အခန်း ၂၃၉
Vol. 24 Ch. 239
အခန်း (၂၃၉) - အသက်ရှူခြင်းသည်ပင် ကျင့်ကြံခြင်းဖြစ်၏ (၁)
ဤကဲ့သို့ နတ်သားရဲအဆင့်သက်ရှိများနှင့် ပတ်သက်၍ လူအများစုတွင် အမြဲလိုလို နားလည်မှုလွဲမှားနေတတ်သော အချက်တစ်ခုရှိပေသည်။
၎င်းတို့သည် ကျင့်ကြံရန်မလိုအပ်ဘဲ သဘာဝအတိုင်းကြီးထွားလာသည်နှင့် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်သော စွမ်းအားများကို ပိုင်ဆိုင်နိုင်သည်ဟူ၍ ထင်မြင်နေတတ်ကြသည်။
ဤသည်မှာ သဘာဝအရ လုံးဝမဖြစ်နိုင်ပေ။
နတ်သားရဲတို့၏မွေးရာပါပါရမီမှာ ကြောက်မက်ဖွယ်ကောင်းလှသော်လည်း သူတို့သည်လည်း တိုးတက်ရန်အတွက် ကျင့်ကြံအားထုတ်ရန်လိုအပ်ပေသည်။
ထို့ကြောင့်ပင် မျိုးနွယ်တူနတ်သားရဲများကြားတွင် စွမ်းအားကွာဟချက်များ ရှိနေရခြင်းဖြစ်၏။
သို့ရာတွင် သူတို့၏ကျင့်ကြံခြင်းနည်းလမ်းသည် လူသားမျိုးနွယ်နှင့် မတူညီသကဲ့သို့ လောကရှိ တန်ခိုးစွမ်းအင်ကျင့်စဉ်များနှင့်လည်း လုံးဝကွဲပြားခြားနားနေလေသည်။
အကယ်၍ လူသားကျင့်ကြံသူများသည် နတ်သားရဲတို့၏ မွေးရာပါတန်ခိုးစွမ်းအင် တစ်စိတ်တစ်ပိုင်းကို နားလည်သဘောပေါက်နိုင်ပါက၊ ၎င်းသည် ကြီးမားလှသော ရတနာသိုက်ကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
အလွန် ကျော်ကြားလှသော အင်မော်တယ်ကျင့်စဉ်တစ်ခု ဖြစ်သည့် 'လေခေါ်မိုးရွာ' ဟူသည်မှာ နဂါးမျိုးနွယ်စု၏ မွေးရာပါတန်ခိုးစွမ်းအင်များထဲမှ နားလည်သဘောပေါက်ထားသော တာအိုတန်ခိုးစွမ်းအင်များထဲမှ တစ်ခုပင် ဖြစ်လေသည်။
သို့သော် ၎င်းသည် အဆုံးတွင် မွေးရာပါတန်ခိုးစွမ်းအင်မျှသာဖြစ်ပြီး အချို့သော 'ပညာရပ်'များသာ ဖြစ်ပေသည်။
ကျင့်ကြံခြင်းနည်းလမ်းဆိုသည်မှာမူ ပို၍အရင်းအမြစ်ကျသောအရာဖြစ်ပြီး ၎င်းကို 'တာအို' ဟု ခေါ်ဆိုနိုင်လေသည်။
ထိုအဖြူရောင်အလင်းတန်းက သူ၏ခေါင်းထဲသို့ ဝင်ရောက်သွားပြီးနောက် ချူလျန်၏စိတ်အာရုံထဲတွင် သတင်းအချက်အလက်အမြောက်အမြား ပေါ်ထွက်လာခဲ့သည်။
ဤသည်မှာ နဂါးမျိုးနွယ်စု၏အခြေခံအကျဆုံး ကျင့်ကြံခြင်းတာအိုနှင့် တူနေကြောင်း သူ သတိပြုမိလိုက်လေသည်။
ရှုတောင်ဂိုဏ်းမှ တပည့်များ ကျင့်ကြံသော 'ကိုးသွယ်ကောင်းကင် နက်ရှိုင်းနှလုံးသားကျင့်စဉ်' နှင့် ဆင်တူသော်လည်း ကျင့်စဉ်တစ်ခုအဖြစ် သတ်မှတ်၍မရဘဲ အလွန် ဆန်းကြယ်လှပေသည်။
ယခင်က လောကတွင် ဤကဲ့သို့ အရင်းအမြစ်ကျသော ကျင့်ကြံခြင်းတာအိုကို ရရှိခဲ့ဖူးသူရှိကြောင်း တစ်ခါမှမကြားဖူးခဲ့ပေ။
သို့သော် တစ်ယောက်ယောက်ရရှိခဲ့ဖူးလျှင်ပင် အပြင်သို့ပြန့်နှံ့လာနိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုအဖြူရောင်အလင်းတန်းသည် အမွေဆက်ခံခြင်းထက် ခွင့်ပြုချက်တစ်ခုနှင့်ပိုတူနေကြောင်း ချူလျန်တွေ့ရှိလိုက်ရသောကြောင့်ပင်။
ထိုအဖြူရောင်အလင်းတန်းကို မရရှိထားသူများကို ချူလျန်က ဤကျင့်ကြံခြင်းနည်းလမ်းများအားလုံးကို ပြောပြလိုက်လျှင်ပင် ကျင့်ကြံနိုင်မည့် နည်းလမ်းရှိမည်မဟုတ်ချေ။
ချူလျန် ဖြည်းညင်းစွာမျက်စိဖွင့်လာခဲ့သည်။
သူက ယခုလေးတင် ထိုသတင်းအချက်အလက်များကို ချေဖျက်နားလည်ပြီးနောက် သူ၏ဘယ်ဘက်လက်ကောက်ဝတ်တွင် ရွှေဖြူရောင်အကြေးခွံငယ်တစ်ခု တိုးလာကြောင်း သတိပြုမိလိုက်လေသည်။
ထိုအရာက သိသာထင်ရှားမှုမရှိသော်လည်း အားကောင်းလှသော ဝိညာဉ်စွမ်းအင်များကိန်းအောင်းနေပေသည်။
ဤသည်မှာ ထိုအဖြူရောင်အလင်းတန်း၏မူလသဏ္ဌာန်ပင် ဖြစ်ရမည်။
သူက လျိုရှောင်ယွီ၏လက်မောင်းကိုမတင်လိုက်ရာ ကောင်မလေး၏ လက်ကောက်ဝတ်တွင်လည်း ထိုကဲ့သို့ အဖြူရောင်အကြေးခွံတစ်ခုရှိနေကြောင်း တွေ့လိုက်ရသည်။
ထိုနဂါးအစစ်ကြီး...။
၎င်း၏ရည်ရွယ်ချက်မှာ မိမိပင်ဖြစ်ရမည်ဟု ယခုအချိန်တွင် ချူလျန်၏စိတ်ထဲ၌ အခိုင်အမာ ယုံကြည်သွားလေပြီ။
နဂါးအစစ်ကြီးသည် ကောင်းကင်နှင့်မြေကြီးကို နားလည်သဘောပေါက်ကာ ကံကြမ္မာကိုဖိနှိပ်ထားနိုင်စွမ်းရှိရာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဆန်းကြယ်သော အရာအချို့ကိုအာရုံခံမိပြီး ထိုသို့လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ရပေမည်။
သို့သော် သူ သိပ်ပြီးဝမ်းသာမနေနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် သူ၏စိတ်အာရုံထဲတွင် ပဲ့တင်ထပ်သွားသော ထိုနဂါးဟိန်းသံက နောင်တစ်ချိန်တွင် သူပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ညွှန်ပြနေသောကြောင့်ပင်။
လျိုရှောင်ယွီလည်း သူမ၏လက်ကောက်ဝတ်တွင် ဤအဖြူရောင်အကြေးခွံလေး တိုးလာကြောင်း သတိပြုမိသွားပြီး အံ့အားသင့်စွာပြုံးလိုက်၏။
"ဟယ်... ဒါက ဘာလဲ…ငါ့အကြေးခွံတွေ ဘယ်လိုလုပ် အရောင်ပြောင်းသွားတာလဲ”
“...ဟီးဟီး... တော်တော်လေး လှတာပဲ...”
ချူလျန်က သူမကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။
သူမသည် ယခုအချိန်တွင် ငယ်ရွယ်နေသေးရာ ကံကြမ္မာက လက်ဆောင်ပေးထားသော နဂါးအကြေးခွံတိုင်းအတွက်တန်ဖိုးများကို တိတ်တဆိတ် သတ်မှတ်ပေးပြီးဖြစ်ကြောင်း မသိရှာပေ။
သို့သော် ဤနဂါးအကြေးခွံလေးမှာ ပြဿနာမရှိနိုင်ပေ။
သို့မဟုတ်ပါက စီကုန်းအဘိုးအိုကလည်း နဂါးအစစ်အား ထိုအရာအား ပေးအပ်ခွင့်ပြုမည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ ဤအရာကို သူ ငြင်းဆန်ရန်အကြောင်းမရှိပေ။
အနာဂတ်တွင် ထိုနဂါးကြီးက သူ့ကို မည်သည့်အရာများ လုပ်ခိုင်းစေချင်သည်ဖြစ်ပါစေ၊ ယခုအချိန်တွင် မိမိ၏ ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်ထားခြင်းက အမှားမဟုတ်ပေ။
ထို့ကြောင့် ချူလျန်က စတင်၍လည်ပတ်ကြည့်ရန် ကြိုးစားလိုက်သည်။
ဤနဂါးမျိုးနွယ်စု၏အရင်းအမြစ်ကျသော ကျင့်ကြံခြင်းတာအိုမှာ လောကတွင် အမည်နာမမရှိရာ သူက ၎င်းကို နဂါးသွေးလျှို့ဝှက်ပညာရပ်ဟု အမည်ပေးလိုက်လေသည်။
...
သာမန်ကျင့်စဉ်များသည် ရှုပ်ထွေးလှသော လည်ပတ်မှုပုံစံတစ်မျိုးမျိုးမှတစ်ဆင့် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုခုကို ကျင့်ကြံရခြင်းဖြစ်ပြီး များသောအားဖြင့် ကိုယ်ခန္ဓာ၊ ချီစွမ်းအင်၊ ဝိညာဉ်အသိအမြင် သုံးခုထဲမှ တစ်ခုခုကိုဖြစ်စေ၊ အခြားအစိတ်အပိုင်းများကိုဖြစ်စေ ကျင့်ကြံရခြင်းဖြစ်သည်။
သို့သော် နဂါးသွေးလျှို့ဝှက်ပညာရပ်၏ ကျင့်ကြံခြင်းနည်းလမ်းမှာ ရိုးရှင်းပြီး တိုက်ရိုက်ကျပေသည်။
ဦးစွာ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောပေါက်များကို ဖွင့်လှစ်ပြီးနောက် ဝိညာဉ်စွမ်းအင်များကို ရှူသွင်းရှူထုတ်လုပ်ကာ ရှူသွင်းလိုက်သော ချီစွမ်းအင်များကို နဂါးထွက်သက်အဖြစ်သို့ ပြောင်းလဲပစ်ရမည်ဖြစ်သည်။
နဂါးထွက်သက်က ခန္ဓာကိုယ်အတွင်းရှိ သွေးကြောပေါက်များကို အလိုအလျောက်သန့်စင်ပေးနိုင်ပြီး ကိုယ်ခန္ဓာ၊ ချီစွမ်းအင်နှင့် ဝိညာဉ်အသိအမြင် သုံးခုလုံးကို တစ်ပြိုင်နက်တည်း တိုးတက်စေနိုင်လေသည်။
အသက်ရှူနေသရွေ့ ကျင့်ကြံနေခြင်းပင်။
ထိုအဖြူရောင်အကြေးခွံက နဂါးထွက်သက်ပြောင်းလဲခြင်း၏ အဓိကသော့ချက် ဖြစ်ပေသည်။
၎င်းသာမရှိပါက ကျင့်ကြံခြင်းနည်းလမ်းကိုရရှိလျှင်ပင် ထိုင်ကြည့်နေရုံသာ တတ်နိုင်မည်ဖြစ်သည်။
ကြိုးစားမှုတစ်ကြိမ် အောင်မြင်ပြီးနောက် နဂါးမျိုးနွယ်စုများ မွေးရာပါအင်အားကြီးမားရခြင်းမှာ မဆန်းကြောင်း ချူလျန်တစ်ယောက် ရင်ထဲမှလှိုက်လှိုက်လှဲလှဲ ညည်းတွားမိသွားလေသည်။
သူတို့က အသက်ရှူရုံဖြင့်ကျင့်ကြံနိုင်ပြီး ထိုကျင့်ကြံခြင်းက ခန္ဓာကိုယ်တစ်ခုလုံးကို တစ်ပြိုင်နက်တည်း အားကောင်းလာစေနိုင်သည်။
ဤသည်က သောင်းကျန်းသောမျိုးနွယ်စုများထက် မည်သို့များ မသာလွန်ဘဲ နေနိုင်ပါမည်နည်း။
ချူလျန်က သွေးကြောပေါက်များကိုဖွင့်လှစ်ပြီး တစ်နာရီခန့်အကြာတွင် သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်အသိအမြင်များ အားကောင်းလာကြောင်းကို သိသာထင်ရှားစွာ ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ထိုနှစ်ခုကနှိုင်းယှဉ်ချက်အရ အခြေခံအားနည်းသောကြောင့်ဖြစ်၏။
ချီပင်လယ်ပိုင်းဆိုင်ရာခံစားချက်ကမူ သိပ်မသိသာလှပေ။ သူ၏ စစ်မှန်သော ချီစွမ်းအင်ကျင့်ကြံမှုအဆင့်က မူလကတည်းက မနိမ့်ကျဘဲ အရည်အသွေးမြင့် ရွှေအမြုတေနှစ်ခု၏တိုးတက်မှုကလည်း အလွန်မြန်ဆန်ရာ အားကောင်းလာသည်ကို သတိထားမိရန်မလွယ်ကူပေ။
ထို့အပြင် ချူလျန်တွေ့ရှိလိုက်ရသော နောက်ထပ်အချက်တစ်ခုရှိသေးသည်...။
သူ မတ်တတ်ရပ်လိုက်ပြီး နဂါးသွေးလျှို့ဝှက်ပညာရပ်ကို အစွမ်းကုန်လည်ပတ်လိုက်ရာ မျက်လုံးနှစ်လုံးအတွင်းမှ ရွှေရောင်မီးတောက်များ ရုတ်တရက် ပေါက်ကွဲထွက်လာတော့၏။
'ရွှေရောင်မျက်လုံးတွေပဲ...'
ဝူချန်ဓားကိုကိုင်ဆောင်ကာ လက်ကိုရမ်းလိုက်သည်နှင့် ရွှီးခနဲ အသံနှင့်အတူ... အဖြူနှင့် ရွှေရောင် အလင်းတန်းနှစ်ခုပါဝင်သော ဓားချီတစ်ကြောင်းက ကောင်းကင်ကို ခက်ထန်ကြမ်းကြုတ်စွာ ထိုးဖောက်ထွက်ပေါ်လာလေသည်။
မဖျက်ဆီးနိုင်သော အရာဟူ၍မရှိချေ။
အစစ်အမှန်ချီစွမ်းအင်ကို လည်ပတ်၍တန်ခိုးစွမ်းအင်များ ထုတ်လွှတ်ရာတွင် မသိမသာ နဂါးထွက်သက်တစ်ခုပါဝင်လာတတ်ပေသည်။
အားနည်းလှသော်လည်း နောင်တွင် နဂါးသွေးလျှို့ဝှက်ပညာရပ်ကျင့်ကြံမှု နက်ရှိုင်းလာသည်နှင့်အမျှ သေချာပေါက် ပိုမိုအားကောင်းလာပေလိမ့်မည်။
နဂါးထွက်သက်တွင် မီးရှို့ခြင်း၊ ကာကွယ်မှုကို ဖျက်ဆီးခြင်း၊ စိတ်ကူးယဉ်များကို ဖယ်ရှားခြင်း စသည့် အစွမ်းထက်သောအာနိသင်များပါဝင်ပြီး တန်ခိုးစွမ်းအင်၏ အစွမ်းသတ္တိကို ပိုမိုမြှင့်တင်ပေးနိုင်လေသည်။
ယခုအခါ ချူလျန် အလွယ်တကူခုတ်ပိုင်းလိုက်သော ဓားချက်တစ်ခုတွင် စစ်မှန်သည့် ချီစွမ်းအင်ကိုယ်နှိုက်က အင်အားကြီးမားရုံသာမက တိမ်တိုက်ဖြတ် ဓားရည်ရွယ်ချက်၊ နဂါးထွက်သက် စသည့် အထောက်အပံ့ပေါင်းစုံ ပါဝင်နေရာ ၎င်း၏စွမ်းအားမှာ သာမန်ရွှေအမြုတေအဆင့်များနှင့် နှိုင်းယှဉ်၍မရနိုင်တော့ချေ။
'နဂါးသွေးလျှို့ဝှက်ပညာရပ်က တကယ်ကို ကြောက်စရာကောင်းတာပဲ...'
ထိုသို့ဖြင့် တစ်ညလုံး လေ့လာကျက်မှတ်နေခဲ့သည်။
နောက်တစ်နေ့မနက်စောစောတွင် ချူလျန်က လျိုရှောင်ယွီကို ထပ်မံတွေ့ရှိလိုက်ပြီး တွေ့တွေ့ချင်းပင် မေးလိုက်၏။
"မင်းရဲ့ကျင့်ကြံမှုအခြေအနေ ဘယ်လိုနေပြီလဲ...”
"ကျင့်ကြံတာ... ဘာကိုကျင့်ကြံတာလဲ...”
လျိုရှောင်ယွီက နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။
"နဂါးအစစ်ကြီးက အမွေပေးခဲ့တဲ့ ကျင့်စဉ်လေ…မင်းဘယ်အဆင့်ထိ ကျင့်ကြံပြီးပြီလဲ…သွေးကြောပေါက်တွေ ဖွင့်လို့ပြီးသွားပြီလား...”
ချူလျန်က ထပ်မေးလိုက်၏။
"အမွေဆက်ခံတာ..."
လျိုရှောင်ယွီက ခေါင်းကို ကုတ်လိုက်သည်။
"ဦးနှောက်ထဲက စာလုံးတွေကိုပြောတာလား…ငါ အခုထိ ဖတ်လို့တောင် မပြီးသေးဘူး...”
"..."