← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အခန်း (၈၀)

တပ်ဖြန့်ခြင်း (၄)

နှစ်ရက်ကြာပြီးနောက် ချီရန်နှင့် သူ၏အဖွဲ့သည် ဖုန်တထောင်းထောင်းဖြင့် ကျိန်းအူမြို့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာကြသည်။ ဝေးလံသောနေရာမှ မြို့ရိုးထက်တွင် လွင့်ပျံနေသော “ကျင်း” စာတန်းပါ စစ်အလံကို လှမ်းကြည့်ရင်း ချီရန်တစ်ယောက် ခဏတာ ကြောင်အမ်းသွားခဲ့သည်။

ကျိန်းအူမြို့က မြို့ကြီးတစ်ခု ဖြစ်သောကြောင့် ဒီလောက်မြန်မြန်ကြီး ဘယ်လိုကျသွားရတာလဲ။ သံတမန်အဖွဲ့တောင် မြို့တော်ကို ပြန်မရောက်သေးဘူး၊ ကျိန်းအူမြို့က အသိမ်းခံလိုက်ရပြီလား။

သူသည် သူ၏ဘေးမှ သံချပ်ကာဝတ်ဆင်ထားသော အရပ်ရှည်ရှည် အဘိုးအိုကြီးကို လှမ်းကြည့်လိုက်ပြီး

“ဗိုလ်ချုပ်ကြီး မေလီဇေ ... ကြည့်ရတာ ကျွန်တော်တို့ရဲ့ စစ်ကူတွေက သိပ်ပြီး အသုံးဝင်မယ့်ပုံမပေါ်တော့ဘူး။” ဟု ပြောလိုက်သည်။

မေလီဇေ၏ ခေါင်းတစ်ခုလုံး ဖြူဖွေးနေပြီး အိုမင်းမစွမ်း ဖြစ်နေသည့် ပုံစံကို မြင်သောအခါ ချီရန်သည် လျှိုနန်နိုင်ငံ၏ အထက်တန်းအရာရှိကြီးများကို ပို၍ပင် အထင်သေးမိသွားသည်။

ပင်လယ်ပြင်သို့ စစ်ချီသွားသော ရှောင်းမိသားစုမှ လူငယ်ဗိုလ်ချုပ်ကလွဲရင် မြို့တော်တစ်ခုလုံးမှာ စစ်တိုက်နိုင်စွမ်းရှိတဲ့ ဝါရင့်ဗိုလ်ချုပ်တစ်ယောက်မှ မရှိတော့ဘူးလား။ စစ်ဗိုလ်ချုပ် ရှားပါးနေတဲ့ အခြေအနေမျိုးမှာတောင် စစ်ပွဲကို ဦးဆောင်ဖို့အတွက် ဒီအသက် ရှစ်ဆယ်အရွယ် အဘိုးအို ဗိုလ်ချုပ်ကြီးကို ရွေးချယ်လိုက်ကြတယ်။

မေလီဇေသည် ချီရန်၏ ရွဲ့စောင်းပြောဆိုသော စကားကို ကြားသော်လည်း သူ၏တွန့်ရှုံ့နေသော မျက်နှာအိုကြီးမှာ တည်ငြိမ်နေဆဲပင်။ သူသည် ကျိန်းအူမြို့ထက်တွင် လေထဲ၌ တဖျတ်ဖျတ်လွင့်နေသော ကျင်းစစ်တပ်၏ စစ်အလံကို မော့ကြည့်လိုက်ပြီး ခဏအကြာတွင် သက်ပြင်းအရှည်ကြီးချကာ ဘေးမှ လက်ထောက်ဗိုလ်ချုပ်ကို ညွှန်ကြားလိုက်သည်။

“အမိန့်ပေးလိုက်စမ်း။ စစ်တပ်ကို သုံးလီ အကွာမှာ စခန်းချခိုင်းလိုက်။ ငါကတော့ သံတမန်ချီနဲ့အတူ မြို့ထဲကို ဝင်မယ်။”

လက်ထောက်ဗိုလ်ချုပ်က တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း မေလီဇေက လက်ဝှေ့ယမ်းကာ တားမြစ်လိုက်သည်။ ထို့ကြောင့် လက်ထောက်ဗိုလ်ချုပ်သည် မကျေမနပ်ဖြင့် နှုတ်ဆိတ်ကာ လှည့်ထွက်သွားခဲ့ရပြီး မေလီဇေ၏ နောက်ကွယ်တွင် ကိုယ်ရံတော် အနည်းငယ်သာ ကျန်ရစ်ခဲ့တော့သည်။

ချီရန်က ထွက်ခွာသွားသော လက်ထောက်ဗိုလ်ချုပ်ကို ကြည့်ပြီး မေလီဇေအနားသို့ တိုးကပ်ကာ

“ဗိုလ်ချုပ်အိုကြီးက တကယ့်ကို သတ္တိရှိတာပဲ။” ဟု ဆိုသည်။

မေလီဇေက မပွင့်တပွင့် ပြန်လည်ဖြေကြားခဲ့သည်။ “မင်း ငါ့ကို မြှောက်နေပါပြီ။”

လူအနည်းငယ်သာပါဝင်သော အဖွဲ့သည် ရွှေငွေများ ထည့်ထားသည့် သေတ္တာများကို သယ်ဆောင်ကာ တောင်ဘက်တံခါးမှတစ်ဆင့် မြို့စားမင်းစံအိမ်ဆီသို့ ဦးတည်လျှောက်လှမ်းခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် မေလီဇေသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုခဲ့သည်။ အထူးသဖြင့် လမ်းမများပေါ်တွင် ကင်းလှည့်နေသော ကျင်းစစ်တပ်နှင့် ဆိတ်သုဉ်းနေသော မြို့တွင်းလမ်းမများကို သတိပြုမိခဲ့သည်။ မကြာမီမှာပင် သူတို့သည် မြို့စားမင်းစံအိမ်သို့ ရောက်ရှိလာခဲ့ကြသည်။

ချီရန်သည် မြင်းပေါ်မှဆင်းကာ သံတမန်အဖွဲ့ဝင်များနှင့် မေလီဇေ၏ လက်အောက်ငယ်သားများကို ဦးဆောင်၍ ဝမ်ကျင်းကို ဂါရဝပြုရန် ဝင်လာခဲ့သည်။ သူတို့ မြို့စားမင်းစံအိမ်သို့ ဝင်လိုက်သည်နှင့် သူတို့အား ကြိုဆိုရန် ထွက်လာသော ဝမ်ကျင်းနှင့် ဆုံတွေ့ခဲ့ကြသည်။

ဝမ်ကျင်းသည် ရှေ့သို့တက်ကာ ချီရန့်လက်ကို ဆုပ်ကိုင်ရင်း ကြင်နာသော လေသံဖြင့် နှစ်သိမ့်စကားဆိုသည်။

“ဒီခရီးစဉ်က မင်းအတွက် တကယ့်ကို ပင်ပန်းရခက်ခဲလှပါတယ်။”

“ကျွန်တော်မျိုးကို ချီးမွမ်းလွန်းရာ ရောက်နေပါပြီ သခင်ကြီး။” ချီရန်က ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော မျက်နှာအမူအရာဖြင့် ပြန်လည်ဖြေကြားခဲ့သည်။ သူက အများကြီး ထုတ်မပြောသော်လည်း ဝမ်ကျင်း၏ လုပ်ရပ်များအရ ဤမစ်ရှင်အပေါ် အလွန်ကျေနပ်နေကြောင်း သိသာလှသည်။

ဝမ်ကျင်းကတော့ သေချာပေါက် ကျေနပ်နေမည် ဖြစ်သည်။ ချီရန်က သူ့အတွက် ငွေပြား သန်း ၄၀ တောင် ရအောင် လုပ်ပေးနိုင်ခဲ့သည်မဟုတ်လား။ နန်ယန်စီရင်စု၏ ကုန်သွယ်ရေးအခွန်ဝင်ငွေမှာ တစ်ရက်ထက်တစ်ရက် တိုးတက်နေသည်ဆိုသော်လည်း ငွေကြေးဟူသည် များများရလေ ပိုကောင်းလေ မဟုတ်ပါသလော။

ဝမ်ကျင်းသည် ချီရန်ကို အားပေးစကား အနည်းငယ်ပြောပြီးနောက် သံချပ်ကာဝတ်ဆင်ထားပြီး နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး ဖြူဖွေးနေသော အဘိုးအို မေလီဇေကို လှမ်းကြည့်လိုက်သည်။ သူ၏သံခမောက်အောက်မှ ကျလာသော ဆံနွယ်များကို ရွှေကွင်းများဖြင့် ကျစ်ထားပြီး သူ၏မျက်လုံးများထဲတွင် စစ်မြေပြင်၌ တိုက်ပွဲဝင်ခဲ့သော စစ်သားတစ်ဦး၏ သတ်ဖြတ်လိုသော အရှိန်အဝါ သို့မဟုတ် အာဏာစက်မျိုး မရှိဘဲ နူးညံ့သိမ်မွေ့သော ပညာရှိတစ်ဦး၏ အရိပ်အယောင်သာ ရှိနေသည်။

“ဒါက ဘယ်သူလဲ။”

မေလီဇေသည် သူ၏ညာလက်ကို ရင်ဘတ်ပေါ်တင်ကာ ဝမ်ကျင်းကို ဦးညွှတ်အလေးပြုလိုက်သည်။

“ကျွန်တော်မျိုးက လျှိုနန်နိုင်ငံရဲ့ ကျိန်းအူမြို့ ခံတပ်ဗိုလ်ချုပ်အသစ် မေလီဇေ ပါ။”

ဝမ်ကျင်းသည် ထိုစကားကို ကြားသောအခါ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး

“အို... ကျိန်းအူမြို့ရဲ့ ခံတပ်ဗိုလ်ချုပ် ဟုတ်လား။”

“မှန်ပါတယ်။”

“ဟားဟားဟားဟား။ ဗိုလ်ချုပ်အိုကြီး... ခင်ဗျားထင်တာ ကျိန်းအူမြို့မှာ လော့နန်နိုင်ငံရဲ့ ခံတပ်ဗိုလ်ချုပ်တစ်ယောက် လိုအပ်နေသေးတယ်လို့ ထင်လို့လား။”

မေလီဇေသည် ဝမ်ကျင်းကို ပြတ်သားစွာ စိုက်ကြည့်ပြီး ပြန်လည်ဖြေကြားခဲ့သည်။ “လိုအပ်ပါတယ်။”

ဝမ်ကျင်း၏ မျက်နှာထက်မှ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

“ခင်ဗျား ဒါကို ယူနိုင်မှာမို့လို့လား။ ခင်ဗျား ဒါကို ကာကွယ်ထားနိုင်မှာမို့လို့လား။”

မေလီဇေသည် ဝမ်ကျင်း၏ ခန့်ညားပြီး သရော်လှောင်ပြောင်လိုသော မျက်နှာထားကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ညင်သာစွာ သက်ပြင်းချလိုက်သည်။

“မယူနိုင်ပါဘူး... ပြီးတော့ မကာကွယ်နိုင်ပါဘူး...”

လမ်းခရီးတစ်လျှောက်တွင် သူသည် မြို့ရိုးထက်၌ တာဝန်ကျနေသော စစ်သည်များနှင့် မြို့တွင်း၌ ကင်းလှည့်နေသော စစ်သားများကို သေချာစွာ စောင့်ကြည့်ခဲ့သည်။ သူတို့၏ စိတ်ဓာတ်နှင့် လက်နက်ကိရိယာများမှာ သူခေါ်ဆောင်လာသည့် လေ့ကျင့်မှုမရှိသေးသော လူသစ်စုစစ်သည် နှစ်သောင်းထက် အဆပေါင်းများစွာ သာလွန်နေသည်။

စစ်တပ်နှစ်ခုသာ ထိပ်တိုက်တွေ့ပါက သွေးမစွန်းဖူးသေးသော သူ၏စစ်သည်အသစ် နှစ်သောင်းမှာ သတ်ဖြတ်လိုသော အရှိန်အဝါများ ဖုံးလွှမ်းနေသည့် ကျင်းစစ်တပ်ကို မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ကြောင်း မေလီဇေ လုံးဝမသံသယရှိချေ။ သူသည် တစ်သက်လုံး စစ်တိုက်လာခဲ့သူ ဖြစ်သည်။ ယွီဝူလူမျိုးများကို တိုက်ခိုက်ခဲ့ဖူးသလို၊ ပင်လယ်ပြင်တွင် အိဇုမိုနှင့် ရေကြောင်းတိုက်ပွဲများ ဆင်နွှဲခဲ့ဖူးပြီး တောင်ပိုင်းတောနက်ထဲက လူရိုင်းများကိုလည်း တိုက်ခိုက်ခဲ့ဖူးသည်။ သူ၏မျက်စိကတော့ ထိုမျှအထိ အကဲခတ်မိပါသည်။

ဒုက္ခပေးလှသော ယွီဝူလူမျိုးများကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့သည့် ကျင်းစစ်တပ်ထံမှ မိမိလက်ထဲရှိ စစ်သည်အင်အားလေးဖြင့် ကျိန်းအူမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားခြင်းက စိတ်ကူးယဉ်အိမ်မက်သက်သက်သာ ဖြစ်ပေလိမ့်မည်။

“ခင်ဗျား မယူနိုင်သလို မကာကွယ်နိုင်မှတော့ ကျိန်းအူမြို့မှာ ခင်ဗျားကို ခံတပ်ဗိုလ်ချုပ်အဖြစ် မလိုအပ်တော့ဘူး မဟုတ်လား။”

ထိုစကားကို ကြားသောအခါ မေလီဇေသည် နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး ဝမ်ကျင်း၏ ရှေ့တွင် တိုက်ရိုက်ပင် ဒူးထောက်ချလိုက်တော့သည်။

“မေလီဇေက သခင်ကြီးအနေနဲ့ ကျွန်တော်မျိုးကို လက်ခံပေးဖို့ အသနားခံအပ်ပါတယ်။ ကျွန်တော်မျိုးဟာ သခင်ကြီးအတွက် နယ်စပ်မြို့ကို စောင့်ကြပ်ပေးဖို့နဲ့ စစ်မြေပြင်မှာ ရှေ့တန်းကနေ တိုက်ပွဲဝင်ဖို့ အသင့်ပါပဲ။”

သူ့နောက်ကွယ်ရှိ ကိုယ်ရံတော်များသည် ခဏမျှ ဆွံ့အသွားကြပြီးနောက် သူတို့ပါ လိုက်လံဒူးထောက်လိုက်ကြသည်။

ဝမ်ကျင်းသည် မြေပြင်တွင် ဒူးထောက်နေသော လူအုပ်ကြီးကို ကြည့်ရင်း သူ၏စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ဖြတ်ပြေးသွားခဲ့သည်။

ငါ့ဆီမှာလည်း ဘုရင့်အရှိန်အဝါ ရှိနေတာများလား။ ငါ့ကိုယ်ငါ တစ်ချက် လှုပ်ခါလိုက်ရုံနဲ့ ရန်သူ့ဗိုလ်ချုပ်တွေက ဒူးထောက်အညံ့ခံလာကြတာပဲလား။

“ဗိုလ်ချုပ်အိုကြီး... ခင်ဗျား ဘာလို့ အဲဒီလို ပြောရတာလဲ။”

မေလီဇေသည် ခေါင်းမော့လာပြီး သူ၏ဓားကို လက်နှစ်ဖက်ဖြင့် ကမ်းလင့်ထားကာ သူ၏နူးညံ့သော မျက်လုံးများထဲတွင် မျက်ရည်များ ဝိုင်းလျက်ရှိနေသည်။

“သခင်ကြီး။ မြို့တော်ကနေ ကျိန်းအူမြို့ကို လာတဲ့လမ်းတစ်လျှောက်မှာ ကျွန်တော်မျိုးဟာ သွေးချောင်းစီးနေတာတွေနဲ့ ငိုကြွေးနေတဲ့ ဝိညာဉ်ပေါင်းများစွာကို မြင်တွေ့ခဲ့ရပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူအမြောက်အမြားဟာ ယွီဝူဓားပြတွေရဲ့ လက်ချက်နဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ လော့နန်နိုင်ငံကတော့ ကယ်တင်လို့မရတော့ပါဘူး။ ရန်သူကြီးနဲ့ ရင်ဆိုင်နေရချိန်မှာတောင် သူတို့က ရန်သူကို မောင်းထုတ်ဖို့ မစဉ်းစားဘဲ အဆုံးမရှိတဲ့ အာဏာလုပွဲတွေကိုပဲ လုပ်နေကြတယ်။”

ထိုစကားကို ကြားရသောအခါ ဝမ်ကျင်းသည် အနည်းငယ် ရှက်ရွံ့မိသွားသည်။ သေဆုံးသွားသော လော့နန်နိုင်ငံသား အချို့မှာ သူ၏လူများက ထိတ်လန့်ခြောက်ခြားမှုများ ဖြစ်ပေါ်စေရန်နှင့် ယွီဝူလူမျိုးများ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန်အတွက် တမင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။

“ယွီဝူဓားပြတွေ ကျိန်းအူမြို့ကို တိုက်ခိုက်တုန်းကတော့ သူတို့က စစ်တပ်ကို ထိန်းထားခဲ့ကြတယ်။ အဲဒီနောက် ပြည်ပစစ်ကူတွေကြောင့် မြို့ကို ပြန်သိမ်းနိုင်တဲ့အခါကျမှ မြို့အာဏာကို လုယူဖို့ ကြိုးစားကြတယ်၊ ဒါက တကယ့်ကို မိုက်မဲလွန်းရာကျပါတယ်။”

“အခုလို အသက်လုနေရတဲ့ အချိန်မျိုးမှာတောင် သူတို့က အတိုက်အခံတွေကို ဖယ်ရှားဖို့ပဲ စဉ်းစားနေကြပြီး ဘုရင်ဟောင်းရဲ့ ဗိုလ်ချုပ်ကြီးဖြစ်တဲ့၊ မင်းဆက်သုံးဆက်တိုင်တိုင် အမှုထမ်းခဲ့တဲ့ ကျွန်တော်မျိုးကို ကျိန်းအူမြို့ဆီ လာပြီး အသေခံခိုင်းကြတယ်။ သူတို့က ကျွန်တော်မျိုးကိုပဲ သတ်ချင်တာဆိုရင် ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ ကျွန်တော်မျိုးရဲ့ အရိုးအိုတွေနဲ့အတူ မြေမြှုပ်ခံရမယ့် အပြစ်မဲ့တဲ့ လူငယ်စစ်သည်နှစ်သောင်းက ဘာအပြစ်ရှိလို့လဲ။”

“မေလီဇေက အိုမင်းနေပြီဆိုပေမဲ့ သခင်ကြီးအတွက် အမှုထမ်းဖို့ မြားပစ်နိုင်၊ ဓားဝေ့နိုင်ပါသေးတယ်။”

ဝမ်ကျင်းသည် မေလီဇေ၏ ညည်းတွားသံကို နားထောင်ရင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ပြီး အဖြေတစ်ခုကို သိလိုသဖြင့် ဘေးမှ ချီရန့်ကို လှမ်းကြည့်လိုက်သည်။ ချီရန်က ဝမ်ကျင်း၏ မေးခွန်းထုတ်လိုသော အကြည့်ကို ရင်ဆိုင်ရင်း ခဏမျှ စဉ်းစားကာ ခေါင်းညိတ်ပြလိုက်သည်။

ဝမ်ကျင်းသည် ရှေ့သို့ တိုးသွားကာ မေလီဇေ လက်နှစ်ဖက်ဖြင့် ကမ်းလှမ်းထားသော ဓားကို လှမ်းယူလိုက်ပြီး မေလီဇေ၏ ဂျိုင်းအောက်သို့ လက်နှစ်ဖက်ကို လျှိုသွင်းကာ သူ့ကို ထူမပေးရန် ကြိုးစားလိုက်သည်။

“ဗိုလ်ချုပ်အိုကြီး... အမြန်ထပါ။”

သို့သော်လည်း ရလဒ်အနေဖြင့် သူ မေလီဇေကို မချီနိုင်ခဲ့ချေ။ သွေးဖြင့် ယဇ်ပူဇော်ခြင်းကြောင့် သန်မာလာသော သူ၏ခန္ဓာကိုယ်အင်အားဖြင့်ပင် ဤအဘိုးအိုကို လက်မဝက်ခန့်ပင် မလှုပ်ရှားနိုင်ခဲ့ချေ။ အဘိုးအို၏ လက်မောင်းများက သံမဏိကဲ့သို့ မာကျောနေခဲ့သည်။

“သခင်ကြီး သဘောမတူရင် ကျွန်တော်မျိုး ဒူးထောက်နေပါ့မယ်။”

“ကဲပါ... ကဲပါ... ငါ သဘောတူတယ်။”

ဝမ်ကျင်းက တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။ အလကားရမည့်အရာကို ဘာကြောင့် ငြင်းပယ်ရမည်နည်း။ ထို့အပြင် ၎င်းက အယောင်ဆောင် လက်နက်ချခြင်း ဖြစ်နေပါကလည်း သူ နန်ယန်စီရင်စုသို့ မပြန်မီ နောက်ထပ် သွေးဖြင့် ယဇ်ပူဇော်ခြင်းတစ်ခု ပြုလုပ်ရန် အခွင့်ကောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။ နန်ယန်စီရင်စုသို့ ပြန်ရောက်သွားလျှင် သွေးဖြင့် ယဇ်ပူဇော်ခြင်း ပြုလုပ်ရန် ဤမျှ လူအမြောက်အမြား ရှိတော့မည် မဟုတ်ချေ။ သွေးဖြင့် ယဇ်ပူဇော်ခြင်း၏ သက်တောင့်သက်သာရှိလှသော အရသာကို ပြန်လည်အမှတ်ရမိရင်း ဝမ်ကျင်းသည် မသိစိတ်ဖြင့် သူ၏နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိသည်။

မေလီဇေက မြေပြင်ပေါ်သို့ ဦးချလိုက်သည်။

“ကျွန်တော်မျိုးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး။”

အမှန်တော့ မေလီဇေသည် အယောင်ဆောင် လက်နက်ချရန် ဘယ်တုန်းကမှ မစဉ်းစားခဲ့ချေ။ သူသည် သူ၏စစ်တပ်နှင့်အတူ စစ်မှန်စွာပင် ဘက်ပြောင်းလိုခြင်း ဖြစ်သည်။

တစ်ဖက်တွင်လည်း တော်ဝင်မိသားစု၏ အဆုံးမရှိသော အတွင်းရေးပဋိပက္ခများနှင့် ပြည်ပရန်သူကို ရင်ဆိုင်ရာတွင် သူတို့၏ အသုံးမကျမှုများအပေါ် သူ မကျေမနပ် ဖြစ်နေခဲ့သည်။ အခြားတစ်ဖက်တွင်မူ အုပ်စုအသီးသီး၏ ပရိယာယ်ဆင်မှုများကြောင့် မိမိကိုယ်ကို စတေးခံရမည့် သားကောင်အဖြစ် အသုံးချခံလိုက်ရခြင်းအပေါ် သူ ပိုမိုဒေါသထွက်ခဲ့ရသည်။ ထိုစစ်မိန့်ကို ပြန်လည်အမှတ်ရမိတိုင်း သူ၏စိတ်ထဲတွင် သတ်ဖြတ်လိုသော အာဃာတကို မထိန်းချုပ်နိုင်တော့ချေ။ ဤမျှ အသက်အရွယ်ကြီးရင့်နေပြီဖြစ်ရာ သူ ဘာကို နားမလည်ဘဲ ရှိမည်နည်း။

သူတို့က သူ့ကို စေလွှတ်ပြီး ကျင်းစစ်တပ်နှင့် ယွီဝူလူမျိုးများ တိုက်ခိုက်နေစဉ်အတွင်း ယွီဝူလူမျိုးများကို နှစ်ဖက်ညှပ် တိုက်ခိုက်ခိုင်းကာ အကောင်းဆုံးအနေဖြင့် ကျင်းလူမျိုးများကိုပါ မောင်းထုတ်ရန် ရည်ရွယ်ခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ ကျင်းစစ်တပ်ဘက်မှ အကျအဆုံး များပြားခဲ့ပါက သူတို့သည် ကျင်းစစ်တပ်ကို နောက်ကျောမှ ဓားဖြင့် ထိုးကြပေလိမ့်မည်။ အကယ်၍ အောင်မြင်သွားပါက အကောင်းဆုံးဖြစ်သော်လည်း မအောင်မြင်ခဲ့လျှင်ကော။ သူသည် ကျင်းစစ်တပ်၏ ဒေါသလှိုင်းလုံးကြီးကို ရင်ဆိုင်ရမည့် ဓားစာခံ ဖြစ်လာရမည် မဟုတ်ပါလား။

သို့သော်လည်း သူ စစ်တပ်ကို ဦးဆောင်ပြီး မရောက်လာမီမှာပင် ကျိန်းအူမြို့က အသိမ်းခံလိုက်ရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သို့ဆိုလျှင် ယခု ဘာဆက်လုပ်ရမည်နည်း။ မြို့တော်သို့ ပြန်သွားပြီး နောက်ထပ်တစ်ကြိမ် အကွက်ဆင် လုပ်ကြံခံရမည့်အချိန်ကို စောင့်ဆိုင်းရင်း၊ မိုက်မဲသော ဆုံးဖြတ်ချက်များကို အမြဲတမ်း ချမှတ်နေသည့် တော်ဝင်မိသားစုအတွက် အသက်ဆက်ပြီး စတေးနေရမည်လား။ သူသည် ဘုရင်ဟောင်းအပေါ်တွင်သာ သစ္စာစောင့်သိခဲ့သူဖြစ်ပြီး ကုတင်ထက်တွင် အသက်တစ်ဝက် သေလုမြောပါး ဖြစ်နေသော လက်ရှိဘုရင်အပေါ်တွင်သာ သံယောဇဉ် အနည်းငယ် ရှိခဲ့ခြင်း ဖြစ်သည်။ ထိုမင်းသားနှစ်ပါးကိုတော့... သောက်ဂရုစိုက်စရာလား။ သူတို့က ဘာမို့လို့လဲ။ ရန်သူ့ထံမှာပဲ သစ္စာခံလိုက်တာက ပိုကောင်းပါသေးတယ်။

All Chapters