← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

အခန်း (၇၆) - ဤကိစ္စက ထင်သလောက် မရိုးရှင်းချေ

စစ်သားတစ်ဦးက ထိုသို့ပြောလိုက်သည်နှင့် ဘေးတွင်ရပ်နေသော အခြားစစ်သားတစ်ဦးက မျက်လုံးပင့်ကာ ပြောလိုက်သည်။

"အစ်ကိုရာ... ရေနဲ့ ဟင်းသီးဟင်းရွက်တွေအတွက် ငါတို့ ပိုက်ဆံပေးချေရမယ်ဆိုတာ မေ့သွားပြီလား... အခု ငါတို့ဆီမှာ ပိုက်ဆံရှိတယ်လို့ ထင်နေတာလား... ကမ္ဘာပျက်ကပ်ကြီး စတင်ကတည်းက ငါတို့မှာ လစာတောင် မရတော့တာလေ..."

သူ့စကားကို ကြားရသောအခါ စစ်သားများအားလုံး ပြိုင်တူသက်ပြင်းချလိုက်ကြလေသည်။

သူပြောသကဲ့သို့ပင် သူတို့ကိုယ်ပေါ်တွင် တကယ်ပင် ပိုက်ဆံတစ်ပြားမှ မရှိချေ။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စစ်သားတစ်ဦးက ပြောလိုက်သည်။

"ငါတို့ဆီမှာ ပိုက်ဆံမရှိရင် စခန်းပတ်ပတ်လည်က ဖုတ်ကောင်တွေကို သွားပြီး အမဲလိုက်ကြတာပေါ့... ဘာပဲဖြစ်ဖြစ် အဲဒီဖုတ်ကောင်တွေကို ငါတို့ ရှင်းလင်းရမှာပဲလေ..."

ထိုအကြံပြုချက်ကို ကြားပြီးနောက် အခြားသူများကလည်း စဉ်းစားကြည့်ကာ သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူက သက်ပြင်း ထပ်မံချရင်း ပြောလိုက်သည်။

"ငါတို့ ဒီအကြောင်းတွေ ပြောနေလည်း အပိုပါပဲ... တကယ်လို့ သူမက ထွက်သွားဖို့ ဆုံးဖြတ်လိုက်ရင် ငါတို့ ကြိုးစားသမျှတွေ အားလုံး သဲထဲရေသွန် ဖြစ်သွားမှာပဲ..."

အခြားစစ်သားတစ်ဦးက ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“သူမသာ ငါတို့စခန်းမှာ နေပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲ... ဒါပေမဲ့ ငါတို့စခန်းရဲ့ လက်ရှိအခြေအနေကို ငါတို့အားလုံး သိကြတာပဲလေ..."

“ပြီးတော့ ဒီရက်ပိုင်းမှာ ငါတို့စခန်းကနေ ထွက်သွားကြတဲ့ သဘာဝလွန်စွမ်းအားရှင်တွေ အများကြီးကိုလည်း ငါတို့ မြင်ခဲ့ရတယ် မဟုတ်လား... ဒီလောက်အထိ အစွမ်းထက်တဲ့အဖွဲ့က ဒီမှာ ဆက်နေလိမ့်မယ်လို့ ငါတော့ မထင်ဘူး..."

သူ့စကားကို ကြားရသောအခါ စစ်သားများသည် အပြင်ဘက်အလွှာကို လှမ်းကြည့်ရင်း သက်ပြင်း ထပ်မံချလိုက်ကြပြန်သည်။

ရုတ်တရက် ကျရောက်လာသော အပူလျှပ်မှုဘေးဒဏ်ကြောင့် နှစ်ရက်အတွင်း သာမန်လူဦးရေ၏ ထက်ဝက်ကျော် သေဆုံးခဲ့ရပြီး စစ်သားများ၏ သုံးဆယ်ရာခိုင်နှုန်းခန့်လည်း သေဆုံးခဲ့ရလေသည်။

ရိက္ခာထောက်ပံ့မှုနှင့် လုံလောက်သော လူအင်အား မရှိသဖြင့် စခန်းပတ်ပတ်လည်တွင် ပြန့်ကျဲနေသော လူသေအလောင်းများကို ရှင်းလင်းရန် သူတို့ မည်သို့မျှ မတတ်နိုင်ကြချေ။

သူတို့၏ ညှိုးငယ်သော မျက်နှာများကို မြင်ရသောအခါ စစ်သားတစ်ဦးက လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။

"တကယ်လို့ အဲဒီသဘာဝလွန်စွမ်းအားရှင်တွေက ကပ်ရောဂါကို ကြောက်လို့ ငါတို့စခန်းကနေ ထွက်သွားကြတာဆိုရင် ငါတို့ လုပ်ရမှာက ဒါမျိုးမဖြစ်အောင် တားဆီးဖို့ပဲ..."

ပြောပြီးနောက် သူက အပြင်ဘက်အလွှာဆီသို့ လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

"ငါတို့ ရှင်သန်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးက အဲဒီအမျိုးသမီးငယ်လေး ဖြစ်နေမှတော့ သူမကို ဒီမှာ ဆက်ရှိနေအောင် ငါတို့ အစွမ်းကုန် ကြိုးစားရမယ်... ညီအစ်ကိုတို့... အဲဒီနေရာကို သွားပြီး သန့်ရှင်းရေး လုပ်ကြရအောင်..."

စစ်သားများသည် တိုက်ပွဲဝင်စိတ်ဓာတ်များ ပြည့်နှက်နေသော သူ့မျက်ဝန်းများကိုကြည့်ကာ လက်များကိုမြှောက်ရင်း တညီတညွတ်တည်း အော်ဟစ်လိုက်ကြလေသည်။

"ဟုတ်တယ်..."

တံတိုင်းများနှင့် စခန်းတံခါးများတွင် တာဝန်ကျနေသော စစ်သားများသည် အားလုံး သဘာဝလွန်စွမ်းအားရှင်များ ဖြစ်ကြသည်။

သူတို့၏ စွမ်းရည်မှာ အဆင့်နိမ့်သော်လည်း လူအင်အားအရ အားသာချက် ရှိကြပေသည်။

တံတိုင်းနှင့် စခန်းတံခါးများကို စောင့်ကြပ်ရန် လူအနည်းငယ် ချန်ထားခဲ့ပြီးနောက် အခြားစစ်သားများသည် မပုပ်သိုးသေးသော အလောင်းများကို နောက်ပိုင်းတွင် မီးရှို့ရန်အတွက် တစ်နေရာတည်းတွင် စုဆောင်းလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် မီးစွမ်းရည်ရှိသော စစ်သားများသည် အပြင်ဘက်အလွှာတွင် လှည့်ကင်းပတ်ရင်း ပုပ်သိုးပျက်စီးနေသော အလောင်းများကို မီးရှို့ဖျက်ဆီးလိုက်ကြလေသည်။

စစ်သားများက အလောင်းများကို မမောမပန်း ရှင်းလင်းနေကြစဉ် ကျူးလင်နှင့် အခြားသူများသည် စစ်တန်းလျားသို့ ရောက်ရှိလာကြသည်။

ကားပေါ်မှဆင်းပြီးနောက် ကျူးလင်က ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ စစ်တန်းလျားသည် သူမ ထင်ထားသည်ထက် ပိုမိုကျယ်ဝန်းကြောင်း တွေ့ရှိလိုက်ရသည်။

ညာဘက်အခြမ်းတွင် အဆောက်အအုံ အနည်းငယ် ရှိနေပြီး ထိုအဆောက်အအုံများထဲသို့ စစ်သားအများအပြား ဝင်ထွက်သွားလာနေကြသည်ကို သူမ မြင်တွေ့နေရ၏။

အခြားတစ်ဖက်သို့ လှမ်းကြည့်လိုက်သောအခါ သွပ်မိုးအောက်တွင် ရပ်နားထားသော စစ်သုံးယာဉ် အမြောက်အမြားကို တွေ့လိုက်ရသည်။

ထိုနေရာနှင့် မလှမ်းမကမ်းရှိ ဟာလာဟင်းလင်း ဖြစ်နေသော အဆောက်အအုံတစ်ခုအတွင်း၌ စစ်သားအချို့ အုပ်စုလိုက် လေ့ကျင့်နေကြသည်ကိုလည်း ကျူးလင် မြင်လိုက်ရပေသည်။

သူမက ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုနေစဉ် ကျန့်ရိမုက ပြောလိုက်သည်။

"ငါတို့ ထောက်ပံ့ရေးဌာနခွဲကို အရင်ဆုံး သွားကြရအောင်..."

ကျန့်ရိမုကိုယ်တိုင် ဦးဆောင်ခေါ်သွားသဖြင့် သူတို့ ထောက်ပံ့ရေးဌာနခွဲထဲသို့ ဝင်သွားချိန်တွင် မည်သူမျှ တားဆီးခြင်း မပြုကြချေ။

သူတို့ ဝင်လာသည်ကို မြင်သောအခါ ထောက်ပံ့ရေးဌာနခွဲရှိ စစ်သားများသည် လုပ်လက်စအလုပ်များကို ရပ်တန့်ကာ ကျန့်ရိမုအား အလေးပြုလိုက်ကြသည်။

ကျန့်ရိမုက ပြန်လည်အလေးပြုပြီးနောက် စစ်သားတစ်ဦးက အစီရင်ခံစာစာရွက်ကို ကိုင်ဆောင်ကာ သူ့ထံသို့ လျှောက်လှမ်းလာပြီး ပြောလိုက်သည်။

“ဗိုလ်ကြီးကျန့်... ဒီနေ့အတွက် ကုန်ပစ္စည်းတွေအားလုံး ပို့ဆောင်ပြီးပါပြီ... ဆေးရုံကနေ အရေးပေါ်တောင်းဆိုချက် ထပ်ပြီး ထုတ်ပြန်ထားပါတယ်...”

“သူတို့က ရေခဲနဲ့ ဆေးဝါးတွေကို အမြန်ဆုံး ထပ်ပို့ပေးဖို့ တောင်းဆိုထားပါတယ်... မနေ့ညက အဖျားပြင်းထန်တဲ့ လူနာအချို့ ဆေးရုံကို တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြလို့ပါ..."

ကျန့်ရိမုက စစ်သားထံမှ အစီရင်ခံစာကို လှမ်းယူကာ ခေတ္တမျှ စစ်ဆေးကြည့်ရှုပြီးနောက် မေးလိုက်သည်။

"အဲဒီလူနာတွေရဲ့ အသေးစိတ်အခြေအနေကို စုံစမ်းပြီးပြီလား..."

စစ်သားက ခေါင်းခါယမ်းရင်း ပြောလိုက်သည်။

"သူနာပြုဆရာမတွေက ကျွန်တော့်ကို လူနာတွေနဲ့ ပေးမတွေ့ဘူးဗျ... အသစ်ရောက်လာတဲ့ လူနာတွေကို သူတို့ ဆက်ဆံပုံအရဆိုရင် အဲဒီလူနာတွေက အပူလျှပ်တာ မဟုတ်ဘူးလို့ ကျွန်တော် သံသယဝင်မိတယ်..."

သူ့စကားကို ကြားရသောအခါ ကျန့်ရိမုက မျက်လုံးပင့်ကာ စစ်သားကို ကြည့်ရင်း မေးလိုက်သည်။

"မင်း ဘာကို ဆိုလိုတာလဲ..."

စစ်သားက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။

"ဒီမနက် ဆေးရုံကို နောက်ဆုံးအသုတ် ဆေးဝါးတွေ သွားပို့တုန်းက နာပြုဆရာမတွေက အဲဒီလူနာတွေကို သီးသန့်ခွဲထားတဲ့ အခန်းဆီ ရွှေ့ပြောင်းနေတာကို တိုက်တိုက်ဆိုင်ဆိုင် မြင်ခဲ့ရတယ်...”

“တကယ်လို့ အဲဒီလူနာတွေက အပူလျှပ်တာပဲဆိုရင် ဘာလို့ သီးသန့်ခွဲထားမလဲ... ဒီကိစ္စက ထင်သလောက် မရိုးရှင်းဘူးလို့ ကျွန်တော် စိုးရိမ်မိတယ်..."

စခန်းပတ်ပတ်လည်တွင် ပြန့်ကျဲနေသော မည်သူမျှ မရှင်းလင်းရသေးသည့် လူသေအလောင်းများကို တွေးတောမိရင်း ကျန့်ရိမု၏ မျက်ဝန်းများ လှုပ်ရှားသွားကာ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

'ကပ်ရောဂါတော့ မဟုတ်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ... ဒီကိစ္စကို ဗိုလ်ချုပ်မော့ဆီ အမြန်ဆုံး အစီရင်ခံရမယ် ထင်တယ်... အဲဒါထက် မိန်းကလေးကျူးရဲ့ သဘောတူညီချက်ကို အရင်ရအောင် လုပ်ရမယ်...'

ခေတ္တမျှ စဉ်းစားပြီးနောက် သူက စစ်သားကို ထပ်မံကြည့်ရှုရင်း ပြောလိုက်သည်။

"ငါးမိနစ်အတွင်း လူတိုင်းကို လေ့ကျင့်ရေးကွင်းမှာ စုဝေးခိုင်းလိုက်ပါ..."

စစ်သားက အစီရင်ခံစာကို ပြန်လည်ယူဆောင်ကာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဗိုလ်ကြီး..."

ထို့နောက် ကျန့်ရိမုက ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။

"မိန်းက‌လေးကျူး... ထောက်ပံ့ရေးဌာနခွဲအောက်မှာရှိတဲ့ စစ်သားတွေအားလုံးကို သင်ကြားပေးနိုင်မလားခင်ဗျာ..."

ကျူးလင်သည် စစ်သားများကို အဆောင်လက်ဖွဲ့နှင့် မန္တန်များ မည်သို့အသုံးပြုရမည်ကို သင်ကြားပေးရန် ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။

ကျန့်ရိမုက အလွန်ပူးပေါင်းဆောင်ရွက်သဖြင့် သူမအနေဖြင့် သူ့တောင်းဆိုချက်ကို ငြင်းပယ်မည် မဟုတ်ပေ။

ထို့ပြင် အဆောင်လက်ဖွဲ့များကို အသုံးပြုနိုင်သူ ပိုမိုများပြားလာလေလေ သူတို့၏ ရှင်သန်နိုင်ခွင့် အခွင့်အလမ်းက ပိုမိုမြင့်မားလာလေလေ ဖြစ်ပေသည်။

ထို့အပြင် သူမ၏ အဓိကရည်ရွယ်ချက်မှာ ဤလူသားများကို ကူညီရန်သာ ဖြစ်သည်။ အကယ်၍ သူတို့က အဆောင်လက်ဖွဲ့များနှင့် မန္တန်များကို မည်သို့အသုံးပြုရမည်ကို သင်ယူနိုင်ခဲ့ပါက ထိုရည်ရွယ်ချက် အောင်မြင်သွားပြီဟု ပြောနိုင်ပေသည်။

ကျူးလင်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"အင်း... ကျွန်မအတွက်တော့ တစ်ယောက်တည်းကို သင်ပေးတာဖြစ်ဖြစ် လူအများကြီးကို သင်ပေးတာဖြစ်ဖြစ် အတူတူပါပဲ..."

သူမ၏အဖြေကို ကြားရသောအခါ ကျန့်ရိမုသည် အလွန်အမင်း အံ့အားသင့်သွားရလေသည်။

သူ ဤမေးခွန်းကို မေးလိုက်စဉ်က သူမအနေဖြင့် စစ်သားများကို သင်ကြားပေးရန် သဘောတူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

အကယ်၍ အခြားသူတစ်ဦးဦးတွင်သာ သူမကဲ့သို့ စွမ်းရည်မျိုး ရှိနေပါက ထိုအရာကို လျှို့ဝှက်ထားပြီး မည်သူ့ကိုမျှ သိခွင့်ပေးမည် မဟုတ်ပေ။

ထို့ထက်မက ကျူးလင်သည် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ သူတို့ကို သင်ကြားပေးရန် လိုလိုလားလား ရှိနေပေသည်။

All Chapters