အခန်း ၂၃၆
Vol. 24 Ch. 236
အခန်း (၂၃၆) - တိမ်ခိုးလေလှိုင်းများ တဟုန်ထိုး ထကြွခြင်း
အမြဲတမ်း လောကီရေးရာအား မစွတ်ဖက်တတ်သော သူမတို့သည် အင်မော်တယ်ဂိုဏ်းများ၏ ပဋိပက္ခများတွင် ဝင်ရောက်စွက်ဖက်ခြင်းကို လုံးဝမနှစ်သက်ကြပေ။
သို့သော် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက လုံးဝသက်ညှာပေးမည် မဟုတ်ချေ။
အထူးသဖြင့် ယခုတစ်ကြိမ်တွင် သူမတို့ကမည်သူ့ကိုမျှ သွားရောက်ရန်စထားခြင်း မရှိပေ။
ဘိုးဘေးများ၏သင်္ချိုင်းဂူ အတူးခံလိုက်ရပြီး အခေါင်းပါ အလုခံလိုက်ရသည်ဖြစ်ရာ တွေးကြည့်မည်ဆိုလျှင် ဒေါသထွက်စရာ အကြောင်းပြချက် လုံလုံလောက်လောက်ရှိပေ၏။
ဝေလငါးစီးအင်မော်တယ် ရေခဲခေါင်းတလားကို လုယူရခြင်းမှာ ကပ်ဘေးပါမိစ္ဆာထံမှ ကပ်ဘေးအငွေ့အသက်များကို ဖိနှိပ်ထားရန်အတွက်ဖြစ်ကြောင်း ကောင်းကင်မဏ္ဍိုင်မျှော်စင်က ခန့်မှန်းထားသည်။
ဆောင်းပါးထဲတွင် ဤအရာမှာ ရေရှည်အတွက်ဖြေရှင်းနည်း မဟုတ်ကြောင်းနှင့် အချိန်ကြာလာသည်နှင့်အမျှ မိမိကိုယ်ကို ပြန်လည်ထိခိုက်စေမည်ဖြစ်ကြောင်း သတိပေးထားလေသည်။
'ဒီလိုကိုး...'
ချူလျန်က တွေးလိုက်မိသည်။
ဤသို့ဆိုလျှင် ဝေလငါးစီးအင်မော်တယ်၏ ဆက်တိုက်လုပ်ရပ်များကို ရှင်းပြနိုင်ပြီဖြစ်သည်။
တောင်ပိုင်းပင်လယ်မှ ကပ်ဘေးပါမိစ္ဆာကို ခေါ်ဆောင်သွားပြီး မြောက်ပိုင်းဒေသသို့ သွားရောက်ကာ ကပ်ဘေးအငွေ့အသက်များကို ယာယီဖိနှိပ်ထားရန် ရေခဲခေါင်းတလားတစ်ခုကို လုယူခဲ့ခြင်းပင်။
သူက ကပ်ဘေးပါမိစ္ဆာကို အဘယ်ကြောင့် ဖမ်းဆီးခဲ့သနည်းဆိုသည့် အချက်နှင့်ပတ်သက်၍မူ ၎င်း၏စွမ်းအားကို အသုံးချရန် ရည်ရွယ်ချက်ရှိလိမ့်မည် မဟုတ်ကြောင်း ချူလျန်တွေးမိလေသည်။
ထိုမိန်းမငယ်လေး၏ မျိုးရိုးမှာ ကျန်း ဖြစ်နိုင်ပြီး ဝေလငါးစီးအင်မော်တယ်၏ မျိုးရိုးကလည်း ကျန်း ဖြစ်ဖို့များလေရာ... ဤကိစ္စကို သိလိုက်ရသည်နှင့် အကြမ်းဖျင်း သဘောပေါက်နိုင်လေပြီ။
ထို့နောက်တွင် နောက်ထပ်သတင်းကြီးတစ်ပုဒ် ပါလာပြန်လေ၏။
၎င်းမှာ ပင်လယ်လေးစင်း ဝေလငါးဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးရွှီပါရှန်း ပျောက်ဆုံးသွားခြင်းပင် ဖြစ်သည်။
ယခုအခါ ဝေလငါးဂိုဏ်း၏ဂိုဏ်းချုပ်သစ် ရွေးချယ်ပွဲသည် အကြိတ်အနယ် ဖြစ်နေပြီး အရှေ့ဝေလငါးဂိုဏ်းမှ ကျန်းရှန်ထင်နှင့် လက်ရှိဂိုဏ်းချုပ်ကြီး ရွှီပါရှန်းတို့သည် အကြိတ်အနယ်ယှဉ်ပြိုင်နေကြရာ လူအများ၏မျှော်လင့်ချက်ကို ကျော်လွန်နေခဲ့၏။
ထိုသို့သော အချိန်ကာလတွင် ရွှီပါရှန်းသည် အနောက်ပင်လယ်သို့ သင်္ဘောဖြင့် သွားရောက်စဉ် ရုတ်တရက် ထွက်ပေါ်လာသော သားရဲကြီး ကောင်းကင်မျိုစပါးကြီးမြွေက သူစီးနင်းလာသော အထပ်မြင့်သင်္ဘောကြီးကို တစ်ကျိုက်တည်း မျိုချသွားခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်မျိုစပါးကြီးမြွေ၏ ခန္ဓာကိုယ်အတွင်းတွင် စကြဝဠာတစ်ခု ကိန်းအောင်းနေပြီး အရာခပ်သိမ်းကို မျိုချနိုင်စွမ်းရှိသည်။
သို့သော် ရွှီပါရှန်းသည် မည်သို့ပင်ဖြစ်စေ သတ္တမအဆင့် စွမ်းအားရှင်တစ်ဦးဖြစ်ရာ သူ၏စွမ်းဆောင်ရည်မှာ သာမန်မဟုတ်ပေ။
စပါးကြီးမြွေ၏ ခန္ဓာကိုယ်ထဲမှ ပြန်ထွက်လာရန်မှာ အခက်အခဲမရှိနိုင်ချေ။ သို့သော် ယခုအခါ အစအနပျောက်သွားလေရာ အတွင်းထဲတွင် မည်သို့သောအရာများနှင့် ရင်ဆိုင်ခဲ့ရသည်ကို မသိနိုင်တော့ပေ။
ဤသတင်းကို မြင်တွေ့ရသူအများအပြားက ကျန်းရှန်ထင်၏ လက်ချက်ဖြစ်ကြောင်း သံသယဝင်ကြသည်မှာ သဘာဝပင်။
သို့သော် ချက်ချင်းဆိုသလိုပင် ကျန်းရှန်ထင်၏ ကြေညာချက် ထွက်ပေါ်လာလေသည်။
ဂိုဏ်းချုပ်ကြီး၏ကိစ္စနှင့်ပတ်သက်၍ ဝေလငါးဂိုဏ်းတစ်ခုလုံး အလွန်တရာ အံ့ဩဒေါသထွက်ကာ ဝမ်းနည်းကြေကွဲရသော်လည်း အရှေ့ဝေလငါးဂိုဏ်းနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်းနှင့် သူတို့အနေဖြင့်လည်း ရွှီပါရှန်းကို အစွမ်းကုန်ရှာဖွေနေကြောင်း ကြေညာထားလေ၏။
ဤကြေညာချက်ကို လူမည်မျှယုံကြည်မည်ဆိုသည်ကတော့ ပြောရခက်လှသည်။
ချူလျန်သည် ထောင်းထျဲမြို့တော်တွင် တွေ့ခဲ့ဖူးသော ရွှီဟုန်ချိုးကို သတိရသွားမိ၏။ သဘောထားကြီးလှသော ဤမိန်းကလေးသည် ယခု မည်သည့်အရာများ ဖြစ်ပျက်နေသနည်း။
သာမန်အားဖြင့် လူ့လောကတွင် အဖြစ်အပျက်ကြီးများ သိပ်မရှိသည့်အချိန်များ၌ အများအားဖြင့် ကျင့်ကြံခြင်းလောကမှ လူငယ်မျိုးဆက်သစ်များ၏ သတင်းများသာ ဖြစ်လေ့ရှိသည်။
သို့သော် ယခုလိုလေတိုက်တိမ်လွင့်ကဲ့သို့ မတည်မငြိမ်ဖြစ်နေချိန်တွင်မူ လူငယ်မျိုးဆက်သစ်များ၏သတင်းများမှာ သိပ်မရှိလှတော့ချေ။
နောက်ဆုံးသတင်းတစ်ပုဒ်သာ ကျန်ရှိတော့သည်။
မိုးကြိုးခံတပ်၏ ဒုတိယဂိုဏ်းတူအစ်ကို ဝေ့ထျန်းတိနှင့် ကောင်းကင်ဘုရင်ဂိုဏ်း၏ ထိပ်တန်းတပည့် ဖုန်းချောင်ယန်တို့ တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက်အကြိတ်အနယ် တိုက်ပွဲကြောင့် ဝမ့်ယွင်တောင်ပြိုကျပျက်စီးသွားကာ အနိုင်အရှုံးမပေါ်ခဲ့ကြောင်း ပါရှိလေ၏။
မှန်ကန်သောလမ်းစဉ်ကို လျှောက်လှမ်းသူများ ဖြစ်ကြသော်လည်း ကောင်းကင်ရတနာများ၊ လျှို့ဝှက်နယ်မြေများ၊ မှော်ဝင်ပစ္စည်းများ စသည်တို့နှင့် ပတ်သက်၍ အငြင်းပွားမှုများမှာ အစဉ်အဆက် နည်းပါးခဲ့သည်မဟုတ်ချေ။
အထူးသဖြင့် နှစ်ဖက်လုံးသည် မိမိတို့ဂိုဏ်းကို ကိုယ်စားပြုနိုင်သော တပည့်များဖြစ်ကြရာ ဤကဲ့သို့သောကိစ္စမျိုးမှာ ဆန်းသစ်လှသည်တော့ မဟုတ်ပေ။
မိုးကြိုးခံတပ်၏ အဓိကတပည့်သုံးဦးသည် အလွန်တရာ နာမည်ကျော်ကြားလှသည်။ အစ်ကိုကြီးတူဝူဟန့်သည် သစ္စာစောင့်သိပြီး ရဲရင့်သူဖြစ်ကာ ညီလတ် ဝေ့ထျန်းတိသည် ဉာဏ်ပညာနှင့် ရဲစွမ်းသတ္တိပြည့်စုံသူဖြစ်လေသည်။
ညီအငယ်ဆုံး တိန့်ယိရှောင်မှာမူ အလွန်တရာကြမ်းတမ်းခက်ထန်သူ ဖြစ်၏။
ပြင်ပလောကမှ လူအများက မိုးကြိုးခံတပ်သည် ၎င်းတို့မျိုးဆက်တွင် မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်း အင်မော်တယ်ဂိုဏ်းများ စာရင်းဝင်လာနိုင်လိမ့်မည်ဖြစ်ကြောင်း အကောင်းမြင်ထားကြလေသည်။
သေချာပေါက်ပင် ထိုသို့အကောင်းမြင်ထားသူများထဲတွင် ရှုတောင်ဂိုဏ်းမှတပည့်များ လုံးဝပါဝင်မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အလွန်ကိုယ်ပိုင်အသိစိတ် ရှိကြသောကြောင့် ဖြစ်လေသည်။
အကယ်၍ ယခုမြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်း အင်မော်တယ်ဂိုဏ်းများထဲမှ တစ်ဂိုဏ်းဂိုဏ်း ဖယ်ရှားခံရမည်ဆိုပါက ရှုတောင်ဂိုဏ်းက မတ်တပ်ရပ်လိုက်လျှင် မည်သူကမျှ အားနာပါးနာဖြင့် တားဆီးကြမည်မဟုတ်ချေ။
ယခုအခါ မိုးကြိုးခံတပ်မှဒုတိယအစ်ကိုပင်လျှင် ကောင်းကင်ဘုရင်ဂိုဏ်း၏ ထိပ်တန်းတပည့်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိနေပြီဖြစ်ရာ မျိုးဆက်သစ်များ၏ ခွန်အားကြီးမားမှုကို ပို၍ပင် ခံစားသိရှိစေလေသည်။
'အနာဂတ်က မျှော်လင့်ချက်တွေနဲ့ ပြည့်နေတာပဲ...'
ချူလျန်က တွေးလိုက်မိလေသည်။
...
ဤတစ်ကြိမ် သိုင်းလောက၏ ထူးဆန်းသောပုံပြင်များကဏ္ဍမှာမူ ဖတ်စရာသိပ်မရှိလှပေ။ ရှန်ချင်းယန်က လှည့်လည်ဖျော်ဖြေပွဲများ စတင်တော့မည်ဆိုသည့်သတင်းမှလွဲ၍ အခြား ထူးထူးခြားခြား သတိပြုစရာသတင်းမျိုးမပါရှိချေ။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်မဏ္ဍိုင်မျှော်စင်၏ လူအင်အားမှာလည်း အကန့်အသတ်ရှိလေရာ နေရာတိုင်းကိုလွှမ်းခြုံနိုင်ရန်မှာ မဖြစ်နိုင်ပေ။
ဤတစ်ကြိမ် ကြယ်ခုနစ်စင်းသတင်းစာတွင် စုံစမ်းစစ်ဆေးရမည့် သတင်းကြီးများစွာ ရှိနေသည့် အခြေအနေမျိုးတွင် သိုင်းလောက၏ ထူးဆန်းသောပုံပြင်များကဏ္ဍအတွက် ခွဲဝေပေးရမည့် အင်အားမှာ အလိုအလျောက်နည်းပါးသွားမည်သာ ဖြစ်ပေသည်။
ကြယ်ခုနစ်စင်းသတင်းစာကို ချထားလိုက်ပြီးနောက် ချူလျန်သည် လေညင်းခံရန် အပြင်သို့ ထွက်လာခဲ့လေသည်။
ယခုအချိန်တွင် တိမ်ခိုးလေလှိုင်းများ တဟုန်ထိုးထကြွနေပြီး အလွန်အေးခဲသော ဆောင်းရာသီ ရောက်လာတော့မည့် ခံစားချက်က တဖြည်းဖြည်း ပို၍ပြင်းထန်လာ၏။
ထောင်ဝူ၊ ကပ်ဘေးပါမိစ္ဆာ၊ ကောင်းကင်မျိုစပါးကြီးမြွေ...
ဤကဲ့သို့သော အမည်နာမများသည် ယခင်က အချိန်အကြာကြီးနေမှ တစ်ကောင်တစ်လေ ပေါ်ထွက်လာလေ့ရှိသော်လည်း ယခုမူ ရုတ်တရက်စုပြုံ၍ ပေါ်ထွက်လာကြသည်။
ထို့ပြင် လူတိုင်းသိထားသည်မှာ ဤအရာများသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော အရာများမဟုတ်သေးကြောင်းပင်။
အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသောအရာမှာ မိစ္ဆာနတ်ဘုရား ဖြစ်လေသည်။
၎င်းကသာ လုံးဝခုခံတွန်းလှန်၍ မရနိုင်သောတည်ရှိမှုတစ်ခု ဖြစ်ချေသည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်ထဲတွင် ယနေ့အထိ နဝမအဆင့် စွမ်းအားရှင်အသစ် ပေါ်ထွက်လာခြင်း မရှိသေးသောကြောင့်ပင်။
အတိတ်၏ရှည်လျားလှသော အချိန်ကာလများအတွင်းတွင် နှစ်တစ်ထောင်လျှင် သူတော်စင်တစ်ဦး ပေါ်ထွက်လာလေ့ရှိ၏။
ဆိုလိုသည်မှာ မည်သည့်မျိုးနွယ်စုဖြစ်စေကာမူ လူ့လောကတွင် နှစ်တစ်ထောင်ပြည့်တိုင်း နဝမအဆင့်စွမ်းအားရှင်တစ်ဦး ပေါ်ထွက်လာလေ့ရှိခြင်း ဖြစ်သည်။
လူသားမျိုးနွယ်တွင် မှတ်တမ်းတင်ထားသော သူတော်စင်နှစ်ဦးရှိလေသည်။
တစ်ဦးမှာ ရှေးဟောင်းခေတ်ကာလမှ သူတော်စင်လီဖြစ်ပြီး အလွန်တရာ ရှေးကျလွန်းလှသဖြင့် သူ၏အကြောင်းအရာများမှာ ဝေဝါးနေပြီဖြစ်သည်။
လူ့လောကတွင် ယခင်ကအဆင့်ခုနစ်အထိသာရှိခဲ့ပြီး တာအိုမေးမြန်းခြင်းအဆင့်မှာ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ဒဏ္ဍာရီများသာရှိခဲ့လေသည်။
သူတော်စင်လီကသာ နဝမအဆင့်သို့ ပထမဆုံး ဖောက်ထွက်နိုင်ခဲ့ခြင်းဖြစ်ပြီး လူ့လောက၏ အမြင့်ဆုံးအဆင့်မှာ ဆန်းကြယ်အဆင့်အထိ ကျယ်ပြန့်သွားခဲ့ကာ နောင်လာနောက်သားများအတွက် ကောင်းကင်တက်လှမ်းရာ လမ်းကြောင်း ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်လေ၏။
နောက်တစ်ဦးမှာ လွန်ခဲ့သော နှစ်ပေါင်း လေးထောင်ကျော်က သူတော်စင်ယန် ဖြစ်ပေသည်။
သူမသည် အမျိုးသမီးခန္ဓာကိုယ်ဖြင့် သူတော်စင်အဆင့်သို့ ရောက်ရှိခဲ့ပြီး ထိုခေတ်အခါက ဆန်းကြယ်အဆင့်သို့တိုင်အောင် တသီတတန်းကြီး လွှမ်းမိုးထားနိုင်ခဲ့သည်။
သူမ၏သတ်ဖြတ်မှုများမှာ ပြိုင်ဘက်ကင်းခဲ့ပြီး လူသားမျိုးနွယ်က ကျိုကျိုးမြေကို တစ်ဦးတည်းပိုင်စိုးနိုင်သည့် လူ့လောက၏ကြီးမားလှသော အစီအမံကြီးကို အုတ်မြစ်ချပေးခဲ့ခြင်း ဖြစ်သည်။
သူမ သက်ရှိထင်ရှားရှိနေစဉ်က မိစ္ဆာများနှင့် မျိုးနွယ်ခြားများသည် ပင်လယ်လေးစင်းအထိ အဝေးသို့ ထွက်ပြေးခဲ့ကြရသည်။ လောကရှိ မိစ္ဆာသတ္တဝါများသည် သူမကို ကြောက်ရွံ့ရိုသေရုံသာမက နတ်ဘုရားတစ်ပါးကဲ့သို့ပင် ကိုးကွယ်ခဲ့ကြလေ၏။
ယနေ့တိုင် ပင်လယ်လေးစင်း၏အပြင်ဘက်ရှိ အချို့သော ရှေးဟောင်းမိစ္ဆာမျိုးနွယ်စုများတွင် လူသားမျိုးနွယ်မှ အမျိုးသမီးသူတော်စင်၏ ရုပ်တုကို ကိုးကွယ်ပူဇော်နေကြဆဲပင်ဖြစ်သည်။
အထောက်အထားအမျိုးမျိုးအရ လူသားမျိုးနွယ်၏သူတော်စင်များမှာ ဤနှစ်ဦးတည်းသာ မဟုတ်ကြောင်းပြသနေသော်လည်း အချို့သော မသိနိုင်သည့် အကြောင်းအရင်းများကြောင့် အခြားသော သူတော်စင်များ၏ အကြောင်းအရာများ လက်ဆင့်ကမ်း ကျန်ရစ်ခဲ့ခြင်းမရှိဘဲ သမိုင်းမှတ်တမ်းများတွင်လည်း စာတစ်လုံးမျှ ရေးသားထားခြင်းမရှိပေ။
သို့သော် လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်အတွင်းတွင်မူ မိစ္ဆာနတ်ဘုရား ပေါ်ထွက်ပြီးနောက်ပိုင်း အခြားမည်သည့် နဝမအဆင့်စွမ်းအားရှင်မျှ ပေါ်ထွက်လာခဲ့ခြင်း မရှိတော့ချေ။
ဤနှစ်ပေါင်းသုံးထောင်အတွင်း မိစ္ဆာနတ်ဘုရားမှာ သေဆုံးသွားခြင်း မရှိသေးသောကြောင့်သာ သူတော်စင်အသစ် ပေါ်ထွက်မလာရခြင်းဖြစ်ကြောင်း အချို့က ခန့်မှန်းကြလေသည်။
ယခင်က ရှုတောင်ဂိုဏ်းအနေဖြင့် မိစ္ဆာနှိမ်စေတီကို စောစောစီးစီးဖွင့်လှစ်ကာ မိစ္ဆာနတ်ဘုရားကို ထုတ်လွှတ်ပြီး အပြီးတိုင်သတ်ဖြတ်သင့်ကြောင်း၊ သို့မှသာ ဆန်းကြယ်ကံကြမ္မာ အပြောင်းအလဲဖြစ်ကာ သူတော်စင်အသစ် ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း ပြောဆိုသူများပင် ရှိခဲ့ကြလေသည်။
ဤကဲ့သို့သော စကားများနှင့် ပတ်သက်၍မူ ရှုတောင်ဂိုဏ်းက ပညာရှိကြီးများ၏ အပြောအဖြစ်သာ သဘောထားလိုက်လေသည်။
ယခုအခါ မိစ္ဆာနတ်ဘုရား အမှန်တကယ်ပြန်လည်ရောက်ရှိလာနိုင်ချေ ရှိနေပြီဖြစ်ရာ ကျိုကျိုးမြေမှ သက်ရှိသတ္တဝါများအားလုံး တုန်လှုပ်ချောက်ချားနေကြပြီး ဤကိစ္စမှာ အလိမ်အညာသာဖြစ်စေရန် မျှော်လင့်နေကြလေသည်။
ယခင်က မိစ္ဆာနတ်ဘုရားကိုသတ်ဖြတ်ပြီး ကံကြမ္မာကို လုယူမည်ဟူ၍ ကြွေးကြော်ခဲ့သူများမှာမူ ယခုအခါ တစ်ယောက်မျှပင် အရိပ်အယောင် မတွေ့ရတော့ပေ။
...