အခန်း (၁၂၇၅-၁၂၇၆)
Vol. 111 Ch. 1275-1276
အခန်း ၁၂၇၅
“ဒါက ဘာလဲဆိုတော့ သူ့မှာ ရွေးချယ်စရာမရှိဘဲ နောက်တစ်ဆင့်ကို သေချာပေါက် တက်ရမယ်ဆိုတာပဲ။ အဲ့ဒီအချိန်ကျရင် နောက်တစ်ဆင့်ကို တက်ဖို့ ရွေးချယ်ခဲ့ကြတဲ့သူတွေအားလုံး ကျွန်းပိုင်ရှင်ရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ကြဖို့ ငါမျှော်လင့်တယ်။”
အန်းယွဲ့က အစည်းအဝေးခန်းမထဲရှိ လူများကို ကြည့်ကာ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်းက ရှောင်းယီကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။ ရှောင်းယီက မတ်တတ်ရပ်ကာ လက်ကာပြလိုက်သည်။
“ကျုပ်ကို အဲ့လိုမျက်လုံးတွေနဲ့ လာမကြည့်ကြပါနဲ့။ ကျုပ်က ယောက်ျားအချင်းချင်း စိတ်မဝင်စားဘူး။”
လူတိုင်း တဟားဟား ရယ်မောမိလိုက်ကြတော့သည်။
“ကျွန်းပိုင်ရှင်... ကျွန်တော်တို့အတွက် အသက်ရှင်သန်ခွင့် ရအောင် တိုက်ပွဲဝင်ပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။”
“မဟုတ်ဘူး။ ငါ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သူများကို မလွှဲပေးတော့ဘူး။ နောက်တစ်ဆင့်မှာလည်း ကျွန်းပိုင်ရှင်နဲ့အတူ ဆက်ပြီး တိုက်ပွဲဝင်ချင်တယ်။”
“ဘယ်သူက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လွှဲပေးချင်တာလဲ။ အမြန်ထုတ်ပေးလိုက်တော့။ ငါ ကျွန်းပိုင်ရှင်နောက်ကို ဆက်လိုက်မယ်။”
ရှောင်းယီက သူ့လက်ကို မြှောက်လိုက်ပြီး ပြောလိုက်သည်။
“လူတိုင်း ကိုယ့်အခြေအနေပေါ်မူတည်ပြီးမှ နောက်တစ်ဆင့်ကို လိုက်မလိုက် ဆုံးဖြတ်ကြပါ။ ကျုပ်တို့ဆီမှာ နောက်ထပ် လိုအပ်နေတဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ခြောက်ခု ရှိသေးတယ်။ အဲ့ဒါတွေကို ယူပေးဖို့ လူတိုင်းရဲ့ အကူအညီကို လိုအပ်ပါတယ်။”
ထိုခြောက်ယောက်မှာ အန်းရန်တို့ မိသားစုဝင် သုံးဦး၊ လောင်ယွမ်၊ ကျန်းရွှဲ့နှင့် လုပင်းအာတို့ ဖြစ်ကြသည်။
“ပြဿနာမရှိပါဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ခြောက်ခုထဲပဲဟာ။ ကျုပ် တစ်ခု ယူမယ်။”
“ကျုပ်ကိုလည်း တစ်ခုပေး။ ကျုပ်လည်း နောက်တစ်ဆင့်ရဲ့ စမ်းသပ်မှုတွေက ဘယ်လိုလဲဆိုတာ ကြည့်ချင်နေတာနဲ့ အတော်ပဲ။”
“ဆရာကြီးက ငါတို့အသက်တွေကို ကယ်တင်ခဲ့တာပဲ။ စမ်းသပ်မှုတစ်ခုမှာ ပါဝင်ပေးရတာ ဘာမှမဟုတ်ပါဘူး။ ကျုပ်ကိုလည်း စာရင်းထဲ ထည့်လိုက်ပါ။”
မကြာခင်မှာပင် လူတိုင်း အဆင်ပြေအောင် ညှိနှိုင်းပြီးသွားကြသည်။
ဤအချိန်တွင် နာ့နာက ရှောင်ယီထံ ဖုန်းဆက်လာလာခဲ့သည်။
“ကျွန်းပိုင်ရှင်... သူ မနက်ဖြန်အထိ တောင့်ခံနိုင်တော့မယ် မထင်ဘူး။ ဒီနေ့ညတင် SSS အဆင့်ကို ရောက်တော့မယ်လို့ ခန့်မှန်းရပါတယ်။”
“ငါ သိပြီ။ သူ့ကို နှိုးလိုက်တော့။ အချိန်ထပ်ဆွဲနေစရာ မလိုတော့ဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ။”
ရှောင်းယီ ဖုန်းချလိုက်ပြီးနောက် အစည်းအဝေးခန်းမထဲရှိ လူများကို ကြည့်ကာ ပြောလိုက်သည်။
“အားလုံး အခြေအနေ အဆင်ပြေသွားပြီဆိုတော့ လူတိုင်း ကိုယ့်ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို အမြန်ဆုံး သွားပြီး ရယူထားကြပါ။ ကျုပ်တို့တွေ နောက်တစ်ဆင့်ကို မကြာခင်မှာ ဝင်ကြရတော့မယ့်။”
“ဟုတ်ကဲ့ပါ။”
လူတိုင်းက တုံ့ပြန်လိုက်ကြသည်။
“အဖေ...ဒီက အစီအစဉ်တွေကို အဖေပဲ ဆက်လုပ်ပေးလိုက်ပါ။”
ရှောင်ယီက အန်းးယွဲ့ကို ကြည့်ကာ ပြောလိုက်သည်။
“ကောင်းပြီ။”
အန်းယွဲ့က ပြန်ဖြေလိုက်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ပိုင်ဆိုင်မှု လွှဲပြောင်းရန် လိုအပ်သူများကို စာရင်းမှတ်တမ်းတင်ကာ တစ်ဦးချင်းစီ အပြန်အလှန် လဲလှယ်ကြရန် ပြောလိုက်သည်။
မကြာမီမှာပင် လီရှင်းကိုလည်း နာ့နာက ခေါ်ဆောင်လာခဲ့သည်။ ယခုအချိန်တွင် လီရှင်းသည် ဝတ်စုံနက်ကို ဝတ်ဆင်မထားတော့ဘဲ သူ၏မျက်နှာမှာတော့ ယခင်အတိုင်း ကြောက်စရာကောင်းလောက်အောင် ဖြူလျော်နေဆဲပင်။
ရှောင်းယီက သူ့ကို ကြည့်ပြီး ပြောလိုက်သည်။
“ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။”
လီရှင်းက ခေါင်းခါပြလိုက်သည်။
“ကျုပ် သိပ်ပြီးတော့ အချိန်ဆွဲပေးနိုင်ခဲ့ပုံမရပါဘူး။ ဟုတ်တယ်မလား။”
“မဟုတ်ပါဘူး။ မင်း တစ်ရက်တိတိ အချိန်ဆွဲပေးနိုင်ခဲ့လို့ ငါ နောက်ကွယ်ကလူနဲ့ ဆွေးနွေးဖို့ အချိန်ရသွားခဲ့တာ။ အခုဆို ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိတဲ့သူတွေလည်း ရှင်းလင်းသုတ်သင်ခံရမှာ မဟုတ်တော့ဘူး “
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
လီရှင်းက အနည်းငယ် မှင်တက်သွားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“သူဌေးက တကယ်ကို နာမည်နဲ့လိုက်အောင် တော်တာပဲ။ တကယ် အံ့ဩဖို့ကောင်းတယ်။”
“ချီးမွမ်းမနေပါနဲ့။ နောက်နောင် ယီရန်ပင်းမဟာမိတ်အဖွဲ့မှာပဲ အေးအေးဆေးဆေး နေထိုင်သွားလိုက်ပါ။”
ရှောင်းယီက ဆိုသည်။ သို့သော် လီရှင်းက ခေါင်းခါလိုက်၏။
“ကျုပ် နောက်တစ်ဆင့်ကို တက်ချင်တယ်။”
ရှောင်စယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ လီရှင်းက ဆက်လက်ပြောလိုက်၏။
“သူဌေးက ကျုပ်ရဲ့ သွေးဆာတဲ့စိတ်နဲ့ အလင်းရောင်ကြောက်တဲ့ စိတ်တွေကို ဖယ်ရှားပေးခဲ့တယ်ဆိုပေမဲ့ ကျုပ်ရဲ့ ရုပ်သွင်က တခြားလူတွေနဲ့ အများကြီး ကွာခြားနေတုန်းပဲ။ ဒီမှာ ဆက်နေရင် ကျုပ် စိတ်ထဲ အဆင်မပြေဖြစ်ရလိမ့်မယ်။ ဒါကြောင့် နောက်တစ်ဆင့်ကိုပဲ သွားချင်တယ်။”
ရှောင်းယီသသည် အစက သူ့ကို ဖျောင်းဖျရန် တွေးမိလိုက်သော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ပြီး အန်းယွဲ့ကို ပြောကာ သူ့အတွက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ထပ်ဖယ်ပေးလိုက်သည်။
လူတိုင်းသည် အစောပိုင်းက ရဲစွမ်းသတ္တိများ ထက်သန်နေခဲ့ကြသော်လည်း အမှန်တကယ်တော့ ထိုအရာမှာ စိတ်လှုပ်ရှားမှုကြောင့် ခဏတာ ဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။ စိတ်အေးသွားကြသည့်အခါတွင်မူ ဤကမ္ဘာ၌ ဆက်နေခြင်းကသာ အန္တရာယ်အကင်းဆုံးဖြစ်ကြောင်း သိလာကြပေလိမ့့်မည်။
ထို့ကြောင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ထပ်မံဖယ်ပေးရန်မှာ အလွန်လွယ်ကူသွားခဲ့သည်။
မကြာမီမှာပင် လူတိုင်း အပြန်အလှန် လဲလှယ်မှုများ ပြီးစီးသွားခဲ့သည်။
ထိုအချိန်တွင် ရှောင်းယီသည် ဗီလာအတွင်း၌ အန်းရန်ကို ပွေ့ဖက်ထားရင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ထိုင်နေ၏။
“ငါတို့ ထွက်သွားပြီးရင် ဒီမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ ရှိတော့မှာ မဟုတ်ဘူး။ အရာအားလုံးကို ကိုယ်တိုင်ပဲ ထုတ်လုပ်ရတော့မယ်။ တကယ်လို့ အခက်အခဲတစ်ခုခုရှိရင် စူပါဓာတ်ခွဲခန်းကိုပဲ လွှဲပေးလိုက်ပါ။ မင်းမှာလည်း ငါ့လိုမျိုးပဲ အမြင့်ဆုံး လုပ်ပိုင်ခွင့်အာဏာ ရှိတယ် “
ရှောင်းယီက ပြောလိုက်သည်။
“အင်း”
အန်းရန်က ပြန်ဖြေလိုက်သည်။
“နင် သေချာပေါက် ပြန်လာရမယ်နော်။ ငါ ဒီမှာ စောင့်နေမယ်။”
“စိတ်မပူပါနဲ့။ ငါ သေချာပေါက် ပြန်လာခဲ့မယ်။”
ရှောင်းယီက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးလင်းခါနီး အစောပိုင်းအချိန်သို့ ရောက်ရှိလာခဲ့သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ သတိပေးချက် ကြေညာချက်တစ်ခု ထပ်မံ ပေါ်ထွက်လာပြန်သည်။
“နောက်တစ်ဆင့် စမ်းသပ်မှုတွေကို နောက်ထပ် တစ်နာရီအတွင်းမှာ စတင်ဖို့ ရည်ရွယ်ထားတယ်။”
“လွန်ခဲ့တဲ့ ၂၄ နာရီက အသက်ရှင်ကျန်ရစ်သူ ယီရန်ပင်းရဲ့ တောင်းဆိုချက်အရ စည်းမျဉ်းတွေကို ပြောင်းလဲလိုက်တယ်။”
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ရှင်းလင်းသုတ်သင်တော့မှာ မဟုတ်ဘဲ ဒီကမ္ဘာမှာပဲ ဆက်လက် အသက်ရှင် နေထိုင်ခွင့်ပြုမှာ ဖြစ်တယ်။”
ထိုကြေညာချက်ကို ကြားလိုက်ရသောအခါ အသက်ရှင်ကျန်ရစ်သူ အားလုံး မှင်တက်သွားကြသည်။ နောက်တစ်စက္ကန့်တွင်မူ လူတိုင်းက ဝမ်းသာအားရ သောင်းသောင်းဖျဖျ အော်ဟစ်အောင်ပွဲခံလိုက်ကြတော့သည်။
“ကောင်းလိုက်တာ။ နောက်ဆုံးတော့ ငါတို့ သေစရာမလိုတော့ဘူး။”
“ပြန်တွေးကြည့်ရင် ငါ့ဆီမှာ ဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိခဲ့တာကမှ ပိုကောင်းဦးမယ်။”
“ဟုတ်ပါ့။ နောက်တစ်ဆင့်ကို တက်သွားရင် ဘယ်လောက်တောင် ဆင်းရဲဒုက္ခတွေနဲ့ ကြုံရဦးမလဲဆိုတာ ဘယ်သူသိမှာလဲ။”
“မရတော့ဘူး။ ငါ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ငါ ဖျက်ဆီးပစ်မယ်။”
“ငါ စမ်းကြည့်ပြီးပြီ။ ဖျက်ဆီးလို့ မရဘူး။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ သတိပေးချက်က ဆက်လက် ပေါ်လာခဲ့သည်။
“အရာရာတိုင်းမှာ ပေးဆပ်ရမယ့် တန်ဖိုးရှိတယ်။ စည်းမျဉ်းတွေကို ပြင်ဆင်ခဲ့တဲ့အတွက် ယီရန်ပင်း ပေးဆပ်ရမယ့် တန်ဖိုးက... သူကိုယ်တိုင် နောက်တစ်ဆင့်ကို သေချာပေါက် တက်ရမှာဖြစ်ပြီး ဒီကမ္ဘာမှာ သူပိုင်ဆိုင်ခဲ့တဲ့ အုတ်မြစ်ကျောက်တွေ အားလုံးကို ယူဆောင်သွားခွင့် ရမှာမဟုတ်ဘူး။”
ထိုစကားကို ကြားသောအခါ ရှောင်းယီ အနည်းငယ် ကြောင်အသွားပြီးနောက် ခေါင်းခါလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အုတ်မြစ်ကျောက်များကို ယူသွားရန် ဘယ်သောအခါကမျှ ရည်ရွယ်မထားခဲ့သောကြောင့်ပင်။
အုတ်မြစ်ကျောက်ကျွန်း၏ အရှိန်မြှင့်တင်ခြင်းနှင့် အသစ်ပြန်လည်ဖြစ်ပေါ်စေခြင်း ဂုဏ်သတ္တိများက အလွန်အစွမ်းထက်လှရာ ထိုအရာများကို အန်းရန်တို့အဖွဲ့အတွက် ချန်ထားရစ်ခဲ့ချင်ခြင်း ဖြစ်သည်။
သို့သော် အခြားလူများမှာမူ အလွန် ထိတ်လန့်သွားကြသည်။
“သူဌေးက ဘာမှမပါဘဲ လက်ဗလာနဲ့ ထွက်ခွာသွားရတော့မှာလား။”
“အစောပိုင်းအဆင့်တွေတုန်းက အသည်းအသန် စုဆောင်းခဲ့ရတဲ့ အားသာချက်ကြီးတွေ အကုန်လုံး ဆုံးရှုံးသွားပြီပေါ့ ဟုတ်လား။”
“သူဌေးက တကယ် ဖြောင့်မတ်တာပဲ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိတဲ့ ငါတို့လိုလူတွေအတွက်နဲ့ သူ့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကို အနစ်နာခံပေးခဲ့တယ်။”
“တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ ရှားနိုင်ငံအတွက် ယီရန်ပင်းလိုလူမျိုး ရှိနေတာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။”
“ရှားနိုင်ငံတင်မကဘူး။ ယီရန်ပင်း ရှိနေတာက တစ်ကမ္ဘာလုံးအတွက်ပါ တကယ်ကို ကံကောင်းတာပဲ။”
တစ်ဖက်တွင်မူ တိလင်းထျန်းရှားနှင့် ဂျေဘီတို့သည် ဤသတင်းကို ကြားလိုက်ရသောအခါ မျက်လုံးများ တောက်ပသွားကြသည်။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်ဖို့အတွက် မင်းက ဒီကမ္ဘာမှာ စုဆောင်းခဲ့သမျှ အားသာချက်တွေကို စွန့်လွှတ်လိုက်တယ်ပေါ့လေ။ မင်းကိုယ်မင်း တကယ်ပဲ သူတော်စင်ကြီးလို့ ထင်နေတာလား။”
တိလင်းထျန်းရှားက အေးစက်စက်ဖြင့် ရေရွတ်လိုက်သည်။
“ဒီလောက်အထိ ဖြစ်သွားတာတောင်မှ ငါ မင်းကို မကျော်ဖြတ်နိုင်သေးဘူးဆိုရင် ငါ့ရဲ့ ဗျူဟာမြောက်ဆရာကြီးဆိုတဲ့ ဘွဲ့ကို မင်းကိုပဲ ပေးအပ်လိုက်တော့မယ်။”
ဂျေဘီက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
အကယ်၍ ရှောင်းယီသာ ထိုသူနှစ်ဦး ပြောသည်ကို ကြားပါက သေချာပေါက် ဆွံ့အသွားပေလိမ့်မည်။ သူသည် မိမိ၏ ဇနီးနှင့် ကလေး၏ဘဝကို အဆင်ပြေပြေ နေထိုင်စေချင်ရုံသာ ဖြစ်ပြီး သူတော်စင်ဆိုသည့် စကားလုံးမှာ သူနှင့် လုံးဝ မသက်ဆိုင်ပေ။
နောက်တစ်ဆင့်သို့ အုတ်မြစ်ကျောက်များ ယူဆောင်သွားခွင့်မရသည့် ကိစ္စနှင့် ပတ်သက်၍မူ ရှောင်းယီ လုံးဝ ဂရုမစိုက်ချေ။ သူ၏ နှစ်ဆတိုးသည့်အစွမ်းမှာ ယခုအခါ လေးဆသို့ အဆင့်မြင့်သွားပြီဖြစ်ပြီး ထိုအစွမ်း ပေါ်ပေါက်နိုင်ခြေမှာလည်း နှစ်ဆ တိုးသွားခဲ့ပြီ ဖြစ်သည်။
အခြားအရာများကို ထည့်မပြောလျှင် ဤစွမ်းရည်တစ်ခုတည်းနှင့်တင် သူသည် အခြားအသက်ရှင်ကျန်ရစ်သူ အားလုံး၏ အထက်တွင် ရှိနေရန် လုံလောက်နေပြီ ဖြစ်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ကြေညာချက်က ဆက်လက် ထွက်ပေါ်လာခဲ့သည်။
“မဟာမိတ်အဖွဲ့အတွင်းမှာရှိတဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် တစ်ခုချင်းစီကို လူတစ်ဦးချင်းစီအလိုက် သတ်မှတ်ခွဲဝေပြီးသား ဖြစ်တယ်ဆိုရင် သူတို့တွေဟာ လူတစ်ယောက် ကျောက်တိုင်တစ်ခု အစီအစဉ်အတိုင်း နောက်တစ်ဆင့်ကို ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ခွဲဝေ သတ်မှတ်ထားခြင်း မရှိဘူးဆိုရင်တော့ မဟာမိတ်အဖွဲ့ထဲက အသက်ရှင်ကျန်ရစ်သူတွေကို ကျပန်းစနစ်နဲ့ ရွေးချယ်ပြီး နောက်တစ်ဆင့်ကို စေလွှတ်သွားမှာ ဖြစ်ပါတယ်။”
“သေစမ်း... ငါတို့ မဟာမိတ်အဖွဲ့မှာ မခွဲဝေရသေးတဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် နည်းနည်း ကျန်နေသေးတယ် ထင်တယ်။ အခု ကျပန်းစနစ်နဲ့ လုပ်တော့မှာလား။”
“ငါတို့ အမြန်ဆုံး ခွဲဝေ သတ်မှတ်လိုက်တာ ပိုကောင်းမယ်။ တကယ်လို့ ငါ့ကို ကျပန်း လာရွေးသွားရင်တော့ ဒုက္ခပဲ။”
“ဟူး... ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိရင် နောက်တစ်ဆင့်ကို သွားစရာမလိုတော့ဘူးလို့ ငါ ထင်နေတာ။”
“လူတိုင်း စည်းမျဉ်းရဲ့ ဟာကွက်ကို ရှာဖို့ မကြိုးစားကြပါနဲ့တော့။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိဘဲနဲ့ အသက်ရှင်ခွင့်ရတာကတင် တော်တော်ကြီးကို ကံကောင်းနေပါပြီ။ ရောင့်ရဲကြစမ်းပါ။”
အခန်း ၁၂၇၆
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ကြေညာချက်များမှာ ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်သည်။
“မဟာမိတ်အဖွဲ့ တစ်ခုချင်းစီအနေနဲ့ ကျွန်းရဲ့ အုတ်မြစ်ကျောက်တွေအားလုံးကို ပြန်လည်သိမ်းဆည်းမလားဆိုတာ ရွေးချယ်နိုင်ပါတယ်။ ပြန်သိမ်းဆည်းပြီးသွားရင်တော့ အဲ့ဒီအုတ်မြစ်ကျောက်တွေကို မဟာမိတ်အဖွဲ့အတွင်းမှာ စိတ်ကြိုက် ပြန်လည်ခွဲဝေပေးနိုင်မှာ ဖြစ်ပါတယ်။”
“တကယ်လို့ အုတ်မြစ်ကျောက်တွေကို ပြန်သိမ်းဆည်းပြီးတဲ့နောက် ကျွန်းပေါ်မှာ ဒေသခံတွေ ကျန်ရှိနေဦးမယ်ဆိုရင် အဲ့ဒီကျွန်းဟာ အသစ်ပြန်လည်ဖြစ်ပေါ်စေခြင်းနဲ့ အရှိန်မြှင့်တင်ခြင်း ဂုဏ်သတ္တိတွေ ဆုံးရှုံးသွားပြီး သာမန်ကျွန်းတစ်ကျွန်း ဖြစ်သွားမှာ ဖြစ်ပါတယ်။”
ဤသည်ကို မြင်လိုက်ရသောအခါ အသက်ရှင်ကျန်ရစ်သူ အားလုံး အပြင်းအထန် ဝိုင်းဝန်းဆွေးနွေးကြတော့သည်။
“ဒါဆိုရင် အုတ်မြစ်ကျောက်တွေကို ပြန်ပြီးခွဲဝေလို့ ရတာပေါ့။ ဒီလိုမှန်းသိရင် ငါလည်း မဟာမိတ်ခေါင်းဆောင်ကို ဖားထားလိုက်ပါတယ်။”
“ဟုတ်ပါ့။ မဟာမိတ်ခေါင်းဆောင်တွေက သူတို့ရဲ့ လူယုံတွေကိုပဲ အုတ်မြစ်ကျောက်တွေ အကုန်ပုံပေးကြမှာ သေချာတယ်။”
“ငါ ပိုပြီးစိုးရိမ်တာက မဟာမိတ်ခေါင်းဆောင်က အတ္တကြီးပြီး အုတ်မြစ်ကျောက်တွေအကုန်လုံးကို သူ့အတွက်ပဲ သိမ်းထားမှာကိုပဲ။”
“မဟာမိတ်ခေါင်းဆောင်တွေက အဲ့လောက်အထိတော့ အတ္တမကြီးလောက်ပါဘူး။”
“လူ့စိတ်ဆိုတာ အပေါ်ယံကြည့်ရုံနဲ့ မသိနိုင်ဘူးလေ။ ဘယ်သူက သေချာပြောနိုင်မှာလဲ။”
ထိုအခြေအနေကို မြင်သောအခါ ကျန်းရွှဲ့က ပြောလိုက်သည်။
“တကယ်လို့ အဲ့လိုဆိုရင် ငါတို့ကျွန်းပေါ်က အုတ်မြစ်ကျောက်တွေအကုန်လုံးကို နင်နဲ့ ဒူခန်းရဲ့ လက်ထဲမှာပဲ စုထားလိုက်ရင် မကောင်းဘူးလား။ ပြီးတော့မှ နင်တို့ နောက်တစ်ဆင့်ကို ရောက်တဲ့အခါ ကျွန်းပိုင်ရှင်ဆီကို ပြန်ပြီး လွှဲပြောင်းပေးလိုက်ပေါ့။”
သို့သော် ကျန်းယွင်ထျန်းက ခေါင်းခါလိုက်သည်။
“ကမ္ဘာ့စည်းမျဉ်းတွေက ငါတို့ အခွင့်ကောင်းယူလို့ရအောင် ဒီလို ဟာကွက်မျိုး ချန်ထားခဲ့လိမ့်မယ်လို့ ငါမယုံဘူး။”
ကျန်းရွှဲ့ မျက်မှောင်ကြုတ်သွား၏။ ကျန်းယွင်ထျန်းက ပြုံးလိုက်သည်။
“တကယ်တော့ ငါတို့ ဒါကို လုံးဝ စိုးရိမ်နေစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်းပိုင်ရှင်က အစကတည်းက အုတ်မြစ်တွေကို ပြန်သိမ်းဆည်းမှာ မဟုတ်လို့ပဲ။”
ကျန်းရွှဲ့ အနည်းငယ် ကြောင်အသွားပြီးနောက် ခေါင်းညိတ်ထောက်ခံလိုက်သည်။
အန်းရန်၏ မိသားစုတစ်ခုလုံးက ဤနေရာတွင် ရှိနေသည်ဖြစ်ရာ ရှောင်းယီအနေဖြင့် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ အုတ်မြစ်ကျောက်များကို လုံးဝ ပြန်လည်သိမ်းဆည်းမည် မဟုတ်ပေ။
“တကယ်တော့ ဒါကလည်း ကောင်းပါတယ်။ မင်းတို့ ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာနိုင်တာပေါ့။ ငါတို့ ပြန်လာတဲ့အချိန်ကျရင် ဒီနေရာကြီးကို တောင် မှတ်မိတော့မှာ မဟုတ်ဘူး ထင်တယ်။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။
“အင်း... ဒါဆိုရင် နင်အမြန်ဆုံး ပြန်လာခဲ့ရမယ်နော်။”
ကျန်းရွှဲ့က ဆိုသည်။
သူတို့အနားတွင် ကျွင်းကျွင်းက သူ့မိဘနှစ်ပါးကို ကြည့်နေခဲ့သည်။ သူသည် အသက်ငယ်သေးသော်လည်း သူ့ဖခင်ဖြစ်သူမှာ တစ်နေရာရာသို့ ထွက်ခွာတော့မည်ကို နားလည်နေပုံရသည်။
“ဖေဖေ... ဖေဖေ ဘယ်သွားမလို့လဲဟင်။”
ကျွင်းကျွင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။ ကျန်းယွင်ထျန်းက ကျွင်းကျွင်းကို သူ့ရင်ခွင်ထဲသို့ ဆွဲပွေ့လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ဖေဖေက အရမ်းဝေးတဲ့နေရာကို သွားပြီး သားရဲကောင်တွေကို တိုက်ခိုက်မလို့လေ။ သားက အိမ်မှာနေပြီး မေမေ့စကားကို သေချာနားထောင်ရမယ်နော်။”
“ဟုတ်ကဲ့။”
ကျွင်းကျွင်းက လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
ကျန်းယွင်ထျန်းက ကျွင်းကျွင်း၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
“ဖေဖေ ထွက်သွားပြီးရင် ဖေဖေတို့အိမ်မှာ သားတစ်ယောက်ပဲ ယောက်ျားလေး ကျန်ခဲ့တော့မှာ။ သားက မေမေ့ကို သေချာ ကာကွယ်ပေးရမယ်နော်။”
“ဟုတ်ကဲ့... ဖေဖေ စိတ်ချပါ။ သား မေမေ့ကို သေချာပေါက် ကာကွယ်ပေးပါ့မယ်။”
ကျွင်းကျွင်းက လူကြီးလေးတစ်ယောက်ကဲ့သို့ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ကြေညာချက်များမှာ အမှန်တကယ် ဆက်လက် ထွက်ပေါ်နေဆဲပင်။
“အုတ်မြစ်ကျောက်တွေက နောက်တစ်ဆင့်မှာ အရမ်းအရေးကြီးတဲ့ အရင်းအမြစ်တွေ ဖြစ်တယ်။ ဒါ့အပြင် နောက်တစ်ဆင့်မှာ ထောက်ပံ့ရေးသေတ္တာတွေက အရမ်းကို ရှားပါးသွားပါလိမ့်မယ်။ ထောက်ပံ့ရေးသေတ္တာ အများစုကိုတော့ မင်းတို့ရဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့ လိုက်လံရှာဖွေရမှာ ဖြစ်သလို လုယက်တိုက်ခိုက်ပြီးတော့တောင် ယူရနိုင်တယ်။”
“ကောင်းပြီ... လူတိုင်းပဲ ကိုယ့်ရဲ့ နောက်ဆုံးအချိန် တစ်နာရီကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ကြပါဦး။”
ထိုသို့ဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ကြေညာချက်များမှာ ပြီးဆုံးသွားခဲ့သည်။
မဟာမိတ်အဖွဲ့ အားလုံး ချက်ချင်းပင် လှုပ်ရှားလာကြတော့သည်။ ပထမဆုံး လုပ်ဆောင်ရမည့် အလုပ်မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို ခွဲဝေရန် ဖြစ်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိသော်လည်း ရှင်းလင်းသုတ်သင်ခံရမည် မဟုတ်ကြောင်း သိလိုက်ရသည့်အတွက် မဟာမိတ်ခေါင်းဆောင်များနှင့် ကျွန်းတာဝန်ခံ အများအပြားမှာ ဤနေရာတွင်သာ ကျန်ရစ်ခဲ့ချင်ကြသည်။
အကယ်၍ သူတို့၏ လက်အောက်ငယ်သားများ အားလုံးက စာချုပ်အောက်မှာ ရှိနေသည်ဆိုလျှင်တော့ ကိုင်တွယ်ရလွယ်ကူသည်။ လက်အောက်ငယ်သားများကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များ ယူခိုင်းပြီး သူတို့ကိုယ်တိုင်ကတော့ ငြင်းပယ်လိုက်ရုံသာ ဖြစ်သည်။
သို့သော်လည်း လူအများစုမှာ စာချုပ်အောက်တွင် ရှိမနေကြပေ။ ထို့ကြောင့် ထိုလူများသည် ဤအချိန်တွင် ပုန်းအောင်းနေကြခြင်း သို့မဟုတ် ယီရန်ပင်း အပန်းဖြေစခန်းသို့ သွားကာ မပြန်ဘဲ ဇွတ်ပေနေကြတော့သည်။
ယီရန်ပင်းမဟာမိတ်အဖွဲ့အတွင်း၌ မည်သူမျှ အင်အားသုံး၍ မလုပ်ဆောင်ရဲကြပေ။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ခွဲဝေမှုအပြင် အုတ်မြစ်ကျောက်များ ခွဲဝေမှုလည်း ရှိနေသေးသည်။ နောက်တစ်ဆင့်သို့ ဝင်ရောက်မည့် မဟာမိတ်အဖွဲ့အတွင်းမှ အသက်ရှင်ကျန်ရစ်သူ အားလုံးက အုတ်မြစ်ကျောက်များ ပိုမိုရရှိလိုကြသည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ကြေညာချက်တွင်လည်း ထိုအရာများသည် အလွန်အရေးကြီးသော အရင်းအမြစ်များ ဖြစ်ကြောင်း ပြောထားခဲ့ပြီးပြီ ဖြစ်ပေသည်။
ထိုအရာများကို မည်သို့ မျှမျှတတ ခွဲဝေကြမည်နည်း ဆိုသည်မှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့ပြီး အချို့မဟာမိတ်အဖွဲ့များ၏ ခွဲဝေပုံစံများကြောင့် အကြီးအကျယ် ခလောက်ဆန် ရန်ဖြစ်ပွားသည့်အထိပင် ဖြစ်ခဲ့ရသည်။
ရှောင်းယီကမူ ယီရန်ပင်းမဟာမိတ်အဖွဲ့အတွက် ခွဲဝေမည့်နည်းလမ်းကို ဆုံးဖြတ်ပြီးသား ဖြစ်သည်။ ကျွန်းခွဲ အားလုံးတွင် ရှိသမျှ အုတ်မြစ်ကျောက်များကို ပြန်လည်သိမ်းဆည်းမည်ဖြစ်ပြီး ဂိုဒေါင်ထဲတွင် ရှိနေသည့် အုတ်မြစ်ကျောက်များနှင့် ပေါင်းစပ်ကာ လူတိုင်းကို ညီတူညီမျှ ခွဲဝေပေးမည် ဖြစ်သည်။ ၎င်းကို သူတို့အတွက် နောက်ဆုံးပေးအပ်သည့် အကျိုးခံစားခွင့်ဟု မှတ်ယူနိုင်ပါသည်။
အသက်ရှင်ကျန်ရစ်သူများထဲမှ မည်သူမျှ ထိုခွဲဝေမှုပုံစံကို ကန့်ကွက်ခြင်း မရှိကြပေ။
အကြိမ်ကြိမ် ချဲ့ထွင်ခဲ့ပြီးနောက် ကျွန်းခွဲ ရှစ်ခုစလုံး၏ စုစုပေါင်းဧရိယာမှာ စတုရန်းကီလိုမီတာ တစ်ရာအထိ ရှိနေပြီဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။ ကျွန်းခွဲတစ်ခုစီမှ ပြန်သိမ်းဆည်းရရှိသော အုတ်မြစ်ကျောက် အရေအတွက်မှာ သန်းတစ်ရာ ရှိသဖြင့် ကျွန်းခွဲရှစ်ခုဆိုလျှင် သန်းရှစ်ရာ ရရှိမည်ဖြစ်သည်။ လက်ရှိရှိနေသော ပစ္စည်းစာရင်းနှင့်ပါ ပေါင်းစပ်လိုက်လျှင် အုတ်မြစ်ကျောက် ၁ ဘီလီယံခန့်အထိ စုဆောင်းမိနိုင်သည်။
အုတ်မြစ်ကျောက် ၁ ဘီလီယံကို နောက်တစ်ဆင့်သို့ ဝင်ရောက်မည့် အသက်ရှင်ကျန်ရစ်သူ ၇၆၅ ဦးဖြင့် ခွဲဝေလိုက်သောအခါ တစ်ဦးလျှင် ၁.၃ သန်းကျော်စီ ရရှိကြမည် ဖြစ်သည်။
ဤပမာဏမှာ အတော်လေး များပြားလှပေသည်။
ရှောင်းယီမှာမူ ယီရန်ပင်းမဟာမိတ်အဖွဲ့မှ နောက်တစ်ဆင့်သို့ တက်လှမ်းမည့် ၇၆၆ ယောက်မြောက် အသက်ရှင်ကျန်ရစ်သူ ဖြစ်သော်လည်း သူ၏လက်ထဲတွင်မူ အုတ်မြစ်ကျောက်တစ်ခုမှ ရှိမနေပေ။
ကျန်းယွင်ထျန်းနှင့် သူ့ဇနီးတို့ အစောနက ဆွေးနွေးခဲ့ကြသည့် အခြေအနေမျိုးကို အခြားလူများလည်း တွေးမိကြပြီး ယီရန်ပင်းမဟာမိတ်အဖွဲ့ အသက်ရှင်ကျန်ရစ်သူများ ဂရုထဲတွင် ဝိုင်းဝန်းဆွေးနွေးလာကြသည်။
“ငါတို့လက်ထဲမှာ အုတ်မြစ်ကျောက်တွေ ဒီလောက်အများကြီး ရှိနေတာပဲ။ နောက်တစ်ဆင့်ကို ရောက်တာနဲ့ ကျွန်းပိုင်ရှင်ဆီ တိုက်ရိုက် လွှဲပေးလိုက်ရင် မရဘူးလား။”
“ဒါ အကြံကောင်းပဲ။ ဒါပေမဲ့ ကမ္ဘာ့စည်းမျဉ်းတွေက ငါတို့ကို ကန့်သတ်ချက်တွေ လုပ်ထားမှာပဲ စိုးရိမ်မိတယ်။”
“ဘယ်လိုပဲဖြစ်ဖြစ် စမ်းကြည့်ရမှာပေါ့။ ငါတို့ဆီမှာ အုတ်မြစ်ကျောက်တွေ ဒီလောက်တောင် များနေတာပဲ။ ကျွန်းပိုင်ရှင်ကို ကူညီဖို့အတွက် တစ်စိတ်တစ်ပိုင်း ဖယ်ထားပေးတာက မှန်ကန်တဲ့ လုပ်ရပ်ပဲလေ။”
“ဒါဆိုရင်တော့ နောက်တစ်ဆင့် ရောက်သွားလည်း ငါသုံးမယ့် အိုင်ဒီက ဒီအိုင်ဒီနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်။”
“ငါ့အိုင်ဒီလည်း ပြောင်းမှာမဟုတ်ဘူး။ လူတိုင်း တစ်ယောက်နဲ့တစ်ယောက် အိုင်ဒီတွေကို မှတ်ထားကြပါဦး။ ဒါမှ အချိန်တန်ရင် ချက်ချင်း ဆက်သွယ်လို့ရမှာ။”
“ငါကတော့ မင်းတို့အားလုံးရဲ့ အိုင်ဒီတွေကို အလွတ်ရနေပြီသားပါ။”
လီယန်က ဗီလာ၏ ဒုတိယထပ်သို့ တက်လာပြီး တံခါးကို ခေါက်လိုက်သည်။
“ကျွန်းပိုင်ရှင်... အောက်ဆင်းပြီး ထမင်းစားရအောင်။”
“ဟုတ်ကဲ့။”
ရှောင်းယီက အန်းရန်ကို တွဲပေးရင်း အပေါ်ထပ်မှ ဆင်းလာခဲ့သည်။
စားပွဲပေါ်တွင် ဟင်းလျာများကို အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည်။ အနည်းဆုံးတော့ ယခုတစ်ကြိမ်တွင် မိမိတို့ နောက်ထပ်တစ်နာရီအတွင်း ကူးပြောင်းခံရတော့မည်ကို ကြိုတင်သိထားကြသည့်အတွက် ယခင်ကမ္ဘာမှ ကူးပြောင်းခံရစဉ်ကထက် များစွာ ပိုကောင်းမွန်ပေသည်။
ထိုစဉ်တုန်းကတော့ ဘာပြင်ဆင်မှုမှ မရှိခဲ့ပေ။ အလင်းဖြူတစ်ချက် လက်သွားပြီးနောက် အိမ်သာတစ်ခန်း အရွယ်အစားခန့်သာ ရှိသော ကျွန်းငယ်လေးတစ်ကျွန်းပေါ်သို့ ချက်ချင်း ရောက်ရှိသွားခဲ့ရခြင်း ဖြစ်သည်။
ထွက်ခွာရန် ပြင်ဆင်နေကြသည့် ရှောင်းယီနှင့် အခြားသူများသည် မြိန်ရေရှက်ရေ စားသောက်နေကြသော်လည်း ကျန်ခဲ့ရမည့်သူများ၏ စိတ်အခြေအနေမှာမူ အနည်းငယ် ညှိုးငယ်နေကြသည်။
“မင်းတို့တွေ ဘာဖြစ်နေကြတာလဲ။ ဒါက သေဒဏ်ကျခါနီး နောက်ဆုံးစားရတဲ့ ထမင်းမှ မဟုတ်တာ။ နောက်တစ်ဆင့်ရဲ့ အစောပိုင်းကာလမှာ အစားအစာအတွက် စိုးရိမ်စရာမလိုအောင် ဗိုက်ဝဝ ဖြည့်ထားချင်ရုံပါပဲ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ဒါပေမဲ့ နင့်ဆီမှာ အုတ်မြစ်ကျောက် တစ်ခုမှ မရှိဘူးလေ။”
အန်းရန်က မျက်ရည်များ ဝဲလျက် ပြောလာခဲ့သည်။
ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၏ စိတ်ခံစားချက်မှာ အမှန်တကယ်ပင် အတက်အကျ အနည်းငယ် မြန်လှသည်။ ရှောင်းယီက အလျင်အမြန် နှစ်သိမ့်ပေးလိုက်၏။
“ကိုယ့်အတွက် အဲ့ဒီအုတ်မြစ်ကျောက်တွေ လိုအပ်မယ်လို့ မင်းထင်လို့လား။ ကိုယ့်အတွက်တော့ အဲ့ဒီအရာတွေက ဝန်ထုပ်ဝန်ပိုးတစ်ခု သက်သက်ပဲ။”
“ဟုတ်တယ်။ နောက်တစ်ဆင့်ကို ရောက်ပြီး အလွန်ဆုံး သုံးရက်အတွင်းမှာတင် ကျွန်းပိုင်ရှင်က တခြားလူတွေထက် ပိုပြီး အုတ်မြစ်ကျောက်တွေ အများကြီး ရလာလိမ့်မယ်လို့ ကျုပ် ရဲရဲကြီး အာမခံရဲတယ်။”
ဒူခန်းက ဝင်ရောက် ထောက်ခံလိုက်သည်။
“မင်းကတော့ အမြင်ရှိသားပဲ။”
ရှောင်းယီက လက်မထောင်ပြရင်း ပြောလိုက်သည်။
ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးလည်း တဟားဟား ရယ်မောမိကြတော့သည်။
နောက်တစ်ဆင့်သို့ ဝင်ရောက်ရန် ပြင်ဆင်နေကြသည့် ယီရန်ပင်းမဟာမိတ်အဖွဲ့မှ အခြားအသက်ရှင်ကျန်ရစ်သူများသည်လည်း စားသောက်နေကြသည်။ ရှောင်းယီက အပန်းဖြေစခန်း ဟိုတယ်တွင် သူတို့အတွက် ဝိုင်းပေါင်း ရှစ်ဆယ်ခန့် ပြင်ဆင်ပေးထားခဲ့ခြင်း ဖြစ်သည်။
“ငါ ပိုပြီး စားထားမှ ဖြစ်မယ်။ ဒီကမ္ဘာကို ပထမဆုံး အပို့ခံရတုန်းက ပထမ နှစ်ရက်မှာ ငါ ငတ်လုနီးပါး ဖြစ်ခဲ့တာ။”
“ဟုတ်တယ်။ ငါဆို ကူးပြောင်းခံရတုန်းက မနက်စာတောင် မစားရသေးဘူး။ ကံကောင်းပြီး ပထမဆုံး ထောက်ပံ့ရေးသေတ္တာထဲမှာ အစားအစာ ပါလာလို့ပေါ့။ မဟုတ်ရင် ဗိုက်ဆာလွန်းလို့ ရူးသွားမှာ သေချာတယ်။”
“ဒါဆိုရင်တော့ မင်းက တကယ် ကံကောင်းတာပဲ။ ငါဆို ငါ့ရဲ့ ပထမဆုံး ထောက်ပံ့ရေးသေတ္တာကို ရဖို့ ငါးရက်တိတိ စောင့်ခဲ့ရတာ။”
“ငါးရက်တိတိ ဟုတ်လား။ ဒါဆို မင်း ဘယ်လို အသက်ရှင်ခဲ့တာလဲ။ ငါဆို ကူးပြောင်းမခံရခင်ကတင် ဘူဖေးတစ်နပ် အဝစားထားလို့ တော်သေးတယ်။”
“ထင်တဲ့အတိုင်းပဲ။ ဗိုက်ပြည့်နေမှ အချိန်အတော်ကြာအောင် တောင့်ခံထားနိုင်မှာ။ ဒီနေ့တော့ ငါ သေချာပေါက် ဗိုက်ကားပြီး လမ်းလျှောက်ရခက်တဲ့အထိ အဝစားပြီးမှ အပို့ခံမယ်ကွ။”