← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း (၂၃၁) - နောက်ဆုံးမေးခွန်း (၁)

"ကောင်းကင်နှင့်မြေပြင် စတင်ဖြစ်တည်စက အကွာအဝေးဟူ၍ မရှိ၊ အရာရာသည် ထိစပ်နီးကပ်လျက် ရှိခဲ့၏"

"ယင်နှင့်ယန်ကို ထိုးထွင်းသိမြင်က ဖရိုဖရဲနှင့်ကမ္ဘာဦးအစသို့ ပြန်လည်ရောက်ရှိ၏…"

ဟူး...

ချူလျန်သည် သက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။

ပြင်ပတွင် ညနေဆည်းဆာသို့ ရောက်ရှိနေပြီဖြစ်ကာ အနောက်ဘက်ကောင်းကင်ယံ၌ ရွှေရောင်လွှမ်းသော တိမ်တိုက်များက ခမ်းနားထည်ဝါစွာတောက်ပနေသည်ကို တွေ့လိုက်ရလေသည်။

သူသည် ငွေဓားတောင်ထွတ်သို့ ပြန်ရောက်ပြီးနောက် ညဉ့်နက်ပိုင်းကျမှသာ မြေချုံ့သိုင်းကို စတင်ဆင်ခြင်သုံးသပ်ခဲ့ခြင်းဖြစ်၏။

ယခုမူ ရုတ်တရက်ညနေစောင်းသို့ ပြန်လည်ရောက်ရှိနေပြန်ပြီဖြစ်ရာ တစ်ရက်နှင့်တစ်ည တိတိကျော်လွန်သွားခဲ့ပြီ ဖြစ်လေသည်။

ထိုအဖြစ်အပျက်ပြီးဆုံးသွားပြီးမှသာ ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းကြီး၏ နတ်မက်မွန်ဝိုင်ကို တရားသိမြင်ဆေးဝိုင်ဟုလည်းခေါ်ဆိုကြကြောင်း သူသိရှိလိုက်ရ၏။

၎င်းကို သောက်သုံးပြီးနောက် ကျင့်ကြံခြင်းအပေါ် အမှန်တကယ်ပင် အလွန်ကြီးမားသော အထောက်အကူဖြစ်စေခဲ့ပေသည်။

၎င်းက သူ့ကို ဉာဏ်အလင်းပွင့်သည့်နယ်ပယ်သို့ပင် ရောက်ရှိသွားစေခဲ့၏။

အချိန်ကိုပင် လုံးဝမေ့လျော့သွားစေခဲ့ချေသည်။

သူမတ်တတ်ရပ်လိုက်သောအခါ တစ်ကိုယ်လုံးရှိ အဆစ်အမြစ်များ တောင့်တင်းကာ ထုံကျင်နေသကဲ့သို့ ခံစားလိုက်ရလေသည်။

သို့သော် သူသည် သာမန်လူသားတစ်ဦး မဟုတ်တော့သည်ဖြစ်ရာ အစစ်အမှန်ချီများကို လှည့်ပတ်လိုက်သည်နှင့် သွေးကြောများ ချက်ချင်း ပြန်လည်ပွင့်လင်းသွားကာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွား၏။

ယခုတစ်ကြိမ် ဉာဏ်အလင်းပွင့်ခြင်းက အလွန်ပင်အရေးပါလှ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ယခင်ကရက်ပေါင်းများစွာ လေ့လာစူးစမ်းခဲ့ပြီးနောက် မြေချုံ့သိုင်းအပေါ် အနည်းငယ် နားလည်သဘောပေါက်ထားပြီး ဖြစ်သော်လည်း ရှုပ်ထွေးဝေဝါးနေဆဲ ဖြစ်သောကြောင့်ပင်။

ယခုတစ်ကြိမ် တရားသိမြင်ပြီးနောက်တွင်မူ ရုတ်တရက် အရာရာက ကွင်းကွင်းကွက်ကွက် ရှင်းလင်းသွားခဲ့လေသည်။

အကွာအဝေးမဲ့ခြင်းလမ်းစဉ်၏ အနှစ်သာရမှာ အမှန်တကယ်တော့ မူလအစသို့ ပြန်လည်ရောက်ရှိခြင်းပင်။

ရှေးဦးပုံပြင်များအရ ကမ္ဘာဦးအစက စကြဝဠာကြီးတစ်ခုလုံးသည် ဥတစ်လုံးကဲ့သို့ အစက်အပြောက်ကလေးတစ်ခုသာဖြစ်ခဲ့ပြီး ယင်နှင့်ယန် စွမ်းအင်နှစ်ရပ်သည်လည်း ဖရိုဖရဲနှင့်ကမ္ဘာဦးအစတွင် ပေါင်းစည်းလျက် ရှိခဲ့ပေသည်။

နောက်ပိုင်းတွင် ကြီးမားသောပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်မှသာ ယခုကဲ့သို့ ကောင်းကင်နှင့်မြေပြင် ပေါ်ပေါက်လာခြင်း ဖြစ်၏။

ထို့ကြောင့် အကွာအဝေးမည်မျှပင် ဝေးကွာနေပါစေ မူလအစကမူ ထိုအစက်အပြောက်ကလေးတစ်ခုတည်းတွင်သာ တည်ရှိခဲ့ပေသည်။

ခြေတစ်လှမ်းမျှဖြင့်ပင် ဖြတ်ကျော်နိုင်၏။

ယခုအခါ အကွာအဝေးများ ကျယ်ပြောလာရခြင်းမှာ ယင်နှင့်ယန် စွမ်းအင်နှစ်ရပ် ကွဲကွာသွားပြီး လောကရှိ အရာအားလုံးအဖြစ်သို့ ပြောင်းလဲသွားကာ အကွာအဝေးများကို ဆွဲဆန့်လိုက်သောကြောင့် ဖြစ်၏။

အကယ်၍ ယင်နှင့်ယန် စွမ်းအင်နှစ်ရပ်၏ မူလအစနယ်ပယ်သို့ ပြန်လည်ရောက်ရှိသွားနိုင်ပါက တောင်ပေါင်းသောင်းခြောက်ထောင်နှင့် ရေပြင်ကျယ်ကြီးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်သွားနိုင်မည် ဖြစ်ပေသည်။

သီအိုရီအရဆိုရလျှင်မူ အကွာအဝေးမဲ့ခြင်းလမ်းစဉ်က အမှန်တကယ်ပင် စိတ်ကူးရှိရာအရပ်သို့ စိတ်ကူးရသည်နှင့်တစ်ပြိုင်နက် ချက်ချင်းရောက်ရှိသွားနိုင်စွမ်း ရှိပေသည်။

သို့သော် ၎င်းက အနည်းဆုံး သတ္တမအဆင့်ကျင့်ကြံခြင်းစွမ်းအားရှိရန် လိုအပ်ပေသည်။

ချူလျန်၏ ယခုအဆင့်အတန်းနှင့်မူ ၎င်းကို နားလည်သဘောပေါက်ရန်သာ လိုအပ်ပြီး အပြည့်အဝ လုပ်ဆောင်နိုင်ရန် မလိုသေးပေ။

သူသည် တူညီသော အယူအဆကိုအသုံးပြု၍ မိမိရှေ့ရှိ တစ်လံမျှသော အကွာအဝေးကို ဖြတ်ကျော်နိုင်ပါက မြေချုံ့သိုင်းကို အောင်မြင်စွာ တတ်မြောက်သည်ဟု သတ်မှတ်နိုင်ပြီဖြစ်၏။

ယင်နှင့်ယန် စွမ်းအင်နှစ်ရပ်...

ချူလျန်သည် လေထုထဲရှိ မူလအစစွမ်းအင်များကို အာရုံခံကြည့်လိုက်၏။ သူသည် ဤအတတ်ပညာကို လေ့ကျင့်ရာတွင် အခြားသူများထက် အသာစီးရနေသည်။

အဘယ်ကြောင့်ဆိုသော် သူက ရှောက်ယင်နှင့် ရှောက်ယန် စွမ်းအင်နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း လည်ပတ်စေနိုင်ပြီး မူလအစစွမ်းအင်နှစ်ရပ်ကို အာရုံခံရန် အလွန်လွယ်ကူသောကြောင့်ပင်။

ဟင်းလင်းပြင်ထဲရှိ ယင်နှင့်ယန် စွမ်းအင်နှစ်ရပ်သည် ရှုပ်ထွေးပြီး စနစ်မကျသော်လည်း ၎င်းတို့က ကောင်းကင်နှင့်မြေပြင်ကို တည်ဆောက်ထား၏။

ထိုယင်နှင့်ယန် စွမ်းအင်နှစ်ရပ်ကို ဖြတ်ကျော်ရန် ကြိုးစားခြင်းသည် အလွန်ရှုပ်ထွေးသော တောင်ပတ်လမ်းတစ်ခုကို လျှောက်လှမ်းရသကဲ့သို့ပင်။

လမ်းလျှောက်သွားလျှင် တစ်နေ့လုံး ကြာမြင့်နိုင်သော်လည်း အပေါ်တွင် တံတားတစ်စင်း ဆောက်လုပ်လိုက်ပါက မျဉ်းဖြောင့်အတိုင်း သွားလာရန် ခဏလေးသာလိုအပ်မည် ဖြစ်ပေသည်။

ထိုမျဉ်းဖြောင့်အတိုင်း မည်သို့သွားရမည်နည်းဆိုသည်ကိုမူ အံ့ဖွယ်စွမ်းရည်များ၏ အကူအညီ လိုအပ်ပေသည်။

ယင်နှင့်ယန် တာအိုလမ်းစဉ်ကြီးနှစ်ခုကြားတွင် ကျဉ်းမြောင်းသော အက်ကွဲကြောင်းတစ်ခု ရှိနေသကဲ့သို့ပင်။

၎င်းကို ဖြတ်ကျော်သွားနိုင်သည်နှင့် ရုတ်တရက် အရာရာကကွင်းပြင်ကျယ်ကြီးကဲ့သို့ ပွင့်လင်းသွားလိမ့်မည်။

ချူလျန်သည် မြေချုံ့သိုင်းကို ထပ်မံ၍လည်ပတ်ရန် ကြိုးစားကြည့်လိုက်၏။ သို့သော် ယခင်နှင့်မတူသည်မှာ ယခုတစ်ကြိမ်တွင်မူ သူသည် လမ်းကြောင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်းပင်။

ကမ္ဘာကြီးသည် အမည်းရောင်နှင့် အဖြူရောင် မျဉ်းကြောင်းများအဖြစ် ပြောင်းလဲသွားပြီး ထိုမျဉ်းကြောင်းများကြားတွင် အရာအားလုံး ရောနှောနေသော်လည်း အလွန်ထင်ရှားပြတ်သားသော လမ်းကြောင်းတစ်ခု ရှိနေပေသည်။

ရွှစ်...

ချူလျန်သည် ထိုလမ်းကြောင်းပေါ်သို့ လှမ်းတက်လိုက်၏။

မျက်စိတစ်မှိတ်အတွင်း မြင်ကွင်းကဝေဝါးသွားပြီးနောက် ပြန်လည်ကြည့်ရှုလိုက်ချိန်တွင် သူ၏ကိုယ်ခန္ဓာက ဘယ်ဘက်သို့ တစ်လံခန့် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ရောက်ရှိနေပြီ ဖြစ်လေသည်။

"ဒါက မြေချုံ့သိုင်းကိုး…ဒီခံစားချက်က တကယ့်ကို..."

သူက တိုးတိုးလေး ရေရွတ်လိုက်၏။

ဦးတည်ချက် မှားယွင်းသွားသည်မှလွဲ၍ ကျန်ရှိသည်များအားလုံး အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

သူသည် ထိုလမ်းကြောင်းကို ညာဘက်သို့ ဦးတည်နေသည်ဟု ထင်မှတ်ခဲ့ခြင်းပင်။

အတိတ်က ဦးတည်ချက်ဆိုင်ရာ အယူအဆဟောင်းများကို ကျော်လွှားရခြင်းကလည်း ဤအင်မော်တယ်အတတ်ပညာ၏ အဓိကအခက်အခဲတစ်ခု ဖြစ်ပုံရပေသည်။

သို့သော် ဤအရာက ချူလျန်အတွက်မူ ကြီးမားသော အခက်အခဲ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ပျံသန်းသောသစ်ရွက်ဓားမြန်သိုင်းကို လေ့ကျင့်ခဲ့ဖူးသောကြောင့်ပင်။

ဤရှာဖွေတွေ့ရှိမှုက သူ့ကို အလွန်အံ့အားသင့်စေခဲ့သည်။

ရှုပ်ထွေးလှသော မျဉ်းကြောင်းများထဲမှ မှန်ကန်သော လမ်းကြောင်းကို ရှာဖွေရသည့် ခံစားချက်က ယခင်က သူ အကြိမ်ကြိမ် လေ့ကျင့်ခဲ့ဖူးသော ပျံသန်းသောသစ်ရွက်ဓားမြန်သိုင်းကို ထိန်းချုပ်ရသည့် ခံစားချက်နှင့် တူညီနေခြင်းကြောင့်ပင်။

'တကယ်ပဲ လောကမှာ အလဟဿဖြစ်သွားတဲ့ ကြိုးစားအားထုတ်မှုဆိုတာ မရှိဘူးပဲ...'

'ဂိုဏ်းတူညီလေးဝမ်... ငါ့စကားကို နားထောင်ပါဦး... မင်းကို တကယ် ကျေးဇူးတင်ပါတယ်...'

...

ရွှစ်...

ညဉ့်နက်သန်းခေါင်ယံတွင် ငွေဓားတောင်ထွတ်ပေါ်၌ အရိပ်မည်းတစ်ခုက ရုတ်တရက် ပေါ်လာလိုက်၊ ပျောက်သွားလိုက်နှင့် ဘယ်ညာလှုပ်ရှားနေ၏။

မြေချုံ့သိုင်းသည် စစ်မှန်သောချီများကို အလွန်အမင်း ကုန်ခမ်းစေသည်။

ချူလျန်၏ ယခုကျင့်ကြံမှုအဆင့်နှင့်ဆိုလျှင် သူ၏ကိုယ်တွင်းရှိ ချီစွမ်းအင်များအားလုံးသည် လေးငါးကြိမ်ခန့်သာအသုံးပြုရန် လုံလောက်ပေသည်။ သို့သော် သူ၏အရည်အသွေးမြင့် ရွှေအမြုတေနှစ်ခုက အဆက်မပြတ် လည်ပတ်နေသဖြင့် ကုန်ဆုံးသွားသောချီစွမ်းအင်များကို အချိန်တိုအတွင်း ပြန်လည်ဖြည့်တင်းပေးနိုင်သောကြောင့် အကြိမ်ကြိမ်လေ့ကျင့်နိုင်ခဲ့ခြင်းဖြစ်၏။

ပျံသန်းသောသစ်ရွက်ဓားမြန်သိုင်းကို လေ့ကျင့်ခဲ့ဖူးသည့် အခြေခံအုတ်မြစ် ရှိနေခြင်းကြောင့် လမင်းကြီး ကောင်းကင်အလယ်သို့ ရောက်ရှိလာချိန်တွင် ချူလျန်သည် မြေချုံ့သိုင်းကို ကျွမ်းကျင်စွာအသုံးပြုနိုင်နေပြီ ဖြစ်၏။

တစ်လံမျှသော အကွာအဝေးအတွင်း သူအလိုရှိရာနေရာသို့ ချက်ချင်း ရောက်ရှိသွားနိုင်ပြီ ဖြစ်သည်။

ရွှစ်...

သူသည် ကျောက်တုံးကြီးတစ်တုံး၏ ရှေ့တွင် ရုတ်တရက်ပေါ်လာ၏။

ဤကဲ့သို့ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနိုင်သော အံ့ဖွယ်စွမ်းရည်ကို ယခင်က မသိရှိစဉ်က ချူလျန် စိုးရိမ်ခဲ့ဖူး၏။

အကယ်၍ အကွာအဝေးက ကွက်တိမဖြစ်ခဲ့လျှင် နံရံ သို့မဟုတ် တောင်ကုန်းများထဲတွင် ညပ်နေနိုင်ပါသလားဟူ၍ ဖြစ်သည်။

ယခု နားလည်သွားမှသာ သိလိုက်ရသည်မှာ လမ်းကြောင်းကို အပြည့်အဝ မဖြတ်ကျော်နိုင်ပါက ပြင်ပတွင်သာ ပိတ်မိနေမည်ဖြစ်ပြီး ထိုဖရိုဖရဲနယ်ပယ်ထဲသို့ လုံးဝဝင်ရောက်နိုင်မည် မဟုတ်ချေ။

အရပ်စကားနှင့် ပြောရလျှင်မူ နံရံကိုတိုက်မိခြင်းပင်။

အစစ်အမှန်ချီများကို ထပ်မံ၍ ကုန်ခမ်းစေပြီးနောက် ချူလျန်သည် ကျောက်တုံးကြီးကိုမှီကာ ခေတ္တမျှအနားယူရင်း ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။

ယနေ့ကလပြည့်နေ့ ဖြစ်၏။

လမင်းကြီးက အလွန်ဝိုင်းစက်နေ၏။

ငှက်တစ်ကောင်သည် လမင်းအလင်းရောင်အောက်မှ ပျံသန်းသွားရာ ၎င်း၏တစ်ကိုယ်တည်း ပျံသန်းနေသောအရိပ်ကလေးက လရောင်ထဲတွင် ထင်ဟပ်နေပြီး ရေဆေးပန်းချီကားတစ်ချပ်ကဲ့သို့ လှပလွန်းလှသည်။

ဟင်...

ဤမြင်ကွင်းကို ကြည့်ရင်း ချူလျန်သည် ရုတ်တရက်တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့၏။

နတ်မက်မွန်ဝိုင်၏အာနိသင်က မကုန်ဆုံးသေးသဖြင့် သူ၏ထက်မြက်လှသော အတွေးအာရုံများက ပို၍ပင် ပွင့်လင်းနေလေသည်။

သူသည် ရုတ်တရက်တစ်ခုခုကို တွေးမိသွားခြင်းပင်။

သူသည် လေထဲသို့ပျံတက်လိုက်ပြီး လေညင်းကို စီးနင်းကာ ရတနာစေတီတောင်ထွတ်၏ ချိုင့်ဝှမ်းအတွင်းရှိ ဂူရှေ့မှ ကျောက်တုံးကြီးဆီသို့ ပျံသန်းသွားခဲ့တော့၏။

All Chapters