← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း (၂၃၃) - ဓာတ်ကြီးငါးပါး အဆောင်များ

"ဟူး..."

ချူလျန်က သက်ပြင်းတစ်ချက် ချလိုက်သည်။

ဘဝ၏ ဖိအားပေးမှုများကြောင့်သာ မဟုတ်လျှင် မည်သူက ရောင်းချင်ပါမည်နည်း။

ယခင်က အနည်းငယ် ထိန်းသိမ်းထားခဲ့သေးသော်လည်း ယခုလို ပစ်မှတ်ထားခံနေရမှတော့ ပို၍ ပြတ်ပြတ်သားသား ရောင်းချလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

ထိုနေ့ နေ့လယ်တွင် တောင်စောင့်နတ်မင်း ပူဇော်ပွဲအဖွဲ့ငယ်သည် ငွေဓားတောင်ထွတ်တွင် နောက်တစ်ကြိမ် ပြန်လည်စုဝေးလာကြသည်။

"အစ်ကိုကြီး... သဲလွန်စတစ်ခု ထပ်ဖြေရှင်းနိုင်ခဲ့ပြန်ပြီလား…"

စိတ်လှုပ်ရှားစွာဖြင့် ရှန်ဇီလျန်က မေးလိုက်၏။

ယခုတော့ သူ လူရွေးမှန်သွားပြီဟု ခံစားနေရသည်။ တစ်တောင်လုံးရှိ ရှုတောင်တပည့်များမှာ နေ့ရက်ပေါင်းများစွာ အသေအလဲ စဉ်းစားနေကြသော်လည်း အဖြေမထွက်ခဲ့ပေ။

ယခု ပြန်ရောက်လာသည်မှာ နှစ်ရက်သာရှိသေးချိန်တွင် ချူလျန်က နောက်ထပ် အောင်မြင်မှုတစ်ခု ရရှိသွားပြန်ပြီ မဟုတ်ပါလော။

"အင်း…ဒုတိယအဆင့်ရဲ့ အဖြေကို သွားရောင်းလို့ရပြီ…"

ချူလျန်က ခေါင်းညိတ်လိုက်သည်။

"ဟာ…"

လူတိုင်း အံ့အားသင့်သွားကြသည်။

ရောင်းဦးမည်လား။

"အစ်ကိုကြီး… ဒါက ဒုတိယအဆင့်ရောက်နေပြီလေ…နောက်ဆုံးအဖြေနဲ့ အရမ်းနီးစပ်နေပြီဆိုတော့ မရောင်းသင့်တော့ဘူး မဟုတ်လား…"

နောက်လိုက် (က) က အလျင်စလို ပြောလာသည်။

"ကောင်းတယ်…မင်း ဒီခံစားချက်ကိုပဲ ဆက်ထိန်းထားလိုက်…"

ချူလျန်က သူ့ကို ပြုံး၍ကြည့်လိုက်၏။

...

မွန်းလွဲပိုင်းအချိန်လေးအတွင်းမှာပင် သတင်းတစ်ပုဒ်က ရှုတောင်တစ်ခုလုံးသို့ ပြန့်နှံ့သွားလေသည်။

ငွေဓားတောင်ထွတ်မှလူများက ဒုတိယအဆင့် သဲလွန်စအဖြေကို ထပ်မံရောင်းချဦးမည်ဖြစ်ပြီး ယနေ့ညနေပိုင်း တင့်ဆန်းမြို့၌ ဖြစ်သည်။

ညနေစောင်းအချိန်သို့ ရောက်သောအခါ လူရာချီ၍ တင့်ဆန်းတောင်ထွတ်ပေါ်သို့ တဖွဲဖွဲ ရောက်ရှိလာကြသည်။ ထိုအခါ ချူလျန်က စင်မြင့်တစ်ခုကို တည်ဆောက်ထားကာ အပေါ်တွင် ရပ်နေသည်ကို မြင်လိုက်ရ၏။

"ဂိုဏ်းတူညီအစ်ကို မောင်နှမတို့…ဒုတိယအဆင့် သဲလွန်စကို ဖြေရှင်းနိုင်ခဲ့ပြီးနောက်မှာ သေသေချာချာ စဉ်းစားသုံးသပ်ပြီးတော့ ဘိုးဘေးတွေကို ဆန့်ကျင်တဲ့ဆုံးဖြတ်ချက်တစ်ခုကို ကျွန်တော် ချမှတ်လိုက်ပါတယ်…"

သူက လာရောက်သူများစုံလင်လောက်ပြီဖြစ်ကြောင်း မြင်သောအခါ စင်ပေါ်မှနေ၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"အစ်ကိုကြီး…မရောင်းရဘူးနော်….ဒါက ဒုတိယအဆင့် ရောက်နေပြီဗျ”

“ခင်ဗျား တခြားသူတွေကို ပြောပြလိုက်တာနဲ့ တကယ်လို့ သူတို့က နောက်ထပ်သဲလွန်စတစ်ခုကို တိုက်ဆိုင်စွာ ဖြေရှင်းနိုင်သွားရင် ကျွန်တော်တို့ထက်အရင် ကျောက်စိမ်းဖြူဖန်ခွက်ကို ရသွားမှာပေါ့ဗျ…"

ရုတ်တရက် လူရိပ်တစ်ခုက စင်မြင့်ပေါ်သို့ ပြေးတက်လာကာ သူ့ကို ဆီးတားလိုက်သည်။ ထိုသူမှာ နောက်လိုက် (က) ပင် ဖြစ်လေသည်။

"ဘာဖြစ်လဲ….ရှုတောင်က ဂိုဏ်းတူတွေအကုန်လုံးက မိသားစုဝင်တွေပဲ…ငါက မိသားစုဝင်တွေနဲ့ သူစိမ်းလို ခွဲခြားဆက်ဆံစရာလား…."

ချူလျန်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

"မရဘူး….ကျွန်တော်က ခင်ဗျားနဲ့ အဖွဲ့တစ်ဖွဲ့တည်းလေ… ကျွန်တော် နိုင်ချင်တယ်ဗျ ခင်ဗျား ရောင်းလို့မရဘူးနော်…"

နောက်လိုက် (က) က ဆက်ပြောသည်။

"ဟက်…မရောင်းရဘူးပေါ့လေ…မင်းက ငါ့ကို ပေးမရောင်းဘူးဆိုတော့လဲ…”

“…ကောင်းပြီလေ... ဒါဆို ငါ မရောင်းတော့ဘူး…"

ချူလျန်က အေးစက်စက် တစ်ချက်ရယ်မောလိုက်သည်။

"တကယ်လား…"

နောက်လိုက် (က) က မေးလိုက်၏။

"ငါ အလကားပေးမယ်ကွာ…မင်း ဘယ်လိုတားမလဲဆိုတာ ကြည့်ရသေးတာပေါ့.. လာကြစမ်း... သူ့ကို ဆွဲထုတ်သွားလိုက်ကြ…"

ချူလျန်က လက်ကာပြလိုက်သည်။

ချက်ချင်းပင် လင်းပေ့နှင့် ရှန်ဇီလျန်တို့ ပြေးတက်လာကာ နောက်လိုက် (က) ကို စင်ပေါ်မှ ဆွဲချသွားကြလေသည်။

နောက်လိုက် (က) မှာ လေထဲတွင် ခြေကန်နေဆဲဖြစ်ပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်နေ၏။

"ခင်ဗျား နောင်တရလိမ့်မယ်…"

ဤသရုပ်ဆောင်မှုက မည်သို့ပင်ဖြစ်စေကာမူ လူအများ၏ စိတ်ဝင်စားမှုကို မြင့်တက်လာစေခဲ့သည်။ ချူလျန်က အပေါ်မှရပ်လျက် ဆက်ပြောနေသည်ကို ကြားလိုက်ရသည်။

"ဒီနေ့တော့ ဖြေရှင်းထားတဲ့ ဒုတိယအဆင့် သဲလွန်စကို ဂိုဏ်းတူညီအစ်ကို မောင်နှမတွေဆီ အလကား ပေးလိုက်တော့မယ်…"

ထိုသို့ပြောရင်း သူက လက်ဝှေ့ယမ်းပြလိုက်ရာ နောက်လိုက်(ခ) က ဘယ်ရီသီးတစ်ဘူးကို ကိုင်ဆောင်လျက် စင်ပေါ်သို့ တက်လာသည်။

"ဒါက ကျွန်တော်တို့ ငွေဓားတောင်ထွတ်ရဲ့ ဒေသထွက်ကုန်ဖြစ်တဲ့ နဂါးသက်တန့်ရွှေရောင် ဘယ်ရီသီးပါ… တင့်ဆန်းတောင်ထွတ်ကို လာနေကျ ဂိုဏ်းတူတွေအားလုံး ရင်းနှီးကြပြီး ကောင်းတဲ့ပစ္စည်းဆိုတာကို သိကြမှာပါ…”

“ဘယ်ရီသီးသုံးလုံးပါတဲ့ ဒီတစ်ဘူးကို ဓားဒင်္ဂါးတစ်ပြားတည်းနဲ့ ရောင်းတာပါ… အစဉ်အဆက်ကတည်းက ဒီဈေးဆိုတာ အားလုံးလည်း သိကြပါတယ်”

“ဒီတစ်ခေါက် ကျွန်တော် အလကားပေးမယ့် သဲလွန်စက အဲဒီအထဲမှာ ရှိနေပါတယ်…"

ချူလျန်က ဘယ်ရီသီးဘူးကို ဖွင့်ကာ သေးငယ်သော ကြေးဝါအဆောင်တစ်ခုကို ထုတ်ယူလိုက်ပြီး ပြောလိုက်၏။

"ကျွန်တော်တို့ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေကြီးဆိုတဲ့ ဓာတ်ကြီးငါးပါး စာလုံးအဆောင်ငါးမျိုး ပြင်ဆင်ထားပါတယ်…ဘယ်ရီသီးဘူးတိုင်းမှာ အဆောင်တစ်ခုစီ ပါဝင်ပါတယ်…”

“ဓာတ်ကြီးငါးပါး စာလုံးအဆောင်တွေကို အစုံစုဆောင်းနိုင်တာနဲ့ အဖြေတစ်ခုကို လဲလှယ်ယူလို့ ရပါပြီ…"

"ခုနစ်ရက်ကြာပြီးတဲ့နောက် သဲလွန်စအဖြေကို တစ်ပြိုင်နက်တည်း ဖြန့်ဝေပေးသွားပါမယ်…လက်ထဲမှာ ဓာတ်ကြီးငါးပါး အဆောင်ရှိနေသူတိုင်း အဖြေတစ်ခုစီ လာထုတ်လို့ရပါတယ်…"

"မိသားစုဝင်တို့..."

"အခွင့်အရေးကို လက်လွတ်မခံကြနဲ့….အချိန်ဆိုတာ နောက်တစ်ကြိမ် ပြန်မရနိုင်ဘူး.."

ထိုအချိန်တွင် နောက်လိုက် (က) က ရုတ်တရက် ပြေးတက်လာပြန်သည်။

"ခင်ဗျားရဲ့ ဒီဈေးနှုန်းက နဂိုကတည်းက အမြတ်မရတာကို သဲလွန်စပါ အလကားထပ်ပေးနေသေးတယ်..”

“ခင်ဗျား ပင်ပင်ပန်းပန်း စိုက်ပျိုးထားရတဲ့ဘယ်ရီသီးတွေက အရှုံးပေါ်တော့မှာပဲ…"

ချူလျန်က သူ့ကို ဆောင့်တွန်းလိုက်ပြီး ဒေါသတကြီး ပြောလိုက်၏။

"မင်း ဘာလို့ ထပ်လာပြီး မျက်စိနောက်ခံနေရပြန်တာလဲ…ကောင်းပြီလေ…”

“မင်းက ဈေးနည်းနေတယ်ဆိုတော့ ငါက နောက်ထပ်တစ်ဆ ထပ်လျှော့ပေးလိုက်မယ်…မိသားစုဝင်တို့…”

“ဒီခုနစ်ရက်အတွင်း ဓားဒင်္ဂါး တစ်ပြားကို ဘယ်ရီသီး နှစ်ဘူးရမယ်…ပုံမှန်ဈေးထက် တစ်ဆပိုပြီး လျှော့ပေးလိုက်ပြီဗျာ…"

ထိုအခိုက်တွင် လင်းပေ့ပင် တက်လာကာ ဖျောင်းဖျရလေသည်။

"ချူလျန်... မင်း သူ့ကို အနိုင်လိုချင်စိတ်နဲ့ ဒီလောက်ကြီးမားအရှုံးမခံပါနဲ့လားကွာ…"

ချူလျန်က လက်ကာပြလိုက်ပြီး လေးနက်ပြတ်သားစွာ ပြောလိုက်သည်။

"ခင်ဗျားတို့ ဝင်မပါနဲ့…ကျွန်တော့်စရိုက်က ဒီလိုပဲ…"

...

ယခုအချိန်၌ ငွေဓားတောင်ထွတ်ရှိ ပန်းခြံအရွယ်အစားမှာ လုံလောက်စွာ ကြီးမားနေပြီး ထုတ်လုပ်မှုကာလမှာလည်း တိုတောင်းလွန်းသောကြောင့်သာ ဤမျှ ကြီးမားလှသော အရောင်းပမာဏကို ထောက်ပံ့ပေးနိုင်ခြင်းပင် ဖြစ်ပေသည်။

ပထမဆုံးနေ့တွင် ဘူးထဲထည့်ထားသော ဘယ်ရီသီးအမြောက်အမြားသည် နှစ်နာရီပင်မပြည့်မီ အကုန်ရောင်းချလိုက်ရသည်။

ချူလျန်မှာ လူအုပ်ကြီးထဲတွင် နစ်မွန်းသွားလုနီးပါး ဖြစ်သွားခဲ့ရပြီး မနက်ဖြန်တွင်လည်း ဤဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း လက်နှစ်ဖက်ကို မြှောက်ကာ ကတိပေးလိုက်ရမှသာ လူများက သူ့ကို လွှတ်ပေးကြတော့၏။

အကြောင်းမှာ ယခင်က ရွှေရောင်ဘယ်ရီသီးကို တင့်ဆန်းမြို့တွင် ရောင်းချစဉ်ကတည်းက ဝယ်လိုအားများသော ကုန်ပစ္စည်းတစ်ခု ဖြစ်ခဲ့သောကြောင့်ပင်။

ရောင်းချရသည့် အကြိမ်အရေအတွက် မများသော်လည်း ဈေးကွက်အခြေအနေမှာ အမြဲတမ်း ကောင်းမွန်ခဲ့သည်။

ယခုတစ်ကြိမ်တွင် ဈေးအများအပြားလျှော့ချပေးရုံသာမက သဲလွန်စကိုပါ အလကားထည့်ပေးထားသေး၏။

ဤသည်က အမြတ်ကြီးစားရခြင်းပင် မဟုတ်ပါလော။

ရွှေရောင်ဘယ်ရီသီးအပေါ် စိတ်ဝင်စားသူ နည်းပါးလျှင်ပင် ဒုတိယအဆင့် သဲလွန်စအပေါ် စိတ်ဝင်စားသူက အလွန်များပြားနေလေသည်။

နောက်လိုက် (က) ၏ စကားက လူအများအပြားကို သတိပေးလိုက်သလို ဖြစ်သွားသည်။

အကယ်၍ ဒုတိယအဆင့်အဖြေကို ရရှိသွားပါက နောက်ဆုံးပဟေဠိတစ်ခုကိုသာ ဖြေရှင်းရန် လိုအပ်တော့မည်ဖြစ်ပြီး တောင်စောင့်နတ်ပူဇော်ပွဲတွင် ပထမဆုကို ရရှိနိုင်ချေရှိသွားမည် ဖြစ်သည်။

ဆယ်နှစ်တစ်ကြိမ်ကျင်းပသော တောင်စောင့်နတ်မင်း ပူဇော်ပွဲတွင် မျှော်လင့်မထားဘဲ ပထမဆုကိုရရှိသွားပါက မည်မျှ ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းမည်နည်း။

ဤဓားဒင်္ဂါးတစ်ပြားဖြင့် စာလုံးအဆောင်တစ်ခုကို ဝယ်ယူနိုင်ရုံသာမက ဘယ်ရီသီး ခြောက်လုံးကိုပါ အပိုရရှိဦးမည်။

အမှန်ဆိုလျှင် ဤဘယ်ရီသီးခြောက်လုံးမှာ ပုံမှန်ဓားဒင်္ဂါးနှစ်ပြားတန်ဖိုးရှိနေရာ စဉ်းစားကြည့်ရုံဖြင့် ငြင်းဆန်ရန် အလွန်ခက်ခဲလှပေသည်။

သုံးရက်ဆက်တိုက် ရောင်းချပြီးနောက်တွင် အစပိုင်းက စိတ်အားထက်သန်မှုအပြင် နောက်ထပ် တွန်းအားတစ်ခု ထပ်တိုးလာခဲ့သည်။

၎င်းမှာ အဆောင်စုဆောင်းခြင်းပင်။

လူတစ်ယောက်၌ ရွှေ၊ သစ်သား၊ ရေ၊ မီး စသည့် အဆောင်လေးခု ရှိနေချိန်တွင် မြေကြီးအဆောင်အတွက် လိုအင်ဆန္ဒက အလွန် ပြင်းပြလာတော့သည်။ ရှုတောင်ပေါ်တွင် ဓာတ်ကြီးငါးပါးအဆောင်များကို အပြန်အလှန် လဲလှယ်သည့် လှိုင်းလုံးကြီးတစ်ခု စတင်ပေါ်ပေါက်လာခဲ့ပြီး မနက်ခင်း အပြင်ထွက်ချိန်တွင် လူတိုင်းပြောကြသည့် ပထမဆုံးစကားမှာ...

"မြေကြီးအဆောင် ရှိလား…"

အကယ်၍ ဓာတ်ကြီးငါးပါးအဆောင်များကို ညီတူညီမျှ ထည့်သွင်းထားမည်ဆိုပါက သီအိုရီအရ အဖွဲ့ငယ်တစ်ခုစီသည် ဘယ်ရီသီးငါးဘူးဝယ်ယူရုံဖြင့် အချင်းချင်း ဖလှယ်ကာ အစုံအလင်စုဆောင်းနိုင်မည် ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ် ငွေဓားတောင်ထွတ်မှ ထုတ်ဝေလိုက်သော အဆောင်များတွင် မီးအဆောင်က အတော်လေး နည်းပါးပြီး မြေကြီးအဆောင်မှာမူ အလွန် ရှားပါးနေပုံရလေသည်။

ကျန်ရှိသော အဆောင်သုံးမျိုးကမူ အများအပြားရှိနေ၏။ လူတစ်ယောက် လိုအပ်နေသော အဆောင်ကို လူတိုင်းကပါ လိုအပ်နေကြရာ ဘယ်ရီသီးဘူးများကို ထပ်မံဖွင့်ဖောက်ရန်သာ တတ်နိုင်တော့သည်။

မြေကြီးအဆောင်မှာ ခိုင်မာသောငွေကြေးကဲ့သို့ဖြစ်လာပြီး တချို့က တိတ်တဆိတ် ရောင်းချရာတွင်ပင် အလွန်မြင့်မားသောဈေးနှုန်းများ ရရှိကြသည်။

ခဏတာအတွင်း၌ပင် အလေ့အထတစ်ခုကဲ့သို့ ဖြစ်လာတော့၏။

ဤရေပန်းစားမှုလှိုင်းလုံးက ချူလျန်၏ခန့်မှန်းချက်ထက် အနည်းငယ် ကျော်လွန်နေခဲ့သည်။

သူသည် ယခုရက်ပိုင်းအတွင်း အမွေးမည်းအလုံးလေးများကို အရေးပေါ် ရိတ်သိမ်းကာ ဘယ်ရီသီးမျိုးစေ့များကိုဖွင့်ဖောက်ရပြီး သစ်ပင်ပန်းမန်ဝိညာဉ်ချီ အမြောက်အမြားဖြင့် အားဖြည့်ပေးလိုက်ရမှသာ ခက်ခက်ခဲခဲ ထောက်ပံ့ပေးနိုင်တော့သည်။

...

"အာ... စိတ်ရှုပ်စရာကောင်းလိုက်တာ…"

ကျန်းယွဲ့ပိုင်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

"ဘာလို့ မြေကြီးအဆောင်က ဖောက်လို့မရတာလဲ…”

“နင် အဆောင်လေးမျိုးပဲ ထည့်ထားတာ မဟုတ်လား... လောဘတက်နေတဲ့ ကုန်သည်ယုတ်…"

ချူလျန်က လုံးဝ ဝန်မခံပေ။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျ…အဆောင်ငါးမျိုးက သိပ်မညီမျှတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“မြေကြီးအဆောင်တွေက အနောက်ပိုင်းမှာ ပါလာမှာပေါ့ဗျာ…"

ဤရေပန်းစားမှုလှိုင်းလုံးကြောင့် ကျန်းယွဲ့ပိုင်ပင် စွဲလမ်းသွားခဲ့ရသည်။ သူမသည် ဘယ်ရီသီးဘူး ပေါင်းများစွာကို ဖွင့်ဖောက်ခဲ့သော်လည်း မြေကြီးအဆောင် တစ်ခုမှ ထွက်မလာခဲ့သောကြောင့် ဒေါသထွက်ကာ ချူလျန်အား လက်သီးဖြင့် ထုရိုက်နေလေတော့သည်။

All Chapters