← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း (၇၅) - လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ

ကျူးလင်က ကျီယန်ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျန့်ရိမုကိုကြည့်ကာ ပြောလိုက်သည်။

“စကြရအောင်...”

ထိုသို့ပြောပြီးနောက် သူမသည် ရေခဲဓာတ်အဆောင်လက်ဖွဲ့ကို လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ညှပ်ကိုင်လိုက်ပြီး ကျန့်ရိမုကို လှမ်းကြည့်လိုက်လေသည်။

သူမက မိမိ၏ လှုပ်ရှားမှုကို လိုက်လုပ်ရန် စောင့်ဆိုင်းနေသည်ကို မြင်သောအခါ ကျန့်ရိမုသည်လည်း အဆောင်လက်ဖွဲ့ကို သူ၏ လက်ညှိုးနှင့် လက်ခလယ်ကြားတွင် အားမလိုအားမရဖြစ်စွာဖြင့် ကတုန်ကယင် ညှပ်ကိုင်လိုက်ရတော့သည်။

သူ၏ မျက်နှာတွင် မအီမသာ အမူအရာမျိုးဖြင့် အဆောင်လက်ဖွဲ့ကို ကိုင်ထားသည်ကို မြင်ရသောအခါ စစ်သားများမှာ မရယ်မိစေရန် အစွမ်းကုန် သည်းခံထားကြရလေသည်။

စစ်ဝတ်စုံအပြည့် ဝတ်ဆင်ထားသော ဗိုလ်ကြီးကျန့်က အဆောင်လက်ဖွဲ့ကို ကိုင်ထားသည့် မြင်ကွင်းမှာ အမှန်တကယ်ပင် ရယ်စရာကောင်းလှပေသည်။

သူက အဆောင်လက်ဖွဲ့ကို နည်းလမ်းမှန်ဖြင့် ကိုင်တတ်သွားသည်ကို မြင်သောအခါ ကျူးလင်က ရှင်းပြလိုက်သည်။

“နောက်တစ်ဆင့်ကတော့ အဆောင်လက်ဖွဲ့ထဲကို ဝိညာဉ်စွမ်းအင် ထည့်သွင်းဖို့ပဲ...”

“ပြီးရင် အစီအရင်ကို အသက်သွင်းဖို့ အဆောင်လက်ဖွဲ့ထဲက ဝိညာဉ်စွမ်းအင်ကို လည်ပတ်စေရမယ်... အဲဒီနောက် စကားလုံးတွေရဲ့ စွမ်းအားကို အသက်သွင်းဖို့ ရှင့်ရဲ့ ဒန်တျန်ထဲက ဝိညာဉ်စွမ်းအင်ကို လည်ပတ်စေရမယ်”

ကျန့်ရိမုတစ်ယောက် သူမပြောလိုက်သည်များကို နားလည်အောင် မစဉ်းစားနိုင်သေးမီမှာပင် ကျူးလင်က တည်ငြိမ်စွာ ပြောလိုက်လေသည်။

“နှင်းခဲ...”

သူမ၏ စကားသံ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရေခဲဓာတ်အဆောင်လက်ဖွဲ့သည် ပြာလွင်သော မီးတောက်များဖြင့် လောင်ကျွမ်းသွားပြီး အဆောင်လက်ဖွဲ့၏ ရှေ့မှောက်တွင် သေးငယ်သော ရေခဲပြာရောင်အစီအရင်တစ်ခု ပေါ်ပေါက်လာချေသည်။

နောက်တစ်စက္ကန့်တွင် လူကြီးတစ်ယောက်၏ လက်သီးဆုပ်ခန့်ရှိသော ရေခဲတုံးများစွာသည် ထိုအစီအရင်ထဲမှ တရဟော စီးဆင်းလာတော့သည်။

သေးငယ်သော အစီအရင်ထဲမှ ရေခဲတုံးများ ထွက်ပေါ်လာသည်ကို မြင်ပြီး အံ့အားသင့်သွားကြသည့် ကျန့်ရိမုနှင့် အခြားစစ်သားများနှင့်မတူဘဲ ကျီယန်၊ ထန်ဝေ့နှင့် ရှို့ဝူတို့မှာမူ ရေခဲဓာတ်အဆောင်လက်ဖွဲ့ ပြာလွင်လွင် မီးတောက်များဖြင့် လောင်ကျွမ်းသွားသည့် အချိန်ကတည်းက အသင့်ပြင်ထားကြပြီး ဖြစ်ပေသည်။

သေးငယ်သော အစီအရင်ထဲမှ ရေခဲတုံးများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ထိုသုံးယောက်သည် ပလတ်စတစ်ဇလုံများကို အသုံးပြု၍ ရေခဲတုံးများကို ကျွမ်းကျင်စွာ ဖမ်းယူလိုက်ကြလေသည်။

တစ်မိနစ်ခန့် ကြာပြီးနောက် ရေခဲဓာတ်အဆောင်လက်ဖွဲ့သည် ပြာအဖြစ်သို့ လောင်ကျွမ်းသွားတော့သည်။ ကျူးလင်က သူမ၏ လက်မှ ပြာများကို ခါထုတ်လိုက်ပြီး ကျန့်ရိမုကို ကြည့်ကာ ပြောလိုက်သည်။

“ရှင့်အလှည့်ပဲ...”

ကျန့်ရိမုသည် သတိပြန်ဝင်လာပြီးနောက် သူမကို အားနာတကြီး ကြည့်ကာ မေးလိုက်သည်။

“ကျုပ် မစမ်းသပ်ခင်မှာ ဝိညာဉ်စွမ်းအင်က ဘာလဲဆိုတာကို အရင်ရှင်းပြပေးလို့ ရမလား...”

“စကားလုံးတွေရဲ့ စွမ်းအားဆိုတာကကော ဘာလဲ...”

“ဝိညာဉ်စွမ်းအင်ကို ဘယ်လိုလည်ပတ်အောင်လုပ်ပြီး ဒီစက္ကူထဲကို ဘယ်လိုထည့်သွင်းရမလဲဆိုတာကိုလည်း ပြောပြပေးပါဦး...”

ထိုစကားများကို ကြားလိုက်ရသောအခါ ကျူးလင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီး တွေးလိုက်သည်။

‘အာ... ဒီကမ္ဘာက လူသားတွေ မကျင့်ကြံနိုင်တာကို ငါမေ့သွားတယ်... သူတို့ကို မန္တန်တွေနဲ့ အဆောင်လက်ဖွဲ့တွေ အသုံးပြုပုံ မသင်ပေးခင် အခြေခံတွေကို အရင်သင်ပေးဖို့ လိုအပ်ပုံရတယ်...’

သူမ မျက်မှောင်ကြုတ်သွားသည်ကို မြင်သောအခါ ကျန့်ရိမုက အလျင်အမြန် ပြောလိုက်သည်။

“တကယ်လို့ ဒါက လျှို့ဝှက်ချက်ဆိုရင်လည်း ရပါတယ်... ကျုပ်တို့ ဒီစက္ကူအစား ရေခဲတုံးတွေကိုပဲ ဝယ်ပါ့မယ်...”

ကျူးလင်က ခေါင်းခါယမ်းလိုက်ပြီး သူ့ကိုကြည့်ကာ ပြောလိုက်သည်။

“ဒါက လျှို့ဝှက်ချက်တစ်ခု မဟုတ်ပါဘူး...”

ထိုသို့ပြောပြီးနောက် သူမသည် ပြင်းထန်သော နေရောင်ခြည်ကြောင့် နီရဲနေသော သူတို့၏ မျက်နှာများကို ကြည့်ကာ ပြောလိုက်သည်။

“အရင်ဆုံး နေပူဒဏ်ကနေ ရှောင်လို့ရမယ့် နေရာတစ်ခု ရှာကြရအောင်... ပြီးရင် ကျွန်မ ရှင်တို့ကို အခြေခံတွေ သင်ပေးမယ်...”

သူမသည် မိမိနှင့် မိမိ၏ ရဲဘော်များအပေါ် ငဲ့ညှာပေးနေခြင်းဖြစ်ကြောင်း သိသဖြင့် ကျန့်ရိမုက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“စစ်တန်းလျားကို သွားလို့ရပါတယ်... ဒီကနေ သိပ်မဝေးဘူး...”

ကျူးလင်က ခေါင်းညိတ်လိုက်ပြီးနောက် ရှို့ဝူနှင့် အခြားသူများကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ကျွန်မ သူတို့နဲ့အတူ သွားလိုက်ဦးမယ်... သူတို့ကို အခြေခံတွေ သင်ပေးဖို့နဲ့ သူတို့ သင်ယူနိုင်မလားဆိုတာ ကြည့်ဖို့ အချိန်နည်းနည်း လိုလိမ့်မယ်...”

“တကယ်လို့ ရှင်တို့ သန္ဓေပြောင်းသတ္တဝါတွေကို သွားရှာချင်တယ်ဆိုရင် ကျွန်မမပါဘဲ သွားလို့ရပါတယ်...”

ရှို့ဝူ စကားမပြောနိုင်သေးမီမှာပင် ကျီယန်က အလျင်အမြန် ဝင်ပြောလိုက်သည်။

“ငါတို့လည်း မင်းနဲ့အတူ လိုက်ခဲ့မယ်...”

သူ၏ စိတ်အားထက်သန်မှုကြောင့် ကျူးလင်မှာ အနည်းငယ် အံ့အားသင့်သွားပြီး စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။

“ကောင်းပြီလေ... ဒါဆို အတူတူ သွားကြတာပေါ့...”

သူတို့အားလုံး စစ်တန်းလျားသို့ လိုက်ရန် ဆုံးဖြတ်လိုက်ကြသည်ကို မြင်သောအခါ ကျန့်ရိမုက စစ်သားတစ်ယောက်ကို စစ်တန်းလျားသို့ ပြန်လွှတ်ကာ အခြားကားတစ်စီးကို မောင်းလာခိုင်းလိုက်လေသည်။

စစ်သားများကို စောင့်ဆိုင်းနေစဉ်အတွင်း ထန်ဝေ့က ကျီယန်ကို တံတောင်ဖြင့် တို့ကာ တိုးတိုးလေး မေးလိုက်သည်။

“လောင်ယန်... မင်းက ဘာလို့ စစ်တန်းလျားကို သွားချင်ရတာလဲ... ငါတို့ သန္ဓေပြောင်းသတ္တဝါတွေကို သွားရှာဖို့ သဘောတူထားကြတာ မဟုတ်ဘူးလား...”

ကျီယန်က ပြုံးလိုက်ပြီး တိုးတိုးလေး ပြန်မေးလိုက်သည်။

“ရှောင်ဝေ့... ရှောင်လင်က သူတို့နဲ့အတူ လိုက်သွားရတဲ့ ရည်ရွယ်ချက်ကို မင်းသိလား...”

ထိုမေးခွန်းကို ကြားသောအခါ ထန်ဝေ့က ကျီယန်ကို လူအတစ်ယောက်လို ကြည့်ကာ ပြောလိုက်သည်။

“သိတာပေါ့...”

ကျီယန်က ထပ်မံ မေးလိုက်သည်။

“မင်းသိရဲ့သားနဲ့ ဘာလို့ မလိုက်ချင်ရတာလဲ...”

ထန်ဝေ့က ဇဝေဇဝါဖြစ်စွာဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ ငါတို့က ချပ်ဝတ်တန်ဆာတွေနဲ့ လက်နက်တွေ လုပ်ဖို့အတွက် ပစ္စည်းတွေ စုဆောင်းရဦးမှာလေ...”

ကျီယန်က သက်ပြင်းချလိုက်ပြီး ခေါင်းခါယမ်းကာ ပြောလိုက်သည်။

“မင်းဆီက အဖြေတစ်ခုခုကို မျှော်လင့်မိတဲ့ ငါကပဲ မှားတာပါ... ငါပြောပြမယ်... ငါတို့က ရှောင်လင်နောက်ကို လိုက်ပြီး ရေခဲတုံးတွေ စုဆောင်းဖို့ သွားကြမှာ...”

သူ၏ စကားကို ကြားလိုက်ရသောအခါ ထန်ဝေ့၏ မျက်လုံးများက ရုတ်တရက် တောက်ပသွားတော့သည်။ သူက ကျီယန်ကို မျက်လုံးများ အရောင်တောက်လျက် ကြည့်ကာ ပြောလိုက်သည်။

“ဪ... ဒါကြောင့်မို့ မင်းက စစ်တန်းလျားကို သွားချင်တာကိုး...”

ကျီယန်က ကျန့်ရိမုကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ရှို့ဝူကို ကြည့်ကာ ပြောလိုက်သည်။

“ရေခဲတုံးတွေ သွားစုဆောင်းဖို့အပြင် တကယ်လို့ သူတို့သာ အဆောင်လက်ဖွဲ့ကို အသုံးပြုပုံ မသင်ယူနိုင်ရင် ရှောင်လင်ကို ပြန်မလွှတ်ဘဲ ထားမှာကိုလည်း ငါစိုးရိမ်မိတယ်... တကယ်လို့ အဲဒီလိုသာ ဖြစ်လာခဲ့ရင်...”

သူက ရှို့ဝူကို ကြည့်နေသည်ကို မြင်သောအခါ ထန်ဝေ့က တံတွေးတစ်ချက် မြိုချလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“လောင်ယန်... မင်းက တကယ့်ကို အမြော်အမြင်ရှိတာပဲ...”

ကျီယန်က သူ၏ ချီးကျူးစကားကို သဘောကျသွားပြီး ပြုံးလျက် ပြောလိုက်သည်။

“မင်းလည်း မဆိုးပါဘူး...”

မကြာမီမှာပင် စစ်သုံးယာဉ်တစ်စီးသည် သူတို့ထံသို့ မောင်းနှင်လာချေသည်။ ကျန့်ရိမုက သူတို့ကို ကြည့်ကာ ပြောလိုက်သည်။

“သွားကြရအောင်...”

မြင့်မားသော တံတိုင်းပေါ်တွင် ရပ်နေကြသော စစ်သားများသည် မောင်းထွက်သွားသော စစ်သုံးယာဉ်နှစ်စီးကို လှမ်းကြည့်နေကြလေသည်။ သူတို့ထဲမှ တစ်ယောက်က မေးလိုက်သည်။

“ဟေ့လူတို့... တကယ်လို့ ဗိုလ်ကြီးကျန့်သာ အဲဒီစက္ကူတွေကို သုံးပြီး ရေခဲတုံးတွေ ခေါ်ယူပုံကို သင်ယူနိုင်ခဲ့ရင် နောင်ကျရင် ငါတို့ ရေခဲတုံးတွေ ပြတ်လပ်တော့မှာ မဟုတ်ဘူးမလား...”

စစ်သားတစ်ယောက်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

“ငါမှတ်မိသလောက်တော့ ဒီရက်ပိုင်း ဈေးထဲမှာ ရေရောင်းနေတဲ့ အရမ်းလှတဲ့ မိန်းကလေးတစ်ယောက် ရှိတယ်...

“ကောလာဟလတွေအရတော့ သူမက နေရာလွတ်စွမ်းရည်ရှင်တစ်ယောက် ဖြစ်ပေမဲ့ စက္ကူကို သုံးပြီး ရေကို ခေါ်ယူနိုင်တယ်တဲ့...”

“အခု စက္ကူကနေ ရေခဲတုံးတွေ ခေါ်ယူနိုင်တဲ့ မိန်းကလေးနဲ့ ဈေးထဲက မိန်းကလေးက တစ်ယောက်တည်း ဖြစ်နေမလား...”

သူ၏ မေးခွန်းကြောင့် စစ်သားများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။

“တကယ်လို့ သူမက ဈေးထဲမှာ ရေနဲ့ ဟင်းသီးဟင်းရွက်တွေ ရောင်းနေတဲ့ မိန်းကလေးနဲ့ တစ်ယောက်တည်းသာ ဆိုရင်တော့ ငါတို့ ထီပေါက်ပြီလို့ ပြောလို့ရတယ်...”

“သူမသာ ငါတို့စခန်းမှာ ရှိနေရင် ငါတို့အတွက် ရေနဲ့ ဟင်းသီးဟင်းရွက်တွေ ပြတ်လပ်မှာ စိတ်ပူစရာမလိုတော့ဘူး...”

All Chapters