← Chapters

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း (၂၃၇) - သင့်အား အမွေဆက်ခံခွင့် ပေးအပ်မည် (၁)

ချူလျန်တစ်ယောက် တွေဝေငေးမောနေစဉ် ရုတ်တရက် အဝေးကောင်းကင်ယံမှ တိမ်ခိုးတိမ်ငွေ့တစ်စုကျဆင်းလာပြီး ခါးအနည်းငယ်ကိုင်းနေသော ပုံရိပ်တစ်ခုက ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။

ရောက်လာသူမှာ အံ့ဩစရာကောင်းစွာပင် စီကုန်းအဘိုးအို ဖြစ်နေလေသည်။

ချူလျန်က အမြန်အဆန် ရှေ့သို့တိုးသွားကာ အရိုအသေပေးလိုက်၏။

"ဆရာ့ဘကြီးကို ဂါရဝပြုပါတယ်...”

ဤအဘိုးအိုသည် ရှုတောင်ဂိုဏ်းတွင် စွမ်းအားအလွန်ကြီးမားသည်ဟူ၍ မဆိုနိုင်သော်လည်း မျိုးဆက်အရ အလွန်မြင့်မားကာ ရာထူးအဆင့်အတန်းလည်း အလွန်ကြီးမားလှ၏။

အထူးသဖြင့် လွန်ခဲ့သောရက်အနည်းငယ်က ရှုတောင်ဂိုဏ်းအတွက် နဂါးမျှားခြင်းကိစ္စ အောင်မြင်သွားခဲ့ရာ ယခုအခါ အလွန်တရာဂုဏ်ကျက်သရေ မြင့်မားနေပြီး မည်သူကမျှ မလေးမစားမလုပ်ရဲကြပေ။

"ဟဲဟဲ ဒီနှစ်တွေအတွင်း ငွေဓားတောင်ထွတ်ကို ငါ ပထမဆုံးအကြိမ် လာဖူးတာပဲ…စီမံခန့်ခွဲထားတာ မဆိုးပါဘူးကွ...”

စီကုန်းအဘိုးအိုက သူ့ရှေ့ရှိ စိုက်ခင်းများနှင့် စိုက်ခင်းထဲတွင် ကြိုးကြိုးစားစား အလုပ်လုပ်နေသော လျိုရှောင်ယွီကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်၏။

"အသီးအနှံလေးတွေ ကြုံသလိုစိုက်ထားရုံပါပဲဗျာ...”

ချူလျန်က ပြုံးလျက်ပြန်ပြောလိုက်၏။

"ဒီနဂါးအသက်ရှူငွေ့နဲ့ အာဟာရဖြည့်ထားတဲ့အသီးတွေက မဆိုးဘူးပဲ… အရင်တုန်းက ငါ့ဆီတောင် လာပေးတဲ့လူရှိသေးတယ်”

“...အရသာ တော်တော်ကောင်းတာကွ...”

စီကုန်းအဘိုးအိုက ချီးကျူးလိုက်လေသည်။

ချူလျန်၏မျက်လုံးများ အရောင်လက်သွား၏။

'စီကုန်းအဘိုးအိုတောင် စားပြီးကောင်းတယ်လို့ ပြောတယ်ဆိုမှတော့ နောက်ကြရင် ဒါကအားကောင်းတဲ့ ကြော်ငြာစာသားတစ်ခု ဖြစ်လာတော့မှာပဲ….'

"ဆရာ့ဘကြီး သဘောကျတယ်ဆိုရင် ဒီတပည့် အချိန်မရွေးလာပို့ပေးပါ့မယ်...”

ချူလျန်က ချက်ချင်းပင် ပြောလိုက်၏။

"ဟာ…မလိုပါဘူးကွာ...”

စီကုန်းအဘိုးအိုက ပြုံးလျက် လက်ကာပြလိုက်ပြီးနောက် ဆက်ပြောလေ၏။

"ဒီနေ့ ငါလာတာ အရေးကြီးကိစ္စရှိလို့ကွ…မင်းရဲ့ အသီးတွေကို လိုချင်လို့ လာတာ မဟုတ်ပါဘူး...”

"ဆရာသခင်ကို သွားပြောပေးရမှာလားဗျ....”

ချူလျန်က မေးလိုက်၏။

တကယ်တမ်းတွင် သူသည်လည်း အံ့ဩနေမိသည်။

စီကုန်းအဘိုးအိုတွင် အရေးကြီးကိစ္စရှိပါက အဘယ်ကြောင့် အဆောင်ဆီသို့ တိုက်ရိုက်မသွားဘဲ စိုက်ခင်းဆီသို့ လာရောက်ကာ သူနှင့် စကားလာစမြည်ပြောနေရသနည်း။

"ငါ တီနွီဖုန့်ကို လာရှာတာ မဟုတ်ဘူး…သူ့ကို လာရှာတာ...”

စီကုန်းအဘိုးအိုက ရှေ့သို့လက်ညိုးထိုးပြလိုက်၏။

ချူလျန်သည် ရေလောင်းနေသော ထိုသေးငယ်လှသည့် ပုံရိပ်လေးဆီသို့ လှမ်းကြည့်လိုက်၏။

တောက်ပသော နေရောင်ခြည်အောက်တွင် ရေကရားငယ်လေးမှ ပန်းထွက်လာသော ရေမှုန်ရေမွှားများက သက်တံ့ရောင်ခုနစ်သွယ်ကို ထင်ဟပ်နေစေသည်။

“နေရောင်ခြည်နဲ့ သက်တံ့ရောင် မိန်းကလေးငယ်လေးပါလား…”

သူသည် အံ့အားသင့်စွာဖြင့် မေးလိုက်မိလေတော့၏။

"ဆရာ့ဘကြီးက ရှောင်ယွီကို လာရှာတာလားဗျ...”

"ရှုတောင်ရဲ့ နဂါးချီမိုးစက်တွေက ငွေဓားတောင်ထွတ်ကိုပဲ ဗဟိုပြုပြီး ရွာနေတာကို မင်းတို့လည်း သတိထားမိကြလောက်ပြီလို့ ထင်ပါတယ်...”

စီကုန်းအဘိုးအိုက ဖြည်းညင်းစွာ ပြောလိုက်၏။

"တကယ်နည်းနည်းတော့ ထူးဆန်းနေတယ်...”

ချူလျန်က ပြုံးလျက် ပြောလိုက်လေသည်။

သူသည် ဤကိစ္စကို စောစောစီးစီးကတည်းက သတိထားမိနေခဲ့ခြင်းပင်။ အမှန်တကယ်တွင် ဤနဂါးချီမိုးစက်များသည် ငွေဓားတောင်ထွတ်ကို ဗဟိုပြုနေခြင်း မဟုတ်ဘဲ... သူ့ကိုသာ ပစ်မှတ်ထား၍ ရွာကျနေခြင်းဖြစ်ကြောင်း ခံစားမိနေသည်။

သူသည် အခြားနေရာများ၌ ရှိနေစဉ်တွင်လည်း ရွှေရောင်မိုးစက်များ၏ ဖုံးလွှမ်းခြင်းကို တစ်ကြိမ်မက ခံခဲ့ရဖူးလေသည်။

သို့သော်လည်း ဤသည်မှာ ကောင်းကျိုးလော၊ ဆိုးကျိုးလောဆိုသည်ကို မသိရသဖြင့် သူ သိပ်မပြောရဲခဲ့ပေ။

သာမန်အားဖြင့်ဆိုလျှင် နဂါးအစစ်၏ နှစ်သက်မြတ်နိုးမှုကို ခံရသူသည် ရှုတောင်၏ မဟာကံကြမ္မာကို သယ်ဆောင်ထားသူ ဖြစ်နိုင်သောကြောင့် ကောင်းကင်ဘုံ၏လက်ဆောင်ဟု ဆိုရပေမည်။

သို့ရာတွင် သူ၏ကိုယ်ပေါ်၌ စေတီတော်ဖြူ၏လျှို့ဝှက်ချက် ရှိနေသဖြင့် သူ့စိတ်ထဲတွင် တစ်ခုခုကို ဖုံးကွယ်ထားရသကဲ့သို့ဖြစ်နေကာ အခြားသူများ၏ သတိထားမိခြင်းကိုပင် ကြောက်ရွံ့နေမိသည်။

နဂါးများသည် အလွန်တရာဉာဏ်ရည်မြင့်မားကြလေရာ ၎င်းကတစ်ခုခုကို အာရုံခံမိသွားခြင်းများလားဆိုသည်ကို မည်သူကသိနိုင်မည်နည်း။

ထို့အပြင် ရှုတောင်အနေဖြင့် ဤနဂါးအစစ်အပေါ် လေးစားမှုရှိသော်လည်း အပြည့်အဝယုံကြည်ထားခြင်း မရှိသေးပေ။

ထို့ကြောင့် ၎င်း၏ပစ်မှတ်ထားခြင်းခံရသည်မှာ အမြဲတမ်း ကောင်းကျိုးဖြစ်လာနိုင်မည်ဟု မဆိုသာချေ။

"ငါ သတိထားမိတော့ နဂါးအစစ်ဆီကို သီးသန့်သွားပြီး တစ်ခေါက် မေးကြည့်ခဲ့သေးတယ်...”

စီကုန်းအဘိုးအိုက ဆက်ပြောလေ၏။

"သူ့ရဲ့အဖြေကတော့ ငွေဓားတောင်ထွတ်ပေါ်မှာ မဟာကံကြမ္မာကို သယ်ဆောင်ထားတဲ့သူရှိနေတယ်လို့ သူ ခံစားရတယ်ဆိုတဲ့ သဘောမျိုးပဲ...”

"ဒီလိုလား..."

ချူလျန်က ခေတ္တမျှ တွေဝေစဉ်းစားသွားသည်။

ထို့နောက် စီကုန်းအဘိုးအိုသည် လျိုရှောင်ယွီကို လက်ညှိုးထိုးပြလိုက်သည်ကို တွေ့လိုက်ရ၏။

"ဒါကြောင့် ငါ အရင်တုန်းက ဗေဒင်တွက်ပေးခဲ့ဖူးတဲ့ ဒီကောင်မလေးကို သွားသတိရတာပဲ…သူက မွေးရာပါ ရွှေငါးကြင်းလေးလေ ပြီးတော့ မဟာကံကြမ္မာကို တကယ်သယ်ဆောင်ထားတာလေ”

“ပြီးတော့ ပြီးခဲ့တဲ့အခေါက်ကလည်း မင်းတို့ သူ့ကို ခေါ်လာပြီးတော့မှ နဂါးအစစ်ရဲ့ အာရုံခံနိုင်စွမ်း နည်းနည်းပိုထွက်လာခဲ့တာလေ…ဒါကြောင့် နဂါးအစစ်ခံစားမိတဲ့ ပစ်မှတ်က သူ ဖြစ်နိုင်လောက်တယ်...”

"ဟင်...”

ချူလျန်သည် ထိုစကားကို ကြားလိုက်ရသောအခါ အတော်လေး ယုတ္တိရှိသည်ဟု ခံစားလိုက်ရသည်။

ရှောင်ယွီမှာ ရွှေငါးကြင်းမလေးဖြစ်ပြီး မွေးရာပါ မဟာကံကြမ္မာ ပါလာသူဖြစ်ရာ မည်သို့တွေးတွေး သူ့ထက်စာလျှင် နဂါးအစစ်၏ ပစ်မှတ်ဖြစ်နိုင်ခြေ ပိုများပေသည်။

"ဒါကြောင့် သူ့ကို နဂါးအစစ်နဲ့ သွားတွေ့ပေးဖို့ ငါ ပြင်ဆင်ထားတယ် သူကလည်း ရေနေသတ္တဝါပဲဆိုတော့ နဂါးအစစ်ဆီက အမွေဆက်ခံခွင့်တစ်ခုခု ရခဲ့မယ်ဆိုရင် နောင်တစ်ချိန် နဂါးတံခါးကို ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ချက် ရှိလာမှာပဲလေ...”

စီကုန်းအဘိုးအိုက ပြောလိုက်၏။

"ဒါက တကယ်ကြီးမားတဲ့ ကံကြမ္မာအခွင့်အရေးကြီးပဲလေ…ဒါပေမဲ့... အန္တရာယ်တစ်ခုခုများ ရှိနိုင်မလား...”

ချူလျန်က မေးလိုက်လေသည်။

"ဟဲဟဲ အဲဒီလောက်တော့ မဖြစ်နိုင်ပါဘူး...”

စီကုန်းအဘိုးအိုက ရယ်မောလိုက်သည်။

"နဂါးအစစ်က ရှုတောင်အတွက်ကံကြမ္မာကို ဖိနှိပ်ထိန်းချုပ်ပေးထားတယ် ဆိုပေမဲ့ အချိန်ကာလတိုတောင်းလွန်းတော့ ငါတို့ရဲ့ယုံကြည်မှုကို အပြည့်အဝမရသေးဘူးလေ”

“ရှုတောင်ရဲ့ အထက်လူကြီးတွေက သူ့ကိုစောင့်ကြည့်တာ အရမ်းတင်းကျပ်လွန်းတယ် တောင်ပေါ်မှာ လူတွေကို ထင်သလိုအန္တရာယ်ပြုခွင့် ပေးထားမှာမဟုတ်ဘူး...”

"ဒါဆိုရင်တော့ တော်သေးတာပေါ့...”

ချူလျန်က ခေါင်းညိတ်လိုက်၏။ လုံခြုံရေးကို အာမခံနိုင်သမျှ ကာလပတ်လုံး ဤသည်မှာ အလွန်ကောင်းမွန်သော ကံကြမ္မာအခွင့်အရေးပင် ဖြစ်သည်။

ထို့ကြောင့် သူသည် လျိုရှောင်ယွီဘက်သို့ လှည့်ကာ လက်ယပ်ခေါ်လိုက်သည်။

"ရှောင်ယွီ ဒီကို ခဏလာခဲ့ဦး...”

"အင်း...”

ကောင်မလေးသည် ထိုအခါမှ လှည့်ကြည့်လာပြီး ဤဘက်တွင် လူနှစ်ယောက် ရပ်နေသည်ကို သတိထားမိသွားသည်။ ဤအဘိုးအိုမှာ ယခင်က သူမ၏အစ်မအတွက် ကံကြမ္မာဗေဒင် တွက်ပေးခဲ့ဖူးသူဖြစ်ကြောင်း မှတ်မိနေသဖြင့် ရေလောင်းကရားလေးကိုကိုင်ကာ ကမန်းကတန်းပြေးလာခဲ့လေသည်။

သူမသည် ဦးစွာအလွန်ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်၏။

"မင်္ဂလာပါ အဘိုး...”

"မင်္ဂလာပါ...”

စီကုန်းအဘိုးအို၏ အပြုံးသည် ချက်ချင်းပင် ပို၍ဖော်ရွေသွားလေသည်။

"ခဏနေရင် အဘိုးကသမီးကို နဂါးတစ်ကောင်ဆီ ခေါ်သွားပေးမလို့ မကြောက်နဲ့နော်...”

"နဂါး...”

လျိုရှောင်ယွီသည် ခေါင်းလေးကိုစောင်းကာ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"သမီးက သူ့ကို ဘာသွားလုပ်ရမှာလဲ…သူကရော ရေလောင်းခံဖို့ လိုလို့လား...”

"လျှောက်မလောင်းရဲပါဘူး...”

ချူလျန်သည် သူမလက်ထဲမှ ရေလောင်းကရားလေးကို ကမန်းကတန်းယူလိုက်ရင်း ပြောလိုက်၏။

"ငါတို့တောင်ပေါ်က မိုးတွေက သူ့ဆီကနေ ရွာချတာလေ… ရေလောင်းတဲ့ကိစ္စမှာဆိုရင် သူက ဆရာ့ဆရာကြီးပဲ”

“မင်း သူ့ဆီသွားပြီး သေချာသင်ယူလိုက်ဦး...”

"ဝါး အဲဒါဆို အရမ်းမိုက်တာပေါ့...”

မိုးရွာတိုင်း ရှောင်ယွီသည် အကျိုးအမြတ်များရရှိတတ်သဖြင့် ဤရွှေရောင်မိုးစက်များအပေါ် အလွန်အထင်ကြီးလေးစားနေခဲ့သည်။

ပထမအကျိုးကျေးဇူးမှာ နဂါးသက်စောင့်ချီက ခန္ဓာကိုယ်ကိုအားဖြည့်ပေးသဖြင့် ရေနေသတ္တဝါများအတွက် အလွန်အကျိုးရှိခြင်းဖြစ်သည်။

ဒုတိယအချက်မှာ မိုးရွာလျှင် ရေလောင်းစရာမလိုတော့ဘဲ သူမအနေဖြင့် နောက်ထပ်တစ်ရက် နားခွင့်ရခြင်းပင်။ သူမ၏စိတ်ထဲတွင် ဒုတိယအချက်ကို ပို၍ အလေးထားမိနေသည်။

ထိုသို့ဖြင့် ကောင်မလေးသည် အဆင့်မြင့်ရေလောင်းပညာရပ်ကို သင်ယူရန် စီကုန်းအဘိုးအိုနှင့်အတူ ခေတ္တမျှထွက်ခွာသွားလေတော့သည်။

...

အထီးကျန်တောင်ထွတ်၊ နဂါးမျှားရေကန်။

လျိုရှောင်ယွီသည် ဤနေရာသို့ ဒုတိယအကြိမ်ရောက်ရှိလာခြင်းဖြစ်သည်။ သို့သော် ပြီးခဲ့သည့်အကြိမ်က ကမ်းစပ်တွင်သာ စီကုန်းအဘိုးအိုနှင့် စကားပြောခဲ့ခြင်းဖြစ်၏။

ယခုအကြိမ်တွင်မူ စီကုန်းအဘိုးအိုက သူမကို ရေကန်မျက်နှာပြင်ပေါ်သို့ ခေါ်ဆောင်သွားလေသည်။

ငြိမ်သက်နေသော ကန်ရေပြင်သည် လှိုင်းကြက်ခွတ်လေးမျှပင်မရှိဘဲ ကြေးမုံပြင်တစ်ချပ်နှယ် တည်ရှိနေသည်။

သူတို့နှစ်ဦးသည် တစ်လှမ်းချင်းတက်လှမ်းသွားကြရာ မယုံနိုင်လောက်အောင် ခိုင်မာနေပြီး ရေကန်အလယ်သို့တည်ငြိမ်စွာ ရောက်ရှိသွားကြသည်။

"ဟင်..."

လျိုရှောင်ယွီသည် လမ်းတစ်လျှောက်လုံး သူမ၏ခြေအောက်ကို အံ့အားသင့်စွာ ကြည့်ရှုလာခဲ့သည်။

သူမသည် ရေနှင့်အရင်းနှီးဆုံးဖြစ်သော်လည်း ရေကဤသို့ဖြစ်နေနိုင်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ရေကန်အလယ်သို့ ရောက်သောအခါ စီကုန်းအဘိုးအိုကပြုံးလျက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။

"နဂါးဖြူအရှင်မြတ် ကျေးဇူးပြုပြီး ကိုယ်ထင်ပြပါဦး...”

အရှင်မြတ်ဟု ခေါ်ဝေါ်ခြင်းမှာ ရှုတောင်က နတ်သားရဲများအပေါ် အသုံးပြုသော လေးစားသမှုပြသသည့် အသုံးအနှုန်းဖြစ်သည်။

ရှုတောင်ကိုမျိုးဆက်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့သော နတ်သားရဲပိုင်ဇယ်ကိုလည်း ပိုင်ဇယ်အရှင်မြတ်ဟု ခေါ်ဆိုကြသည် မဟုတ်လော။

All Chapters