← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

အခန်း (၇၈)

တပ်ဖြန့်ခြင်း (၂)

ဝမ်ကျင်းသည် ကျန်းလျောင်ကို သူ၏စစ်တပ်နှင့်အတူ ကျိန်းအူမြို့တွင်ပင် အခြေစိုက် စခန်းချရန် စီစဉ်လိုက်ပြီး နန်ယန်စီရင်စုသို့ ပြန်လာရန် မလိုတော့ဟု ဆုံးဖြတ်လိုက်သည်။ လောလောဆယ်တွင် နန်ယန်စီရင်စု၌ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရန် မလိုအပ်သောကြောင့် ဖြစ်သည်။

သူသည် ထော့ရှန်းနှင့် အခြားသူများကို ကျိန်းအူမြို့တွင် ဆက်နေစေကာ ကျန်းလျောင်ကို ကူညီခွင့်ပြုခဲ့သည်။ ထော့ရှန်းပြောသည်မှာ အကျိုးအကြောင်းရှိပေသည်။ သူသည် အနည်းဆုံးတော့ ကျိန်းအူမြို့ ပတ်ဝန်းကျင်နှင့် လော့နန်နိုင်ငံ မြောက်ပိုင်းဒေသအများစု၏ မြေမျက်နှာသွင်ပြင်ကို ကျွမ်းကျင်သည်။

စစ်ပွဲဖြစ်ပွားလာပါက မြေပြင်အနေအထားကို လုံလောက်စွာ နားလည်ထားခြင်းက ကြီးမားသော အားသာချက်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး ထောင်ချောက်များစွာကို ရှောင်ရှားနိုင်ကာ စစ်ချီနှုန်းကို မြန်ဆန်စေမည် ဖြစ်သည်။

ထော့ရှန်းနှင့် အခြားတစ်ဦးကို လွှတ်လိုက်ပြီးနောက် ဝမ်ကျင်းသည် ချက်ချင်းပင် ကျန်းလျောင်၊ မာကျိ နှင့် အခြားသော ဗိုလ်ချုပ်များကို ရှေ့သို့ လာရန် ဆင့်ခေါ်လိုက်သည်။ သူသည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော်လည်း အလွန်စိတ်လှုပ်ရှားနေကြသော သူတို့၏ မျက်နှာများကို ကြည့်ကာ

“ဒီတိုက်ပွဲ အောင်မြင်တာက မင်းတို့အားလုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ။” ဟု ပြောလိုက်သည်။

အားလုံးက ဦးညွှတ် အလေးပြုရင်း “ဒါက ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ။” ဟု ဆိုကြသည်။

ဝမ်ကျင်းက လက်ဝှေ့ယမ်းကာ အားလုံးကို ထခိုင်းလိုက်ရင်း မေးလိုက်သည်။ “ကျိန်းအူမြို့ရဲ့ မြို့ရိုးတွေကို ပြုပြင်ဖို့ ဘယ်လောက် ခက်ခဲလဲ။”

ကျန်းလျောင်က နောက်သို့ လှည့်ကြည့်ကာ အချက်ပြလိုက်ရာ မျက်နှာညိုမည်းပြီး အရပ်ပုပြတ်ပြတ်နှင့် ထွားကျိုင်းသော လူတစ်ဦးက ရှေ့တက်၍ ပြန်လည်ဖြေကြားသည်။

“သခင်ကြီးကို တင်ပြခွင့်ပြုပါ... ကျွန်တော်မျိုးက စစ်ဘက်ဆိုင်ရာ အဆောက်အအုံ တည်ဆောက်ရေး တာဝန်ခံ အရာရှိပါ။ ကျိန်းအူမြို့ဟာ ကျောက်ခဲပစ်စက်တွေ ဒါမှမဟုတ် အခြား အကြီးစား မြို့သိမ်းလက်နက်တွေနဲ့ တိုက်ခိုက်ခံရတာ မဟုတ်ပါဘူး။ မြို့တံခါးတွေ၊ မြို့တံခါးမင်းတုပ်တွေနဲ့ မြို့ရိုးထိပ်က အကာအကွယ်တံတိုင်းလေးတွေပဲ အနည်းငယ် ပျက်စီးသွားတာမို့ နှစ်ရက်အတွင်း အပြီးပြင်နိုင်ပါတယ်။”

“ကောင်းပြီ။” ဝမ်ကျင်းက သူ၏ ကျေနပ်မှုကို ပြသရင်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။

“မြို့ထဲက ရိက္ခာတွေကို စာရင်းတွက်ပြီးပြီလား။ ပိုနာ လုယက်ထားတဲ့ ဆန်စပါးတွေနဲ့ ငါတို့စစ်တပ်က သယ်လာတဲ့ ရိက္ခာတွေကို ပေါင်းလိုက်ရင် ဘယ်လောက်ကျန်သေးလဲ။ ဘယ်လောက်အထိ ခံမလဲ၊ ရိက္ခာတွေ ထပ်ပြီး ပို့ပေးဖို့ လိုဦးမလား။”

ရိက္ခာနှင့် ထောက်ပံ့ပို့ဆောင်ရေး တာဝန်ခံ အရာရှိက ပြန်လည်ဖြေကြားသည်။

“သခင်ကြီးကို တင်ပြခွင့်ပြုပါ... ကျွန်တော်မျိုး စာရင်းဇယားတွေ တွက်ချက်ပြီးပါပြီ။ လောလောဆယ် မြို့ထဲမှာ ကျန်ရှိတဲ့ ရိက္ခာတွေက ကျွန်တော်တို့ စစ်တပ်အတွက် သုံးလစာ လုံလောက်ပါတယ်။ အကယ်၍ ယွီဝူသုံ့ပန်းတွေနဲ့ စစ်တပ်ထဲက ဒဏ်ရာရစစ်သည်တွေကို နန်ယန်စီရင်စုဆီ ပြန်ပို့လိုက်မယ်ဆိုရင်တော့ ခုနစ်လအထိ ခံနိုင်ပါတယ်။ တိုတောင်းတဲ့ ကာလအတွက်တော့ ရိက္ခာ အလုံအလောက် ရှိပါတယ်။”

ဝမ်ကျင်းက သက်ပြင်းအရှည်ကြီး ချလိုက်သည်။

“လော့နန်နိုင်ငံက ပြည်သူအများအပြားဟာ ယွီဝူလူမျိုးတွေရဲ့ ရိက္ခာလုယက်မှုကြောင့် ငတ်မွတ်ဘေးဆိုးနဲ့ သေဆုံးခဲ့ရတယ်လို့ ငါ ကြားခဲ့တယ်။ အဲဒီလို ရက်စက်တဲ့ လုပ်ရပ်တွေက ရှက်စရာကောင်းလှတယ်။”

“ငါ့ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်စမ်း... အခုကစပြီး အိုးအိမ်မဲ့ဖြစ်နေတဲ့ ပြည်သူတွေကို စုစည်းဖို့ လူလွှတ်ပါ၊ ပြီးတော့ မြို့ထဲမှာ ဆန်စပါးနဲ့ ဆန်ပြုတ်တွေကို ဝေငှပေးလိုက်။ ရိက္ခာမလုံလောက်မှာကို စိတ်ပူစရာမလိုဘူး၊ ငါကိုယ်တိုင် စီစဉ်ပေးမယ်။”

ထောက်ပံ့ရေးအရာရှိက ဦးညွှတ်ကာ အမိန့်ကို နာခံလိုက်သည်။ “သခင်ကြီးက တကယ့်ကို ကရုဏာကြီးမားလှပါတယ်။”

“မှန်လှပါ၊ သခင်ကြီးဆီမှာ ရှေးခေတ်သူတော်စင်တွေရဲ့ ကရုဏာစိတ်နှလုံး ရှိနေတာကို ကျွန်တော်မျိုး သတိပြုမိပါတယ်။”

“လော့နန်နိုင်ငံဟာ မိမိရဲ့ ပြည်သူတွေကိုတောင် မကာကွယ်နိုင်ဘဲ ဓားပြတွေကို မောင်းထုတ်ဖို့နဲ့ ပြည်သူတွေကို ကူညီဖို့အတွက် ကျွန်တော်တို့ သခင်ကြီးကိုပဲ အားကိုးနေရတယ်။ တကယ့်ကို အသုံးမကျတဲ့ နိုင်ငံပဲ။”

ဝမ်ကျင်းသည် အားလုံး၏ မြှောက်ပင့်စကားများကို အပြုံးဖြင့် နားထောင်နေခဲ့သည်။ သူသည် သာမန်လူတစ်ဦးသာဖြစ်ပြီး အခြားသူများက ချီးမွမ်းမြှောက်ပင့်သည်ကို သဘာဝအတိုင်း နှစ်သက်သည်။ သို့သော်လည်း အားလုံး၏ ပြောစကားများကို နားထောင်ရင်း ဝမ်ကျင်းသည် သူ၏ ရည်ရွယ်ချက်ကို အမှန်တကယ် အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်သည်။

ကျင်းနိုင်ငံသားများပင်လျှင် လော့နန်နိုင်ငံ တော်ဝင်မိသားစုမှာ အသုံးမကျကြောင်း၊ ပြည်ပရန်သူကို မခုခံနိုင်ဘဲ ပြည်သူများကို ဆင်းရဲဒုက္ခမှ မကယ်တင်နိုင်ကြောင်း ခံစားနေရပြီဖြစ်သည်။ ထိုသို့ဆိုလျှင် ဒုက္ခဆင်းရဲခံစားခဲ့ရပြီး မိသားစုဝင်များ ဆုံးရှုံးခဲ့ရသည့် လော့နန်နိုင်ငံသားများမှာ ပို၍ပင် ထိုသို့ တွေးတောကြပေလိမ့်မည်။

အထူးသဖြင့် သူ၏ ကွန်ရက်မှတစ်ဆင့် ဝူချီမြို့၏ မြို့တံခါးများကို တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး စစ်ဘေးဒုက္ခသည်များကို မြို့ထဲသို့ ပေးမဝင်ခဲ့ကြောင်း သတင်းကို ကြားသိရပြီးနောက်၊ ဝူချီမြို့ ခံတပ်ဗိုလ်ချုပ်၏ လုပ်ရပ်များကြောင့် ပြည်သူများသည် တော်ဝင်မိသားစုအပေါ် ပိုမို၍ ရန်လိုမုန်းတီးလာကြပေလိမ့်မည်။

ဝမ်ကျင်းသည် မြှောက်ပင့်စကားများကြောင့် ပြုံးနေသည်ကို မြင်သောအခါ အားလုံးက ပို၍ပင် အားသွန်ခွန်စိုက် မြှောက်ပင့်ကြတော့သည်။ သူတို့၏ စကားများမှာ တဖြည်းဖြည်း ပိုမိုလွန်ကဲလာသောအခါ ဝမ်ကျင်းက ချောင်းအသာဟန့်လိုက်ပြီး သူ့ရှေ့ရှိ စားပွဲခုံကို ခေါက်လိုက်သည်။ အားလုံးက ချက်ချင်းပင် နှုတ်ဆိတ်သွားကြတော့သည်။

“ကဲ... တော်လောက်ပြီ၊ မင်းတို့တွေ တဖြည်းဖြည်း ဘောင်ကျော်လာကြပြီ။”

“ပြီးတော့ နောက်ထပ် ကိစ္စတစ်ခု... မနက်ဖြန်ကစပြီး ထော့ရှန်းက ယာယီအားဖြင့် ကျိန်းအူမြို့စားမင်း ရာထူးကို တာဝန်ယူလိမ့်မယ်။ တစ်လကြာပြီးရင် ငါကိုယ်တိုင် တာဝန်လွှဲပြောင်းယူဖို့ လူတစ်ယောက် စေလွှတ်မယ်၊ ကျန်းလျောင်က သူ့ကို ကူညီဖို့ တာဝန်ယူရမယ်။”

ဗိုလ်ချုပ်များ၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားပြီး အားလုံးက ကျန်းလျောင်ကို လှမ်းကြည့်လိုက်ကြသည်။ သို့သော်လည်း ကျန်းလျောင်ကမူ တည်ကြည်သော မျက်နှာထားဖြင့် အမိန့်ကို နာခံရန် ဦးညွှတ်လိုက်ရုံသာ ပြုလုပ်ခဲ့သည်။

လက်အောက်ခံ ဗိုလ်ချုပ်အချို့သည် တစ်ယောက်ကိုတစ်ယောက် မျက်ရိပ်ပြလိုက်ကြသည်။ ပါးစပ်ကျယ်၊ နားရွက်ကြီးပြီး ရိုးသားဖြောင့်မတ်သော ပုံစံရှိသည့် လူငယ်ဗိုလ်ချုပ်တစ်ဦးသည် သွားကိုတင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ရှေ့သို့ တက်လာခဲ့သည်။

“သခင်ကြီး... သာမန် လူရိုင်းတစ်ယောက်ဖြစ်တဲ့ ထော့ရှန်းက ဘယ်လိုလုပ် မြို့စားမင်း ဖြစ်နိုင်မှာလဲ။ ဗိုလ်ချုပ်ကြီးကျန်းက ဒီတိုက်ပွဲမှာ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့တာမို့ ပိုပြီး အရေးကြီးတဲ့ ရာထူးကို ယူသင့်ပါတယ်။”

ကျန်းလျောင်က သူ့ကို စိုက်ကြည့်ကာ ငေါက်ငမ်းလိုက်သည်။ “ပါးစပ်ပိတ်ထားစမ်း။ ဒါက သခင်ကြီးရဲ့ အမိန့်ပဲ၊ မင်းက မေးခွန်းထုတ်စရာ မလိုဘူး။”

ကျန်းလျောင်သည် သူ၏ကွပ်ကဲမှုအောက်တွင် တိုက်ပွဲတိုင်း၌ အောင်ပွဲရရှိခဲ့ပြီး ရှေ့တန်းမှ ဦးဆောင်ခဲ့သဖြင့် စစ်တပ်အတွင်းရှိ လူငယ်စစ်သည်အချို့၏ လေးစားကြည်ညိုမှုကို ရရှိထားသူ ဖြစ်သည်။ ကျန်းလျောင်၏ အောင်မြင်မှုများကို အခြားသူတစ်ဦးက လုယူတော့မည့်အခြေအနေကို မြင်သောအခါ သူတို့သည် မနေနိုင်ဘဲ ကျန်းလျောင်ကို ထောက်ခံရန် မတ်တပ်ရပ်ခဲ့ကြခြင်း ဖြစ်သည်။

ဝမ်ကျင်းသည် အားလုံး၏ မျက်နှာအမူအရာများကို အကဲခတ်လိုက်သည်။ အခြားသူများက ထုတ်မပြောသော်လည်း သူတို့၏ သဘောထားမှာ အတူတူပင် ဖြစ်သည်။ လူငယ်ဗိုလ်ချုပ်က ထော့ရှန်းသည် ထိုရာထူးနှင့် မထိုက်တန်ဟု ပြောဆိုခြင်းဖြစ်သော်လည်း သူ အမှန်တကယ် ဖော်ပြလိုသည်မှာ ထိုမျှမကပေ။ အညှိခံကာ လာရောက်ပူးပေါင်းခဲ့သည့် လက်နက်ချဗိုလ်ချုပ်တစ်ဦးဖြစ်သော ထော့ရှန်းသည် ဘာပြဿနာ ရှာနိုင်မည်နည်း။ သူ၏ ရာထူး မည်မျှပင် မြင့်မားပါစေ၊ ကျန်းလျောင်က ခေါင်းမညိတ်လျှင် သူ မည်သူ့ကို ကွပ်ကဲနိုင်မည်နည်း။ သူတို့ အမှန်တကယ် မလိုလားသည်မှာ နန်ယန်စီရင်စုမှ မည်သူမဆို ကျိန်းအူမြို့ကို အလွယ်တကူ လာရောက် လွှဲပြောင်းယူမည့် ကိစ္စကို ဖြစ်သည်။

အငေါက်ခံလိုက်ရသော လူငယ်ဗိုလ်ချုပ်သည် မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး ဝမ်ကျင်း၏ ရှေ့တွင် ဒုန်းခနဲ ဒူးထောက်လိုက်သည်။

“ကျွန်တော်မျိုး ဘောင်ကျော်ပြီး ရိုသေမှု ကင်းမဲ့ခဲ့ပါတယ်။ သခင်ကြီးအနေနဲ့ ကျွန်တော်မျိုးကို အပြစ်ပေးပါရန် တောင်းပန်ပါတယ်။”

ဝမ်ကျင်းသည် သူ့ရှေ့တွင် ဒူးထောက်နေသော လူငယ်ဗိုလ်ချုပ်ကို စိုက်ကြည့်နေမိပြီး စိတ်ထဲတွင် အတွေးပေါင်းများစွာ ဝင်ရောက်လာခဲ့သည်။ စီမာယီထံမှ ဧကရာဇ်တို့၏ ဗျူဟာလမ်းစဉ်နှင့် လူ့စိတ်နှလုံးကို တွက်ချက်ခြင်း အတတ်ပညာများကို မကြာခဏ သင်ကြားခဲ့ရသဖြင့် သူ၏ လူသားသဘာဝအပေါ် နားလည်မှုမှာ သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

သူ့ရှေ့တွင် ဒူးထောက်နေသော ဤလူငယ်ဗိုလ်ချုပ်သည် သူ့အပေါ် သစ္စာမရှိခြင်း မဟုတ်ကြောင်း သူသိသည်။ အကယ်၍ စစ်ပွဲကာလသာ ဖြစ်ပါက သူသည် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ပြီး ဝမ်ကျင်းအတွက် အသက်ကိုပင် စွန့်လွှတ်ဝံ့မည် ဖြစ်သည်။ သို့သော်လည်း လူသည် စက်ရုပ်မဟုတ်သဖြင့် ရင်းနှီးမှုအတိုင်းအတာ ကွဲပြားကြပြီး စိတ်ခံစားချက် ခုနစ်ပါးနှင့် အလိုဆန္ဒ ခြောက်ပါး ရှိကြသည်။ သူ၏မျက်လုံးထဲတွင် ဝမ်ကျင်းမှာ သစ္စာစောင့်သိရမည့် အထက်လူကြီး ဖြစ်သော်လည်း ကျန်းလျောင်မှာမူ သူ့ကို တိုက်ရိုက်ကွပ်ကဲသည့် ဗိုလ်ချုပ်ကြီး ဖြစ်သည်။ မိမိဗိုလ်ချုပ်ကြီး၏ အောင်မြင်မှုများကို အလုခံရသည်ကို သူ ဥပေက္ခာပြုပြီး မသိချင်ယောင်ဆောင် မနေနိုင်ခဲ့ပေ။

ကျန်းလျောင်သည် စစ်တပ်အပေါ် ချုပ်ကိုင်မှုအာဏာကို အမှန်တကယ်ပင် တင်းတင်းကျပ်ကျပ် ရရှိထားပုံရသော်လည်း ဝမ်ကျင်းတွင် မကျေနပ်မှု မရှိချေ။ အဘယ်ကြောင့်ဆိုသော် ကျန်းလျောင်၏ စစ်တပ်အပေါ် ချုပ်ကိုင်မှုကို ဝမ်ကျင်းကိုယ်တိုင်က တမင် အလိုလိုက်ထားခြင်းကြောင့် ဖြစ်သည်။ ကျန်းလျောင်သည် သူ့ကို မည်သည့်အခါမျှ သစ္စာဖောက်မည်မဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။ အကယ်၍ မာကျိ သို့မဟုတ် အခြားသူတစ်ဦးဦးသာ စစ်တပ်ထဲတွင် ဤမျှ သြဇာကြီးမားနေပါက ဝမ်ကျင်းသည် ထိုသူကို သေချာပေါက် သတ်ပစ်လိမ့်မည် ဖြစ်သည်။

မြေပြင်တွင် စိုးရိမ်တကြီး ဒူးထောက်နေသော လူငယ်ဗိုလ်ချုပ်ကို ကြည့်ကာ ဝမ်ကျင်းသည် မကျေနပ်ဟန် ဆောင်လိုက်ရင်း ပြောလိုက်သည်။

“ထစမ်း။ မင်းရဲ့ မျက်လုံးထဲမှာ ငါက ဆုနဲ့အပြစ်ကို မမျှတဘဲ လူအကဲခတ်တာ မပြတ်သားတဲ့သူလို့ ပြောချင်တာလား။”

“ကျွန်တော်မျိုး မဝံ့ရဲပါဘူး။”

“ဟမ်။ မဝံ့ရဲဘူး ဟုတ်လား၊? မင်းတို့အားလုံး သတ္တိ တော်တော်ကောင်းနေကြတယ်လို့ ငါထင်တယ်။”

ဝမ်ကျင်းသည် စားပွဲခုံကို လက်ဝါးဖြင့် ဒုန်းခနဲ ရိုက်ချလိုက်ရာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်သွားခဲ့သည်။ အားလုံးက ချက်ချင်းပင် ဒူးထောက်လိုက်ကြတော့သည်။

တံခါးအပြင်ဘက်ရှိ ကုရန်နှင့် အခြားသူများသည် ကျယ်လောင်သော အသံကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့များနှင့်အတူ ပြေးဝင်လာကာ ဓားများကို ဆွဲထုတ်ပြီး သူတို့ဆီသို့ ချိန်ရွယ်လိုက်ကြသည်။

ဝမ်ကျင်း၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ရင်း မြေပြင်တွင် ဒူးထောက်နေသော အားလုံးသည် ကြောက်ရွံ့ ထိတ်လန့်သွားကြသည်။

သခင်ကြီးက ငယ်ရွယ်ပေမဲ့ သူ့ရဲ့ နည်းလမ်းတွေက တကယ့်ကို ရက်စက်လွန်းလှတယ်။ သူ ရာထူးလက်ခံကတည်းက သူ့အမိန့်ကြောင့် အသတ်ခံခဲ့ရသော လူဦးရေမှာ ကျိန်းအူမြို့ကိုပင် ပတ်ပတ်လည် ဝိုင်းရံထားနိုင်လောက်သည်။

ဝမ်ကျင်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်ကို မြင်လိုက်ရသောအခါ ကျန်းလျောင်က ချက်ချင်း သဘောပေါက်သွားပြီး ရှေ့တက်ကာ လျှောက်တင်လိုက်သည်။

“သခင်ကြီး... ဗိုလ်ချုပ်တွေနဲ့ စစ်သည်တွေမှာ မရိုသေတဲ့ အကြံအစည် လုံးဝမရှိပါဘူး။ ကျွန်တော်မျိုးက လက်အောက်ငယ်သားတွေကို တင်းတင်းကျပ်ကျပ် မစီမံနိုင်ခဲ့လို့ အပြစ်ပေးတာကို ခံယူဖို့ အသင့်ပါပဲ။ ဒီတိုက်ပွဲမှာ ဗိုလ်ချုပ်တွေ ရန်သူကို ရဲရဲဝံ့ရဲ တိုက်ခိုက်ခဲ့တာကို ထောက်ထားပြီး ဒီတစ်ကြိမ်တော့ သူတို့ကို ခွင့်လွှတ်ပေးပါရန် သခင်ကြီးကို တောင်းပန်ပါတယ်။”

ဝမ်ကျင်းက နှာမှုတ်လိုက်ရင်း ကြေညာလိုက်သည်။ “ကောင်းပြီ... ဒါဆိုရင် မင်းပဲ အပြစ်ဒဏ်ကို ခံယူရမယ်။ ကျန်းလျောင်... အမိန့်ကို နာခံစမ်း။”

“ကျွန်တော်မျိုး အသင့်ရှိပါတယ်။”

“မင်းရဲ့ လစာ ခြောက်လစာကို ငါ ဖြတ်တောက်လိုက်တယ်။ ဒီတိုက်ပွဲမှာ ရခဲ့တဲ့ မင်းရဲ့ စစ်မှုထမ်းကောင်းအမှတ်တွေကတော့ ဒီအပြစ်နဲ့ အစားထိုးပြီး ကျေအေးပေးမယ်။ မင်းမှာ ဘာကန့်ကွက်ချင်တာ ရှိသေးလဲ။”

“သခင်ကြီးရဲ့ အမိန့်အတိုင်းပါ။”

“အားလုံး ထနိုင်ပြီ။”

“ဟုတ်ကဲ့ပါ။ သခင်ကြီးကို ကျေးဇူးတင်ပါတယ်။”

“အားလုံး ပြန်ကြတော့။”

ပြန်ထလာကြသော သူများသည် ကျန်းလျောင်ကို အမှုပတ်စေခဲ့မိသည့်အတွက် စိတ်မကောင်းခြင်း၊ ရှက်ရွံ့ခြင်းများ ခံစားလိုက်ရသည်။ သို့သော်လည်း အခန်းပြင်သို့ လျှောက်လှမ်းသွားသော ကျန်းလျောင်သည် နောက်သို့ လှည့်ကြည့်ကာ ဝမ်ကျင်းနှင့် အပြန်အလှန် အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်ကြသည်။

စစ်တပ်က ကျန်းလျောင်ကို လေးစားကြည်ညိုနေသရွေ့ ဝမ်ကျင်းအနေဖြင့် သူ၏ သြဇာအာဏာကို နောက်ထပ် အဆင့်တစ်ခုသို့ မြှင့်တင်ပေးရန် ဝန်မလေးချေ။ သူသည် ကျန်းလျောင် ပုန်ကန်မည်ကို စိတ်မပူသလို၊ ကျန်းလျောင်ကလည်း သူ၏ အောင်မြင်မှုများက သခင်ကြီးထက် သြဇာကျော်လွန်သွားမည်ကို စိုးရိမ်စရာ မလိုပေ။

တစ်ချိန်တည်းမှာပင် ဤလုပ်ရပ်က ကျန်းလျောင်၏ စစ်ဘက်ဆိုင်ရာ အောင်မြင်မှုများကို ချောမွေ့စွာ နှိပ်ကွပ်ပေးလိုက်ခြင်းဖြစ်ပြီး ချန်ယွီလာရောက်၍ မြို့စားမင်း ရာထူးကို လွှဲပြောင်းယူရန်အတွက် လမ်းခင်းပေးလိုက်ခြင်း ဖြစ်သည်။ ပြစ်တင်မောင်းမဲ ခံလိုက်ရသော ထိုအုပ်စုသည် နောင်တွင် ကန့်ကွက်ဝံ့ကြတော့မည် မဟုတ်ချေ။

သေချာတာပေါ့... ဝမ်ကျင်းအနေဖြင့် ဤသို့ အကွက်ဆင်မကစားဘဲ အာဏာဖြင့် အဓမ္မ အမိန့်ပေးနိုင်သော်လည်း သူသည် တည်ငြိမ်မှုနှင့် ထိရောက်မှုကို ပိုမိုနှစ်သက်သည်။ ဒါ့အပြင် စီမာယီက သူ့ကို အများကြီး သင်ကြားပေးထားသည်မဟုတ်လား။ သူသည် တစ်ခါတရံတွင် ဦးနှောက်ကို အသုံးပြုရသည်မှာလည်း သေးငယ်သော ပျော်ရွှင်မှုတစ်ခုပင် ဖြစ်တော့သည်။

All Chapters