← Chapters

အခန်း (၁၂၇၃-၁၂၇၄)

Vol. 111 Ch. 1273-1274

အခန်း (၁၂၇၃-၁၂၇၄)

Vol. 111 Ch. 1273-1274

အခန်း ၁၂၇၃

“တကယ်တော့ တခြားနိုင်ငံက မဟာမိတ်အဖွဲ့တွေ ငါတို့ကို လာတိုက်ဖို့တောင် မျှော်လင့်မိတယ်။ ဒါမှ သူတို့သင်္ဘောတွေကို ငါတို့ ဖမ်းမိမှာ။ အနည်းဆုံးတော့ သူတို့ဆီမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် တစ်ခုတော့ ရှိရမယ်။”

“ဟုတ်တယ်။ သူဌေးတို့အဖွဲ့ဆီ အမြန်ဆုံး အကူအညီတောင်းကြစို့။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပါတဲ့ သူတို့သင်္ဘောတွေကို ငါတို့ လုယူရမယ်။”

“ဒီလိုအချိန်မျိုးမှာ ငါတို့ကို လာတိုက်ရဲတယ်ဆိုတော့ သူတို့ဘယ်က ယုံကြည်ချက်တွေ ရနေလဲဆိုတာ တကယ် မသိတော့ဘူး။”

“နိုင်ငံခြားမဟာမိတ်အဖွဲ့တွေ ပိုပြီး လာတိုက်ကြဖို့ပဲ မျှော်လင့်တယ်။ ဒါမှ ငါတို့ ရှားနိုင်ငံမှာ ဖြစ်နေတဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ပြတ်လပ်မှုကို သက်သာစေမှာ။”

ကျန်းယွင်ထျန်းသည် အချို့မဟာမိတ်အဖွဲ့များထံမှ အကူအညီတောင်းခံစာများကို အမှန်တကယ်ပဲ လက်ခံရရှိခဲ့၏။ သူက ရှောင်းယီကို ကြည့်ပြီး မေးလိုက်သည်။

“ငါတို့ အကူအညီ ပေးရမလား။”

“ကူညီလိုက်ပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“လူတိုင်းက ငတုံးတွေ မဟုတ်ကြဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပါတဲ့ သင်္ဘောတွေကို သူတို့ သေချာပေါက် လွှတ်မှာမဟုတ်ဘူး။ ငါတို့ သွားပြီး လေ့ကျင့်ခန်းလုပ်ကြတာပေါ့။ ဒါမှ နောက်ပိုင်း အန်းရန်တို့ ဒီမှာ ကျန်ခဲ့တဲ့အခါ အဆင်ပြေလိမ့်မယ်။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်ပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။ လေ့ကျင့်ခန်းလုပ်ရုံသက်သက်သာ ဖြစ်သောကြောင့် သူကိုယ်တိုင်တော့ သွားမည်မဟုတ်ပေ။

ကျန်ရစ်ခဲ့မည့် အသက်ရှင်ကျန်ရစ်သူများမှာ ရှင်းလင်းသုတ်သင်ခံရမည် မဟုတ်သည့်အပြင် စမ်းသပ်မှုများပင် မရှိတော့ကြောင်း သိလိုက်ရသည့်အတွက် ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့နှစ်ဦးစလုံး ရင်ထဲမှ အလေးကြီးတစ်ခု ကျသွားသလို ခံစားလိုက်ရသည်။

သူတို့တွင်လည်း ဝန်ထုပ်ဝန်ပိုးတစ်ခု ရှိနေခဲ့ရာ ယခုတော့ ထိုအရာကို ဖြေရှင်းနိုင်မည့် နည်းလမ်း ရှိသွားပြီ ဖြစ်ပုံရသည်။

ရှောင်းယီ၏ ပံ့ပိုးကူညီမှုကြောင့် အခြားနိုင်ငံခြား မဟာမိတ်အဖွဲ့များမှ လာရောက်တိုက်ခိုက်သည့် အဖွဲ့များမှာ လျင်မြန်စွာပင် နှိမ်နင်းခြင်း ခံလိုက်ရတော့သည်။

“သေစမ်း... သင်္ဘောကြီး အစီး နှစ်ဆယ်ကျော် လာတာတောင် တစ်စီးမှာမှ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မပါဘူး။”

“ဒါက ပုံမှန်ပါပဲ။ ငါတို့ ရှားနိုင်ငံမှာ ယီရန်ပင်းသူဌေး ရှိနေမှန်း သိသိကြီးနဲ့ လာရဲကြတယ်ဆိုကတည်းက ဖုတ်ပူမီးတိုက် ကံစမ်းတဲ့ သဘောပဲ။ တစ်ခုခုများ ရမလားဆိုပြီးတော့ပေါ့။”

“မှန်တယ်။ အခုအချိန်မှာ လူတိုင်းဆီမှာ သင်္ဘောတွေ အများကြီး ရှိနေတာပဲ။ တကယ်လို့ သူတို့ အောင်မြင်သွားရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် တစ်ခုထက်မကတောင် ရနိုင်တယ်လေ။”

“သေစမ်း...ငါ သူဌေးကို အကူအညီမတောင်းခဲ့သင့်ဘူး။ အုတ်မြစ်ကျောက်တွေ ဖြုန်းတီးပစ်သလို ဖြစ်သွားတယ်။”

“ဟုတ်တယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မပါရင် သူတို့ကို ငါတို့ဘာသာ လူအင်အားနဲ့တင် အချိန်ဆွဲပြီး ချေမှုန်းပစ်လို့ ရတာပဲ။”

အခြားမဟာမိတ်အဖွဲ့များက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို အသည်းအသန် ရှာဖွေနေကြချိန်တွင် ယီရန်ပင်း မဟာမိတ်အဖွဲ့ကမူ အေးဆေးပင် ဖြစ်နေခဲ့သည်။

ဤအခြေအနေအားလုံးကို ယီရန်ပင်းမဟာမိတ်အဖွဲ့ထဲမှ အသက်ရှင်ကျန်ရစ်သူများက သတိပြုမိသွားကြ၏။

“ကျွန်းပိုင်ရှင်က ငါတို့ကို လက်လွှတ်လိုက်ပြီလို့ ဘာလို့ ခံစားနေရတာလဲ။”

“ဟုတ်တယ်ယ ဒီနေ့ ဘယ်အဖွဲ့ကိုမှ စေလွှတ်တာ ဒါမှမဟုတ် အလှည့်ကျတာမျိုး မတွေ့ရသေးဘူး။”

“မနေ့ကတုန်းကတော့ အနည်းဆုံး တစ်ဖွဲ့တော့ အလှည့်ကျတာ တွေ့သေးတယ်။”

“ဟူး... ထားလိုက်ပါတော့။ အခြေအနေက ဒီလိုပဲလေ။ အသက်ရှင်ကျန်ရစ်သူ နောက်ဆုံးတစ်ယောက်က SSS အဆင့်ကို တက်တော့မယ်လို့ ငါကြားထားတယ်။”

လူတိုင်းက စိတ်ပျက်အားလျော့ပြီး စိတ်မကောင်းဖြစ်နေကြစဉ်မှာပင် ယီရန်ပင်းရှိ အသက်ရှင်ကျန်ရစ်သူအားလုံးထံသို့ မက်ဆေ့ခ်ျတစ်ခု ရောက်ရှိလာခဲ့သည်။

“ဒီနေ့ည ဆယ်နာရီမှာ အပန်းဖြေစခန်းရဲ့ အစည်းအဝေးခန်းမကို လာရောက် စုဝေးကြပါ။”

ထိုမက်ဆေ့ခ်ျကို မြင်လိုက်ရသောအခါ လူတိုင်း အချိန်တစ်ခုကြာအောင် မှင်တက်သွားကြပြီးနောက် ၎င်းတို့၏ ဆွေးနွေးမှုကို ဆက်လက်ပြုလုပ်ကြသည်။

“ခဏနေရင် အစည်းအဝေး ရှိတာလား။”

“နောက်ဆုံး ကျန်ရစ်မယ့်နေရာတွေကို အတည်ပြုဖို့ ဖြစ်လိမ့်မယ်။”

“ဘာကို အတည်ပြုရဦးမှာလဲ။ ငါက လက်လျှော့လိုက်ပြီလေ။”

“ဒါကို ကျွန်းပိုင်ရှင်ကိုယ်တိုင် ပို့တာဆိုတော့ ငါတို့ကို တခြားညွှန်ကြားစရာ ကိစ္စတွေ ရှိလို့ နေမှာပေါ့။”

“ငါက သေခါနီးလူတစ်ယောက်ပဲ။ ငါ့ကို ယမမင်းဆီ သတင်းစကား ပါးခိုင်းချင်လို့လား။”

“ညီအစ်ကို... မင်း စိတ်မကောင်းဖြစ်နေတာကို ငါနားလည်ပါတယ်။ ဒါပေမဲ့ ကျွန်းပိုင်ရှင်က ငါတို့အတွက် တကယ်ပဲ တတ်နိုင်သမျှ အကုန်လုပ်ပေးခဲ့ပြီးပြီ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ မလုံလောက်တာတော့ လူတိုင်းလည်း ဘာမှမတတ်နိုင်ဘူးလေ။”

“စိတ်မထိန်းနိုင်ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်။ မကြာခင်မှာ မာ့က်စ်နဲ့ တွေ့ရတော့မယ်လို့ တွေးမိပြီး နည်းနည်း စိတ်လှုပ်ရှားသွားလို့ပါ။”

“နားလည်ပါတယ်။ တကယ်တော့ ငါလည်း နည်းနည်းတော့ ထိတ်လန့်နေတာပဲလေ။”

ဤအချိန်တွင် ဗီလာတစ်လုံးအတွင်း၌ ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့သည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြ၏။

“ကျွန်းပိုင်ရှင်ရဲ့ ဇနီးက ဒီမှာ သေချာပေါက် ကျန်ခဲ့မှာဆိုတော့ ကျွင်းကျွင်းကို မင်းဆီပဲ အပ်ခဲ့မယ်။ မင်း ဒီမှာ ကျန်ခဲ့တာက အသင့်တော်ဆုံးပဲ။”

ကျန်းယွင်ထျန်းက စပြောလိုက်သည်။

ကျန်းရွှဲ့သည် စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ဘာမှပြန်မပြောဖြစ်ခဲ့ပေ။ သူမလည်း ဤအစီအစဉ်က အသင့်တော်ဆုံးဖြစ်ကြောင်း သိထားသည်။

အတန်ကြာ တိတ်ဆိတ်နေပြီးနောက် မှ ကျန်းရွှဲ့က နောက်ဆုံး၌ စကားစလာခဲ့သည်။

“နင် အထူးသတိထားရမယ်။ ငါနဲ့ သားလေး နင့်ကို ဒီမှာ စောင့်နေမယ်။ နင် သေချာပေါက် ပြန်လာရမယ်။”

“အင်း။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။

“စိတ်မပူပါနဲ့။ ငါက ကျွန်းပိုင်ရှင်နဲ့အတူ သွားမှာပဲ။ ကျွန်းပိုင်ရှင် ရှိနေသရွေ့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။”

ကျန်းရွှဲ့သည်လည်း ထိုအချက်ကို လုံးဝ မသံသယရှိပေ။

ယခင်က ကြုံတွေ့ခဲ့ရသမျှ အခက်အခဲတိုင်းတွင် ရှောင်းယီသည် သင့်လျော်သော ဖြေရှင်းနည်းများကို အချိန်ကိုက် ထုတ်ပေးနိုင်ခဲ့သည်။ ရှောင်းယီတွင် စကြဝဠာကြီးကိုပင် လှည့်စားနိုင်သော အစွမ်းရှိနေသည့်အလားပင် ကျန်းရွှဲ့ ခံစားလိုက်ရသည်။

“တကယ်လို့ နောက်တစ်ဆင့်မှာ လူတိုင်းက ကိုယ့်ဘာသာကိုယ်ပဲ တစ်ယောက်တည်း ပြန်တိုက်ရဦးမယ်ဆိုရင် ကျွန်းပိုင်ရှင်နဲ့ အချိန်မီ အဆက်အသွယ်လုပ်ပြီး အမြန်ဆုံး ဆုံနိုင်အောင် လုပ်ဖို့ မမေ့နဲ့။”

ကျန်းရွှဲ့က စိုးရိမ်တကြီးဖြင့် သတိပေးလိုက်ဆဲပင်။

“စိတ်မပူပါနဲ့။ ငါ အဲ့ဒီလို လုပ်မှာပါ။ ပြီးတော့ ငါကလည်း အရမ်းသန်မာပါတယ်ကွာ။”

ကျန်းယွင်ထျန်းက သူ၏ ကြွက်သားများကိုပင် ထောင်ပြလိုက်သည်။

“ကျွင်းကျွင်းနဲ့ ငါ နင့်ကို ဒီမှာ အမြဲတမ်း စောင့်နေမယ်ဆိုတာကိုပဲ မှတ်ထားပေးပါ။”

ကျန်းရွှဲ့က ထပ်လောင်း ပြောလိုက်သည်။

“စိတ်အေးအေးထားပါ။ ကျွန်းပိုင်ရှင် ရှိနေတာပဲ။ ရင်ဆိုင်ရမယ့်အဆင့်ကို နောက်ထပ် လေးလအတွင်းမှာတင် ငါတို့ အပြတ်ရှင်းနိုင်ရင် ရှင်းနိုင်ဦးမှာပါ။”

ကျန်းယွင်ထျန်းက သူမကို နှစ်သိမ့်လိုက်သည်။

သူတို့ ဤကမ္ဘာသို့ ရောက်ရှိလာချိန်မှ ယခုအချိန်အထိ ၁၂၈ ရက်၊ ဆိုလိုသည်မှာ လေးလကျော်သာ ရှိသေးပြီး ဤကမ္ဘာကို ရှောင်းယီက အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ခြင်းကြောင့် ကျန်းယွင်ထျန်းက ထိုသို့ ပြောနိုင်ခြင်း ဖြစ်သည်။

ထို့အတူပင် အန်းယွဲ့နှင့် လီယန်တို့သည်လည်း ဆွေးနွေးနေကြသည်။

“ရန်ရန်က ကိုယ်ဝန်ရှိနေပြီဆိုတော့ ငါ သေချာပေါက် ကျန်ခဲ့ရမယ်။”

လီယန်က ပြောလိုက်က်သည်။

“ရှင်ကတော့ ကျွန်းပိုင်ရှင်နဲ့အတူ နောက်တစ်ဆင့်ကို လိုက်သွားလိုက်။ ကျွန်းပိုင်ရှင်က မန်နေဂျာတစ်ယောက် လိုအပ်နေသေးတယ်။”

အန်းယွဲ့က ခေါင်းညိတ်ပြီး “ကောင်းပြီ။” ဟု ပြန်ဖြေလိုက်သည်။

“ဂရုစိုက်ပါ။ ရှင် ပင်ပန်းသွားရပြီ။”

လီယန်က အနည်းငယ် အားနာစွာဖြင့် ပြောလိုက်သည်။

“ကြည့်ပါဦး။ ကိုယ့်ကလေးအတွက်ပဲဥစ္စာ။ ဘာပင်ပန်းစရာ ရှိလို့လဲ။”

အန်းယွဲ့က ပြုံးကာ ပြန်ပြောလိုက်သည်။ အချိန်မှာ ည ၉:၃၀ နာရီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

ရှောင်းယီသည် အပန်းဖြေစခန်း၏ အစည်းအဝေးခန်းမသို့ စောစီးစွာ ရောက်ရှိလာ၏။ သူက သူ့ကိုယ်သူ အတော်လေး စောလှပြီဟု ထင်ခဲ့သော်လည်း အချို့လူများက သူ့ထက်ပင် ပိုစောနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ အတွင်း၌ ထိုင်နေကြပြီ ဖြစ်သည်။

ရှောင်းယီ အနည်းငယ် မှင်တက်သွားမိပြီး ထိုအသက်ရှင်ကျန်ရစ်သူများ အားလုံးက မတ်တတ်ရပ်ကာ ရှောင်းယီကို နှုတ်ဆက်လိုက်ကြသည်။

ရှောင်းယီက ပြုံးကာ လက်ကာပြလိုက်ပြီး လူတိုင်းကို ထိုင်ရန် ပြောလိုက်သည်။ သူတို့၏ အသက်မဲ့နေသော မျက်ဝန်းများနှင့် ညှိုးငယ်နေသော မျက်နှာအမူအရာများကို မြင်လိုက်ရသဖြင့် သူက ပထမဆုံးတန်းသို့ လျှောက်သွားကာ ထိုင်လိုက်သည်။

အသက်ရှင်ကျန်ရစ်သူများ တစ်ယောက်ပြီးတစ်ယောက် ဝင်လာခဲ့ကြ၏။

၉:၅၀ နာရီတွင် အန်းယွဲ့က ရှောင်ယီအနားသို့ ရောက်လာပြီး ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် လူစုံပါပြီ။”

ရှောင်းယီက မတ်တတ်ရပ်ကာ ရှေ့ဘက်ရှိ စင်မြင့်ဆီသို့ လျှောက်သွားလိုက်၏။ အောက်တွင်ရှိသော လူအုပ်ကြီးမှာ ချက်ချင်းပင် ငြိမ်သက်သွားကြသည်။

“ဒီနေ့ လူတိုင်းကို ဒီမှာ စုခိုင်းရတာက သတင်းကောင်း အချို့ကို ပြောပြချင်လို့ပါ။”

ရှောင်းယီက စပြောလိုက်သည်။ ရှောင်းယီ၏ စကားကြောင့် လူတိုင်း မှင်တက်သွားကြ၏။

“ငါတို့ မဟာမိတ်အဖွဲ့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ စုံသွားလို့များလား။”

“သေချာတယ်။ အဲဒါဖြစ်ရမယ်။ မဟုတ်ရင် သတင်းကောင်းလို့ ဘယ်လိုခေါ်မလဲ။”

“ကောင်းလိုက်တာ။ ဒါဆို ငါတို့ ရှင်းလင်းသုတ်သင် မခံရတော့ဘူးပေါ့ ဟုတ်လား။”

လူတိုင်း စိတ်လှုပ်ရှားသွားကြ၏။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကတော့ မစုံသေးပါဘူး။”

ရှောင်းယီက ပြုံးကာ ခေါင်းခါပြရင်း ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိတဲ့သူတွေလည်း ရှင်းလင်းသုတ်သင်ခံရမှာ မဟုတ်ဘူး။”

“ဘာကြီးလဲ။”

လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။

“ကမ္ဘာ့စည်းမျဉ်းတွေ ပြောင်းသွားတာလား။ မဖြစ်နိုင်တာ...ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ ဘာသတိပေးချက်မှ မရှိပါဘူး။”

“ကျွန်းပိုင်ရှင်က ငါတို့ကို နှစ်သိမ့်ပေးနေတာ နေမှာပါ ဟူး...”

“ကျွန်းပိုင်ရှင် ကျွန်မတို့ကို နှစ်သိမ့်ပေးနေစရာ မလိုပါဘူး။ သုတ်သင်ရှင်းလင်းတာက သေချာပေါက် မျက်စိတစ်မှိတ်အတွင်းမှာတင် ဖြစ်မှာဆိုတော့ ဘာနာကျင်မှုမှ ခံစားရမှာ မဟုတ်ပါဘူး။”

“ဟုတ်ပါတယ်။ သေခါနီး စောင့်ဆိုင်းရတဲ့ အချိန်ကမှ တကယ်ကို ရင်ဆိုင်ရခက်တာပါ။”

ရှောင်းယီက လူတိုင်း၏ စကားကို နားထောင်ပြီးနောက် ဆက်ပြောလိုက်သည်။

“ဒီနေ့မနက် အစောပိုင်းတုန်းက ကျုပ် ဒီစည်းမျဉ်းတွေကို သတ်မှတ်ခဲ့တဲ့ နောက်ကွယ်က လူနဲ့ ဆက်သွယ်ခဲ့တယ်။ သူက ဘယ်သူ့ကိုမှ မသုတ်သင်ဖို့ သဘောတူလိုက်ပြီ။ သူ့အတွက် ဒီအပြောင်းအလဲကို ကြေညာဖို့ အချိန်မရသေးလို့ပဲ ဖြစ်လိမ့်မယ်။”

ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း ဆွံ့အ အံ့ဩသွားကြတော့သည်။

အခန်း ၁၂၇၄

အစည်းအဝေးခန်းမတစ်ခုလုံးး အတန်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်း ထိုသတင်းကို အချိန်ယူခြေဖျက်နိုင်ရန်အတွက် ရှောင်းယီကလည်း ဝင်ရောက်မနှောင့်ယှက်ခဲ့ပေ။

“ကျွန်းပိုင်ရှင်... ဒါ... ဒါက ကျွန်မတို့ကို စိတ်သက်သာရာရအောင် လိမ်ပြောနေတာ မဟုတ်ဘူးမလားဟင်။”

တုန်ရီနေသော အသံတစ်ခုက စိုးရိမ်တကြီးဖြင့် တိုးတိုးလေး မေးလိုက်သည်။

ရှောင်းယီက ဆက်ပြောလိုက်သည်။

“လူတိုင်းလည်း တွေ့ခဲ့ကြမှာပါ။ ဒီနေ့ ကျုပ်တို့မဟာမိတ်အဖွဲ့က အတော်လေး အေးအေးလူလူ ရှိနေတယ်။ အပြင်ထွက်တဲ့ ရှာဖွေရေးအဖွဲ့တွေကိုလည်း သိပ်ပြီး အလှည့်ကျမပြောင်းခိုင်းခဲ့ဘူး မဟုတ်လား။”

“ဟုတ်တယ်။ ဒီနေ့ ငါတို့မဟာမိတ်အဖွဲ့မှာ ဘာရှာဖွေရေးအဖွဲ့မှ အလှည့်မပြောင်းတာကို အစောနကတင် ငါပြောနေသေးတယ်။”

“ဒါက ဘာလို့လဲဆိုတော့ လူတိုင်း သေရမှာမဟုတ်ဘဲ တကယ်ကို ကောင်းကောင်းမွန်မွန် ဆက်နေထိုင်သွားရမယ်ဆိုတာ ကျုပ်ကြိုသိနေလို့ပဲ။ အဲ့ဒီလိုဆိုမှတော့ ခင်ဗျားတို့ကို နောက်တစ်ဆင့်ပို့ပြီး ဒုက္ခရောက်စေမယ့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကျုပ်ကဘာလို့ လိုက်ရှာနေတော့မလဲ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်က ငါတို့ကို ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူးဆိုတာ ငါသိသားပဲ။ ဒါကြောင့်ကိုး... ကျွန်းပိုင်ရှင်က စည်းမျဉ်းတွေ ပြောင်းသွားတာကို ကြိုသိနေတာပဲ။”

“ဟားဟားဟား... ကောင်းလိုက်တာ။ ငါတို့ သေစရာလည်း မလိုတော့ဘူး။ နောက်တစ်ဆင့်ကိုသွားပြီး ဒုက္ခခံစရာလည်း မလိုတော့ဘူး။”

“ဒါဆို ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိတဲ့သူတွေ ကံထူးသွားတာပေါ့ ဟုတ်လား။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“တကယ်လို့ သက်တောင့်သက်သာ နေချင်တာသက်သက်ပဲ ဆိုရင်တော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိတဲ့သူတွေက တကယ်ကို ကံကောင်းတာပေါ့။ ဒါပေမဲ့ ဒီမှာပဲ ကျန်ခဲ့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး တိုးတက်အောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး။”

နောက်တစ်ဆင့်ကို တက်လှမ်းခြင်းက ပိုမိုခက်ခဲပင်ပန်းသည့် စိန်ခေါ်မှုများ စောင့်ကြိုနေနိုင်သော်လည်း တစ်ဖက်မှာလည်း ကိုယ့်ကိုယ်ကိုယ် ဆက်လက်မြှင့်တင်နိုင်ခွင့် ရှိသည်ဆိုသည့် သဘောပင် ဖြစ်သည်။

လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

“ဒါကြောင့် ဒီနေ့ အစည်းအဝေးက ဘယ်သူတွေ နောက်တစ်ဆင့်ကို လိုက်မလဲဆိုတာ ဆုံးဖြတ်ဖို့ပဲ။”

ရှောင်းယီက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“လူတိုင်း တိုင်ပင်ကြပါ။ ကျုပ်တို့ဆီမှာ ရှိသမျှ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် အရေအတွက်အတိုင်းပဲ လူတွေကို နောက်တစ်ဆင့်ကို စေလွှတ်ရမယ်။ ပြီးတော့ အခုအချိန်မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို ဖျက်ဆီးလို့မရတော့ဘူးဆိုတော့ စည်းမျဉ်းရဲ့ ဟာကွက်ကို ရှာဖို့ မကြိုးစားကြပါနဲ့။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိသူများမှာ သေစရာမလိုဘဲ ဤနေရာတွင် သက်တောင့်သက်သာ ဆက်လက်နေထိုင်နိုင်ကြောင်း ကြားလိုက်ရသောအခါ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် လက်ဝယ်ရှိထားသော အသက်ရှင်ကျန်ရစ်သူများမှာမူ ထိုကျောက်တိုင်ကြီးကို ပူလောင်သော မီးခဲကြီးတစ်ခုကဲ့သို့ ခံစားလာရတော့သည်။

“ညီအစ်ကို... ငါတို့ တိုင်ပင်ရအောင်။ ဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို မင်းကိုပဲ ပေးလိုက်ရင် မကောင်းဘူးလား။”

“မလုပ်ပါနဲ့ ညီအစ်ကိုရာ။ မင်း ဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသည်းအသန် ကံစမ်းမဲနှိုက်ပြီး ရခဲ့တာလေ။ ငါ့ကို ဒီအတိုင်းကြီး လာမပေးပါနဲ့။”

“မင်းက တက်ကြွမှု ရှိတာပဲ။ မင်းပဲ နောက်တစ်ဆင့်ကို သွားပြီး ကြိုးစားကြည့်လိုက်ပါလား။”

“ငါ မလုပ်နိုင်တော့ဘူး။ မကြာသေးခင်က ဘားမှာ အချိန်ဖြုန်းနေတာ များသွားလို့ စိတ်ဓာတ်တွေ အောက်ခြေကို ထိုးကျနေပြီ။”

အစည်းအဝေးခန်းမတစ်ခုလုံးသည် လူတိုင်းက မိမိတို့၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို အလုအယက် ပြန်လည်ရောင်းချရန် ကြိုးစားနေကြသဖြင့် ဟင်းသီးဟင်းရွက်ဈေးကြီးတစ်ခုကဲ့သို့ ဆူညံသွားတော့သည်။

ရှောင်းယီက ပြုံးကာ ခေါင်းခါရင်း အန်းယွဲ့အနားသို့ လျှောက်လာကာ ပြောလိုက်သည်။

“ရန်ရန်ရယ်၊ အမေနဲ့ အဖေရယ် အားလုံး ဒီမှာပဲ ကျန်ခဲ့ကြပါ။ ခဏနေရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အပြင်ထုတ်ပေးလိုက်တော့။”

“ငါ မင်းနဲ့အတူ နောက်တစ်ဆင့်ကို လိုက်ခဲ့မယ်။ အဲ့ဒီမှာ စီမံခန့်ခွဲမယ့်သူတစ်ယောက် လိုအပ်မှာပဲ။”

အန်းယွဲ့က ခေါင်းခါကာ ငြင်းပယ်လိုက်သည်။

“မဟုတ်တာ ...ဒီနေရာက အဖေ့ကို ပိုပြီး လိုအပ်တယ်။ နောက်တစ်ဆင့်မှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိမလဲဆိုတာ ကျုပ်မသိပေမယ့် ဒီမှာရှိတဲ့ ဒီပင်မင်မကျွန်းကြီးကိုတော့ အဖေ စီမံခန့်ခွဲဖို့ လိုတယ်။”

ရှောင်းယီက ပြတ်သားသောလေသံဖြင့် ပြောလိုက်သည်။

“ဒါ့အပြင် ကျုပ်တို့မိသားစုမှာ ယောက်ျားတစ်ယောက် လိုအပ်တယ်။ တကယ်လို့ အဖေပါ ထွက်သွားရင် ရန်ရန်နဲ့ အမေတို့ ဘယ်လိုလုပ်မလဲ။”

ထိုစဉ် ကျန်းယွင်ထျန်းကလည်း အနားသို့ တိုးလာပြီး ပြောလိုက်သည်။

“ဦးလေးအန်း... ဦးလေး ဒီမှာပဲ နေခဲ့လိုက်ပါ။ ကျွန်းပိုင်ရှင်နဲ့အတူ နောက်တစ်ဆင့်ကို ကျုပ်ပဲ လိုက်သွားလိုက်ပါ့မယ်။”

ရှောင်းယီက ကျန်းယွင်ထျန်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

“ဒါဆို ကျွင်းကျွင်းနဲ့ အမမရွှဲ့တို့ကို ဘယ်လိုလုပ်မလဲ။”

“အဲ့ဒါကို ဆုံးဖြတ်ပြီးပါပြီ။ သူတို့ ဒီမှာပဲ နေခဲ့ကြလိမ့်မယ်။ ဦးလေးအန်းတို့အဖွဲ့နဲ့ အဖော်ရတာပေါ့။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။

“ဒါ့အပြင် မင်းလည်း ရှိနေတာပဲ။ အဆင့်ကျော်တဲ့အရှိန်က အရမ်းမြန်တာဆိုတော့ ငါတို့ လအနည်းငယ်အတွင်း ပြန်လာနိုင်ရင် ပြန်လာနိုင်ဦးမှာ။”

ရှောင်းယီက ကျန်းယွင်ထျန်း၏ ပခုံးကို ပုတ်လိုက်သည်။

“ကျေးဇူးပဲ အစ်ကိုကျန်း။”

ကျန်းယွင်ထျန်းက တမင်တကာ တုန်လှုပ်ချင်ယောင်ဆောင်လိုက်၏။

“ဒီလောက်ကြီး လာပြီး စိတ်ကူးယဉ်မဆန်စမ်းပါနဲ့။ ဒါ့အပြင် နောက်တစ်ဆင့်က တကယ်ပဲ ဘယ်လိုပုံစံလဲဆိုတာကိုလည်း ငါ သိချင်နေ‌သေးတယ်။”

ရှောင်းယီက ခေါင်းခါကာ ဆက်ပြောလိုက်သည်။

“လောင်ယွမ် ဆရာကြီးလည်း ဒီမှာပဲ နေခဲ့လိုက်ပါ။”

“ရပါတယ်လေ။ ငါ ဟိုဘက်ကိုလိုက်ပြီး မင်းတို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေတော့ပါဘူး။ ဒါမှ နောက်ပိုင်း ငါ့ကို လိုက်မပြုစုရမှာ။”

ယွမ်နွန်က ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဦးလေးက အရမ်း နှိမ့်ချနေပြန်ပါပြီ။ အခုအချိန်မှာ ဦးလေးတစ်ယောက်တည်းနဲ့ မဟာမိတ်အဖွဲ့တစ်ခုလုံးကို ကျွေးမွေးထားနိုင်တာလေ။”

ရှောင်းယီက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။ ယွမ်နွန်က လက်ကာပြလိုက်သည်။

“ဒူခန်း... မင်းကော ဘယ်လိုလဲ။”

ရှောင်းယီက ဒူခန်းကို ကြည့်ကာ မေးလိုက်သည်။

“သေချာပေါက် ကျုပ် ဘော့စ်ရဲ့ ခြေရာအတိုင်း ထပ်ချပ်မကွာ လိုက်မှာပါ။”

ဒူခန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။ ဒူခန်း၏ အဖြေကို ကြားလိုက်ရသောအခါ ရှောင်းယီနှင့် အခြားသူများမှာ အတော်လေး အံ့အားသင့်သွားခဲ့ကြသည်။ အေးအေးဆေးဆေး သက်တောင့်သက်သာ နေရသည်ကို ကြိုက်တတ်သည့် ဒူခန်းလို လူစားမျိုးက အမှန်တကယ် ရှောင်းယီနောက်ကို လိုက်ပြီး နောက်တစ်ဆင့်ကို တက်ချင်နေတာလား။

အပန်းဖြေစခန်းက ဝိုင်တွေက မမွှေးတော့လို့လား။ ဒါမှမဟုတ် ယီရန်ပင်းမဟာမိတ်အဖွဲ့မှာ နေရတာ ငြီးငွေ့သွားလို့လား။

“ကျုပ်ကို အဲ့လိုမျက်လုံးတွေနဲ့ လာမကြည့်ကြပါနဲ့။ ကျုပ်ကလည်း ရည်မှန်းချက်တွေ၊ လိုက်စားမှုတွေ ရှိတဲ့ လူချောလေးတစ်ယောက်ပါနော် ဟုတ်ပြီလား။”

ဒူခန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

“လူလိုသူလို ပြောစမ်းပါ။”

ရှောင်းယီက မျက်လုံးလှန်ကာ ပြောလိုက်သည်။

“ကျုပ်က နောက်တစ်ဆင့်က ဘယ်လိုပုံစံလဲဆိုတာကို သိချင်ရုံပါပဲ။”

ဒူခန်းက တဟီးဟီး ရယ်မောလိုက်သည်။

“လုပင်းအာ... မင်းကော ဘယ်လိုလဲ။”

ရှောင်းယီက ခေါင်းခါရင်း အမြဲတမ်း စကားနည်းလှသည့် လုပင်းအာကို လှည့်ကြည့်ကာ မေးလိုက်သည်။ လုပင်းအာက တိုးညင်းစွာ ပြန်ဖြေလိုက်သည်။

“ကျွန်မကတော့ သခင်မကြီး နောက်ကိုပဲ လိုက်ပါ့မယ်။”

သူမ ပြောသည့် သခင်မကြီးဆိုသည်မှာ ထိုစဉ်က သူမကို ကယ်တင်ခဲ့ပြီး ယီရန်ပင်းမဟာမိတ်အဖွဲ့သို့ ခေါ်ဆောင်လာခဲ့သည့် လီယန်ကို ဆိုလိုခြင်း ဖြစ်သည်။

“အင်း...ဒါလည်း ကောင်းတာပဲ။”

ရှောင်းယီက ခေါင်းညိတ်လိုက်ပြီးနောက် ဆုဝမ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

“မင်းကော ဘယ်လိုလဲ။”

ဆုဝမ်က အန်းရန်ကို လှမ်းကြည့်လိုက်ရာ အန်းရန်က အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

“ငါ နောက်တစ်ဆင့်ကို တက်ဖို့ ရွေးချယ်တယ်။”

ဆုဝမ်က တွန့်ဆုတ်မနေတော့ဘဲ လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ကောင်းပြီ။”

ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။

ဤအချိန်တွင် ဖုန့်မင်းလုံနှင့် ဖုန့်ချင်းလွမ်တို့ မောင်နှမနှစ်ဦးမှာ အငြင်းပွားနေကြလေသည်။

“မင်း ဒီကမ္ဘာမှာပဲ နေခဲ့တာက ပိုမကောင်းဘူးလား။”

ဖုန့်မင်းလုံက စိတ်တိုတိုဖြင့် ပြောလိုက်သည်။

“မရဘူး။ ငါ နောက်တစ်ဆင့်ကို သွားပြီး ကြည့်ချင်သေးတယ်။”

ဖုန့်ချင်းလွမ်က ခေါင်းမာစွာ ပြန်ပြောလိုက်သည်။

ညီမဖြစ်သူကို အလိုလိုက်တတ်သည့် အစ်ကိုတစ်ယောက်အနေဖြင့် ဖုန့်မင်းလုံသည် မိမိမထိန်းချုပ်နိုင်သည့် အခြေအနေမျိုးကို မနှစ်မြို့သည်ဖြစ်ရာ “မရဘူး” ဟု ပိတ်ပင်လိုက်၏။

“ဟွန့်... အစ်ကို မရဘူးပြောရုံနဲ့ မပြီးဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ငါ့လက်ထဲမှာ ရှိနေပြီသား။”

ဖုန့်ချင်းလွမ်က အောင်နိုင်သူအလား ပြန်ပြောလိုက်သည်။

ဖုန့်မင်းလုံသည် မိမိ၏စိတ်ကို ထိန်းချုပ်လိုက်ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ညီမလေး... နောက်တစ်ဆင့်က သေချာပေါက် အရမ်းအန္တရာယ်များလိမ့်မယ်။ အစ်ကို တောင်းပန်ပါတယ်။ မသွားပါနဲ့။ ငါတို့မောင်နှမနှစ်ယောက်ထဲက အစ်ကိုပဲ သွားပါ့မယ်။”

ဖုန့်မင်းလုံသည် သူတို့နှစ်ဦးစလုံး ဤကမ္ဘာတွင် ကျန်ရစ်ခဲ့ရန် သဘာဝအတိုင်း မျှော်လင့်သော်လည်း ယီရန်ပင်းမဟာမိတ်အဖွဲ့တွင် ကျန်ရှိနေသည့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် လစ်လပ်နေရာ အရေအတွက်မှာ နှစ်ရာဝန်းကျင်ခန့်သာ ရှိကြောင်း သူသိထားသည်။

ဆိုလိုသည်မှာ လူနှစ်ရာခန့်သာ ဤနေရာ၌ ကျန်ရစ်နိုင်မည် ဖြစ်သည်။ သူနှင့် သူ၏ညီမသည် အဖွဲ့အစည်းအတွက် ထူးထူးခြားခြား ပံ့ပိုးကူညီမှုမျိုး မလုပ်ဆောင်ရသေးသဖြင့် နေရာနှစ်နေရာကို ဒီအတိုင်းကြီး ယူထားရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ဖုန့်မင်လုံက သူကိုယ်တိုင် နောက်တစ်ဆင့်သို့ တက်လှမ်းခြင်းဖြင့် ညီမဖြစ်သူကို ဤနေရာတွင် ချန်ထားရစ်နိုင်ရန် လဲလှယ်လိုခြင်း ဖြစ်သည်။

“အစ်ကို... အစ်ကိုက ငါ့အကျိုးအတွက် လုပ်ပေးမှန်း ငါသိပါတယ်။ ဒါပေမဲ့ ငါတစ်ယောက်တည်း ဒီမှာ ကျန်ခဲ့ရင်လည်း အစ်ကို့အတွက် စိတ်အေးရမှာ မဟုတ်ဘူး။”

ဖုန့်ချင်းလွမ်က ပြန်ပြောလိုက်သည်။

“ဒါ့အပြင် ငါတို့က ကျွန်းပိုင်ရှင်နဲ့အတူ နောက်တစ်ဆင့်ကို သွားမှာဆိုတော့ သေချာပေါက် ဘာအန္တရာယ်မှ မရှိပါဘူး။”

ဖုန့်ချင်းလွမ်တစ်ယောက်တည်းကို ဤကမ္ဘာတွင် ထားရစ်ခဲ့ရမည်ဟု တွေးမိသောအခါ သူ အနည်းငယ် စိတ်မချဖြစ်မိပြန်သည်။

ကောင်းပြီလေ... ဒါဆိုရင်လည်း အတူတူ သွားကြတာပေါ့။

ဖုန့်မင်းလုံတစ်ယောက် နောက်ဆုံးတွင် အလျှော့ပေးလိုက်ရတော့သည်။

အစည်းအဝေးခန်းမတစ်ခုလုံးသည်လည်း ဆွေးနွေးသံများဖြင့် ဆူညံနေ၏။ နောက်တစ်ဆင့်သို့ တက်လှမ်းပြီး စွန့်စားလိုကြသည့် စိတ်အားထက်သန်သူအချို့လည်း ရှိနေရာ ထိုသူများမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို အလွယ်တကူပင် ရရှိသွားကြသည်။

သို့သော် လူအများစုမှာမူ သက်တောင့်သက်သာရှိသော ဘဝကိုသာ ဆက်လက်ရွေးချယ်လိုကြဆဲပင်။

“ဒေါက်၊ ဒေါက်၊ ဒေါက်”

အန်းယွဲ့က စင်မြင့်ပေါ်သို့ လျှောက်လှမ်းလာပြီး စာပွဲခုံကို ခေါက်ကာ ပြောလိုက်သည်။

“လူတိုင်းက ဒီကမ္ဘာမှာပဲ ဆက်နေပြီး အန္တရာယ်တွေကို မရင်ဆိုင်ချင်ကြဘူးဆိုတာ ငါနားလည်ပါတယ်။ ဒါပေမဲ့ ငါပြောချင်တာက... ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိတဲ့သူတွေ ရှင်းလင်းသုတ်သင်မခံရစေဖို့အတွက် ကျွန်းပိုင်ရှင်က လက်မည်းကြီး ကမ်းလှမ်းတဲ့ စည်းကမ်းချက်တွေကို သဘောတူခဲ့ရတယ်။”

“ဟာ... ဒီအတွက် စည်းကမ်းချက်တွေ ရှိခဲ့တာလား။”

“ပေါက်ကရတွေ...စည်းမျဉ်းတွေကို ဒီလောက်အလွယ်တကူ ပြောင်းလို့ရပါ့မလား။ ပေးဆပ်ရမယ့် တန်ဖိုးတစ်ခုတော့ ရှိမှာပေါ့။”

“ဒါဆို... အဲ့ဒီ စည်းကမ်းချက်တွေက ဘာတွေလဲ။”

လူတိုင်းက အန်းယွဲ့ကို တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်လိုက်ကြတော့သည်။

All Chapters