← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အခန်း (၈၀) - မိစ္ဆာနတ်ဘုရားကို သတ်ရမည့် သင်၏အကြောင်းပြချက်က အဘယ်နည်း

စစ်စခန်းမှ ထွက်ခွာလာပြီးနောက် သူမသည် ထန်ဝေ့နှင့် ကျီယန်တို့၏ တိုက်ခန်းသို့ ဦးစွာသွားရောက်ကာ အပူချိန်ထိန်းညှိပေးသော အစီအရင်တစ်ခုကို ပြုလုပ်ပေးခဲ့သည်။

ရှို့ဝူနှင့် ကျူးလင်တို့သည် သူတို့၏ တိုက်ခန်းအဆောက်အအုံဆီသို့ ခြေကျင်ပြန်လျှောက်လာခဲ့ကြလေသည်။

လှေကားအတိုင်း တက်လာကြစဉ် ထိုနေရာ၌ အနားယူနေကြသော မုန့်ကျယ်လန်နှင့် ဝမ်နတို့ကို ဆုံတွေ့ခဲ့ကြ၏။ လှေကားထစ်များပေါ်တွင် ထိုနှစ်ယောက် ထပ်မံထိုင်နေကြသည်ကို မြင်သောအခါ ကျူးလင်က နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သူတို့သည် ကျူးလင်ကို ပြုံးပြပြီးနောက် လမ်းဖယ်ပေးရန် နောက်သို့ ဆုတ်ပေးကြလေသည်။

ဝမ်န၏ အကြည့်များက ကျူးလင်၏ ဘေးတွင် လျှောက်လှမ်းလာသော ရှို့ဝူအပေါ်သို့ ကျရောက်သွားသည့် အခိုက်အတန့်တွင် သူမသည် မျက်လုံးများ ပြူးကျယ်သွားကာ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

"ရှင်က နာမည်ကြီး ဗိုလ်ကြီးရှို့လားဟင်..."

သူမ၏ စိတ်လှုပ်ရှားနေသော အမူအရာနှင့် တောက်ပနေသော မျက်ဝန်းများကို မြင်သောအခါ ကျူးလင်က ထိုနှစ်ယောက်ကို ခဏမျှ အပြန်အလှန် ကြည့်လိုက်လေသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူမက ပြောလိုက်သည်။

"ကျွန်မ အရင်ပြန်နှင့်တော့မယ်..."

မုန့်ကျယ်လန်နှင့် ဝမ်နတို့ကို ထပ်မံခေါင်းညိတ်ပြပြီးနောက် ကျူးလင်သည် လှေကားအတိုင်း တက်သွားလေသည်။

သူမ တကယ်ပင် ထွက်သွားသည်ကို မြင်သောအခါ ရှို့ဝူသည် ဝမ်နကို လျစ်လျူရှုကာ သူမနောက်သို့ အလျင်အမြန် လိုက်သွားတော့သည်။

သူသည် သူမ၏အနီးသို့ အမီလိုက်ရင်း ပြောလိုက်သည်။

"ရှောင်လင်... ကိုယ့်ကို စောင့်ပါဦး... အတူတူသွားကြရအောင်..."

ကျူးလင်က သူ့ကို ကြည့်ကာ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

"ရှင်တို့က မသိကြဘူးလား... ဘာလို့ သူမကို ထားခဲ့တာလဲ... သူမက ရှင့်ကို ပြောစရာရှိပုံရတယ်... ဒီအတိုင်း ထားခဲ့တာ အဆင်ပြေရဲ့လား..."

သူတို့သည် အသိမိတ်ဆွေများ ဖြစ်ကြသည်ဟု သူမက ထင်မှတ်ထားသောကြောင့် သူတို့ သက်တောင့်သက်သာ စကားပြောနိုင်ရန် အရင်ထွက်လာခဲ့ခြင်း ဖြစ်သည်။

မထင်မှတ်ဘဲ ရှို့ဝူသည် ဝမ်နနှင့် စကားပြောရန် ကျန်မနေခဲ့ဘဲ သူမနောက်သို့ လိုက်လာခဲ့လေသည်။

သူမ၏ ဇဝေဇဝါ ဖြစ်နေသော အမူအရာကို မြင်သောအခါ ရှို့ဝူသည် စိတ်သက်သာရာရသွားသလို တစ်ချိန်တည်းမှာပင် စိတ်ပျက်သွားရပြန်သည်။

သူမသည် အခြားအမျိုးသမီးများနှင့် သူ၏ ဆက်ဆံရေးအပေါ် အထင်မလွဲသောကြောင့် စိတ်သက်သာရာရသော်လည်း မနာလိုဝန်တိုစိတ် အနည်းငယ်မျှမရှိဘဲ ထွက်ခွာသွားနိုင်ခြင်းကြောင့် စိတ်ပျက်သွားရခြင်း ဖြစ်ပေသည်။

မိမိ၏ ရူးသွပ်မှုများ ပြန်လည်ထကြွလာပြန်ပြီဟု သံသယဝင်ရင်း ရှို့ဝူသည် စိတ်ကို ကြည်လင်စေရန် ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ပြောလိုက်သည်။

"ဟင့်အင်း... ကိုယ် သူမကို လုံးဝမသိဘူး..."

မုန့်ကျယ်လန်နှင့် ဝမ်နတို့သည် ကျူးလင်နှင့် ရှို့ဝူတို့၏ အသံများကို မကြားရတော့သည့်နောက်တွင် သူတို့နှစ်ဦးသည် မျက်ဝန်းများ၌ အံ့အားသင့်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လျက် အချင်းချင်း ကြည့်လိုက်ကြလေသည်။

ဝမ်နသည် အပေါ်ထပ်သို့ လက်ညှိုးထိုးပြရင်း မုန့်ကျယ်လန်ကို မျက်လုံးများ ပြူးကျယ်စွာဖြင့် ကြည့်လိုက်သည်။

သူတို့နှစ်ဦးလုံး စိတ်ကူးချင်း တူညီနေသည်ကို သိသဖြင့် မုန့်ကျယ်လန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

"တကယ်ပဲ... နာမည်ကြီး ဗိုလ်ကြီးရှို့တစ်ယောက်ပဲ ငါ့အစ်မရဲ့ မေတ္တာနဲ့ ထိုက်တန်တာ..."

သူမ၏ သူငယ်ချင်းကောင်း ပြောသည်ကို ကြားသောအခါ ဝမ်နက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

သူမ၏ အသည်းစွဲသူရဲကောင်းက ဤမျှလှပပြီး အစွမ်းထက်သော အစ်မကို ရည်းစားအဖြစ် ရရှိသွားခြင်းမှာ အလွန်ပင် ကောင်းလှပေသည်။

အကယ်၍ သူသာ ဟန်ဆောင်ကောင်းလွန်းသည့် ကြာဖြူမလေးများကဲ့သို့ အားနွဲ့လွန်းသော မိန်းကလေးတစ်ဦးကို ရည်းစားအဖြစ် ရွေးချယ်ခဲ့မည်ဆိုပါက ဝမ်နသည် တိုဖူးနှင့် ခေါင်းကို ရိုက်ကာ သေကြောင်းကြံစည်မိမည်မှာ အသေအချာပင် ဖြစ်၏။

အောက်ထပ်မှ မိန်းကလေးငယ်နှစ်ဦး၏ အတွေးကိုမသိရှိသည့် ကျူးလင်သည် လက်ရှိတွင် ဇဝေဇဝါ မျက်နှာပေးဖြင့် ရှို့ဝူအတွက် ရေတစ်ခွက် ငှဲ့ပေးနေလေသည်။

သူမသည် ရေခွက်ကို ကိုင်ဆောင်ကာ ဧည့်ခန်းထဲသို့ ဝင်လာပြီး စားပွဲပုလေးပေါ်တွင် တင်လိုက်ပြီးနောက် ထူထူနှင့် ဆော့ကစားနေသော ရှို့ဝူကို ကြည့်လိုက်သည်။

သူမ၏ ယုန်လေးမှာ ရှို့ဝူ၏ ပွတ်သပ်ခြင်းကို ခံနေရသဖြင့် ရေခဲကဲ့သို့ တောင့်တင်းနေစဉ် ကျူးလင်သည် နူးညံ့သော ကော်ဇောကြမ်းပြင်ပေါ်တွင် ထိုင်လိုက်ရင်း မေးလိုက်သည်။

"ရှင် တကယ်ပဲ ရှင့်အိမ်မှာ အပူချိန်ထိန်းညှိပေးတဲ့ အစီအရင်ကို မလုပ်ထားချင်ဘူးလား..."

ရှို့ဝူက ခေါင်းခါယမ်းကာ ပြုံးလျက် ပြောလိုက်သည်။

"မင်းရဲ့အိမ်မှာ အစီအရင်တွေ လုပ်ထားပြီးပြီ မဟုတ်လား... အပူချိန် ပြန်ကျသွားတဲ့အထိ ကိုယ် ဒီမှာ ရက်အနည်းငယ်လောက် လာနေလို့ရတာပဲ... ပြီးမှ ကိုယ့်တိုက်ခန်းဆီ ပြန်သွားမှာပေါ့..."

သူမက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်ဟန်ရှိသော မျက်နှာပေးဖြင့် ကြည့်နေသည်ကို မြင်သောအခါ ရှို့ဝူသည် ခဏမျှ စဉ်းစားလိုက်ပြီး ထူထူကို ဆိုဖာအဟောင်းပေါ်တွင် တင်လိုက်လေသည်။

ထို့နောက် သူသည် မတ်တတ်ရပ်ကာ ကျူးလင်ကို အားနာဟန်ရှိသော အပြုံးဖြင့် ကြည့်ရင်း ပြောလိုက်သည်။

"တောင်းပန်ပါတယ်... ကိုယ် သတိမထားမိလိုက်ဘူး... ကိုယ် အရင်ပြန်နှင့်တော့မယ်... မနက်ဖြန်မှ တွေ့ကြတာပေါ့ ရှောင်လင်..."

ကျူးလင် စကားမပြောနိုင်ခင်မှာပင် ရှို့ဝူသည် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ပိတ်ထားသော တံခါးကို ကြည့်ရင်း သူမသည် သံသယစိတ်ဖြင့် ပါးပြင်ကို ကုတ်လိုက်ပြီးနောက် ထူထူဘက်သို့ လှည့်ကာ မေးလိုက်သည်။

"သူ ဘာလို့ ရုတ်တရက်ကြီး ထွက်သွားတာလဲ... ရေတောင် မသောက်သွားဘူး..."

ဆိုဖာအဟောင်းပေါ်တွင် လှဲလျောင်းရင်း ၎င်း၏ ရင်ဘတ်လေးကို ပွတ်သပ်နေသော ထူထူက သခင်မကို ကြည့်ကာ ပြောလိုက်သည်။

"သခင်မ‌‌လေး... သူက သခင်မလေးရဲ့ စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ မျက်နှာပေးကို မြင်သွားလို့ ထွက်သွားတာ..."

ထူထူ ပြောသည်ကို ကြားသောအခါ ကျူးလင်က သက်ပြင်းချရင်း ပြောလိုက်သည်။

"ငါ တကယ်ပဲ စိတ်အနှောင့်အယှက် ဖြစ်မိတယ်..."

ထူထူက ထထိုင်ကာ သူမကို ကြည့်ပြီး မေးလိုက်သည်။

"သခင်မလေး... ဘာတွေ စိတ်အနှောင့်အယှက် ဖြစ်နေတာလဲ... ကျွန်တော့်ကို ပြောပြပါဦး... ကျွန်တော် ကူညီပေးနိုင်မလားလို့..."

ကျူးလင်က ပိတ်ထားသော တံခါးကို တစ်ချက် ထပ်ကြည့်လိုက်ရင်း ပြောလိုက်သည်။

“သူက မိစ္ဆာနတ်ဘုရားနဲ့ တစ်ပုံစံတည်း တူနေလို့ပဲ... ဒါကြောင့် သူက လူကောင်းတစ်ယောက်ဆိုတာ ငါသိပေမဲ့ တစ်ခါတလေ ငါ့ရဲ့ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်သေးဘူး...”

“ဒီလို သူစိမ်းကမ္ဘာမှာ သူငယ်ချင်းတစ်ယောက် ရထားတာကို ငါ တကယ်ပဲ ဝမ်းသာပါတယ်...”

“သူက တကယ်ပဲ မိစ္ဆာနတ်ဘုရား ဖြစ်နေခဲ့ရင်… တစ်နေ့ကျရင် ငါ သူ့ကို သတ်ရလိမ့်မယ်ဆိုတာကိုသိတယ် ငါ ကြောက်တာက... အဲဒီအချိန်ကျရင် ငါ မလုပ်ရက်မှာကို စိုးရိမ်မိတယ်..."

သူမ ပြောသည်ကို ကြားသောအခါ ထူထူက ခေါင်းလေးကို အနည်းငယ် စောင်းလိုက်ရင်း သံသယစိတ်ဖြင့် မေးလိုက်သည်။

"သခင်မ‌လေးက သူ့ကို သဘောကျသွားပြီး မနာကျင်စေချင်တော့မှာကို ကြောက်နေတာလား..."

ကျူးလင်သည် ခဏမျှ တုံ့ဆိုင်းသွားပြီး မျက်နှာလေး နီရဲသွားကာ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

သူမ၏ နီရဲနေသော မျက်နှာလေးကို ကြည့်ရင်း ထူထူက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"သူက တကယ်ပဲ မိစ္ဆာနတ်ဘုရား ဖြစ်နေရင်တောင် သခင်မလေးက ဘာလို့ သူ့ကို သတ်ရမှာလဲ... ပထမဆုံးအနေနဲ့ သခင်မမှာ မိစ္ဆာနတ်ဘုရားကို သတ်ရမယ့် အကြောင်းပြချက်ရှိလို့လား..."

ထူထူက ဤမေးခွန်းကို မေးလိုက်သည်နှင့် ကျူးလင်သည် ဆွံ့အသွားရလေသည်။ သူမသည် မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်ပြီး မသေချာမရေရာသော လေသံဖြင့် ပြောလိုက်သည်။

"လူတိုင်းက ငါ့ကို မိစ္ဆာနတ်ဘုရားကို သတ်ဖို့အတွက် စစ်မှန်တဲ့ နတ်ဘုရားမအဖြစ် မွေးဖွားလာတာလို့ ပြောကြတယ်...”

“တကယ်လို့ ရှို့ဝူက မိစ္ဆာနတ်ဘုရား ဖြစ်နေခဲ့ရင် စကြဝဠာကြီး ငြိမ်းချမ်းဖို့အတွက် ငါ သူ့ကို သတ်ရမှာပဲ..."

ထူထူက ထပ်မံမေးလိုက်သည်။

"မိစ္ဆာနတ်ဘုရားကို သတ်ရမယ့် သခင်မရဲ့ ကိုယ်ပိုင်အကြောင်းပြချက်က ဘာလဲ..."

ကျူးလင်သည် သူမ၏ ယုန်လေးကို ကြည့်ကာ မဆိုင်းမတွပင် ပြန်လည်ဖြေကြားလိုက်သည်။

“မိစ္ဆာနတ်ဘုရားက ကမ္ဘာဦးစွမ်းအင်ကနေ မွေးဖွားလာတာ... သူ အသက်ရှင်နေသရွေ့ လောကကြီးထဲက မကောင်းတဲ့ စွမ်းအင်တွေ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး...”

“စကြဝဠာထဲမှာ မကောင်းတဲ့စွမ်းအင်တွေ ရှိနေရင် စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာ ရှိလာမှာ မဟုတ်ဘူး..."

All Chapters