အခန်း ၂၃၄
Vol. 24 Ch. 234
အခန်း (၂၃၄) - ပိုးအိမ်ငယ် (၁)
"စီနီယာအစ်မကျန်းက မြေကြီးအဆောင်ကို လိုချင်တယ်ဆိုရင် ကျွန်တော် တိုက်ရိုက်ပေးလိုက်ရုံပဲလေ…"
ချူလျန်က နောက်ကွယ်မှကြိုးကိုင်သူတစ်ဦးပီပီ သဘောထားကြီးမှုကို ပြသလိုက်၏။
"ဒုတိယအဆင့်သဲလွန်စအဖြေဆိုရင်တောင် စီနီယာအစ်မကို တိုက်ရိုက်ပြောပြလို့ ရပါတယ်…"
"အဲဒါဆို ဘာအဓိပ္ပာယ်ရှိတော့မလဲ…"
ကျန်းယွဲ့ပိုင်က မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။
"နင့်ဆီက အကျိုးအမြတ်ကို ငါကဘယ်လိုလုပ် အလကားယူလို့ရမှာလဲ…"
"စီနီယာအစ်မကျန်းက ကျွန်တော့်ကို တန်ခိုးစွမ်းအင်တွေ သင်ပေးတယ်၊ အင်မော်တယ်ကျင့်စဉ်တွေ သင်ပေးတယ်လေဗျာ…”
“ဒီအရာတွေအတွက်တောင် ကျွန်တော့်အပေါ် တွက်ကပ်မနေတာ... ဒီလောက် သဲလွန်စလေးတစ်ခုနဲ့ ကျွန်တော်က ဘယ်လိုလုပ်တွက်ကပ်နိုင်ပါ့မလဲဗျ…"
ချူလျန်က ပြုံးလျက် ပြောလိုက်သည်။
"အော်... ဟုတ်သားပဲ…နင့်ကို မမေးရသေးဘူး…"
ဤအကြောင်းကို ဖော်ပြလာသဖြင့် ကျန်းယွဲ့ပိုင်က ပြုံးကာမေးလိုက်၏။
"နင့်ရဲ့ မြေချုံ့သိုင်းကျင့်တာ ဘယ်လိုနေပြီလဲ…"
"ဟူး..."
ချူလျန်က ခေါင်းခါလျက် သက်ပြင်းချလိုက်သည်။
"ကျွန်တော်က တကယ်ကို ပါရမီညံ့ဖျင်းလွန်းပါတယ်ဗျာ…"
ကျန်းယွဲ့ပိုင်က သူ့ကို နှုတ်ခမ်းဟကာ နှစ်သိမ့်ပေးရန် ပြင်လိုက်သည်။
သို့သော် ချူလျန်က ဆက်ပြောလာသည်ကို ကြားလိုက်ရ၏။
"ရက်အတော်ကြာကျင့်နေတာတောင် အခုထိတစ်ကျန်း(၁၀ ပေ) အကွာအဝေးအတွင်းမှာပဲ သုံးနိုင်သေးတယ်…"
"..."
ကျန်းယွဲ့ပိုင်၏အပြုံးများမှာ ရုတ်တရက် ပျောက်ကွယ်သွားလေတော့သည်။
အတန်ကြာသည်အထိ သူမထံမှ အသံထွက်မလာသည်ကို ချူလျန်က မြင်သောအခါ မေးလိုက်၏။
"စီနီယာအစ်မကျန်း... ဘာဖြစ်လို့လဲဟင်…"
ကျန်းယွဲ့ပိုင်က နှုတ်ခမ်းကို တလှုပ်လှုပ်လုပ်လိုက်ပြီးနောက် တိုးတိတ်စွာ အော်ဟစ်လိုက်လေသည်။
"ခွေးသူခိုးကောင်…."
ချူလျန်သည် သူမအား အကြိမ်ကြိမ်အံ့အားသင့်အောင် ပြုလုပ်ခဲ့ဖူးသဖြင့် ကျန်းယွဲ့ပိုင်သည် နောင်တွင် မည်သည့်အရာကမျှ သူမ၏စိတ်နှလုံးကို လှုပ်ခတ်နိုင်တော့မည်မဟုတ်ကြောင်း ထင်မှတ်ခဲ့သော်လည်း ဤလူသားကမူ သူမကို အမြဲတစေ အံ့အားသင့်မှုအသစ်များ ပေးစွမ်းနိုင်ဆဲပင်။
သူမသည် မိမိကိုယ်တိုင် မြေချုံ့သိုင်းကို စတင်ကျင့်ကြံစဉ်က အခြေအနေကို မရည်ရွယ်ဘဲ ပြန်လည်တွေးတောမိလေသည်။
ထိုစဉ်က သူမသည် ရွှေအမြုတေအဆင့်သို့ ရောက်ရှိပြီးစအချိန်တွင် ဆရာသခင်က ဤအင်မော်တယ်မန္တန်ကို စတင်သင်ကြားပေးခဲ့ခြင်းဖြစ်၏။
သို့သော်လည်း ဆရာသခင်သည် သူမအား ချက်ချင်းလက်ငင်း အောင်မြင်ရန် မျှော်လင့်မထားဘဲ တာအိုတရားကို နားလည်သဘောပေါက်စေရန် စမ်းသပ်လေ့ကျင့်ခိုင်းခြင်းသာ ဖြစ်သည်။
သို့သော် ကျန်းယွဲ့ပိုင်သည် နေ့ညမပြတ် စိတ်ဝင်တစားလေ့လာဆန်းစစ်ခဲ့ပြီးနောက် သုံးလအတွင်းတွင် 'အကွာအဝေးမဲ့' တာအိုတရားတည်ရှိမှုကို သဘောပေါက်နားလည်ခဲ့ကာ ခြောက်လအတွင်းတွင် မြေချုံ့သိုင်းကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့လေသည်။
ထိုစဉ်က ဆရာသခင်သည် သူမ၏ အင်မော်တယ်ဝိညာဉ်ခန္ဓာသည် ကောင်းကင်နှင့်မြေပြင်၏ကောင်းချီးပေးမှုကို ခံထားရသည်မှာ အံ့ဩစရာမရှိကြောင်း ချီးမွမ်းခန်းဖွင့်ခဲ့ဖူး၏။
သို့ဆိုလျှင် ချူလျန်ကရော မည်သို့သော ပါရမီမျိုးဖြစ်သနည်း။
သူမသည် သူ့အား မြေချုံ့သိုင်း၏ လျှို့ဝှက်ချက်များကို သင်ကြားပေးခဲ့သည်မှာ တစ်လပင်မပြည့်သေးချေ။
သို့သော် သူသည် ဤနေရာတွင် ဟိုပြေးဒီလွှားနှင့် လှစ်ခနဲလှစ်ခနဲ လှုပ်ရှားနေနိုင်ပြီ ဖြစ်၏။
သူမသည် အကွာအဝေးမဲ့တာအိုကို နားလည်ပြီးနောက်တွင်လည်း လားရာကို တိကျစွာ ထိန်းချုပ်နိုင်ရန် တစ်လလုံးလုံးအပြင်းအထန် လေ့ကျင့်ခဲ့ရသည်ကို မှတ်မိနေသေးသည်။
သို့သော် သူသည် ထိုသို့လေ့ကျင့်ရန် လုံးဝမလိုသကဲ့သို့ ဖြစ်နေသည်မှာ အဘယ်ကြောင့်နည်း။
ဤမျှ မြန်ဆန်နေသည်ကိုပင် ထားလိုက်ပါဦး။ သူက မကျေနပ်သေးသကဲ့သို့ အမူအရာမျိုး လုပ်ပြနေသေးသည်။
တကယ်ပင် ဒေါသထွက်စရာ ကောင်းလှပေသည်။
ကျန်းယွဲ့ပိုင် စိတ်ဆိုးဒေါသထွက်နေသည်ကို ကြည့်ပြီး ချူလျန်ကမူ အပြစ်ကင်းစင်သော မျက်နှာပေးလေးဖြင့်သာ ရပ်နေလေသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျန်းယွဲ့ပိုင်က ပြောလိုက်၏။
"ထားလိုက်တော့... နင့်ကို ဒါတွေ လိုက်ပြောမနေတော့ဘူး... ဒီနေ့ နင့်ကိုခေါ်တာ အရေးကြီးတဲ့ ကိစ္စရှိလို့... ဖုန်းလိုင်ဂိုဏ်းက ရန်ယွီဟူ နင့်ဆီ လာသွားတယ်လို့ ကြားတယ်..."
"ဟုတ်တယ်..."
ချူလျန်က ခေါင်းညိတ်လိုက်သည်။
သူ ယန်ပိုမြို့တွင် လှုပ်ရှားခဲ့သမျှ သတင်းများ ပြန့်နှံ့သွားသည်မှာ အံ့ဩစရာ မရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်က သူ့ဘေးတွင် လင်းပေ့ ရှိနေခဲ့သောကြောင့်ပင်။
ကျန်းယွဲ့ပိုင်က မေးလိုက်၏။
"သူက နင့်ကို ဖုန်းလိုင်ဂိုဏ်းထဲဝင်ဖို့ ဆွဲဆောင်တာမလား... ကျင့်ကြံခြင်း အရင်းအမြစ်တွေကို အကန့်အသတ်မရှိ ထောက်ပံ့ပေးမယ်…”
“စိတ်အေးလက်အေး ကျင့်ကြံရုံနဲ့ တာအိုမေးခွန်းထုတ်ခြင်းနယ်ပယ်ကို အနှစ်နှစ်ဆယ်ပိုစောပြီး ရောက်နိုင်မယ်လို့ ကတိပေးခဲ့တယ်မလား..."
"ဟင်... စီနီယာအစ်မက ဘယ်လိုလုပ်သိတာလဲ..."
ချူလျန်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
သူသည် ဤစကားများကို လင်းပေ့ကိုပင် မပြောပြခဲ့ဖူးချေ။
"ဒီစကားတွေကို ဖုန်းလိုင်ဂိုဏ်းကလူတွေ ငါ့ကိုလည်း ဒီအတိုင်း ပြောခဲ့ဖူးတာပဲ…”
“တကယ်တော့ သူတို့က မြင့်မြတဂိုဏ်း(၉)ဂိုဏ်းနဲ့ မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းက ပါရမီရှင်တိုင်းကို ဒီလိုနည်းနဲ့ သိမ်းသွင်းတတ်ကြတာ..."
ကျန်းယွဲ့ပိုင်က ပြောပြလေသည်။
"အင်း..."
ချူလျန်က တိုးတိုးရေရွတ်ရင်း စဉ်းစားလိုက်၏။
'တကယ်တော့ အနည်းငယ် ကွာခြားမှု ရှိတယ်... ရန်ယွီဟူပြောခဲ့တာက အကန့်အသတ်မဲ့ အရင်းအမြစ်တွေအောက်မှာ ငါဆယ်နှစ်ပိုစောပြီး တာအိုမေးခွန်းထုတ်ခြင်းနယ်ပယ်ကို ရောက်နိုင်မယ်ဆိုပြီးတော့ပဲ…”
“ဒါ ငါ့ကို အထင်သေးလွန်းရာ မကျဘူးလား...'
ကျန်းယွဲ့ပိုင်က ဆက်လက်ပြောပြ၏။
"ငါ နင့်ကို သတိပေးချင်ရုံတင်ပါ... ဒီလိုအကွက်ထဲ လုံးဝမဝင်စေချင်ဘူး…”
“ဖုန်းလိုင်ဂိုဏ်းရဲ့ ကမ်းလှမ်းချက်တွေက ကောင်းမွန်ပုံရပေမယ့် နင် အဲဒီကိုရောက်လို့ ကျင့်ကြံမှုအဆင့် တိုးတက်တာ နည်းနည်းလေး နှေးကွေးသွားတာနဲ့ အရင်လို မမြန်ဆန်တော့တာနဲ့ ပေးထားတဲ့ အခွင့်အရေးတွေအကုန် ချက်ချင်း ရုပ်သိမ်းခံရလိမ့်မယ်…”
“…ပြီးတော့ နင်က အပြင်လူဖြစ်နေတော့ သူတို့ နင့်အပေါ် စိတ်ရှည်ပေးမှာ မဟုတ်ဘူး... အရင်က ပါရမီရှင်အများကြီး အဲဒီကိုရောက်ပြီးမှ သာမန်လူတွေ ဖြစ်သွားခဲ့ကြဖူးတယ်..."
"ဒါကြောင့်ကိုး..."
ချူလျန်သည် ဤအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၏။
လူတိုင်း၏တိုးတက်မှုလမ်းစဉ်မှာ မတူညီကြချေ။
ဝိညာဉ်အသိအမြင်အဆင့်၌ အလွန်မြန်ဆန်စွာ တိုးတက်ခဲ့သူတစ်ဦးသည် ရွှေအမြုတေအဆင့်သို့ ရောက်သောအခါ သာမန်အဆင့်သာရှိတော့သည်လည်း ဖြစ်နိုင်ပေသည်။
သို့သော် ဖုန်းလိုင်ဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးတစ်ခုအနေဖြင့် ပြင်ပမှလာသောသူအပေါ် ဆက်လက်၍ စိတ်ရှည်သည်းခံခြင်း မရှိတော့သည်မှာလည်း သဘာဝပင်။
မည်သို့ပင်ဖြစ်စေ သူတို့အတွက် အခြားဂိုဏ်းများမှပါရမီရှင်များကို ဆွဲဆောင်နိုင်ရုံဖြင့် သူတို့၏ နံပါတ်တစ်အင်မော်တယ်ဂိုဏ်းဟူသော ဂုဏ်သတင်းကို ထိန်းသိမ်းနိုင်ရန်ပင် ဖြစ်၏။
ထိုလူ၏ နောက်ဆက်တွဲဖွံ့ဖြိုးတိုးတက်မှုအတွက်မူ သူတို့က အလေးအနက်ထား၍ စိတ်မဝင်စားကြချေ။
ဤသည်မှာ အလွန်ပင် ကောက်ကျစ်စဉ်းလဲသော ပြိုင်ဆိုင်မှုနည်းဗျူဟာတစ်ရပ် ဖြစ်ပေသည်။
အမှန်စင်စစ် ဖုန်းလိုင်ဂိုဏ်းသည် မိမိတို့ဆီ၌ ပါရမီရှင်တစ်ဦး ပိုတိုးလာခြင်းကို ဂရုမစိုက်သော်လည်း၊ ပြိုင်ဘက်များထံ၌ ပါရမီရှင်တစ်ဦး လျော့နည်းသွားရန်ကိုသာ ရည်ရွယ်ခြင်း ဖြစ်၏။
အကျိုးအမြတ်ကြောင့် စွန့်ခွာသွားသူတစ်ဦးမှာ အကျိုးအမြတ်ကြောင့်ပင် ပြန်လည်စွန့်ပစ်ခံရမည်ဖြစ်ရာ ပြောစရာစကားရှိတော့မည်မဟုတ်ချေ။
ရှုတောင်ဂိုဏ်း၏တပည့်များမှာမူ ကျင့်ကြံခြင်းအဆင့်တစ်ခုတွင် မည်မျှပင် ကြာရှည်စွာ ပိတ်မိနေပါစေ၊ ၎င်းတို့ကိုယ်တိုင် တောင်အောက်သို့ ဆင်းသွားလိုခြင်းမရှိပါက ဂိုဏ်းက မည်သည့်အခါမျှစွန့်ပစ်မည်မဟုတ်ပေ။
သို့သော် အပြင်လူတစ်ဦးသာဖြစ်ပါက ထိုသို့သော စိတ်ရှည်သည်းခံမှုကို ရရှိနိုင်မည်မဟုတ်ချေ။
ချူလျန်ပြောခဲ့သကဲ့သို့ပင် မိမိ၏ဇာတိမြေကို စွန့်ခွာခဲ့လျှင် ထိုအချိန်မှစ၍ အမြစ်မရှိသော သစ်ပင်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
"စိတ်ချပါ..."
ချူလျန်က ပြုံးလျက် ပြောလိုက်၏။
"ကျွန်တော် ရှုတောင်ဂိုဏ်းကနေ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ပါဘူး... ဖုန်းလိုင်ဂိုဏ်းမှာ ဒီလောက် လှပြီး သဘောကောင်းတဲ့ စီနီယာအစ်မမျိုး ရှိလို့လား..."
ကျန်းယွဲ့ပိုင်က မျက်တောင်ခတ်လျက် ပြုံးကာ ပြောလိုက်၏။
"ဟင်းဟင်း... ဖုန်းလိုင်ဂိုဏ်းက ရှီမြောင်ရှန်းဆိုရင် နာမည်ကြီးတဲ့ အလှပတ္တမြားလေးပဲလေ…”
“ငါတို့မျိုးဆက်မှာ နံပါတ်တစ်အလှဆုံးမိန်းကလေးလို့တောင် လူအများက ပြောကြတာကို..."
"ဟုတ်လို့လား..."
ချူလျန်က စဉ်းစားဟန်ဖြင့် ရေရွတ်လိုက်၏။
"ရန်ယွီဟူ အဲဒီတုန်းက ကျွန်တော့်ကို ဒါတွေမပြောခဲ့ပါဘူး..."
ကျန်းယွဲ့ပိုင်၏အပြုံးမှာ တဖြည်းဖြည်းတင်းမာလာပြီး ပြုံးလျက်နှင့်ပင် ဓားမြှောင်ဝှက်ထားသည့်အလား ပြောင်းလဲသွားလေတော့သည်။
"ဟားဟား... စတာပါ..."
ချူလျန်က အလျင်အမြန်ပင် ပြန်ပြောလိုက်၏။
"ရှီမြောင်ရှန်းရဲ့ နာမည်ကို ကျွန်တော် မကြားဖူးဘဲနေပါ့မလားဗျ…”
“သူမက ရန်ရှန်လုံနဲ့ ငယ်သူငယ်ချင်းတွေလို့ ကြားဖူးပါတယ်... ဘယ်သူက အဲဒီလိုမိန်းကလေးကို စိတ်ကူးရဲမှာလဲ…”
“ဒါ့အပြင် ဒီလောကမှာ စီနီယာအစ်မထက် လှတဲ့မိန်းကလေး ရှိတယ်လို့ ကျွန်တော် လုံးဝမယုံကြည်ပါဘူး…”
“စီနီယာအစ်မ ရှုတောင်မှာရှိရင် ကျွန်တော်လည်း ရှုတောင်မှာပဲ ရှိနေမှာပါ..."
"သွေးနွေးဝိညာဉ်ဖြင့် သစ္စာစောင့်သိအံ့... တစ်သက်ပတ်လုံး ရှုတောင်သားသာ ဖြစ်အံ့..."