အခန်း ၂၄၀
Vol. 24 Ch. 240
အခန်း (၂၄၀) - အသက်ရှူခြင်းသည်ပင် ကျင့်ကြံခြင်းဖြစ်၏ (၂)
ထိုအခါမှသာ သာမန်လူတစ်ယောက်အတွက် ထိုမျှများပြားလှသော သတင်းအချက်အလက်များကို ဖြေရှင်းရခြင်းက လွယ်ကူသောကိစ္စမဟုတ်ကြောင်း ချူလျန် သတိရသွားသည်။
ဉာဏ်သိပ်မကောင်းလှသော ရှောင်ယွီလေးဆိုလျှင် ဆိုဖွယ်ရာမရှိတော့ပေ။
သူ သက်ပြင်းချလိုက်ပြီး နောက်မှ ရှောင်ယွီကို သွေးကြောပေါက်တွေ ဖွင့်ဖို့ကူညီပေးရမည်ဟု တွေးလိုက်မိသည်။
သူမကို နောင်တွင် အသက်ရှူရန်သာတာဝန်ပေးထားလိုက်လျှင် ရပြီဖြစ်သည်။ ထိုတာဝန်ကိုတော့ သူမပြီးမြောက်အောင် လုပ်နိုင်လောက်ပေသည်။
ထိုသို့တွေးနေစဉ် စက္ကူကြိုးကြာရုပ်တစ်ကောင် လွင့်မျောလာသည်ကို တွေ့လိုက်ရသည်။
ဝမ်ယွဲ့လုံထံမှ သတင်းပင် ဖြစ်၏။
ချူလျန်က တောင်ပေါ်သို့ ပြန်ရောက်ရောက်ချင်း ထိုရွှေရောင် ဦးခေါင်းခွံကို ပို့ပေးခဲ့ရာ နောက်ဆုံးတွင်တော့ ဖွင့်နိုင်သွားလေပြီ။
...
"ပေးအပ်ထားတဲ့ တာဝန်ကို အောင်မြင်စွာ ပြီးမြောက်သွားပါပြီ...”
ဝမ်ယွဲ့လုံက ထိုရွှေရောင်ဦးခေါင်းခွံကို သေချာချထားလိုက်ပြီး ဘေးတွင်မူ မဖွင့်ရသေးသော သိုးရေစာလိပ်တစ်ခုရှိနေလေသည်။
တစ်ချိန်တည်းမှာပင် သူကရယ်မောကာ ပြောလိုက်၏။
"တကယ်ကို ခက်ခဲတာပဲ...”
"ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ညီလေးဝမ်က ဖြေရှင်းနိုင်မယ်ဆိုတာ ငါ သိနေပြီးသားပါ...”
ချူလျန်က ပြုံးကာ ပြောလိုက်လေသည်။
"ကျွန်တော် နေ့ရောညပါ ရက်ပေါင်းများစွာ လေ့လာခဲ့ပြီး နောက်ဆုံးတော့ လူကြီးပိုင်း တချို့ရဲ့အကူအညီကိုယူလိုက်ရမှပဲ ဖွင့်နိုင်သွားတာ…”
“အဆင့်ခုနစ် သိုင်းပညာရှင်တစ်ယောက်ရဲ့ ဦးခေါင်းခွံကိုတောင် ချိတ်ပိတ်မှော်ဝင်ပစ္စည်းအဖြစ် ပြောင်းလဲထားတာက တကယ်ကို လွန်လွန်းပါတယ်..”
“ကျွန်တော်သာ ဉာဏ်မပြေးဘဲ မှော်ဝင်ပစ္စည်းကိုဖြေလျှော့မယ့် လက်သင်္ကေတကို မရှာနိုင်ခဲ့ရင် ခွန်အားသက်သက်နဲ့ဆို တစ်သက်လုံး ဖွင့်နိုင်မှာမဟုတ်ဘူး...”
ဝမ်ယွဲ့လုံက ရှင်းပြလိုက်သည်။
"ပင်ပန်းသွားပြီ…ပင်ပန်းသွားပြီကွာ...”
ချူလျန်က တရစပ် ပြောလိုက်လေသည်။
အမှန်စင်စစ်အားဖြင့် ဝမ်ယွဲ့လုံ ဖွင့်နိုင်ခဲ့ခြင်းကပင် မျှော်လင့်မထားသော ဝမ်းသာစရာကိစ္စ ဖြစ်နေပြီဖြစ်သည်။
ချူလျန်က သူ့ကို စမ်းကြည့်စေချင်ရုံသာဖြစ်၏။
"ဒါဆိုဒီတစ်ခေါက် ကျွန်တော် လုပ်အားခနည်းနည်း ပိုယူလို့ရမလား..."
ဝမ်ယွဲ့လုံက သတိကြီးစွာဖြင့် မေးလိုက်လေသည်။
ရည်ရွယ်ချက်အမှန် ပေါ်လာချေပြီ။
သို့သော် ချူလျန်က သူ့ကိုအငြင်းပွားမနေဘဲ လက်ကိုကြီးကျယ်ခမ်းနားစွာ ဝှေ့ယမ်းကာ ပြောလိုက်၏။
"ပြဿနာမရှိဘူး…မင်းကို နှစ်ဆပေးမယ်...”
ယခုအခါတွင် သူသည် ကျန်းမာရေးနှင့်ညီညွတ်သော ဘယ်ရီသီးအရောင်းစနစ်တစ်ခုကို တည်ဆောက်ထားပြီးဖြစ်သည်။
နေ့စဉ် လျိုရှောင်ယွီကစိုက်ခင်းထဲတွင်အလုပ်လုပ်ပြီး လင်းပေ့နှင့် ရှန်ဇီလျန်တို့က လာရောက်ခူးဆွတ်ကာ ဟုန်မြန်တောင်ထွတ်သို့ သယ်ယူရောင်းချပေးကြသည်။
နောက်လိုက် (က) က နောက်ကွယ်မှစာရင်းမှတ်ပြီး နောက်လိုက် (ခ) က ဈေးထဲတွင် ဖောက်သည်များ စိတ်ဝင်စားစေရန် ဘယ်ရီသီးများကို ပါးစပ်အပြည့်ဝါးစားပြရလေသည်။
အားလုံးတွင် ကိုယ်စီတာဝန်ခွဲဝေမှုများ ရှိနေကြ၏။
ချူလျန်အနေဖြင့် မည်သည့်အရာမျှလုပ်စရာမလိုဘဲ နေ့စဉ်အမြတ်ငွေ၏ ရှစ်ဆယ်ရာခိုင်နှုန်းကို ခွဲယူရုံဖြင့်လုံလောက်နေပေပြီ။
ဤရွှေရောင်ဦးခေါင်းခွံကို အရင်သိမ်းထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းက မှော်ဝင်ပစ္စည်းတစ်ခုဖြစ်ရာ နောင်တွင်မည်သို့အသုံးပြုရမည်ကို ဆက်ကြည့်ရပေမည်။
၎င်းထဲမှထုတ်ယူလာသော အရာမှာမူ သိုးရေမြေပုံအပိုင်းအစတစ်ခု ဖြစ်လေသည်။
ချူလျန်က သေချာစွာကြည့်လိုက်ရာ အရင်ကဂူထဲတွင် သူတွေ့ခဲ့ရသော မြေပုံအပိုင်းအစနှင့် တကယ်ပင် တစ်ဆက်တည်းဖြစ်နေကြောင်းတွေ့လိုက်ရ၏။
ပြောရလျှင်လည်း ဆန်းကြယ်လှပေသည်။
ဤမြေပုံလိပ်ကို အပိုင်းလေးပိုင်း ပိုင်းထားရာ ချူလျန်က တိုက်ဆိုင်စွာဖြင့် အပိုင်းနှစ်ပိုင်းကိုရရှိထားပြီး ဖြစ်သော်လည်း ဘာအတွက်သုံးရမည်ကို မသိသေးချေ။
သို့သော် လေးပုံတစ်ပုံသာရှိသော မြေပုံအပိုင်းအစလေးကိုပင် အစွမ်းထက်သိုင်းပညာရှင်တစ်ဦး၏ဦးခေါင်းခွံဖြင့် ဖန်တီးထားသော မှော်ဝင်ပစ္စည်းဖြင့် ချိတ်ပိတ်ထားရန်တန်ဖိုးရှိနေသည်ဆိုလျှင် ၎င်း၏တန်ဖိုးက မည်မျှကြီးမားမည်ကို တွေးကြည့်၍ရနိုင်လေသည်။
ဤကိစ္စကို ဖြေရှင်းပြီးနောက် ချူလျန်ကထပ်မေးလိုက်သည်။
"မင်းတို့ရဲ့ ဓားလဲလှယ်ရေးခန်းမမှာ ဝိညာဉ်သားရဲတွေသုံးဖို့ မှော်ဝင်ပစ္စည်းတွေ ရှိလား…ဝိညာဉ်သားရဲတွေကို အားကောင်းစေမယ့်ဟာမျိုး... ပိုကောင်းလေ ပိုကြိုက်လေပဲ...”
"စီနီယာက ရွှေမွေးဟူအတွက် မှော်ဝင်ပစ္စည်းဝယ်ပေးမလို့လား...”
ဝမ်ယွဲ့လုံက ပြောလိုက်လေသည်။
ထိုအခါမှသာ စီနီယာချူက တကယ်ကို ချမ်းသာနေပြီဖြစ်ကြောင်း သူ ခံစားလိုက်ရတော့၏။
ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များနှင့် စီးတော်ယာဉ်များအတွက် မှော်ဝင်ပစ္စည်းများ ဝယ်ယူအသုံးပြုသူများမရှားပါးလှသော်လည်း၊ ယေဘုယျအားဖြင့် အသေးအမွှားလေးများသာဖြစ်ပြီး မိစ္ဆာသားရဲများအတွက် သီးသန့်ထုတ်လုပ်ထားသော အားကောင်းသည့်မှော်ဝင်ပစ္စည်းများမှာ အလွန် ရှားပါးလှပေသည်။
မည်သို့ပင်ဆိုစေ အားကောင်းသောမှော်ဝင်ပစ္စည်းများကို လူတွေပင် လောက်ငှအောင်မသုံးနိုင်ကြရာ မိစ္ဆာသားရဲများအတွက် လက်နက်များ ဝယ်ပေးနိုင်ရန် မည်မျှအထိ ချမ်းသာကြွယ်ဝနေမှရမည်နည်း။
"မဟုတ်ဘူး...”
ချူလျန်က ခေါင်းယမ်းလိုက်ပြီး ပြောလိုက်လေသည်။
"ပိုင်ဇယ်လေးအတွက် ဝယ်မလို့...”
ခုနစ်ရက်ဟူသော အချိန်ကာလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေပြီ။
တင့်ဆန်းတောင်ထွတ်ပေါ်တွင် လူများဖြင့်ပြည့်နှက်နေပြီး တောင်စောင့်နတ်ပွဲတော်၌ ပါဝင်ကြသော အဖွဲ့အများစုရောက်ရှိနေကြ၏။
ဤရက်များအတွင်း သူတို့သည် ချူလျန်ထံမှသစ်သီးဘူးများကို တဖွဲဖွဲ ဝယ်ယူခဲ့ကြပြီး ယခုအခါ ဓာတ်ကြီးငါးပါးအဆောင်များကို စုဆောင်းရရှိသွားကြပြီဖြစ်ရာ သဲလွန်စအဖြေကို လာရောက်လဲလှယ်ကြခြင်းဖြစ်ပေသည်။
အပြုံးလေးတပ်ဆင်ထားကာ အန္တရာယ်ကင်းမည့်ပုံပေါက်နေသော လူငယ်လေးစင်မြင့်ပေါ်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကိုကြည့်ရင်း အောက်ဘက်ရှိ လူများ၏အကြည့်များက အလွန်ပင်ရှုပ်ထွေးနေကြလေသည်။
ထိုအထဲမှ လူအတော်များများက ချူလျန်ကို ချစ်လည်းချစ်၊ မုန်းလည်းမုန်း ဖြစ်နေကြ၏။
ငွေဓားတောင်ထွတ်အဖွဲ့ ပထမဆုံးအကြိမ် သဲလွန်စရောင်းချစဉ်က လျှို့ဝှက်စွာလူခေါ်၍ အရောင်းအဝယ်လုပ်ခဲ့ပြီး သတင်းအချက်အလက်ကွာဟမှုကို အသုံးချခဲ့ခြင်းဖြစ်သည်။
တစ်စုံတစ်ယောက်က လက်ထဲရှိအဖြေကို ပြန်လည်ရောင်းချကာ အမြတ်ထုတ်ရန် သတိပြုမိချိန်တွင် လူတိုင်းနီးပါးဝယ်ယူပြီးဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
သူတို့အတွက် ဒုတိယအကြိမ်ပြန်လည်ရောင်းချရန် နေရာအနည်းငယ်မျှပင် ချန်မထားခဲ့ပေ။
ချူလျန်က ဒုတိယအကြိမ်သဲလွန်စအဖြေကို ရောင်းချရန်ရည်ရွယ်လိုက်သောအခါ အချို့ကသတိထားမိသွားကြပြီး စောစောဝယ်ကာ ဈေးနှိမ်၍ ပြန်လည်ရောင်းချခြင်းဖြင့် အနည်းဆုံးအရင်းကျေအောင် လုပ်ရန်စဉ်းစားခဲ့ကြသည်။
လောဘကြီးသော ကုန်သည်ကို ငွေမရှာနိုင်စေရန် အဖြေကို အခမဲ့ဝေမျှမည်ဟု စောစီးစွာတိုင်ပင်ထားသူများလည်းရှိခဲ့၏။
သို့သော် ဤတစ်ကြိမ်တွင် သူကရုတ်တရက် ပုံစံပြောင်းသွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။
ဓာတ်ကြီးငါးပါးအဆောင်များကို စုဆောင်းပြီးမှသာ အဖြေကိုလဲလှယ်နိုင်မည့်ပုံစံက လူတိုင်းကို အဖြေရနိုင်၊ မရနိုင် မသေချာဖြစ်စေသော်လည်း လူတိုင်းကိုမူ စမ်းသပ်ကြည့်ချင်စိတ် ပေါ်လာစေခဲ့သည်။
မသိမသာဖြင့်ပင် အားလုံးထောင်ချောက်ထဲသို့ ကျွံဝင်သွားကြလေတော့၏။
မူရင်းအဖြေမှာ တစ်ဘူးလျှင်ဓားဒင်္ဂါးတစ်ပြားသာကျသင့်ပြီး မူလတန်ဖိုး ဓားဒင်္ဂါးနှစ်ပြားရှိသော သစ်သီးဘူးကိုပါ အခမဲ့ပေးထားသေးရာ... အလကားပေးသည်နှင့်ပင် တူနေပေသည်။
ထို့အပြင် ဆွဲဆောင်မှုရှိသော ဓာတ်ကြီးငါးပါးအဆောင်ဒီဇိုင်းလည်း ပါဝင်သေးရာ ငါးဘူးဝယ်ရုံဖြင့် ပြည့်စုံသွားနိုင်သည်ဟုတွေးမိစေသည်။
သီအိုရီအရဆိုလျှင် လူအနည်းငယ်စုပေါင်းလိုက်ပါက အဖြေတစ်ခုအတွက် လုံလောက်သွားပြီဖြစ်သည်။
သို့သော်လက်တွေ့တွင်မူ လုံးဝ ထိုသို့မဟုတ်ခဲ့ပေ။ ကတ်များစုဆောင်းရခြင်းက အလွန်ပင် စွဲလမ်းစရာကောင်းလွန်းလှ၏။
နောက်ပိုင်းတွင် လူအများအပြားက မြေကြီးအဆောင်ကို ဈေးကြီးပေး၍ပင် စတင်ဝယ်ယူလာကြပြီး မိမိတို့ ဘာအတွက်စတင်ခဲ့သည်ကိုပင် မေ့လျော့သွားကြလေသည်။
နောက်ဆုံးနှစ်ရက်တွင် ရောင်းချခဲ့သောသစ်သီးဘူးများ၌ အစောပိုင်းက ရှားပါးနေခဲ့သည့် မြေကြီးအဆောင်များအမြောက်အမြား ပါလာခဲ့ရာ လူအများစုမှာ ဓာတ်ငါးပါးအဆောင်များကို အစုံလိုက်စုဆောင်းရရှိသွားကြပြီ ဖြစ်သည်။
ယင်းက ချူလျန်ပြောခဲ့သော ဓာတ်ကြီးငါးပါးအဆောင် အရေအတွက် ညီမျှသည်ဆိုခြင်းမှာ အမှန်ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။
သို့သော် မြေကြီးအဆောင်များမှာ အမှန်တကယ်ပင် အနောက်ပိုင်းမှ စုပုံပါလာခဲ့ခြင်း ဖြစ်၏…။
ဤကဲ့သို့ သေးငယ်သော ပုံအောမှုလေးကပင် သစ်သီးရောင်းအားကို အဆပေါင်းများစွာ တက်သွားစေခဲ့ပေသည်။
ဤသို့သော အပြန်အလှန်ဖြစ်ပေါ်မှုများကြောင့် သဲလွန်စအဖြေကို ပြန်လည်ရောင်းချလိုသူများအတွက် မည်သည့်နေရာမျှလုံးဝမကျန်ရှိတော့ပေ။
ချူလျန်တစ်ယောက်တည်းသာ ငွေရှာနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လူအများကိုမနာလိုဖြစ်စေသည်မှာ ရှောင်လွှဲ၍မရနိုင်ပေ။
သို့သော် မည်မျှပင်မနာလိုဖြစ်နေပါစေ ဤနေရာတွင်စောင့်ဆိုင်းနေရဦးမည် ဖြစ်သည်။ အကြောင်းမှာ ဒုတိယအဆင့်သဲလွန်စ၏အဖြေကို သူတစ်ယောက်တည်းသာ ပိုင်ဆိုင်ထားသောကြောင့်ပင်။
အမှန်စင်စစ်အားဖြင့် ယခင်နှစ်များက ဤအချိန်တွင် ပထမအဆင့်ပင်ပြီးဆုံးချင်မှ ပြီးဆုံးမည်ဖြစ်ရာ ဒုတိယအဆင့် သဲလွန်စကို မဖော်ထုတ်နိုင်သေးခြင်းမှာ အလွန်ပုံမှန်ကိစ္စသာဖြစ်ပြီး မည်သူမျှစိတ်လောနေစရာ မလိုပေ။
မာနရှိသူများအနေဖြင့် မိမိဘာသာဆက်လက်၍ ဖြည်းဖြည်းချင်းစဉ်းစားရန် ရွေးချယ်နိုင်ပေသည်။
သို့သော် ချူလျန်က အဖြေကိုဖော်ထုတ်ပြီး ရောင်းချနေပြီဖြစ်ရာ သင်မဝယ်လျှင်လည်း အခြားသူများအားလုံး ဝယ်သွားကြမည်သာဖြစ်သည်။
ထိုအခါ သင်နောင်တစ်ချိန်မှ အဖြေကိုဖော်ထုတ်နိုင်ခဲ့လျှင်လည်း အဓိပ္ပာယ်ရှိတော့မည် မဟုတ်ချေ။
ထို့ကြောင့် မတတ်သာဘဲ ရေစုန်မျောလိုက်ရုံသာ ရှိတော့သည်။
"ဂိုဏ်းတူညီအစ်ကိုမောင်နှမတို့...”
ချူလျန်၏ အပြုံးက နွေဦးလေပြေကဲ့သို့ လတ်ဆတ်နေ၏။
"ခုနစ်ရက်တိတိ ကြိုးစားပြီးနောက်မှာ ဒီနေရာက လူတိုင်း ဓာတ်ကြီးငါးပါးအဆောင်တွေကို စုံလင်အောင်စုဆောင်းနိုင်ခဲ့ကြပါပြီ ထင်ပါတယ်…”
“ဒါကြောင့် ကျုပ်ကလည်း ကတိပေးထားတဲ့အတိုင်း ဒုတိယအဆင့် သဲလွန်စရဲ့အဖြေကို အားလုံးနဲ့ မျှဝေပေးသွားမှာပါ...”
ထိုသို့ပြောပြီးနောက် သူကပန်းချီကားလေးချပ်ကို ယူကာ မီးပုံးတစ်လုံးကဲ့သို့ ထောင်လိုက်ပြီး အလယ်တွင်ဖယောင်းတိုင်တစ်တိုင်ကို ထွန်းညှိလိုက်တော့သည်။