အခန်း ၇၃
Vol. 8 Ch. 73
အခန်း (၇၃) - ရေခဲ
စားပွဲနှင့် ကုလားထိုင်များကို နေရာချပြီးနောက် ကျီယန်က ရှို့ဝူကို ကြည့်ကာ မေးလိုက်သည်။
"လောင်ရှို့... ဒီနေ့ နေ့လယ်စာအတွက် ဘာချက်ချင်လဲ..."
ရှို့ဝူက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"အခုလိုအချိန်မှာ ခေါက်ဆွဲအေးနဲ့ အသုပ်အေးလေး စားရရင် ကောင်းမှာပဲ... ငါတို့ဆီမှာ ရေခဲဓာတ်စွမ်းအားရှိတဲ့သူ တစ်ယောက်မှ မရှိတာ နှမြောစရာပဲ..."
ထန်ဝေ့က သက်ပြင်းချကာ ပြောလိုက်သည်။
"ဟုတ်ပဗျာ... အခုအချိန်မှာ ရေခဲသာရှိရင် သိပ်ကောင်းမှာပဲ... ငါ ရေခဲမုန့် တအားစားချင်နေပြီ..."
ကျူးလင်က သူတို့၏ စကားဝိုင်းကို နားထောင်နေရင်း ထန်ဝေ့ကို ကြည့်ကာ မေးလိုက်သည်။
"မင်းတို့ ရေခဲ လိုချင်လို့လား..."
သူမ၏ မေးခွန်းထွက်လာသည်နှင့် တစ်ပြိုင်နက် သူတို့သုံးယောက်စလုံးက ကျူးလင်ဘက်သို့ လှည့်ကြည့်လာကြသည်။ သူမသည် အဆောင်လက်ဖွဲ့ကို အသုံးပြု၍ ရေဖန်တီးနိုင်သည်ကို သတိရသွားကာ ရှို့ဝူက မျှော်လင့်ချက်အရိပ်အယောင်များ ပြည့်နှက်နေသော လေသံဖြင့် မေးလိုက်သည်။
"ရှောင်လင်... မင်း ရေခဲဖန်တီးနိုင်လို့လား..."
ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ရေခဲပန်းပွင့်ဆွဲသီးထဲမှ ရေခဲဓာတ်အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။
"အရင်က မစမ်းသပ်ဖူးသေးပေမဲ့ ဒီအဆင့်နိမ့် ရေခဲဓာတ်အဆောင်လက်ဖွဲ့က စားသုံးဖို့အတွက် ရေခဲတွေကို ဖန်တီးပေးနိုင်လိမ့်မယ်..."
သူမ ပြောပြီးနောက် ရှို့ဝူက ကျီယန်ကို ကြည့်ကာ ပြောလိုက်သည်။
"လောင်ယန်... ရှောင်လင်က ရေခဲတွေကို ဆင့်ခေါ်လိုက်တာနဲ့ အရည်ပျော်ခင် မင်းရဲ့နေရာလွတ်ထဲကို မြန်မြန်ထည့်လိုက်..."
ယခုကဲ့သို့ ရာသီဥတုမျိုးတွင် သူသာ နှောင့်နှေးနေပါက ရေခဲများကို နေရာလွတ်ထဲသို့ မသိမ်းဆည်းနိုင်မီ အရည်ပျော်သွားလိမ့်မည်ကို ကျီယန် သိပေသည်။ သူက ခေါင်းညိတ်လိုက်ပြီး မျက်ဝန်းထဲတွင် ပြတ်သားမှုများနှင့်အတူ ပြောလိုက်သည်။
"ကောင်းပြီ... ရေခဲတစ်တုံးလေးတောင် အလဟဿ မဖြစ်စေရဘူး..."
တင်းမာနေသော အခြေအနေကို သတိပြုမိသဖြင့် ကျူးလင်က သူတို့သုံးယောက်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ရေခဲဓာတ်အဆောင်လက်ဖွဲ့ကို သုံးပြီး ဆင့်ခေါ်တဲ့ ရေခဲတွေက အလွယ်တကူ အရည်ပျော်မှာ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ ဒီအဆောင်လက်ဖွဲ့က တိုက်ခိုက်ရေး အဆောင်လက်ဖွဲ့မို့လို့ပဲ..."
သူမ၏ စကားကို ကြားရသောအခါ သူတို့သုံးယောက်စလုံး ဘာမှမပြောသော်လည်း ၎င်းတို့၏ မျက်နှာအမူအရာများကမူ သူမ၏စကားကို သံသယဝင်နေကြောင်း ဖော်ပြနေကြသည်။
သူတို့၏ သံသယဝင်နေသော အကြည့်များကို ကြည့်ပြီးနောက် ကျူးလင်က ထပ်လောင်းပြောကြားလိုက်သည်။
"တကယ်လို့ ရေခဲဓာတ်အဆောင်လက်ဖွဲ့က ဆင့်ခေါ်တဲ့ ရေခဲတွေက အခုလို အပူချိန်မှာ အရည်ပျော်သွားမယ်ဆိုရင် ဒီအဆောင်လက်ဖွဲ့က အသုံးမဝင်တဲ့ အဆောင်ပဲ ဖြစ်လိမ့်မယ်..."
“အဆင့်နိမ့် ရေခဲဓာတ်အဆောင်လက်ဖွဲ့က ဆင့်ခေါ်တဲ့ ရေခဲတွေတောင် အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလောက်အောင် ခိုင်မာရမယ်..."
သူမ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ထန်ဝေ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူတွေက ဘယ်လောက်တောင် သန်မာလို့လဲ..."
ကျူးလင်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"သူတို့က စွမ်းရည်ရှိတဲ့ အဆင့် ၂ ဖုတ်ကောင်တစ်ကောင်လောက် သန်မာလိမ့်မယ်..."
သူမ၏ အဖြေကို ကြားလိုက်ရသောအခါ ထန်ဝေ့က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"တကယ်ကြီးလား..."
ယုန်လေးကပင် ခေါင်းလုံးလုံးလေးကို ညိတ်ပြနေသည်ကို မြင်လိုက်ရသဖြင့် ထန်ဝေ့မှာ ခဏမျှ ဆွံ့အသွားပြီးနောက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"သိပ်ကောင်းတာပဲ... ရှောင်လင်... ရေခဲတွေကို မြန်မြန်ဆင့်ခေါ်ပေးပါဦး..."
ထို့နောက် သူက ကျီယန်ကို ကြည့်ကာ ပြောလိုက်သည်။
"လောင်ယန်... အဆင်သင့်ပြင်ထားတော့..."
ကျီယန်က တိုက်ပွဲဝင်စိတ်ဓာတ်များ အပြည့်ဖြင့် ပြောလိုက်သည်။
"ကောင်းပြီ... ရှောင်လင်... ငါ အဆင်သင့်ပဲ..."
ကျူးလင်က ရေခဲများမှာ အလွယ်တကူ အရည်ပျော်မည်မဟုတ်ကြောင်း ပြောပြထားသော်လည်း သူတို့ကမူ သတိထားရန်သာ ရွေးချယ်ခဲ့ကြသည်။
အကယ်၍ ဤအဆောင်လက်ဖွဲ့က တကယ်ပင် အဆောင်ပျက် ဖြစ်နေပါက အဖိုးတန်သော ရေခဲတုံးများကို မတော်တဆ ဆုံးရှုံးရပေလိမ့်မည်။
သူတို့ကို နားဝင်အောင် မပြောနိုင်တော့သဖြင့် ကျူးလင်က မတတ်နိုင်သည့်အလား ခေါင်းကိုသာ ခါယမ်းလိုက်ရတော့သည်။
သူတို့၏ ပျာပျာသလဲ ဖြစ်နေသော မျက်နှာများကို ကြည့်ကာ ထူထူက နှာခေါင်းရှုံ့လိုက်ရင်း တွေးလိုက်သည်။
'သူတို့က ငါ့သခင်မရဲ့ အဆောင်လက်ဖွဲ့ ဖန်တီးတဲ့ စွမ်းရည်ကို သံသယဝင်ရဲကြတယ်ပေါ့... ငါ့သခင်မရဲ့ တကယ့်စွမ်းအားအစစ်အမှန်ကို သိသွားရင် သူတို့ ဘယ်လိုမျက်နှာပေးမျိုး ဖြစ်သွားမလဲ မသိဘူး... ဟီးဟီးဟီး... သိပ်ကို စိတ်ဝင်စားဖို့ ကောင်းမှာပဲ...'
တံတိုင်းပေါ်တွင် ရပ်နေကြသော စစ်သားများက သူတို့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။ စစ်သားတစ်ဦးက လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ရေခဲဓာတ်အဆောင်လက်ဖွဲ့ကို ညှပ်ကိုင်ထားသော ကျူးလင်ကို ညွှန်ပြကာ မေးလိုက်သည်။
"ဟိုအမျိုးသမီးလေးက ဘာလုပ်နေတာလဲ..."
သူ မေးလိုက်ပြီးနောက် စစ်သားများက ကျူးလင်ကို ကြည့်လိုက်ကြရာ အဖြူရောင်စက္ကူလေးမှာ ရုတ်တရက် ပြာလွင်သော မီးတောက်များဖြင့် ဖုံးလွှမ်းသွားသည်ကို မြင်လိုက်ရသည်။
သူတို့ သတိမထားမိခင်မှာပင် ပြာလွင်သော မီးတောက်များ ဖုံးလွှမ်းနေဆဲဖြစ်သော စက္ကူလေး၏ ရှေ့တွင် ရေခဲပြာရောင် အစီအရင်အသေးလေးတစ်ခု ပေါ်လာလေသည်။
နောက်တစ်စက္ကန့်တွင် လူကြီးတစ်ယောက်၏ လက်သီးဆုပ်ခန့်ရှိသော ရေခဲတုံးများမှာ ထိုအစီအရင်ထဲမှ ရေစီးသဖွယ် စီးဆင်းလာတော့သည်။
အောက်တွင် ဖြစ်ပျက်နေသည်များကို ကြည့်ရင်း စစ်သားများမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်ပင် မစေ့နိုင်ကြတော့ပေ။ အချို့မှာမူ သူတို့ မြင်တွေ့နေရသည်ကို မယုံကြည်နိုင်သဖြင့် မျက်လုံးများကိုပင် ပွတ်သပ်ကြည့်နေကြသည်။
ကျီယန်၊ ထန်ဝေ့နှင့် ရှို့ဝူတို့ သုံးယောက်မှာမူ ရေခဲတုံးများ မြေပြင်ပေါ်သို့ မကျရောက်မီ ပလတ်စတစ်ပုံးများဖြင့် လိုက်လံဖမ်းယူရန် အလုပ်ရှုပ်နေကြသည်။ အမှိုက်ပုံထက်ပင် ပိုမိုညစ်ပတ်သော ခြောက်သွေ့နေသည့် မြေကြီးနှင့် ထိတွေ့သွားသော ရေခဲတုံးများကို သူတို့ လုံးဝမစားချင်ကြပေ။
စက္ကန့်သုံးဆယ်ခန့် ကြာပြီးနောက် ရေခဲဓာတ်အဆောင်လက်ဖွဲ့မှာ ပြာအဖြစ်သို့ လောင်ကျွမ်းသွားပြီး အစီအရင်အသေးလေးလည်း ပျောက်ကွယ်သွားလေသည်။
ကျူးလင်က သူမ၏ လက်ပေါ်မှ ကျန်ရှိနေသော ပြာများကို ခါထုတ်လိုက်ပြီးနောက် ပြုံးရွှင်နေသော သူတို့သုံးယောက်၏ မျက်နှာများကို ကြည့်ကာ မေးလိုက်သည်။
"ရေခဲတွေ လောက်ရဲ့လား..."
ကျီယန်က သူ၏နေရာလွတ်ထဲသို့ ကြည့်လိုက်ပြီး ထောင့်တစ်နေရာရှိ ရေခဲတုံးများကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"လောက်ပါတယ်... ရေခဲတုံးတွေ အနည်းဆုံး ငါးရာလောက် ရှိမယ်... ချွေတာသုံးရင်တော့ တော်တော်ကြာကြာ ခံမှာပါ..."
သူ၏အဖြေကို ကြားရသောအခါ ကျူးလင်က စိတ်ကျေနပ်သွားပြီး တွေးလိုက်သည်။
'သန္ဓေပြောင်းသားရဲရဲ့ သွေးနဲ့ အဆောင်လက်ဖွဲ့ကို ဖန်တီးတာက အဆောင်လက်ဖွဲ့ရဲ့ စွမ်းအားကို တကယ်ပဲ တိုးမြင့်စေတာပဲ...'
ဟင်းလျာများကို ခဏမျှ တိုင်ပင်ပြီးနောက် သူတို့သည် နေ့လယ်စာအတွက် ဟင်းသီးဟင်းရွက်သုပ်အေးကို စားရန် ဆုံးဖြတ်လိုက်ကြသည်။
ရှို့ဝူက နေ့လယ်စာ ပြင်ဆင်နေစဉ် စစ်သားများမှာ တစ်ဦးကိုတစ်ဦး တိတ်ဆိတ်စွာ ကြည့်နေကြသည်။
စက္ကူကို အသုံးပြု၍ ရေခဲတုံးများ ဖန်တီးသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သောကြောင့် ယခုအချိန်တွင် သူတို့၏ ဦးနှောက်များမှာ အလုပ်မလုပ်တော့သကဲ့သို့ ဖြစ်နေကြချေသည်။
ကြာရှည်စွာ တိတ်ဆိတ်နေပြီးနောက် စစ်သားတစ်ဦးက ပြောလိုက်သည်။
"ငါတို့ ဒီကိစ္စကို ဗိုလ်ကြီးထန်ဆီ သတင်းပို့သင့်လား..."
သူ၏ မေးခွန်းကို ကြားသောအခါ အခြားစစ်သားများက ဘာမှမပြောကြပေ။ စက္ကန့်အနည်းငယ် ကြာပြီးနောက် တစ်ဦးက ပြောလိုက်သည်။
"ငါပဲ ဗိုလ်ကြီးထန်ဆီ သတင်းသွားပို့လိုက်မယ်..."
ထိုစကားကို ချန်ထားခဲ့ကာ သူက လျင်မြန်စွာ ထွက်ခွာသွားလေသည်။ သူတို့၏ ရဲဘော်ဖြစ်သူ အပြင်ဘက်အကွင်း၏ တံခါးဆီသို့ လျှောက်လှမ်းသွားသည်ကို ကြည့်နေစဉ် ရှို့ဝူကြည့်နေသည်ကို စစ်သားများ သတိပြုမိလိုက်ကြသည်။
သူ၏ မျက်ဝန်းထဲရှိ သတ်ဖြတ်လိုသော အငွေ့အသက်များကို မြင်လိုက်ရသဖြင့် ဤကိစ္စကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ပါက ဤအဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံရန်မှာ ရှောင်လွှဲ၍မရနိုင်တော့ကြောင်း စစ်သားများ သိရှိလိုက်ကြပေသည်။