အခန်း (၁၂၇၇-၁၂၇၈)
Vol. 111 Ch. 1277-1278
အခန်း ၁၂၇၇
လူတိုင်း မြိန်ရေရှက်ရေ စားသောက်နေကြစဉ်မှာပင် အချိန်သည် မနက် ၀၀:၅၉ နာရီသို့ တရွေ့ရွေ့ နီးကပ်လာခဲ့သည်။
“ဒီနေရာကြီးကို အဖေတို့ကိုပဲ လွှဲအပ်ခဲ့တော့မယ်။”
ရှောင်းယီက အန်းယွဲ့နှင့် အခြားသူများကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ သတိထားသွားပါ။ မင်းပြန်လာမှာကို ငါတို့ စောင့်နေမယ်။”
အန်းယွဲ့က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
မနက် တစ်နာရီတိတိ အချိန်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိထားသော အသက်ရှင်ကျန်ရစ်သူ အားလုံးသည် တစ်ခဏချင်းအတွင်းမှာပင် စူးရှတောက်ပသော အဖြူရောင်အလင်းတန်းကြီးတစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး နောက်တစ်စက္ကန့်တွင် လူတိုင်း၏မျက်စိရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားကြတော့သည်။
“သူတို့အားလုံး ပြန်လာကြမှာ မဟုတ်လားဟင်။”
အန်းရန်က မသေချာဟန်ဖြင့် စိုးရိမ်တကြီး မေးလိုက်သည်။ လီယန်က သူမကို ညင်သာစွာ ပွေ့ဖက်လိုက်၏။
“သူတို့ သေချာပေါက် ပြန်လာမှာပါ။”
ရှောင်းယီသည် မိမိကိုယ်ကိုယ် လေထဲတွင် မျောလွင့်နေသကဲ့သို့ ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်အတိကျနေပြီး မိမိ၏ နှလုံးခုန်သံကိုသာ ပြန်ကြားရလောက်အောင် တိတ်ဆိတ်လွန်းနေခဲ့သည်။
“ဒါ... ဘယ်နေရာလဲ။”
ရှောင်းယီသည် ဘေးပတ်ဝန်းကျင်ကို စမ်းတဝါးဝါးဖြင့် အနည်းဆုံး အမှီသဟဲပြုစရာ တစ်ခုခုကို လှမ်းကိုင်ရန် ကြိုးစားလိုက်သည်။
သူ ရှေ့သို့ တုန်တုန်ချည့်ချည့်ဖြင့် စမ်းကြည့်လိုက်ရာ ရုတ်တရက် အေးစက်စက် နံရံတစ်ခုကို ထိမိသွားခဲ့သည်။ ၎င်းမှာ သတ္တုနံရံတစ်ခုလိုပင်။
“ဘာတွေဖြစ်နေတာလဲ။”
ယခင်ကမ္ဘာသို့ သူပထမဆုံး ရောက်ရှိခဲ့စဉ်ကအတိုင်းပင် ရှောင်းယီ လုံးဝ ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။
သို့သော် ပြီးခဲ့သည့်အကြိမ်တုန်းက အနည်းဆုံးတော့ အလင်းရောင် ရှိသေးသည်။ ယခုတစ်ကြိမ်တွင်မူ ဘာတစ်ခုမှ မမြင်ရသဖြင့် သူ့ကို ပို၍ပင် မျက်စိလည် စတေဝါးဝါး ဖြစ်စေခဲ့လေသည်။
ရှောင်းယီသည် ညဘက်တွင် မှောင်မည်းနေသော အခန်းတစ်ခုထဲသို့ ရောက်သွားပြီး မီးခလုတ်ကို လိုက်ရှာနေသကဲ့သို့ အဆက်မပြတ် လိုက်လံစမ်းသပ်နေခဲ့သည်။
ရုတ်တရက် အရာဝတ္ထုတစ်ခုကို ထိမိသွားခဲ့ပြီး ရှောင်းယီသည် ၎င်းမှာ သူ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဤကျောက်တိုင်ကြီးနှင့် အချိန်အတော်ကြာ အတူရှိခဲ့ဖူးသဖြင့် သူ အလွန် ရင်းနှီးနေပြီ ဖြစ်သည်။
ရှောင်းယီသည် မိမိ၏ အာရုံခံစားမှုအတိုင်း ရှေ့မျက်နှာပြင်ကို စမ်းကြည့်ပြီး စိတ်ထဲမှ “ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မျက်နှာပြင်က လင်းလာသင့်တယ် မဟုတ်လား” ဟု တွေးလိုက်မိ၏။
သို့သော် ပတ်ဝန်းကျင်မှာ မှောင်အတိကျနေဆဲပင်။ ရှောင်းယီတစ်ယောက် ကူကယ်ရာမဲ့သွားခဲ့၏။
“ငါ ကျောက်တိုင်ရဲ့ ကျောဘက်ကို သွားစမ်းမိနေတာလား။ ရှက်စရာပဲ။”
ထို့ကြောင့် ရှောင်းယီသည် တစ်ဖက်သို့ လှည့်ကာ လက်ဖြင့် ပြန်စမ်းလိုက်သောအခါမှ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ မျက်နှာပြင်မှာ နောက်ဆုံးတွင် လင်းလာခဲ့တော့သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မျက်နှာပြင်မှ ထွက်ပေါ်လာသော မှိန်ပျပျ အလင်းရောင်ကြောင့် ရှောင်းယီသည် သူ၏ လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရ၏။
သူသည် သတ္တုအခန်းငယ် တစ်ခုအတွင်း ရောက်ရှိနေခြင်း ဖြစ်သည်။ ကိုယ်အလေးချိန်မဲ့ စကြာဝဠာဆွဲအားကင်းမဲ့သည့် ခံစားချက်ကြောင့် ရှောင်းယီ ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။
သူတို့ အာကာသထဲကို ရောက်နေကြပြီ။
ဒါက ပြင်ပအာကာသစကြာဝဠာကြီးထဲမှာပဲ။
“ဒါဆို... နောက်တစ်ဆင့်က အာကာသထဲမှာ ရှင်သန်ရမယ့် စိန်ခေါ်မှုပေါ့။”
ရှောင်းယီ စိတ်ထဲမှ တွေးလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ကျန်းယွင်ထျန်း၏ အိုင်ဒီကို စတင်ရှာဖွေလိုက်သည်။
[ စိတ်မကောင်းပါဘူး။ တစ်ဖက်လူဟာ ဤဂလက်ဆီအတွင်းတွင် ရှိမနေပါ။ ]
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အချက်ပေးစာကို မြင်လိုက်ရသောအခါ ရှောင်းယီက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။ သူတို့ တကယ်ပဲ လူစုကွဲသွားခဲ့ကြပြီ ဖြစ်သည်။
“ဒါက လက်မည်းကြီးရဲ့ လက်ချက်များလား။”
ရှောင်းယီက တိုးတိုးရေရွတ်ရင်း သူ၏ လက်ရှိအခြေအနေကို စစ်ဆေးရန် ပြင်လိုက်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ဖော်ပြချက်အရ သူသည် ယခုအခါ အခြေခံပစ္စည်းကိရိယာအချို့သာပါဝင်သည့် အရေးပေါ်ကယ်ဆယ်ရေးယာဉ်ငယ် တစ်ခုအတွင်း ရောက်ရှိနေခြင်း ဖြစ်သည်။
သို့သော်လည်း လျှပ်စစ်ဓာတ်အား လုံးဝမရှိသဖြင့် မည်သည့်စက်ပစ္စည်းကိရိယာမျှ အလုပ်မလုပ်နိုင်ချေ။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် လျှပ်စစ်ဓာတ်အား သုည ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွား၏။
ပထမအဆင့်၏ ရက်ပေါင်း ၁၂၀ မြောက်နေ့တွင် သူ လက်မှတ်ထိုးဝင်ခဲ့စဉ်က ဆုလာဘ်အဖြစ် ဆိုလာပြားတစ်ခုကို ရရှိခဲ့ပြီး ထိုစဉ်က ၎င်းမှာ နှစ်ဆအခြေအနေ အစွမ်းအောက်တွင် ရှိနေခဲ့သည်။
ထိုစဉ်တုန်းကတော့ ထိုပစ္စည်းသည် လုံးဝ အသုံးမဝင်ဘဲ နှစ်ဆတိုးအစွမ်းကို ဖြုန်းတီးပစ်သလို ဖြစ်နေသည်ဟု သူ ထင်ခဲ့သဖြင့် အတော်လေး ဆွံ့အခဲ့ရသည်။
ယီရန်ပင်းမဟာမိတ်အဖွဲ့တွင် နျူကလီးယားဓာတ်အားပေးစက်ရုံများပင် ရှိနေပြီဖြစ်ရာ ဆိုလာပြားများကို လုံးဝ အသုံးပြုရန်မလိုခဲ့ပေ။
ထို့ကြောင့် ရှောင်းယီသည် ထိုစဉ်က ၎င်းကို စနစ်သိုလှောင်ခန်းထဲမှ ထုတ်မယူခဲ့မိဘဲ ယခုမှသာ စနစ်၏ နက်ရှိုင်းလှသော ရည်ရွယ်ချက်ကို သဘောပေါက်သွားတော့သည်။
ထိုစဉ်က ရှောင်ယီအနေဖြင့် ထိုဆိုလာပြားကို စနစ်ထဲမှ ထုတ်မယူခဲ့မိခြင်းမှာ တကယ်ပင် ကံကောင်းသွားခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက သူ ဤအဆင့်သို့ သေချာပေါက် ယူဆောင်လာနိုင်မည် မဟုတ်ပေ။
ရှောင်းယီသည် ယခင် စနစ်မှ ရရှိထားသော အခြားပစ္စည်းများကို စနစ်သိုလှောင်ခန်းထဲသို့ ပြန်ထည့်ကာ ဤအဆင့်သို့ ယူဆောင်လာရန် စမ်းသပ်ကြည့်ခဲ့ဖူးသော်လည်း လုံးဝ အသုံးမဝင်ခဲ့ဘဲ ပြန်ထည့်၍ မရခဲ့ချေ။
ရှောင်းယီသည် စနစ်သိုလှောင်ခန်းထဲမှ ဆိုလာပြား နှစ်ချပ်ကို ချက်ချင်းထုတ်ယူကာ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ငယ်၏ မှန်ပြတင်းပေါက်ဘေးတွင် သွားရောက် တပ်ဆင်လိုက်သည်။
အလင်းရောင်ရှိနေသရွေ့ ဤ SSS အဆင့် ဆိုလာပြားများက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။
ယခုအခါ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိကျနေပြီး ဤအရေးပေါ်ကယ်ဆယ်ရေးယာဉ်ငယ်မှာ မည်သည့်နေရာသို့ မျောလွင့်သွားမည်ကို ရှောင်းယီ မသိသေးပေ။ သူ စောင့်ဆိုင်းနေရုံသာ တတ်နိုင်တော့သည်။
သူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ရာ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ငယ်အတွင်းရှိ အောက်ဆီဂျင် ပမာဏမှာ ၈၀ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း ပြသနေ၏။
အကယ်၍ အောက်ဆီဂျင် မလုံလောက်တော့ပါက သူ အသက်ရှူကျပ်ပြီး သေဆုံးသွားနိုင်ပေသည်။
၎င်းကို တွေးမိသောအခါ ရှောင်းယီသည် သူ၏ စနစ်သိုလှောင်ခန်းထဲတွင် ထုတ်မသုံးရသေးဘဲ ကျန်ရှိနေသေးသည့် ပစ္စည်းတစ်ခု ရှိနေသေးကြောင်း သတိရသွားခဲ့သည်။
၎င်းမှာ လေထုသန့်စင် မျှခြေထိန်းညှိကိရိယာဖြစ်သည်။
ထိုစဉ်တုန်းက မသေမျိုးမျိုးနွယ်စုကို ကိုင်တွယ်စဉ်က တစ်ခုသာ ထုတ်ယူအသုံးပြုခဲ့ပြီး စနစ်သိုလှောင်ခန်းထဲတွင် တစ်ခု ကျန်နေသေးခြင်း ဖြစ်သည်။
ယခုအချိန်သည် ထိုအရာကို အသုံးပြုရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။
“စနစ်ရဲ့ မြော်မြင်ကြီးမှုကိုတော့ တကယ် ချီးကျူးရမယ်။”
ရှောင်းယီက စနစ်ကို မမြှောက်ပင့်ဘဲ မနေနိုင်တော့ပေ။
သူသည် လေထုသန့်စင်မျှခြေထိန်းညှိကိရိယာကို ဘေးတစ်ဖက်တွင် တပ်ဆင်လိုက်ပြီးနောက် ယနေ့အတွက် လက်မှတ်ထိုးမဝင်ရသေးကြောင်း သတိရသွားခဲ့သည်။
“စနစ်... လက်မှတ်ထိုးဝင်မယ်။”
[ လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - အာကာသချိတ်ကြိုး (SSS အဆင့်) ၁ ]။
“ထင်တဲ့အတိုင်းပဲ။ ဒီလိုပစ္စည်းမျိုးပဲ။ ဟိုအထီးကျန်ကျွန်းပေါ်မှာတုန်းက အခြေအနေနဲ့ အတူတူပဲ။”
ရှောင်းယီ ခေါင်းညိတ်လိုက်မိသည်။
ချိတ်ကြိုး ရှိမှသာ အနီးအနားရှိ ထောက်ပံ့ရေးသေတ္တာများကို ဆွဲယူနိုင်မည် ဖြစ်သည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ယခင်က ထောက်ပံ့ရေးသေတ္တာ အလွန်ရှားပါးလိမ့်မည်ဟု အချက်ပြထားသော်လည်း ရှားပါးသည်ဆိုခြင်းမှာ လုံးဝမရှိခြင်းကို မဆိုလိုပေ။ သေချာပေါက် ရှိနေဦးမည်ဖြစ်ရာ ဤအာကာသချိတ်ကြိုးမှာ အလွန်အရေးကြီးလှသည်။
[ အာကာသချိတ်ကြိုး (SSS အဆင့်) - အလွန်ထူးခြားသော ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး ပွတ်တိုက်ပျက်စီးမှုကို လုံးဝခံနိုင်ရည်ရှိသည်။ ပစ္စည်းများကို ဖမ်းယူဆွဲငင်ရာတွင် အောင်မြင်မှုနှုန်း ၁၀၀ ရာခိုင်နှုန်း ရှိသည်။]
ထိုဖော်ပြချက်ကို မြင်သောအခါ ရှောင်းယီ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။ ဤမျှ အောင်မြင်မှုနှုန်း ရှိနေလျှင် မျက်စိဖြင့် မြင်ရသမျှ ထောက်ပံ့ရေးပစ္စည်းမှန်သမျှကို ဆွဲယူနိုင်မည် ဖြစ်သည်။
ရှောင်းယီသည် ခန္ဓာကိုယ်ကို ဘေးနားရှိ ပြတင်းပေါက်ဆီသို့ ချက်ချင်းတွန်းရွှေ့ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး ဆွဲယူနိုင်မည့် ထောက်ပံ့ရေးပစ္စည်းအချို့ကို ရှာဖွေရန် ကြိုးစားလိုက်သည်။
သို့သော် ပြင်ပတွင် မှောင်မည်းနေပြီး မှိတ်တုတ်မှိတ်တုတ် လင်းနေသော ကြယ်ရောင်အချို့သာ ရှိနေ၏။
ရှောင်းယီ ခေါင်းခါလိုက်မိပြီး မတတ်သာတော့ဘဲ သူ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့သာ ပြန်ကြည့်လိုက်တော့သည်။
ဤအချိန်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အများသုံးချန်နယ်တွင် တစ်စုံတစ်ယောက်က စတင် စကားပြောလာခဲ့ပြီ ဖြစ်သည်။
“တစ်ယောက်ယောက် ရှိကြလား။ ကျွန်တော် နောက်ဆုံးတော့ ကျွန်တော့်ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စမ်းမိပြီး မျက်နှာပြင်ကို ဖွင့်နိုင်ခဲ့ပြီ။”
“ဟုတ်တယ်။ ငါလည်း ခုတင်တင်ပဲ ဖွင့်နိုင်ခဲ့တာ။ အပြင်မှာ အရမ်းမှောင်တာပဲ။”
“ငါတို့ အာကာသထဲ ရောက်နေတာကိုတော့ သေချာပေါက် အတည်ပြုနိုင်ပြီ။ ငါတို့ အာကာသထဲမှာ ရှင်သန်ရတော့မယ်။”
“အမှန်ပဲ။ ဒီလို ကိုယ်အလေးချိန်မဲ့ မျောလွင့်နေရတဲ့ ခံစားချက်ကြီးကို တကယ်ကို အသားမကျသေးဘူး။”
ရှောင်ယီသည် အများသုံးချန်နယ်ရှိ စကားပြောများကို ကြည့်ရင်း မျက်မှောင်ကြုတ်သွား၏။ အဘယ်ကြောင့်ဆိုသော် ထိုလူများသည် ထူးဆန်းသော စာလုံးအမျိုးမျိုးကို အသုံးပြုနေကြပြီး တရုတ်စာလုံးများ လုံးဝမဟုတ်ကြသောကြောင့်ပင်။ ဆိုလိုသည်မှာ သူတို့အားလုံး တရုတ်နိုင်ငံမှ မဟုတ်ကြပေ။
သို့သော် ရှောင်းယီအနေဖြင့် သူတို့ရိုက်ထားသော စာသားများကို နားလည်နိုင်ခြင်းမှာ တယ်လီပသီ စွမ်းရည်ကြောင့် မဟုတ်ဘဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ၎င်းတို့ကို လုံးဝ ဘာသာပြန်ပေးထားခြင်းကြောင့် ဖြစ်သည်။
“လူတိုင်းက ဘယ်ကမ္ဘာ၊ ဘယ်နေရာတွေကလဲဗျ။”
“ငါက ဟာဘုဂြိုဟ်က။”
“ငါက မာကီလန်ဂြိုဟ်က။”
“ငါကတော့...”
...
လူတိုင်းက သူ လုံးဝ မသိသော ဂလက်ဆီများအကြောင်း ပြောနေကြသည်ကို မြင်သောအခါ ရှောင်းယီ ခေါင်းခါလိုက်ပြီး ဝင်ရောက်မဆွေးနွေးတော့ပေ။
မခွဲခြားနိုင်သော မည်သည့်ဂလက်ဆီကပဲ လာလာ ဤနေရာတွင်တော့ အားလုံးတွင် မည်သူမဆို တူညီသော အဆင့်အတန်းတစ်ခုသာ ရှိသည်။ ၎င်းမှာ အသက်ရှင်ကျန်ရစ်သူပင်။
“ဒုက္ခပဲ။ ငါ့ယာဉ်ထဲက အောက်ဆီဂျင် ကုန်တော့မယ်။ တစ်ယောက်ယောက် ငါ့ကို နည်းနည်းလောက် လဲလှယ်ပေးနိုင်မလား။”
တစ်စုံတစ်ယောက်က ရုတ်တရက် အကူအညီတောင်းလာခဲ့သည်။
“မဖြစ်နိုင်ဘူး။ လူတိုင်းက အောက်ဆီဂျင် ၈၀ ရာခိုင်နှုန်းနဲ့ စရတာပဲလေ။ ဒီလောက်အမြန်ကြီး ကုန်သွားစရာ အကြောင်းမရှိဘူး။”
“သူ လိမ်နေတာပဲ ဖြစ်ရမယ်။ ဘယ်သူမှ သူ့ကို ဂရုမစိုက်နဲ့။”
“ငါ့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်က တကယ်ကြီး လေလုံမှုမရှိဘဲ ယိုစိမ့်နေလို့ပါ။ တကယ်ပါ...ကျေးဇူးပြုပြီး ဆရာကြီးတို့ ကယ်ကြပါဦး။”
ဤအဆင့်အထိ အသက်ရှင်ကျန်ရစ်အောင် စွမ်းဆောင်နိုင်ခဲ့သော သက်ရှိများမှာ အလွယ်တကူ လှည့်စား၍ မရကြပေ။
သူ၏ အကူအညီတောင်းခံမှုကို မည်သူမျှ အရေးမလုပ်ကြဘဲ အခြားကိစ္စရပ်များကိုသာ ဆက်လက်ဆွေးနွေးကြသည်။
“ငါ ထောက်ပံ့ရေးသေတ္တာတစ်ခု တွေ့ပြီဟေ့။ တကယ် အမိုက်စားပဲ။”
အခန်း ၁၂၇၈
တစ်စုံတစ်ယောက်က အမှန်တကယ်ပင် ထောက်ပံ့ရေးသေတ္တာ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်းက ရှောင်းယီကို များစွာ အံ့အားသင့်သွားစေခဲ့သည်။ အနည်းဆုံးတော့ သူရှိနေသည့် ပတ်ဝန်းကျင်အရ အနီးနားတစ်ဝိုက်ကို မြင်နိုင်ရန်ပင် မဖြစ်နိုင်လောက်နီးပါး ဖြစ်နေ၍ ဖြစ်သည်။
“သူတို့က တကယ်ပဲ အဲ့လောက်တောင် ကံကောင်းတာလား။ ငါကျ ဘာတစ်ခုမှ မမြင်ရသလို ခံစားနေရတာ။”
“ဟုတ်တယ်။ ဒါက နောက်ထပ် လူလိမ်တစ်ယောက် ဖြစ်နေပြန်ပြီလား။”
“သေစမ်း... မင်းတို့ကို လိမ်လို့ ငါက ဘာရမှာလဲ။ အခုအချိန်မှာ မင်းတို့ဆီမှာ ငါလိမ်ယူဖို့ တန်ဖိုးရှိတာ ဘာများ ရှိလို့လဲ...ကောင်စုတ်ရဲ။”
“ဟမ့်... ငါက ငါတို့ကမ္ဘာမှာ အထူးချွန်ဆုံး အသက်ရှင်ကျန်ရစ်သူပဲ။ အခု ငါ့လက်ထဲမှာ အုတ်မြစ်ကျောက်သန်းချီ ရှိနေတာ။ မင်းရဲ့ အိုင်ဒီကို ငါမှတ်ထားလိုက်ပြီ။ နောက်နောင် တွေ့ခဲ့ရင် ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်။”
“မင်းက ငါ့ကို အသက်ရှင်ကျန်ရစ်သူ အသစ်အဆန်းလေးလို့ တကယ် ထင်နေတာလား။ ငါ့အိုင်ဒီကို သိလို့ရော မင်းဘာလုပ်နိုင်မှာလဲ။ လက်တွေ့မှာ ငါက မင်းရဲ့ဘေးကနေ မျောသွားရင်တောင် မင်း ငါ့ကို မှတ်မိချင်မှ မှတ်မိမှာကွ။”
“စိတ်မပူပါနဲ့။ ငါ မင်းကို သေချာပေါက် ရှာဖွေတွေ့ရှိနိုင်မှာပါ။”
“အပေါ်က ဆရာကြီး... နောက်လိုက် လိုသေးလား။ ကျွန်တော် ဆရာကြီးရဲ့ နောက်လိုက်အဖြစ် ခစားချင်ပါတယ်။”
“ဒါက မင်းဆီမှာ အုတ်မြစ်ကျောက် ဘယ်လောက်ရှိလဲဆိုတဲ့အပေါ် မူတည်တယ်။ မင်း စိတ်ချပါ။ ငါက မင်းရဲ့ အုတ်မြစ်ကျောက်တွေကို လိုချင်လို့ မဟုတ်ပါဘူး။ မင်းတို့ဆီက အုတ်မြစ်ကျောက် နည်းနည်းလေးက ငါ့မျက်စိထဲတောင် ဝင်တာမဟုတ်ဘူး။ ငါက မင်းတို့ပိုင်ဆိုင်တဲ့ အုတ်မြစ်ကျောက် အရေအတွက်ပေါ် မူတည်ပြီး မင်းတို့ရဲ့ အင်အားကို ဆုံးဖြတ်ချင်ရုံပဲ။”
“ဆရာကြီး... ကျွန်တော့်ဆီမှာ အုတ်မြစ်ကျောက် ငါးသောင်း ရှိပါတယ်။ ဘယ်လိုလဲဗျ။”
“နည်းနည်းတော့ နည်းတယ်။ ဒါပေမဲ့ ကြည့်ရတာ အဆင်ပြေပါတယ်။ ငါ့ရဲ့ အရင်မဟာမိတ်အဖွဲ့ အမည်က ထျန်းကျင်းမဟာမိတ်လို့ ခေါ်တယ်။ ဒီအဆင့်မှာလည်း ဒီအမည်ကိုပဲ ဆက်သုံးသွားမယ်။ မဟာမိတ်အဖွဲ့ တည်ထောင်လို့ရတဲ့ အချိန်ကျရင် မင်း ဝင်လို့ရတယ်။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ထိုလူများ စကားပြောနေကြသည်ကို မြင်သောအခါ ရှောင်းယီက နှုတ်ခမ်းကို တွန့်လိမ့်လိုက်သည်။
“အုတ်မြစ်ကျောက် သန်းချီရှိတာက အများကြီးမို့လို့လား။ ငါတို့ဆီမှာ တစ်ဦးချင်းစီကို ပျမ်းမျှ ၁.၃ သန်းစီ ရှိတယ်။ ဒါတောင် ပင်မကျွန်းက အုတ်မြစ်ကျောက်တွေကို ပြန်မသိမ်းရသေးဘူး။ တကယ်လို့ အဲ့ဒါတွေကိုပါ ပြန်သိမ်းလိုက်ရင် လူတိုင်းရဲ့ လက်ထဲက အုတ်မြစ်ကျောက် အရေအတွက်က အနည်းဆုံး နှစ်ဆလောက် တိုးသွားမှာ။”
သို့သော် နောက်တစ်ချက် ပြန်တွေးကြည့်သောအခါ မိမိကိုယ်တိုင်တွင်မူ အုတ်မြစ်ကျောက် တစ်ခုမှ ရှိမနေသဖြင့် အခြားသူများကို ဤကဲ့သို့ လှောင်ပြောင်နေခြင်းမှာ သိပ်တော့ သင့်တော်ပုံမရပေ။
ရှောင်းယီ ခေါင်းခါလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုသာ ဆက်လက် လေ့လာနေလိုက်သည်။ သူသည် ကျောက်တိုင်ကို ကုန်ထုတ်လုပ်မှု စာမျက်နှာသို့ ပြောင်းလဲကြည့်ရှုလိုက်ရာ မူလက ပုံစံကွက်များမှာ အံ့ဩစရာကောင်းလောက်အောင်ပင် ရှိနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရတော့သည်။
သို့သော်လည်း ထိုအရာအများစုမှာ ဂြိုဟ်မျက်နှာပြင်ပေါ်တွင်သာ အသုံးဝင်မည့် ပစ္စည်းများဖြစ်ပြီး လက်ရှိ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ငယ် အတွင်း၌မူ အသုံးမဝင်ပေ။
ထို့အပြင် ထိုပုံစံကွက်များအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများလည်း လက်ရှိတွင် သူ့ထံ၌ မရှိသေးပေ။ ရှိနေလျှင်ပင် ၎င်းတို့ကို ထုတ်လုပ်ခြင်းက ကုန်ကြမ်းများကို ဖြုန်းတီးပစ်သလိုသာ ဖြစ်ပေလိမ့်မည်။
ဥပမာအားဖြင့် ထိုအဝေးပစ် လက်နက်အေးများသည် တိုက်ခိုက်နိုင်စွမ်း ကန့်သတ်ချက်ရှိပြီး အရေးပေါ်ကယ်ဆယ်ရေးယာဉ်၏ သတ္တုခွံကိုပင် ဖောက်ထွင်းနိုင်မည် မဟုတ်ချေ။
လက်နက်ပြင်းများနှင့် ပတ်သက်၍မူ ၎င်းတို့ကို အရေးပေါ်ကယ်ဆယ်ရေးယာဉ်အတွင်း၌ အသုံးပြုနိုင်သော်လည်း အပြင်ဘက် အာကာသထဲတွင်မူ ယမ်းမှုန့်လောင်ကျွမ်းရန် အခြေအနေ မရှိသဖြင့် (အောက်ဆီဂျင်ဓာတ်တိုးပစ္စည်း ထပ်မံဖြည့်စွက်ရန် လိုအပ်သောကြောင့်) အသုံးပြု၍ ရနိုင်မည်မဟုတ်ပေ။
ရှောင်းယီတစ်ယောက် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ခုကို မြင်လိုက်ရသည်။ ၎င်းမှာ အမှန်တကယ်ပင် အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို ချဲ့ထွင်ရန်အတွက် ပုံစံကွက်တစ်ခု ဖြစ်နေလေသည်။
သူ ထိုပုံစံကွက်ကို နှိပ်၍ ကြည့်လိုက်၏။
[ အရေးပေါ်ကယ်ဆယ်ရေးယာဉ် ချဲ့ထွင်ခြင်း ] လိုအပ်သော ပစ္စည်းများ - ၁ စတုရန်းမီတာလျှင် အုတ်မြစ်ကျောက် ၁၊ အနက်ရောင်ရွှေ ၁။]
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ဤဖော်ပြချက်ကို မြင်လိုက်ရသောအခါမှ ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အချက်ပေးစာတွင် အဘယ်ကြောင့် အုတ်မြစ်ကျောက်များသည် ဤအဆင့်အတွက် အရေးကြီးသော အရင်းအမြစ်ဖြစ်သည်ဟု ပြောထားခဲ့ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။
ရှောင်းယီ လက်ရှိ ရောက်ရှိနေသော အရေးပေါ်ကယ်ဆယ်ရေးယာဉ်ငယ်မှာ စုစုပေါင်း ကုဗမီတာ နှစ်မီတာခန့်သာ ကျယ်ဝန်းပြီး သေတ္တာအသေးလေးတစ်ခုကဲ့သို့ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ကနဦး အရေးပေါ်ကယ်ဆယ်ရေးယာဉ်မှာ ကြီးမားမနေခဲ့သဖြင့် ရှောင်းယီအနေဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ အလျင်အမြန် လှမ်းမီနိုင်ခဲ့ခြင်း ဖြစ်သည်။
အတွင်းနံရံများရှိ အခြေခံစက်ပစ္စည်းအချို့နှင့်ပါ ပေါင်းစပ်လိုက်သောအခါ ရှောင်းယီအတွက် ယခုအချိန်တွင် ကိုယ်ကို ဟိုဘက်ဒီဘက် လှည့်ရန်သာ နေရာလုံလောက်တော့သည်။ တကယ်တော့ အခြားသူများလည်း ထို့အတူပင် ဖြစ်လိမ့်မည်။
ရှောင်းယီသည် မြေပုံစာမျက်နှာသို့ ပြန်ပြောင်းကြည့်ရှုလိုက်သည်။ ပထမအဆင့်တုန်းကကဲ့သို့ပင် သူရှိရာ အမှတ်နေရာလေးတစ်ခုသာ လင်းနေပြီး အခြားနေရာအားလုံးမှာ မြူခိုးများဖြင့် ဖုံးလွှမ်းနေဆဲပင်။
ထို့နောက် သူသည် အရောင်းအဝယ်ခန်းမသို့ ပြောင်းလဲကြည့်ရှုလိုက်ရာ တစ်စုံတစ်ယောက်က အမှန်တကယ်ပင် အရောင်းအဝယ်တစ်ခုကို တင်ထားပြီး ဖြစ်သည်ကို တွေ့လိုက်ရသည်။
[အုတ်မြစ်ကျောက် ၁၀ - အောက်ဆီဂျင် ၁ လီတာ။
မှတ်ချက် - ကျေးဇူးပြုပြီး သနားညှာတာကြပါဦး ဆရာကြီးတို့။ ကျွန်တော့်ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်က တကယ်ပဲ လေယိုစိမ့်နေလို့ပါ။]
ထိုအရောင်းအဝယ်ကို မြင်လိုက်ရသောအခါ ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သို့ဖြစ်ရာ အစောပိုင်းက ထိုလူပြောခဲ့သည့် စကားမှာ အမှန်တကယ် ဖြစ်နေ၏။
အောက်ခြေတွင်မူ တစ်စုံတစ်ယောက်က စတင်၍ မှတ်ချက် ပေးလာခဲ့ပြီ ဖြစ်သည်။
“အောက်ဆီဂျင် ၀.၅ လီတာကို အုတ်မြစ်ကျောက် ၁၀၀၀ နဲ့ လဲမယ်။ တကယ်လို့ မင်း လဲချင်တယ်ဆိုရင် ငါ မင်းနဲ့ လဲပေးလို့ရတယ်။”
“ကောင်းပြီ။ မြန်မြန် လဲကြရအောင်။ ကျွန်တော် အုတ်မြစ်ကျောက် ၂၀၀၀ ဖိုးစာ လဲမယ်။”
“စိတ်မကောင်းပါဘူး။ ငါ ၀.၅ လီတာပဲ လဲပေးနိုင်မယ်။”
“ရတယ်လေ။ ဒါဆို ငါ အရောင်းအဝယ်ကို ပြန်ပြင်လိုက်မယ်။ မင်း ယူလိုက်တော့။”
ရှောင်းယီ ခေါင်းခါလိုက်မိသည်။ မည်သို့ပင်ဖြစ်စေ အောက်ဆီဂျင် ရရှိမည့် အရင်းအမြစ် မရှိဘဲနှင့်တော့ သူသည် မိမိ၏ အောက်ဆီဂျင်ကို အလွယ်တကူ လဲလှယ်ပေးမည် မဟုတ်ချေ။
ရှောင်းယီတွင် လေထုသန့်စင် မျှခြေထိန်းညှိကိရိယာရှိနေသော်လည်း ထိုကိရိယာသည် အလုပ်လုပ်ရန် ကုန်ကြမ်းပစ္စည်းများ လိုအပ်သည်။
ဥပမာအားဖြင့် လူသားများ အဓိက လိုအပ်သည်မှာ အောက်ဆီဂျင် ဖြစ်သည်။ ဤကိရိယာသည် ရေကို လျှပ်စစ်ခွဲခြင်း အားဖြင့် အောက်ဆီဂျင်ကို ထုတ်လုပ်ပေးနိုင်ပြီး သတ်မှတ်ချက်အတိုင်း အာကာသအခန်းငယ်အတွင်းရှိ အောက်ဆီဂျင် ပမာဏကို မျှခြေဖြစ်အောင် ထိန်းညှိပေးနိုင်သည်။
ထို့ကြောင့် ရှောင်းယီအနေဖြင့် ယခုအချိန်တွင် ရေအချို့ကို ရရှိရန် လိုအပ်နေပြီ ဖြစ်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အရာအားလုံးကို အကျွမ်းတဝင်ဖြစ်အောင် လေ့လာပြီးနောက် ရှောင်းယီသည် ကျောက်တိုင်ကို တွန်းကန်ကာ ပြတင်းပေါက်တစ်ခုဆီသို့ မျောလွင့်သွားပြီး အပြင်ဘက် အခြေအနေကို ဂရုတစိုက် လေ့လာဆန်းစစ်လိုက်တော့သည်။
သူ စနစ်မှ ယခုတင် ရရှိထားသော အာကာသချိတ်ကြိုးကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် အရေးပေါ်ကယ်ဆယ်ရေးယာဉ်၏ အပြင်ဘက်တွင် တပ်ဆင်ပြီးသား ဖြစ်သည်။
မြင်ကွင်းမှာ မှုန်မှိုင်းနေသော်လည်း အရာဝတ္ထုတစ်ခုခုက အလွန်နီးကပ်စွာ ရှိနေပါက မြင်တွေ့နိုင်ဆဲ ဖြစ်သည်။
ရှောင်းယီသည် မျက်လုံးအစုံကို ပြူးကျယ်လျက် အရေးပေါ်ကယ်ဆယ်ရေးယာဉ်၏ ပြတင်းပေါက်တွင် ကပ်ကာ အပြင်ဘက်တွင် ထောက်ပံ့ရေးသေတ္တာ ရှိ၊ မရှိ ရှာဖွေနေစဉ်မှာပင်... “ဒုန်း” ခနဲ အသံကြီးနှင့်အတူ ရှောင်းယီမှာ နောက်သို့ တိုက်ရိုက် လွင့်စင်သွားတော့သည်။
ရှောင်းယီသည် အလျင်အမြန် လက်ကို ဆန့်ထုတ်ကာ အခန်းနံရံတွင် တပ်ဆင်ထားသော ကွင်းတစ်ခုကို လှမ်းဆွဲလိုက်ပြီး အားခဲကာ ရုန်းကန်ရင်း နောက်ဆုံးတွင်မှ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။
“ဘာဖြစ်တာလဲ”
ရှောင်းယီ စိတ်ထဲမှ တွေးလိုက်မိသည်။
[ ဒင်... အရေးပေါ်ကယ်ဆယ်ရေးယာဉ်သည် ဥက္ကာခဲ တစ်လုံးနှင့် တိုက်မိသွားသဖြင့် ပျက်စီးမှု ပြင်းထန်ပါသည်။ ကျေးဇူးပြု၍ အချိန်မီ ပြုပြင်ပါ။]
“ဘာကြီးလဲ။”
ရှောင်ယီ ထိတ်လန့်တကြား ရေရွတ်ရင်း နောက်သို့ လှည့်ကြည့်လိုက်၏။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မျက်နှာပြင်မှ ထွက်ပေါ်နေသော လင်းလက်စူးရှသည့် အလင်းရောင် အကူအညီဖြင့် သူ၏ အရေးပေါ်ကယ်ဆယ်ရေးယာဉ်မှာ ကျောက်တုံးပုံသဏ္ဍာန်အတိုင်း အတွင်းဘက်သို့ ချိုင့်ဝင်သွားသည်ကို တွေ့လိုက်ရသည်။
“ဒါက ငရဲအဆင့် စိန်ခေါ်မှုနဲ့ စရတာပဲ။”
ရှောင်းယီ မပြောဘဲ မနေနိုင်တော့ပေ။
သူသည် ပထမဆုံးအနေဖြင့် အုတ်မြစ်ကျောက်များကို ယူဆောင်လာနိုင်ခြင်း မရှိခဲ့သည့်အပြင် ယခု စတင်လိုက်သည်နှင့် ဥက္ကာခဲနှင့် အတိုက်ခံရခြင်း ဖြစ်သည်။
သို့သော်လည်း ကံကောင်းသည့်အချက်မှာ အရေးပေါ်ကယ်ဆယ်ရေးယာဉ် ချိုင့်ဝင်သွားသော်လည်း လေလုံမှုကိုမူ မထိခိုက်စေခဲ့ပေ။ အနည်းဆုံးတော့ လက်ရှိအချိန်တွင် လေယိုစိမ့်မည်ကို စိုးရိမ်စရာမလိုဘဲ လှုပ်ရှားသွားလာမည့် နေရာ အနည်းငယ် ကျဉ်းမြောင်းသွားရုံသာ ဖြစ်သည်။
ရှောင်းယီသည် ဥက္ကာခဲ ထိမှန်သွားသည့် နေရာသို့ မျောလွင့်သွားပြီး ဘေးဘက်ရှိ ပြတင်းပေါက်မှတစ်ဆင့် ပြင်ပအခြေအနေကို ကြည့်ရန် ကြိုးစားလိုက်သော်လည်း ဘာတစ်ခုမှ မမြင်ရချေ။
နောက်ဆုံးတွင် [ အာကာသချိတ်ကြိုးပေါ်တွင် ကင်မရာတစ်လုံး တပ်ဆင်ထားပါသည် ] ဟူသော စနစ် ၏ အချက်ပေးစာ ထွက်ပေါ်လာခဲ့သည်။
ထိုအချက်ပေးသံကို ကြားလိုက်ရသောအခါ ရှောင်းယီသည် အာကာသချိတ်ကြိုးကို ချက်ချင်း သွားရောက်ထိန်းချုပ်ပြီး ဥက္ကာခဲ ထိမှန်ခဲ့သည့် လမ်းကြောင်းအတိုင်း လှမ်းပစ်လိုက်သည်။
ယခုတစ်ကြိမ်တွင်မူ သူသည် ပစ်မှတ်ကို မသတ်မှတ်ထားဘဲ အာကာသချိတ်ကြိုးသည် အရာဝတ္ထုတစ်ခုခုနှင့် မတိုက်မိမချင်း ရှေ့သို့ ဆက်လက် ဆန့်ထွက်သွားမည် ဖြစ်သည်။
ချိတ်ကြိုးပေါ်ရှိ ကင်မရာသည် လမ်းတစ်လျှောက်ရှိ ပတ်ဝန်းကျင်တစ်ခုလုံးကို ရိုက်ကူးကာ အရေးပေါ်ကယ်ဆယ်ရေးယာဉ်အတွင်းသို့ တိုက်ရိုက် ပေးပို့လာခဲ့သည်။
“ဒါဆို... ဒီဥက္ကာခဲက ငါ့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်မှာ လာပြီး ကပ်ညှိနေတာပေါ့။”
ချိတ်ကြိုး၏ ကင်မရာမှ ပြန်လည်ပေးပို့လာသော ဗီဒီယိုပုံရိပ်ကို မြင်သောအခါ ရှောင်းယီ ချက်ချင်း သဘောပေါက်သွား၏။
[ ဥက္ကာခဲ - ကြွယ်ဝသော သတ္တုဓာတ်များနှင့် ရေဓာတ်များ ပါဝင်သည်။]
စနစ်၏ အချက်ပေးစာကို မြင်သောအခါ ရှောင်းယီ အနည်းငယ် ကြောင်အသွား၏။
“ဒါဆို... ငါ သူ့ထဲကနေ သတ္တုဓာတ်တွေနဲ့ ရေဓာတ်တွေကို ဘယ်လို ထုတ်ယူရမလဲ။”
[ ပစ္စည်းစုဆောင်းရေးကိရိယာ (collector) တစ်ခု လိုအပ်ပါသည်။]
ရှောင်းယီ အနည်းငယ် ကြောင်အသွားပြီး ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။ သူသည် ဤဥက္ကာခဲကို ဖမ်းယူနိုင်လျှင်ပင် ၎င်းကို အသုံးချရန် နည်းလမ်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် ပစ္စည်းစုဆောင်းထုတ်ယူရေးကိရိယာ မရှိသောကြောင့်ပင်။
“ဒါက အဲ့ဒီလောက်တောင် ခက်ခဲတာလား။”
ရှောင်းယီ တိုးတိုးရေရွတ်လိုက်မိသည်။
ဤအချိန်တွင် အများသုံးချန်နယ်မှာ ထပ်မံ၍ သက်ဝင်လှုပ်ရှားလာခဲ့ပြန်သည်။
ရှောင်းယီ လှည့်ကြည့်လိုက်သောအခါ တစ်စုံတစ်ယောက်က ဂရု အတွင်း၌ ပစ္စည်းအချို့ကို အရောင်းအဝယ် တင်ထားသည်ကို တွေ့လိုက်ရသည်။
“ပြသထားသော ပစ္စည်းများ : အုတ်မြစ်ကျောက် ၁၀၊ ချောကလက် ၂၀၀ ဂရမ်၊ ရေသန့် ၅၀၀ ဂရမ်၊ ပစ္စည်းစုဆောင်းထုတ်ယူရေးကိရိယာ ၁။”