် ပြန်လည်ကောင်းမွန်လာ၏။

သူသည် ကပ်ဘေးမိုးကြိုးများအောက်တွင် ရေချိုးနေသော နတ်ဘုရားတစ်ပါးကဲ့သို့ ရှိနေတော့သည်။

ခရမ်းပြာမိုးကြိုးများ မည်မျှပင် ပြင်းထန်စွာ ကျရောက်သည်ဖြစ်စေ၊ သူ့ကို အနည်းငယ်မျှ မထိခိုက်နိုင်ချေ။

သူ၏ ကျောပြင်ထက်တွင် နဂါးဆင်၏ ပုံရိပ်ယောင်ပင် ထင်ဟပ်လာပြီး ခန္ဓာကိုယ် အရေပြားပေါ်တွင်လည်း များပြားလှသော နဂါးဆင်သင်္ကေတများ ပေါ်ထွက်လာချေသည်။

ခန္ဓာကိုယ်အတွင်း နဂါးဆင် လှုပ်ရှားနေသကဲ့သို့ ရှိနေပြီး ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းအငွေ့အသက်များကို ထုတ်လွှတ်နေသဖြင့် နတ်သားရဲတစ်ကောင် ဆင်းသက်လာသကဲ့သို့ ကမ္ဘာမြေကို လွှမ်းမိုးထားကာ လှုပ်ခတ်သွားစေတော့သည်။

ဤတစ်ကြိမ် ၂၇ ဆင့် ခရမ်းပြာမိုးကြိုးကပ်ဘေးသည် သုံးနာရီတိတိ ကြာမြင့်ခဲ့၏။

ညဉ့်နက်ပိုင်းမှသည် နံနက်ခင်းအထိ ကျဆင်းနေခဲ့ခြင်း ဖြစ်သည်။

ခရမ်းပြာမိုးကြိုးများသည် ကောင်းကင်မှ အဆက်မပြတ် ကျဆင်းလာပြီး ရာနှင့်ချီ၍ ရှိနေသည်။

အမှတ် (၈၈) တာအိုကျောင်းတော်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး တဝုန်းဝုန်းမြည်ဟီးလျက် ကြောက်စရာကောင်းသော ဖျက်ဆီးအားကို ဖြစ်ပေါ်စေ၏။

အခြေခံအားဖြင့် ဖုန်းရှီးမြို့ရှိ လူတိုင်းသည် ဤနေရာတွင် ကောင်းကင်ဘုံကပ်ဘေး ပေါ်ပေါက်နေသည်ကို သိရှိကြပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများကို ထိတ်လန့်တုန်လှုပ်စေသည်။

ဝေးကွာလှသော အရပ်မှပင် ၂၇ ဆင့် ခရမ်းပြာမိုးကြိုးကပ်ဘေး၏ စွမ်းအားကို ခံစားမိနိုင်သည်။

သို့သော် ထိုသို့ဖြစ်လင့်ကစား ကျိုးစွေ့ကို အနည်းငယ်မျှ မတုန်လှုပ်စေနိုင်ခဲ့ချေ။

အဆုံးတွင် ကောင်းကင်ထက်မှ မိုးတိမ်မည်းများအားလုံး ပျောက်ကွယ်သွားပြီး နေရောင်ခြည် ထိုးဖောက်ကျရောက်လာကာ အလွန်တရာ သာယာလှပနေတော့သည်။

အဆုံးမရှိသော မှောင်မိုက်ခြင်းကို မောင်းထုတ်လိုက်သကဲ့သို့ပင် ရှိနေချေ၏။

အမှတ် (၈၈) တာအိုကျောင်းတော် တစ်ခုလုံးတွင် သိပ်သည်းလှသော ဖန်ဆင်းခြင်းချီများ ဖုံးလွှမ်းသွားပြီး လူတိုင်းအား လန်းဆန်းတက်ကြွစေသည်။

တာအိုကျောင်းတော်အတွင်းရှိ ကျောင်းသားများမှာ တစ်ဦးပြီးတစ်ဦး စိတ်လှုပ်ရှားနေကြ၏။

သူတို့သည် ဤသိပ်သည်းသော အငွေ့အသက်ကို ခံစားမိပြီး ကျင့်ကြံမှုအဆင့်များမှာလည်း အထိုက်အလျောက် တိုးတက်လာကြသည်။

ဤသည်မှာ အမှတ် (၈၈) တာအိုကျောင်းတော်တွင်သာ ရရှိနိုင်သော အခွင့်အရေးထူး ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် အခြားနေရာများတွင် လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူတစ်ဦး ကပ်ဘေးကျော်ဖြတ်သည်ကို တွေ့နိုင်ရန် ခက်ခဲလှသောကြောင့်ပင်။

"၂၇ ဆင့် ခရမ်းပြာမိုးကြိုးကပ်ဘေးဆိုတာ ဒါတင်ပဲလား...”

လေဟာနယ်ထက်တွင် ကျိုးစွေ့သည် ပျံဝဲနေပြီး ယခုအခါ သူသည် အလွန်ပင် တည်ငြိမ်အေးဆေးနေချေပြီ။

သူ၏ ခန္ဓာကိုယ်သည် အလွန်တရာ သန်မာနေဆဲဖြစ်ပြီး မည်သည့်ထိခိုက်မှုမျှ မရှိဘဲ ရှရာတစ်ချက်မျှပင် မကျန်ရစ်ခဲ့ပေ။

ရှင်းလင်းစွာပင် ဤတစ်ကြိမ် ကပ်ဘေးဖြတ်ကျော်ခြင်းသည် အလွန်လွယ်ကူပြီး အခြေခံအားဖြင့် ဘေးကင်းချောမွေ့ခဲ့သည်။

ခရမ်းပြာမိုးကြိုး၏စွမ်းအား မည်မျှပင် ကြီးမားသည်ဖြစ်စေစေ၊ အရေအတွက် မည်မျှပင် များပြားသည်ဖြစ်စေ ‘မိုးကြိုးကပ်ဘေးကူ’၏ အကူအညီဖြင့် သူ့ကို ဘာမှမလုပ်နိုင်ခဲ့ပေ။ မိုးကြိုးစွမ်းအားအများစုကို ၎င်းက ဝါးမြိုသွားပြီး ဝမ်းဗိုက်အတွင်းရှိ အစာအာဟာရအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

ဤသည်က ၎င်း၏ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးပင်လယ် နေရာလွတ်ကို ပိုမိုကျယ်ပြောစေပြီး မိုးကြိုးအရည်များကို ပိုမိုစုပ်ယူနိုင်စေ၏။

ထို့အတူ ဤမိုးကြိုးပင်လယ်ကြီးကိုလည်း ပိုမို အံ့အားသင့်ဖွယ် ကောင်းသွားစေသည်။

‘မိုးကြိုးကပ်ဘေးကူ’၏ ခန္ဓာကိုယ်ပေါ်တွင်လည်း မိုးကြိုးအစင်းကြောင်းများ တစ်ခုပြီးတစ်ခု ထပ်မံပေါ်ထွက်လာပြီး ပိုမိုနက်ရှိုင်းဆန်းကြယ်လာသည်ကို မြင်တွေ့ရပေသည်။

ဝုန်း… ဝုန်း… ဝုန်း…။

ကပ်ဘေးကျော်ဖြတ်ခြင်း ပြီးဆုံးသွားသည့် အခိုက်အတန့်တွင် ကြီးမားလှသော ဖန်ဆင်းခြင်းချီများသည် ရေလွှမ်းမိုးမှုကဲ့သို့ သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားလေသည်။

ဤသည်က သူ၏ခန္ဓာကိုယ်ရှိ လေဟာနယ်သန့်စင်ခြင်း ကျင့်စဉ်စွမ်းအားကို ဆတိုးကိန်းဖြင့် တိုးတက်စေခဲ့၏။

သူ၏ခန္ဓာကိုယ်အတွင်းရှိ ကျင့်စဉ်စွမ်းအားများသည် ပိုမိုပြင်းထန်စွာ လှုပ်ရှားလာပြီး မြစ်ဝါမြစ်ကဲ့သို့ သွေးကြောအားလုံးသို့ လှည့်ပတ်စီးဆင်းသွားတော့သည်။

"အခု ငါ့ရဲ့ အဆင့်ကမှ တကယ့် လေဟာနယ်သန့်စင်ခြင်း စွမ်းအားကို ပိုင်ဆိုင်တာလို့ ပြောလို့ရမယ်...”

ကျိုးစွေ့က စိတ်အာရုံတစ်ချက် လှုပ်ရှားလိုက်ရာ သူ၏စွမ်းရည်များသည် ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ ပြောင်းလဲသွားသည်ကို တွေ့ရှိလိုက်ရ၏။

အကယ်၍ လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့်သည် လေဟာနယ်လှည့်လည်ခြင်းအဆင့်နှင့် တူညီပြီး မူလဝိညာဉ်က လေဟာနယ်အတွင်း လှည့်လည်သွားလာနိုင်ကာ ပြင်ပစွမ်းအားများ၏ တိုက်ခိုက်မှုကို စိုးရိမ်ရန်မလိုဘဲ လွတ်လပ်စွာ မိုင်ပေါင်းသန်းချီ သွားလာနိုင်သည်ဆိုပါက၊

လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့်သည် သံသယဖြစ်ဖွယ်မရှိ လေဟာနယ်အစစ်အမှန်နယ်ပယ် ဖြစ်ပြီး ဤအဆင့်သို့ ရောက်ရှိပြီးနောက် ကောင်းကင်နှင့်မြေကြီး ဓမ္မသဏ္ဌာန်၏ စွမ်းအားကို အဆုံးမရှိသော လေဟာနယ်အတွင်း ပေါင်းစပ်နိုင်ကာ လေဟာနယ်စွမ်းအား အပိုင်းအစများကို ထိန်းချုပ်နိုင်ပေသည်။

ထိုအချိန်တွင် ဖြစ်ပေါ်လာသော နယ်ပယ်သည် လေဟာနယ်အတားအဆီးတစ်ခုအဖြစ် တည်ရှိ‌ပေလိမ့်မည်။

ထို့ကြောင့် အကယ်၍ ရန်သူက တည်နေရာရွှေ့ပြောင်းခြင်းပညာရပ်ကို အသုံးပြုသည့်တိုင် ရန်သူကို တားဆီးထားနိုင်ပေမည်။

တစ်ချိန်တည်းမှာပင် ဤသည်က လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့်၏ မန္တန်စွမ်းအားကို ပိုမို ကြောက်စရာကောင်းစေပြီး ယခင်နှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်တော့ပေ။

လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်မှာမူ လေဟာနယ်ဖြတ်ကျော်ခြင်းအဆင့်ဟု ပြောနိုင်ပြီး ဤအဆင့်သို့ ရောက်ရှိပါက လေဟာနယ်အတွင်း ဖြတ်သန်းသွားလာနိုင်ပေမည်။

ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်များကဲ့သို့ ရုပ်ခန္ဓာဖြင့် တည်နေရာရွှေ့ပြောင်းခြင်းနိုင်ခြင်း သို့မဟုတ် လေဟာနယ်ကို ခွဲဖြတ်နိုင်ခြင်းမျိုးနှင့် မနှိုင်းယှဉ်နိုင်သော်လည်း ရုပ်ခန္ဓာအစစ်အမှန်ဖြင့် အဆုံးမရှိသော လေဟာနယ်အတွင်း လျင်မြန်စွာ ပျံသန်းနိုင်ပေသည်။

ဤသို့ ပြုလုပ်နိုင်ခြင်းမှာ လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူများသည် ဓမ္မသဏ္ဌာန်နယ်ပယ်၏ စွမ်းအားကို မိမိ၏ခန္ဓာကိုယ်ပေါ်တွင် ဖုံးလွှမ်းစေပြီး စက်ဝိုင်းပုံစံ ခုခံရေးအတားအဆီးတစ်ခု တည်ဆောက်နိုင်သောကြောင့် ဖြစ်၏။

ထိုအခါ အတားအဆီး၏ စွမ်းအားကို အသုံးပြု၍ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများနှင့် စွမ်းအင်တိုက်ခိုက်မှုများကို ဟန့်တားနိုင်ပေမည်။

ထို့ကြောင့်သာ လေဟာနယ်ကို ဖြတ်သန်းသွားလာနိုင်ခြင်း ဖြစ်ပေသည်။

လေဟာနယ်အတွင်း မည်သည့်လေထုမျှ မရှိသော်လည်း ရှင်သန်နိုင်မည် ဖြစ်ချေ၏။

All Chapters