← Chapters

အခန်း ၈၇၉

Vol. 83 Ch. 879

အခန်း ၈၇၉

Vol. 83 Ch. 879

အခန်း (၈၇၉) - လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ တက်လှမ်းခြင်း၊ ၂၇ ဆင့် ခရမ်းပြာမိုးကြိုးကပ်ဘေးနှင့် ကမ္ဘာနှစ်ခုပေါင်းစည်းခြင်း (၄)

"ဟဟ... အကယ်လို့ အင်မော်တယ်ဝင်စားတာ မဟုတ်ဘူးဆိုရင် ပိုပြီးတော့ ကြောက်စရာကောင်းမသွားဘူးလား။ ဒါက တာအိုရောင်းရင်းကျိုးရဲ့ တုနှိုင်းမရတဲ့ ကျင့်ကြံခြင်းပါရမီကို ပိုပြီး သက်သေပြလိုက်တာပဲ။ ဒါက ငါတို့ လူသားမျိုးနွယ်အတွက် အလွန်တရာ ကံကောင်းခြင်းတစ်ခုပဲ...”

များစွာသော လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူများက လေးနက်စွာ ပြောလိုက်ကြ၏။

"တကယ်လည်း အမှန်ပဲ… ဒီလိုမျိုး ပါရမီရှင်က ငါတို့ လူသားမျိုးနွယ်မှာ ပေါ်ထွက်လာတာ။ ဒါက ငါတို့ရဲ့ ကံကောင်းခြင်း မဟုတ်လို့ ဘာဖြစ်ရမတုန်း… ငါ့အမြင်အရတော့ တာအိုရောင်းရင်းကျိုး ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို အမြန်ဆုံး တက်လှမ်းနိုင်ရင် ငါတို့အတွက် အကောင်းဆုံးပဲ...”

"သိပ်ဟုတ်တာပေါ့… ငါတို့ ဖုန်းရှီးမြို့မှာ ဒုတိယမြောက် ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင် ပေါ်ထွက်လာရင် ပိုကောင်းတာပေါ့...”

"မှန်တယ်။ တခြား ခန္ဓာပေါင်းစည်းခြင်းအဆင့် ကန္တာရသားရဲတွေနဲ့ ကြုံရင်တောင် ငါတို့ ဘာမှကြောက်စရာ မလိုတော့ဘူး...”

များစွာသော လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူများသည် အသီးသီး ဆွေးနွေးပြောဆိုနေကြ၏။

သူတို့သည် ကျိုးစွေ့၏ ကျင့်ကြံမှုလျင်မြန်ခြင်းကို ကောင်းသောကိစ္စအဖြစ် သတ်မှတ်ကြပြီး ဖုန်းရှီးကျွန်းအတွက်လည်း အကျိုးကျေးဇူးများစွာ ရှိပေလိမ့်မည်ဟု ယူဆကြလေတော့သည်။

…

ရက်အနည်းငယ် ကြာပြီးနောက်။

ကျိုးစွေ့သည်လည်း လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံမှုကို အခိုင်အမာ တည်ဆောက်ပြီးစီးသွားခဲ့ပြီး ယခင်ထက် တစ်ဆမက ပိုမို အားကောင်းလာခဲ့ပြီ ဖြစ်၏။

သူ၏ခန္ဓာကိုယ်အတွင်း ကျယ်ပြောလှသော ကျင့်စဉ်စွမ်းအားများ လှည့်ပတ်စီးဆင်းနေပြီး တစ်သားတည်း ဖြစ်နေသကဲ့သို့ ရှိပေသည်။

ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်နှင့်မြေကြီး ဓမ္မသဏ္ဌာန်၏ စွမ်းအားသည်လည်း ပိုမို အားကောင်းလာခဲ့ချေပြီ။

ဝုန်း…

ထိုအချိန်တွင် လေဟာနယ်အတွင်းမှ သဏ္ဌာန်မဲ့ တုန်ခါမှုများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကာ တဝုန်းဝုန်း မြည်ဟီးလျက် ကမ္ဘာမြေတစ်ခုလုံးကို လွှမ်းမိုးသွားပြီး ကျိုးစွေ့ကို ကျင့်ကြံခြင်းမှ ချက်ချင်း နိုးကြားသွားစေ၏။

ဤကဲ့သို့သော လေဟာနယ်တုန်ခါမှုသည် ဖုန်းရှီးကျွန်းတစ်ခုတည်းကိုသာ သက်ရောက်မှုရှိသည် မဟုတ်ပေ။

ကြယ်ကွဲပင်လယ်တစ်ခုလုံးနှင့် ကျယ်ပြောလှသော ကုန်းမြေတိုက်ကြီးများအထိပါ သက်ရောက်ကာ တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့သွားခြင်း ဖြစ်ပေသည်။

အဆင့်နိမ့်ကျင့်ကြံသူများသည် ဤကဲ့သို့သော လှုပ်ရှားမှုကို ခံစားမိနိုင်ရန် မဖြစ်နိုင်ပေ။

လေဟာနယ်သန့်စင်ခြင်းအဆင့်ထက် မြင့်မားသော ကျင့်ကြံသူများသာ ဤကဲ့သို့သော သာမန် လေဟာနယ်လှုပ်ခတ်မှုကို အာရုံခံမိနိုင်သည်။

"ဘယ်လိုဖြစ်တာလဲ...”

ကျိုးစွေ့၏သူငယ်အိမ် ကျုံ့သွားပြီး မျက်နှာပျက်သွားကာ တစ်စုံတစ်ခု မကောင်းတော့ကြောင်း အလိုလိုသိစိတ်အရ သတိပြုမိလိုက်၏။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော လေဟာနယ်တုန်ခါမှုမျိုးသည် အလွန်ပင် ရင်းနှီးနေပြီး ယခင်က ကြုံတွေ့ဖူးသကဲ့သို့ ခံစားရသောကြောင့် ဖြစ်၏။

'ဘာလို့ ဒါက လွန်ခဲ့တဲ့အချိန်တုန်းက ရွှမ်ဟွမ်ကမ္ဘာနဲ့ ရှေးဟောင်းမိစ္ဆာကမ္ဘာ ပေါင်းစည်းတဲ့ မြင်ကွင်းနဲ့ ဒီလောက်တောင် တူနေရတာလဲ။ ဝိညာဉ်လောကက တခြားကမ္ဘာတစ်ခုနဲ့ ပေါင်းစည်းတော့မှာလား...’

ကျိုးစွေ့သည် ဤဖြစ်နိုင်ခြေကို မတွေးဘဲမနေနိုင် ဖြစ်သွားရ၏။

သူသည် ဤအရာသည် မဖြစ်နိုင်သောအရာ မဟုတ်ဟု ထင်မြင်ပေသည်။

ဝိညာဉ်လောကသည် မဟာကမ္ဘာကြီးတစ်ခု ဖြစ်သော်လည်း အခြားကမ္ဘာတစ်ခုနှင့် ပေါင်းစည်းရန် မဖြစ်နိုင်သည် မဟုတ်ပေ။

'တကယ်ပဲ။ ငါ့ခန္ဓာကိုယ်ပေါ်က ကပ်ဘေးအငွေ့အသက်တွေ တိုးလာနေပြီ...’

ကျိုးစွေ့က မျက်လုံးကို မှေးကျဉ်းလိုက်၏။

သူသည် ‘ကံကြမ္မာကူ’၏ စွမ်းအားမှတစ်ဆင့် မိမိကိုယ်ပေါ်တွင် ကြီးမားလှသော ကောင်းကင်နှင့်မြေကြီး ကပ်ဘေးအငွေ့အသက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်ကို ချက်ချင်း မြင်တွေ့လိုက်ရသည်။

အချိန်ကြာလာသည်နှင့်အမျှ ကြီးမားလှသော မိုးတိမ်မည်းကြီးများ ဖြစ်ပေါ်လာသကဲ့သို့ ရှိသည်။

ကောင်းကင်တစ်ခုလုံးကို တိမ်မည်းများ ဖုံးလွှမ်းသွားသကဲ့သို့ပင်။

ထို့ပြင် ဤကဲ့သို့သော ကပ်ဘေးအငွေ့အသက်များသည် သူ့ကိုယ်ပေါ်၌သာမက ဖုန်းရှီးကျွန်းရှိ လူသားတိုင်း၏ကိုယ်ပေါ်တွင်လည်း ပေါ်ထွက်နေပြီး ရှင်းလင်းစွာပင် ဤကပ်ဘေးသည် သူ့တစ်ဦးတည်းကိုသာ ဦးတည်ခြင်း မဟုတ်ပေ။

ဤသည်မှာ ကျင့်ကြံသူတိုင်းကို သက်ရောက်မည့် သဘာဝကပ်ဘေးကြီး ဖြစ်လာပေလိမ့်မည်။

'ကိုယ်ပေါ်က ကပ်ဘေးအငွေ့အသက်တွေ တိုးလာပေမဲ့ ကံကြမ္မာကလည်း တိုးလာနေတာပဲ။ ဆိုလိုတာက ဒီတစ်ကြိမ်ကပ်ဘေးဟာ ဘေးဒုက္ခတွေကို သယ်ဆောင်လာရုံတင်မကဘဲ အခွင့်အရေးတွေကိုပါ ယူဆောင်လာပေးမှာလား...’

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်၏။

ရှင်းလင်းစွာပင် သူသည် မိမိကိုယ်ပေါ်ရှိ ကပ်ဘေးအငွေ့အသက်များ တိုးလာသည်နှင့်အမျှ ကံကြမ္မာသည်လည်း အလားတူ တိုးတက်လာသည်ကို သတိပြုမိလိုက်၏။ ကပ်ဘေးအငွေ့အသက် မည်မျှတိုးလာသည်ဖြစ်စေ ကံကြမ္မာသည်လည်း ထိုမျှပင် တိုးတက်လာခဲ့သည်။

ဤတစ်ကြိမ် ကပ်ဘေးကြီးသည် ဘေးဒုက္ခနှင့် ကောင်းကျိုးများ အတူတကွ ရှိနေခြင်းပင်။

အကယ်၍ ကံကောင်းမှု လုံလောက်ပြီး ဉာဏ်ပညာနှင့် စွမ်းရည်များ ရှိပါက ဤအခွင့်အရေးကို အသုံးပြု၍ တိုးတက်လာရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။

'တကယ်လို့ ကမ္ဘာနှစ်ခု ပေါင်းစည်းတာပဲဆိုရင် တခြား အင်အားကြီး မျိုးနွယ်စုတွေ မသိဘဲ နေမှာမဟုတ်ဘူး။ ဒီကိစ္စက ဝိညာဉ်လောကရဲ့ အင်အားကြီး မျိုးနွယ်စုတွေကြားထဲမှာ အစောကြီးကတည်းက ပျံ့နှံ့နေလောက်ပြီ။ အားနည်းတဲ့ မျိုးနွယ်စုတချို့ပဲ ဒီလိုမျိုးကိစ္စကြီးကို မသိသေးတာ ဖြစ်လိမ့်မယ်။ ဟယ်ဖုန်းကျွန်းကို သွားပြီး သတင်းအချက်အလက် စုံစမ်းရမယ့်အချိန် ရောက်ပြီထင်တယ်...’

ကျိုးစွေ့တစ်ယောက် စဉ်းစားခန်း ဝင်သွားရ၏။

ယခုအခါ သတင်းအချက်အလက် အစုံလင်ဆုံးနေရာသည် သံသယဖြစ်ဖွယ်မရှိ ဟယ်ဖုန်းကျွန်းသာ ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာသည် ပတ်ဝန်းကျင် ပင်လယ်ပြင်၏ ကုန်သွယ်ရေးဗဟိုချက်ဖြစ်သလို သတင်းအချက်အလက် စုစည်းရာနေရာလည်း ဖြစ်သောကြောင့်ပင်။

များစွာသော မျိုးနွယ်စုများသည် ဤနေရာတွင် စုဝေးနေကြ၏။

ဆိုလိုသည်မှာ တစ်စုံတစ်ခုသော ကိစ္စကြီး ပေါ်ပေါက်လာပါက ဤကျွန်းမှ ထွက်ပေါ်လာသော သတင်းများသည် ပင်လယ်ပြင်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး များစွာသော မျိုးနွယ်စုများနှင့် သက်ရှိများ သိရှိသွားကြပေလိမ့်မည်။

ဤသို့ စဉ်းစားမိပြီးနောက် သူသည် တုံ့ဆိုင်းမနေဘဲ မိမိ၏ကိုယ်ပွားတစ်ခုကို ချက်ချင်းပင် ဟယ်ဖုန်းကျွန်းသို့ သတင်းစုံစမ်းရန် စေလွှတ်လိုက်တော့သည်။

…

နောက်တစ်ရက် ကြာပြီးနောက်။

ဟယ်ဖုန်းကျွန်း။

ကိုယ်ပွားကျိုးစွေ့သည် ဤနေရာသို့ တစ်ဖန် ရောက်ရှိလာခဲ့ပြန်၏။

မှန်ပေသည်၊ ဤနှစ်ပေါင်းရာချီအတွင်း သူသည် ဟယ်ဖုန်းကျွန်းသို့ မကြာခဏ လာရောက်ကာ ဖုန်းရှီးကျွန်းမှ လူသားများ ထုတ်လုပ်သော အဆောင်လက်ဖွဲ့များ၊ ဆေးလုံးများ၊ အစီအရင်များနှင့် ရတနာများကို ရောင်းချလေ့ရှိပြီး ငွေကြေးများစွာ ရှာဖွေနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် ဟယ်ဖုန်းကျွန်း၌ များပြားလှသော ပစ္စည်းများကို ဝယ်ယူလေ့ရှိ၏။

သူသည် လူသားမျိုးနွယ်၏ ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့ချေပြီ။

အမှန်တကယ်တွင်မူ သူနှင့်တူသော ကျင့်ကြံသူများသည် ဟယ်ဖုန်းကျွန်းပေါ်တွင် အလွန်တရာ များပြားလှပေသည်။

အဘယ်ကြောင့်ဆိုသော် ကြယ်ကွဲပင်လယ်သည် အဆုံးမရှိကျယ်ပြောပြီး အန္တရာယ်များပြားကာ များစွာသော အားနည်းသည့် မျိုးနွယ်စုများ ရှင်သန်နေကြသောကြောင့်ပင်။

ထိုအားနည်းသော မျိုးနွယ်စုများသည် တစ်စုတစ်ဝေးတည်း ထွက်ခွာလာရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် မျိုးနွယ်စုအတွင်းရှိ ကုန်သည်အဖွဲ့တစ်ဖွဲ့ကို အမြဲ စေလွှတ်ကာ မျိုးနွယ်စုအတွင်းရှိ ရတနာများကို သယ်ဆောင်လာပြီး အခြားကျင့်ကြံသူများကို ရောင်းချကာ ငွေကြေးရှာဖွေကြပြီး ရရှိလာသော ငွေကြေးဖြင့် အခြားရတနာများကို ဝယ်ယူလေ့ရှိကြသည်။

မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့သော ကျင့်ကြံသူများ မကြာခဏ ဝင်ထွက်သွားလာနေခြင်းကြောင့်သာ ဟယ်ဖုန်းကျွန်းသည် အလွန်တရာ စည်ကားနေခြင်း ဖြစ်၏။

နေ့စဉ် ရရှိသော ငွေကြေးပမာဏသည်လည်း အံ့အားသင့်ဖွယ် ကောင်းလှသဖြင့် လူကို သွားရည်ကျစေသည်။

ဤကျွန်းသည် အလွန်ပင် ချမ်းသာကြွယ်ဝလှသည်။

ထိုကြောင့်လည်း ကျိုးစွေ့သည် ဤကျွန်းပေါ်တွင် လုံးဝ ထင်ရှားပေါ်လွင်ခြင်းမရှိဘဲ အားနည်းသော မျိုးနွယ်စုတစ်ခု၏ ကိုယ်စားလှယ်တစ်ဦးမျှသာ ဖြစ်သဖြင့် အခြားကျင့်ကြံသူများ၏ သတိပြုခြင်းကို မခံရပေ။

ဝှမ်…

ယခုအခါ ကိုယ်ပွားကျိုးစွေ့သည် စားသောက်ဆိုင်တစ်ခုသို့ ရောက်ရှိနေပြီး စိတ်ကြိုက် ဝိညာဉ်အရက်တစ်အိုးနှင့် ဟင်းပွဲအချို့ကို မှာယူကာ ခန်းမအတွင်း၌ ထိုင်နေရင်းဖြင့် တစ်ချိန်တည်းမှာပင် နှလုံးသားမျက်လုံးစွမ်းအားကို ဖြန့်ကျက်လိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဟယ်ဖုန်းကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ချေပြီ။

နှလုံးသားမျက်လုံးစွမ်းအား၏ ဖုံးလွှမ်းမှုအောက်တွင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် သတိပြုမိနိုင်ရန် မဖြစ်နိုင်ပေ။

နှလုံးသားမျက်လုံးဖြင့် ထိုးထွင်းသိမြင်နိုင်သော စွမ်းအားကြောင့် သူသည် များစွာသော သတင်းအချက်အလက်များကို အလွယ်တကူ ရရှိလေ့ရှိသည်။

များစွာသော ကျင့်ကြံသူများသည် ၎င်းတို့၏ပြောစကားများကို အလွန်လျှို့ဝှက်သည်ဟု ထင်မှတ်နေကြ၏။

သို့သော် နံရံတိုင်းတွင် နားရှိသည်ကို မသိကြချေ။ ကျိုးစွေ့ကမူ အားလုံးကို ရှင်းလင်းစွာ သိရှိနေပြီး အနည်းငယ်မျှ လွဲချော်ခြင်း မရှိပေ။

မှန်ပေ၏၊ မကြာမီအချိန်အတွင်း သူ သိရှိလိုသော သတင်းကို ကြားလိုက်ရလေသည်။

ဤသည်မှာ ထျန်းဖန်မျိုးနွယ်စုမှ ကျင့်ကြံသူတစ်စု စကားပြောနေခြင်း ဖြစ်ပုံရ၏။

ထိုအထဲတွင် စကားပြောနေသူတစ်ဦးမှာ ယခင်က အသိဟောင်းဖြစ်သော ဖန်ရှန်းဖြစ်ပြီး ယခုအခါ ၎င်း၏မျက်နှာတွင် အလွန်တရာ အံ့အားသင့်နေသည့် အရိပ်အယောင်များဖြင့် ပြောလိုက်၏။

"အကြီးအကဲကျန့်ဖုန်း။ ကျွန်တော်တို့ရဲ့ အစစ်အမှန်ဝိညာဉ်ကမ္ဘာက ငရဲမိစ္ဆာကမ္ဘာနဲ့ ပေါင်းစည်းတော့မှာမို့ နယ်စပ်တံခါး ပေါ်လာတော့မယ်လို့ ပြောတာလား...”

၎င်းသည် မိမိကိုယ်တိုင် ဤသတင်းကို ရုတ်တရက် ကြားလိုက်ရသဖြင့် မယုံနိုင်ဘဲ ရှိနေ၏။

၎င်းတစ်ဦးတည်းသာမက ထျန်းဖန်မျိုးနွယ်စုမှ လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူများစွာသည်လည်း အလားတူပင် ဖြစ်ကြသည်။

"မှန်တယ်...”

ထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဖန်ကျန့်ဖုန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။

"ဒါက မျိုးနွယ်စုတွင်းက ထွက်ပေါ်လာတဲ့ သတင်းပဲ။ အတည်ပြုပြီးသားပဲ… တကယ်တော့ ငါတို့ရဲ့ အစစ်အမှန်ဝိညာဉ်ကမ္ဘာက နှစ်ဆယ်သန်းကျော်တိုင်းမှာ ငရဲမိစ္ဆာကမ္ဘာနဲ့ တစ်ကြိမ်စီ ပေါင်းစည်းလေ့ရှိတယ်။ ဒါက ပုံသေနည်းတစ်ခုပဲ ဖြစ်နေပြီ။ အခုက အချိန်နည်းနည်း စောသွားတာပဲ ရှိတာ။ ဘာမှမဟုတ်ပါဘူး...”

"အကြီးအကဲကျန့်ဖုန်း။ ဘာလို့ ဘာမှမဟုတ်ရမှာလဲ။ ဒါက တစ်ကမ္ဘာလုံးကို လှုပ်ခတ်စေမယ့် ကိစ္စကြီးလေ။ ကြားဖူးတာတော့ အစစ်အမှန်ဝိညာဉ်ကမ္ဘာနဲ့ ငရဲမိစ္ဆာကမ္ဘာ ပေါင်းစည်းတိုင်း ကြီးမားလှတဲ့ စစ်ပွဲကြီးတွေ ဖြစ်ပွားလေ့ရှိတယ်တဲ့…”

“ငရဲမိစ္ဆာကမ္ဘာက ရောက်လာတဲ့ မိစ္ဆာမျိုးနွယ်တွေနဲ့ ငရဲမျိုးနွယ်တွေက အလွန်တရာ ကြောက်စရာကောင်းလှတာ။ သူတို့က ကျွန်တော်တို့ အစစ်အမှန်ဝိညာဉ်ကမ္ဘာမှာ သတ်ဖြတ်မှုတွေ အများကြီး လုပ်ခဲ့ကြတာလေ။ ကမ္ဘာနှစ်ခု ပေါင်းစည်းတဲ့ အဖြစ်အပျက် ဖြစ်ပေါ်လာတိုင်း သေဆုံးသူတွေက အတိုင်းအဆမရှိ များပြားလှတယ်…”

“အင်အားကြီး မျိုးနွယ်စုတွေနဲ့ အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုတွေ ပျက်စီးသွားရတာဟာလည်း ဒီ ငရဲမိစ္ဆာကမ္ဘာရဲ့ ကျူးကျော်မှုကြောင့်ပဲ။ ကျွန်တော်တို့ ထျန်းဖန်မျိုးနွယ်စုမှာ ခွန်ဖန်အရှင်ရဲ့ အကာအကွယ် ရှိနေပေမဲ့လည်း ရှင်သန်နိုင်ဖို့ မသေချာဘူး…”

“ပြီးတော့ ရှင်သန်နိုင်ခဲ့ရင်တောင် ကျွန်တော်တို့လို ကျင့်ကြံသူတွေထဲက ဆယ်ယောက်မှာ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်ပဲ အသက်ရှင်နိုင်မှာ။ ကျွန်တော်တို့က ကံကောင်းတဲ့သူတွေ ဖြစ်ချင်မှဖြစ်မှာ...”

ဖန်ရှန်းသည် တံတွေးကို မသိမသာ မျိုချလိုက်မိပြီး ၎င်း၏စိတ်ထဲတွင် အလွန်တရာ ထိတ်လန့်တုန်လှုပ်နေမိ၏။

၎င်းသည် မျိုးနွယ်စုအတွင်းရှိ ရှေးဟောင်းကျမ်းစာများတွင် ငရဲမိစ္ဆာကမ္ဘာ၏ ကျူးကျော်မှုအကြောင်း ဖတ်ရှုဖူးပြီး၊ ၎င်းသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်လှကာ အသေအပျောက်များလှသဖြင့် အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုပင်လျှင် ကောင်းမွန်စွာ ခုခံနိုင်ရန် ခက်ခဲလှပေသည်။

All Chapters