အခန်း ၇၁
Vol. 8 Ch. 71
အခန်း (၇၁) - ဖုတ်ကောင်များကို ရှင်းလင်းခြင်း
စခန်းအပြင်ဘက်သို့ လှမ်းထွက်လာရင်း ကျူးလင်က ဖြည်းညင်းစွာ ပိတ်သွားသော တံခါးမကြီးကို ပြန်လှည့်ကြည့်ကာ မေးလိုက်သည်။
"မနေ့ညက စစ်သားတစ်စုလုံး ခြင်အုပ်စုတစ်ခုကြောင့် သေဆုံးသွားခဲ့တယ်လို့ သူ ပြောလိုက်တာလား..."
ရှို့ဝူက ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။
"လေ့ကျင့်ထားတဲ့ စစ်သားတစ်စုလုံးကို ရှင်းပစ်နိုင်တယ်ဆိုရင် အဲဒီသန္ဓေပြောင်းခြင်တွေက တော်တော်လေး အန္တရာယ်များတဲ့ အဆင့်ကို ရောက်နေပြီ ထင်တယ်..."
ထိုစကားကို ကြားသောအခါ ထန်ဝေ့က သက်ပြင်းအရှည်ကြီး ချလိုက်ရင်း ပြောလိုက်သည်။
"အဲဒီလို သေးသေးလေးတွေဖြစ်တဲ့ ခြင်တွေကတောင် လူတွေကို သတ်နိုင်နေပြီပဲ... ဒါက လူတွေကို လုံးဝအသက်ရှင်ခွင့် မပေးတော့တဲ့ သဘောပဲ..."
ထိုသို့ပြောပြီးနောက် ထန်ဝေ့က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ မေးလိုက်သည်။
"ဒီနေ့ စခန်းပတ်ပတ်လည်မှာ ဖုတ်ကောင်တွေ ပိုများလာတာကို မင်းတို့ သတိထားမိကြလား..."
ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် အားလုံးက ပတ်ဝန်းကျင်ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြလေသည်။ ထန်ဝေ့ ပြောသကဲ့သို့ပင် ယနေ့ စခန်းပတ်ပတ်လည်ရှိ ဖုတ်ကောင်များ၏ အရေအတွက်မှာ ယခင်ကထက် သိသိသာသာ ပိုမိုများပြားနေချေသည်။
ရှို့ဝူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ရင်း ပြောလိုက်သည်။
"ဒါက မကောင်းတဲ့ လက္ခဏာပဲ..."
ကျူးလင်က ခေါင်းလေးကို အနည်းငယ် စောင်းကာ သူ့ကိုကြည့်ရင်း မေးလိုက်သည်။
"ဘာကို ဆိုလိုတာလဲ..."
ရှို့ဝူက အနီးဆုံးရှိ ဖုတ်ကောင်တစ်ကောင်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
“ဟောဒီဖုတ်ကောင်က စခန်းရဲ့ တံတိုင်းနဲ့ မီတာ နှစ်ရာလောက်ပဲ ဝေးတော့တယ်... ပုံမှန်ဆိုရင် စခန်းတံတိုင်းရဲ့ နှစ်ကီလိုမီတာ ပတ်လည်မှာ ဖုတ်ကောင်တွေ မရှိသင့်ဘူး...”
“ဖုတ်ကောင်တွေက လူသားတွေရဲ့ အနံ့အသက်ကြောင့် အမြဲတမ်း ဆွဲဆောင်ခံရတတ်ပြီး စုဝေးတတ်တဲ့ အလေ့အထ ရှိကြတယ်...”
“ဒါကြောင့် ဒီဖုတ်ကောင်တွေ တံတိုင်းအနီးမှာ အချိန်အကြာကြီး လှည့်လည်သွားလာနေတာက အရမ်းအန္တရာယ်များတယ်...”
“ဖုတ်ကောင်အုပ်ကြီး တစ်နေရာတည်းမှာ စုမိသွားတဲ့အခါကျရင် စခန်းဘက်က အရေးယူဖို့ နောက်ကျသွားလိမ့်မယ်..."
ကျီယန်က ရှို့ဝူ၏ စကားကို ကြားသောအခါ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"လူတွေအများကြီး ရုတ်တရက် အပူလျှပ်ခဲ့တဲ့နေ့က အရပ်သားတွေတင်မကဘဲ စစ်သားတွေလည်း အများကြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ငါ ကြားတယ်...”
“ပြီးတော့ ရိက္ခာပြတ်လပ်မှုနဲ့ ပြင်းထန်တဲ့ အပူရှိန်ကြောင့် စစ်သားတွေလည်း ပင်ပန်းနွမ်းနယ်နေကြပြီး စခန်းပတ်ပတ်လည်က ဖုတ်ကောင်တွေကို ရှင်းလင်းဖို့ အပိုအင်အား မရှိကြတော့ဘူး...”
“အပြင်ဘက်နယ်မြေထဲက အလောင်းတွေကို ရှင်းလင်းဖို့တောင် သူတို့မှာ လူအင်အား မလောက်နေဘူး မဟုတ်လား..."
ရှို့ဝူက ခေါင်းညိတ်လိုက်ပြီး ထပ်လောင်းပြောကြားလိုက်သည်။
"ကပ်ရောဂါ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်အပြင် ဖုတ်ကောင်တွေကို ရှင်းလင်းမယ့်သူမရှိရင် မကြာခင်မှာ ဖုတ်ကောင်အုပ်စုကြီး ရောက်လာမှာကို ငါ စိုးရိမ်မိတယ်..."
ထိုစကားကို ကြားလိုက်ရသည့်အခါ ထန်ဝေ့နှင့် ကျီယန်တို့ နှစ်ဦးလုံး ကျောချမ်းသွားကြလေသည်။ ကမ္ဘာပျက်ကပ် ဖြစ်ပွားပြီး ဒုတိယမြောက်လတွင် စခန်းငယ် အများအပြားမှာ ဖုတ်ကောင်အုပ်စုများကြောင့် ပျက်စီးခဲ့ရဖူးသည်။
ထိုစဉ်က လူသားများသည် နေစရာနှင့် စားစရာ ရှိနေသရွေ့ ဖုတ်ကောင်များကို တိုက်ခိုက်ရန် မလိုအပ်ဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် လက်တွေ့ဘဝမှာ သူတို့ ထင်မှတ်ထားသည်နှင့် အလွန်တရာ ကွာခြားလှပေသည်။ နှစ်ပတ်ဆိုသည့် အချိန်တိုအတွင်းမှာပင် သေဆုံးသူ အရေအတွက်သည် အသက်ရှင်ကျန်ရစ်သူ စုစုပေါင်း၏ ထက်ဝက်ကျော်အခြေအနေအထိ ရှိခဲ့သည်။
ထိုမှောင်မိုက်သော လွန်ခဲ့သည့်လနောက်ပိုင်းတွင် စခန်းတိုင်းသည် ဖုတ်ကောင်အုပ်စုလိုက်ကြီး မဖြစ်ပေါ်လာမီ စခန်းအနီးရှိ ဖုတ်ကောင်များကို ပုံမှန်ရှင်းလင်းရန် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်လေ့ရှိကြသည်။
မြို့ပြများရှိ ဖုတ်ကောင်များကိုမူ မည်သူမျှ ရှင်းလင်းနိုင်စွမ်း မရှိကြချေ။
သုံးလကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်သော်လည်း စွမ်းအားရှင်များသည် ရိက္ခာရှာဖွေရန်အတွက် မြို့ပြများ၏ အပြင်ဘက်စွန်များသို့သာ သွားရောက်ဝံ့ကြလေသည်။
စခန်းတံတိုင်းဆီသို့ ဖြည်းဖြည်းချင်း တိုးကပ်လာနေသော ဖုတ်ကောင်များကို ကြည့်ရင်း ရှို့ဝူက အခြားသူများကို ပြောလိုက်သည်။
"ငါတို့ ဒီကိုလာတာ ပုံဆောင်ခဲအမြုတေတွေ ပိုရဖို့အတွက်ပဲဆိုတော့... စခန်းအနီးက ဖုတ်ကောင်တွေကို အရင်ရှင်းကြတာပေါ့... ပြီးမှ သန္ဓေပြောင်းသတ္တဝါအချို့ကို အမဲလိုက်ကြမယ်..."
သူ၏ အကြံပြုချက်ကို သဘောတူညီကြပြီးနောက် ထန်ဝေ့နှင့် ကျီယန်တို့က တစ်ဖွဲ့၊ ရှို့ဝူ၊ ကျူးလင်နှင့် ထူထူတို့က တစ်ဖွဲ့ ခွဲလိုက်ကြသည်။ ရှို့ဝူက သူ၏ သူငယ်ချင်းကောင်း နှစ်ဦးကို ကြည့်ကာ ပြောလိုက်သည်။
"ငါတို့က ညာဘက်အခြမ်းကို သွားမယ်... မင်းတို့နှစ်ယောက်က ဘယ်ဘက်အခြမ်းကို သွားလိုက်..."
ကျီယန်နှင့် ထန်ဝေ့တို့က ခေါင်းညိတ်ပြပြီးနောက် ဘယ်ဘက်ရှိ အနီးဆုံး ဖုတ်ကောင်ဆီသို့ လျှောက်သွားကြလေသည်။
ထန်ဝေ့က ပထမဆုံး ဖုတ်ကောင်ကို မီးရှို့လိုက်သည်ကို မြင်သောအခါ ကျီယန်က ပုံဆောင်ခဲအမြုတေကို တူးထုတ်ရန် ဓားမြှောင်တစ်လက်ကို ထုတ်ယူလိုက်သည်။ ထိုစဉ် ရှို့ဝူက ကျူးလင်ကို ကြည့်ကာ ပြောလိုက်သည်။
"စကြရအောင်..."
ကျူးလင်က သူ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် သူတို့နှစ်ဦးသည် ညာဘက်ရှိ ဖုတ်ကောင်အုပ်စုဆီသို့ လျှောက်သွားကြရာ ထူထူက နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။ ပတ်ဝန်းကျင်တွင် ဖုတ်ကောင်များစွာ ရှိနေသည်ကို မြင်သောအခါ ကျူးလင်က ပြောလိုက်သည်။
"ရှို့ဝူ... ရှင် ဒီဘက်အခြမ်းကို ရှင်းလိုက်... ကျွန်မ ဟိုဘက်အခြမ်းကို သွားမယ်... ကျွန်မတို့ နေရာခွဲပြီးရှင်းရင် ဖုတ်ကောင်တွေကို ပိုမြန်မြန် ရှင်းနိုင်လိမ့်မယ်..."
ရှို့ဝူက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဂရုစိုက်ပါ..."
"အင်း..."
ထိုသို့ပြောပြီးနောက် ကျူးလင်က ထူထူကို ကြည့်ကာ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
'ထူထူ... ခဏနေရင် ပုံဆောင်ခဲအမြုတေတွေကို ကောက်ဖို့ ကူညီပေးဦးနော်...'
ထူထူက ခေါင်းညိတ်ပြကာ ပြန်ပြောလိုက်သည်။
'ဟုတ်ကဲ့ပါ သခင်မလေး...'
ယုန်ကလေး၏ စိတ်လှုပ်ရှားမှုကို ခံစားမိသောအခါ ကျူးလင်က အနည်းငယ် ပြုံးလိုက်မိသည်။ သူမသည် ရေခဲပန်းပွင့်ဆွဲသီးထဲမှ ပင်းကျန့်ကို ထုတ်ယူကာ ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။
ပင်းကျန့်ကို လက်တွင် ကိုင်ဆုပ်ထားစဉ် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး၌ နတ်ဘုရားစွမ်းအင်များ ခဏမျှ လည်ပတ်သွားပြီးနောက် လမင်းတစ်ထောင်ခြေလှမ်းကျင့်စဉ်နှင့် ကောင်းကင်မျက်လုံးကျင့်စဉ်တို့ကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်လေသည်။
သုံးစက္ကန့်ခန့် ကြာပြီးနောက် သူမသည် ဒန်တျန်ထဲမှ ဝိညာဉ်စွမ်းအင်တစ်မျှင်ကို ထုတ်ယူကာ သူမ၏ နတ်ဘုရားစွမ်းအင်ကို ဒန်တျန်ထဲသို့ ပြန်လည်ထိန်းသိမ်းလိုက်သည်။ ထို့နောက် ကျူးလင်သည် ဝိညာဉ်စွမ်းအင်ကို ခြေဖဝါးဆီသို့ ပို့လွှတ်ကာ ရှေ့သို့ ခုန်ပျံလိုက်လေသည်။
နောက်တစ်စက္ကန့်တွင် သူမသည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး မီတာ သုံးဆယ်ခန့်အကွာတွင် ပေါ်လာခဲ့သည်။ နှုတ်ခမ်းထောင့်တွင် အနည်းငယ်ပြုံးလိုက်ကာ သူမသည် ဖုတ်ကောင်အုပ်စုဆီသို့ ပြေးဝင်လာပြီး ၎င်းတို့ကြားထဲတွင် လျှပ်တပြက် လှုပ်ရှားရင်း တစ်ကောင်ပြီးတစ်ကောင် ခေါင်းဖြတ်ပစ်လိုက်လေသည်။
ရှပ်... ရှပ်... ဗုန်း... ဗုန်း...
သူမ၏ ခြေဖဝါးများ ဖုန်ထူသော မြေပြင်ပေါ်သို့ ပြန်လည်ကျရောက်လာချိန်တွင် ဖုတ်ကောင် ဆယ်ကောင်ကျော်မှာ ခေါင်းပြတ်လျက် မြေပြင်ပေါ်သို့ တစ်ပြိုင်နက်တည်း လဲကျသွားကြလေသည်။
သူမ၏ နောက်ကွယ်တွင်မူ ထူထူသည် ဖုတ်ကောင်များ၏ ဦးနှောက်ထဲမှ ပုံဆောင်ခဲအမြုတေများကို တူးထုတ်ရန် အလုပ်ရှုပ်နေချေသည်။
ကျူးလင်က သူမ၏ ယုန်ကလေးကို တစ်ခဏမျှ လှည့်ကြည့်လိုက်ပြီးနောက် နောက်ထပ် ဖုတ်ကောင်အုပ်စုဆီသို့ တစ်ဖန်သွားပြန်သည်။
ထိုအချိန်တွင် ရှို့ဝူသည်လည်း ဖုတ်ကောင်အုပ်စုတစ်စုကို သတ်ဖြတ်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
သူသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ပုပ်ပွနေသည့် အသားစများနှင့် သွေးမည်းများကို ခဏမျှ ကြည့်လိုက်ပြီးနောက် ခေါင်းမော့ကာ အခြားတစ်ဖက်ရှိ ကျီယန်ကို လှမ်းကြည့်လိုက်လေသည်။