အခန်း ၂၃၂
Vol. 24 Ch. 232
အခန်း (၂၃၂) - နောက်ဆုံးမေးခွန်း (၂)
ယခုအချိန်တွင် ညဉ့်နက်ပြီးလူသူကင်းမဲ့နေကာ သူတစ်ဦးတည်းသာ ရှိနေပေသည်။
သူရောက်ရှိလာသည်နှင့် တောအုပ်ထဲမှ ဝူးဝူးဝါးဝါးအသံများ ထွက်ပေါ်လာပြီး ပိုင်ဇယ်လေး၏ကိုယ်ထည်က ရုတ်တရက် ပေါ်လာ၏။
ဤကောင်လေးက တကယ်ကို တာဝန်သိလှပေသည်။
ချူလျန်သည် ၎င်း၏ဦးခေါင်းကို အသာအယာပွတ်သပ်ပေးလိုက်၏။ ရှုတောင်၏ အကြီးအကဲများက ဤပိုင်ဇယ်လေးကို မည်သို့သော အကျိုးအမြတ်များ ပေးထားသည်ကိုမူ သူ မသိပေ။
ထို့ကြောင့်လည်း အမြဲတမ်းဆိုးသွမ်းတတ်သော ပိုင်ဇယ်လေးက ဤနေရာတွင် တာဝန်သိသိနှင့် စောင့်ကြပ်နေခြင်း ဖြစ်ပေလိမ့်မည်။
သူသည် ခပ်ဖွဖွခုန်ကာ ကျောက်တုံးကြီးပေါ်တွင်ထိုင်လိုက်ပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။
ယခုအချိန်တွင် လမင်းကြီးက ကောင်းကင်အလယ်တည့်တည့်၌ ရှိနေပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်ကာ ဝိုင်းစက်နေ၏။
ရတနာစေတီတောင်ထွတ်၏ဘေးတွင် ပိလော့တောင်ထွတ်ရှိနေပြီး ထိုနေရာသည် ရှုတောင်၏အမြင့်ဆုံးနေရာ ဖြစ်သည်။
၎င်းမှာ ပိလော့ရှေးဟောင်းသစ်ပင်ကြီး ဖြစ်၏။
သစ်ပင်ကြီး၏ကိုင်းညွတ်နေသော သစ်ကိုင်းတစ်ကိုင်းက အပေါ်သို့ စောင်းလျက် ထိုးထွက်နေပြီး လမင်းကြီး၏အလယ်တည့်တည့်တွင် ကွက်တိ ကျရောက်နေ၏။
သူ့နောက်ကွယ်ရှိ ဂူအတွင်းမှ ကျောက်စိမ်းနံရံဆေးရေးပန်းချီတွင် ရေးဆွဲထားသည်မှာ ကျောက်စိမ်းဖြူဖန်ခွက်က လမင်းကြီး၏ အလယ်တည့်တည့်တွင် ရှိနေခြင်းဖြစ်ရာ ယခုအချိန်နှင့်ကွက်တိပင်။
ထိုနေရာသည် လမင်းကြီးမဟုတ်ဘဲ လမင်းကြီး၏အရိပ်သာ ဖြစ်ပေသည်။
ချူလျန်သည် လေထဲသို့ ပျံတက်လိုက်ပြီး ပိလော့တောင်ထွတ်ဆီသို့ တိုက်ရိုက် ပျံသန်းသွားကာ လရောင်ဟပ်နေသော ကြီးမားလှသောသစ်ကိုင်းပေါ်သို့ ဆင်းသက်လိုက်၏။
ရှုတောင်တပည့်များအားလုံး သိကြသည်မှာ ပိလော့ရှေးဟောင်းသစ်ပင်သည် တာအိုပညာရှင်ယန့်၏ ကျင့်ကြံရာနေရာဖြစ်ပြီး ကျန်းယွဲ့ပိုင်မှလွဲ၍ ပိလော့တောင်ထွတ်တပည့်များပင် ဝင်ရောက်ရန်မဝံ့ရဲကြပေ။
သို့သော် ချူလျန်သည် ယခုအခိုက်အတန့်တွင် ရဲရဲတင်းတင်းဆင်းသက်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ဟာလာဟင်းလင်းဖြစ်နေသော နေရာကိုကြည့်လိုက်၏။
'ဗလာကျင်းနေတာပါလား...'
'မဖြစ်နိုင်တာ...'
သူ တွေးတောနေစဉ်မှာပင် ခေါင်းပေါ်မှလေတိုးသံတစ်ခု ထွက်ပေါ်လာ၏။
သူ လှည့်ကြည့်လိုက်သောအခါ တာအိုပညာရှင်ယန့်၏ အေးစက်လှပသော ကိုယ်ထည်က ထိုနေရာတွင် တည်ငြိမ်စွာမတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရလေသည်။
"ဒေါ်လေးယန့်..."
ချူလျန်က ချက်ချင်းပင် အရိုအသေပေးလိုက်၏။
"ညဉ့်နက်သန်းခေါင်မှ လာရောက်နှောင့်ယှက်မိတာ တကယ်ကို ရိုင်းပျရာကျသွားပါတယ်….ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်…"
သူ၏ဆရာသခင်နှင့် ရင်းနှီးသော သူငယ်ချင်းအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည့်အတွက် ချူလျန်သည် သူမအပေါ် အမြဲတမ်းရိုသေလေးစားမှု ရှိပေသည်။
တိနွီဖုန့်နှင့် နှစ်ပေါင်းများစွာ ပေါင်းသင်းပြီး ဘေးအန္တရာယ်မကြုံတွေ့ရခြင်းကလည်း သူမ၏ စွမ်းရည်တစ်ရပ်ပင် ဖြစ်ပေလိမ့်မည်။
"မင်းက ညဉ့်နက်မှန်းလည်းသိ၊ ရိုင်းပျရာကျမှန်းလည်းသိရဲ့သားနဲ့ ငါ့ရဲ့ ပိလော့ရှေးဟောင်းသစ်ပင်ပေါ်ကို ရဲရဲတင်းတင်း တက်လာရဲသေးတယ်ပေါ့… တစ်ခုခုများ ရှိနေတာလား…"
တာအိုပညာရှင်ယန့်က တည်ငြိမ်စွာ မေးလိုက်၏။
"ကျုပ်..."
ချူလျန်သည် ဝဲယာသို့ကြည့်ရှုရင်း မေးလိုက်၏။
"ဒီနေရာမှာ တစ်ခုခုရှိနေသင့်တာ မဟုတ်ဘူးလား..."
"ဘာပစ္စည်းလဲ…"
တာအိုပညာရှင်ယန့်၏ မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိပေ။
"ဓားလက်ဆင့်ကမ်းအကြီးအကဲရဲ့ ကျောက်စိမ်းဖြူဖန်ခွက်ပေါ့…"
ချူလျန်ကပြတ်သားစွာ ပြောလိုက်၏။
သူ၏ခန့်မှန်းချက် မှန်ကန်သည်ဟု သူယုံကြည်၏။
အကယ်၍ ထိုကျောက်စိမ်းနံရံဆေးရေးပန်းချီနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပါက ကျောက်စိမ်းဖြူဖန်ခွက်က ဤနေရာတွင် ရှိနေသင့်ပေသည်။
"ဟင်း..."
တာအိုပညာရှင်ယန့်က ရုတ်တရက် ပြုံးလိုက်၏။
"မင်း တကယ်ကို ဉာဏ်ကောင်းလွန်းတာပဲ…. ရှုတောင်တစ်ခုလုံးက တပည့်တွေထဲမှာ မင်းကို ယှဉ်နိုင်တဲ့သူ မရှိဘူး”
"ဒေါ်လေးယန့် ချီးကျူးတာကို ကျေးဇူးတင်ပါတယ်… တိုက်တိုက်ဆိုင်ဆိုင် မှန်းဆမိရုံသက်သက်ပါပဲ…"
ချူလျန်က နှိမ့်ချစွာ ပြောလိုက်၏။
"ဒါပေမဲ့ မင်းက ကျောက်စိမ်းဖြူဖန်ခွက်ကို လိုချင်ရင်တော့ နောက်ဆုံးစမ်းသပ်ချက်တစ်ခု ကျန်သေးတယ်…"
တာအိုပညာရှင်ယန့်၏ လေယူလေသိမ်းက ရုတ်တရက် စူးရှသွား၏။
"ဟင်..."
ချူလျန်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"ကျုပ် သဲလွန်စသုံးခုစလုံးကို ဖော်ထုတ်နိုင်ခဲ့ပြီလေ… အရင်နှစ်တွေအတိုင်းဆိုရင် ရတနာကို ရှာတွေ့ရတော့မှာ မဟုတ်ဘူးလား..."
ပထမသဲလွန်စက လက်ပံနီတောင်ထွတ်၊ ဒုတိယသဲလွန်စက ရတနာစေတီတောင်ထွတ်၊ တတိယသဲလွန်စက ပိလော့တောင်ထွတ် ဖြစ်ပြီး အရင်နှစ်များ၏ လုပ်ထုံးလုပ်နည်းအတိုင်းဆိုလျှင် ရတနာက ဤနေရာတွင် ရှိနေသင့်ပြီ ဖြစ်၏။
အဘယ်ကြောင့် ယခုအခါ လုပ်ငန်းစဉ်များတိုးလာရသနည်း။
"မင်းက မေးဝံ့သေးတယ်ပေါ့…"
တာအိုပညာရှင်ယန့်က အနည်းငယ် စိတ်ပျက်စွာ ပြောလိုက်၏။
"အရင်နှစ်တွေက ဘယ်တပည့်မှ ပဟေဠိအားလုံးကို ဒီလောက်မြန်မြန် မဖော်ထုတ်နိုင်ခဲ့သလို... ဘယ်တပည့်မှလည်း အခုလို မဆင်မခြင်နဲ့ သဲလွန်စတွေကို လိုက်ပြီး ရောင်းစားတာမျိုး မလုပ်ခဲ့ဖူးဘူး”
“ဂုဏ်သရေရှိ အင်မော်တယ်ဂိုဏ်းသားတစ်ယောက် ဖြစ်ပြီးတော့ ဒီလိုလုပ်တာ ဘယ်သင့်တော်ပါ့မလဲ…"
"..."
ချူလျန်မှာ ချက်ချင်း နားလည်သွားခဲ့၏။
သူ၏သဲလွန်စများရောင်းချသည့် လုပ်ရပ်က ပဟေဠိများကို ပြင်ဆင်ပေးခဲ့သော အကြီးအကဲများကို မကျေမနပ်ဖြစ်စေခဲ့ခြင်းပင်။
သူတို့၏ရည်ရွယ်ချက်မှာ ဤလှုပ်ရှားမှုဖြင့် တပည့်များကို လေ့ကျင့်ပေးရန်ဖြစ်သော်လည်း မည်သည့်တပည့်ကမျှ ဤအရာမှ အကျိုးအမြတ်ရယူရန် ကြံစည်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ထို့အပြင် ၎င်းက အရင်းအနှီးမတည်စရာမလိုဘဲ အဆမတန် အမြတ်အစွန်း ရရှိစေခဲ့၏။
သို့သော် ဤအရာမှာ ရှုတောင်၏ စည်းမျဉ်းစည်းကမ်းများကို လုံးဝ ချိုးဖောက်ခြင်းမရှိပေ။
တောင်စောင့်နတ်ပူဇော်ပွဲ၏ လွတ်လပ်ခွင့်က အလွန်မြင့်မားသဖြင့် သူတို့သည် ချူလျန်ကို အပြစ်ပေးရန် အကြောင်းပြချက် ရှာမရခဲ့ပေ။
အလွန်ဒေါသထွက်စရာ ကောင်းသော်လည်း တားဆီး၍မရပေ။
ထို့ကြောင့် ချူလျန်သည် ပထမဆုံးအကြိမ်အဖြစ် နောက်ဆုံးပဟေဠိကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက် သူတို့က ယာယီအားဖြင့် မေးခွန်းတစ်ခု ထပ်တိုးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဤအရာက သူ့အတွက်သီးသန့်ဖြစ်ပြီး အခြားသူသာ ဤနေရာသို့ ရောက်ရှိလာပါက ဤနောက်ဆုံးစမ်းသပ်ချက် ရှိလိမ့်မည်မဟုတ်ပေ။
ယခုအချိန်တွင် ချူလျန်၏စိတ်ခံစားချက်ကလည်း အကြီးအကဲများ၏ စိတ်ခံစားချက်နှင့် တူညီနေပေသည်။
"ဒါဆိုရင် နောက်ဆုံးစမ်းသပ်ချက်က ဘာဖြစ်မလဲဗျာ့... ဒေါ်လေးယန့်ပဲ မေးခွန်းထုတ်ပေးပါတော့..."
"ဒီမေးခွန်းကို ငါထုတ်ခဲ့တာတော့ မဟုတ်ဘူး… ဒါပေမဲ့ တော်တော်လေးတော့ ရိုးရှင်းပါတယ်…"
တာအိုပညာရှင်ယန့်က ဖြည်းညှင်းစွာ ပြောလိုက်၏။
"အဆင့်မြင့်အစိမ်းရောင်ဆေးလုံးတစ်လုံး ယူလာပေးနိုင်ရင် ကျောက်စိမ်းဖြူဖန်ခွက်နဲ့ လာလဲလှယ်နိုင်ပြီ…"
...
"ဘယ်လူယုတ်မာ ထုတ်ထားတဲ့မေးခွန်းလဲ မသိပါဘူးဗျာ..."
ငွေဓားတောင်ထွတ်ပေါ်တွင် ချူလျန်က တီးတိုးကျိန်ဆဲလိုက်၏။
လောကရှိ နာမည်ကျော်အဂ္ဂိရတ်ပညာရှင်များတွင် အနည်းနှင့်အများဆိုသလို ပြင်ပသို့ မပေါက်ကြားစေသော ကိုယ်ပိုင်သီးသန့်ဆေးဖော်စပ်နည်းများ ရှိတတ်ကြပေသည်။
ရှုတောင်ပေါ်ရှိ အဂ္ဂိရတ်ခန်းမအကြီးအကဲ၌လည်း ကိုယ်ပိုင်ဖန်တီးထားသော သီးသန့်ဆေးလုံးများစွာ ရှိနေသည်မှာသဘာဝပင်။
ထိုအထဲတွင် အစိမ်းရောင်ဆေးလုံးမှာ တစ်ခုအပါအဝင်ဖြစ်လေသည်။
ဤဆေးလုံး၏အာနိသင်မှာ သစ်သားဝိညာဉ်ချီနှင့် ပေါင်းစပ်နိုင်စွမ်းကို တိုးမြှင့်ပေးရန်အတွက် ဖြစ်သောကြောင့် အသုံးများလေ့မရှိပေ။
အဆင့်မြင့် အစိမ်းရောင်ဆေးလုံးတစ်လုံးကို သောက်သုံးပြီးနောက် သစ်တောများအတွင်း ပုန်းကွယ်ကာ တစ်သားတည်းပေါင်းစပ်သွားနိုင်စွမ်းပင် ရှိလေ၏။
ရှားပါးသော အထူးအချိန်အနည်းငယ်မှလွဲ၍ မည်သူမျှ သုံးစရာအကြောင်းမရှိသလို ကြိုတင်ဖော်စပ်ထားမည့်သူလည်း မရှိချေ။
အကယ်၍ လိုအပ်လာပါက အဂ္ဂိရတ်ခန်းမထံတွင် ကြိုတင်မှာယူရမည် ဖြစ်သည်။
သို့သော်...
အဂ္ဂိရတ်ခန်းမနှင့် ငွေဓားတောင်ထွတ်၏ ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားကြည့်လျှင် ဤသည်က ဗြောင်ကျကျပစ်မှတ်ထားခံရခြင်းပင်။
အခြားသူများကို အကူအညီတောင်း၍ အစိမ်းရောင်ဆေးလုံး သွားဝယ်ခိုင်းရန်ကလည်း သေချာပေါက်ဖြစ်နိုင်မည်မဟုတ်ပေ။
အကြောင်းမှာ ယခုအချိန်တွင် သူတစ်ယောက်တည်းသာ ဤအဆင့်သို့ ရောက်နေခြင်းဖြစ်ပြီး အခြားသောရှုတောင်တပည့်များမှာ ပန်းချီကားလေးချပ်၏ လျှို့ဝှက်ချက်ကို လေ့လာနေကြဆဲဖြစ်သောကြောင့်ပင်။
ထို့ကြောင့် အဂ္ဂိရတ်ခန်းမအကြီးအကဲအနေဖြင့် အစိမ်းရောင်ဆေးလုံး ရောင်းချမှုအားလုံးကို တားမြစ်ပိတ်ပင်လိုက်ရုံဖြင့် လုံလောက်သွားလေပြီ။
ဤကဲ့သို့ အလွန်အသုံးနည်းသော ဆေးလုံးမျိုးကို ယခုရက်ပိုင်းအတွင်း လာဝယ်သူရှိပါက သေချာပေါက် ချူလျန်ပင်ဖြစ်နေမည် မဟုတ်ပါလော။
အခြားသူများ နှေးကွေးနေခြင်း မဟုတ်ပေ။ ယခုအချိန်က ရှုတောင်တောင်ထွတ်များ တွေ့ဆုံပွဲကျင်းပရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်နေသေးရာ အဆင့်တစ်ဆင့်ချင်းစီအတွက် အချိန်အနည်းငယ်ယူရခြင်းက အနေတော်ပင် ဖြစ်သည်။
အမှန်တကယ်တွင် ချူလျန်က မြန်ဆန်လွန်းနေခြင်းသာ ဖြစ်ချေ၏။
သူသည် မျှော်လင့်ချက်တစ်စကို ဆုပ်ကိုင်ထားလျက် အစိမ်းရောင်ဆေးလုံး တစ်လုံးလောက် ကူညီဖော်စပ်ပေးနိုင်မလားဟူ၍ ဂိုဏ်းတူအစ်မချန်စုထံ သွားရောက်မေးမြန်းခဲ့သေးသည်။
ချန်စုမှာ အခက်တွေ့နေသော မျက်နှာထားဖြင့် အဆင့်မြင့် အစိမ်းရောင်ဆေးလုံးကို သူမ ဖော်စပ်၍မရနိုင်ကြောင်း အရင်ပြောလာခဲ့သည်။ ခန်းမတစ်ခုလုံးတွင် အဂ္ဂိရတ်ခန်းမအကြီးအကဲနှင့် ရင်းနှီးသော တပည့်အနည်းငယ်သာလျှင် ဖော်စပ်နိုင်ခြင်း ဖြစ်လေသည်။
ထို့အပြင် အဂ္ဂိရတ်ခန်းမအကြီးအကဲက ထိုနေ့မှာပင် ပြင်းထန်သော အမိန့်တစ်ရပ်ကို ချမှတ်ထားခဲ့ပြီး မည်သည့်တပည့်ကိုမဆို ယခုရက်ပိုင်းအတွင်း အစိမ်းရောင်ဆေးလုံး ရောင်းချခြင်းမှ တားမြစ်ထားလေ၏။
၎င်းမှာ အကြီးအကဲအချို့ ပူးပေါင်းကာ စဉ်းစားထားသော အကြံအစည်ဖြစ်မည်မှာ သေချာလှသည်။ ရည်ရွယ်ချက်မှာ ယခင်ရက်ပိုင်းက သူ သတင်းရောင်းစားပြီး အမြတ်ထုတ်ခဲ့သော လုပ်ရပ်ကိုအပြစ်ပေးရန်ပင် ဖြစ်ချေသည်။