← Chapters

အခန်း (၁၂၇၉-၁၂၈၀)

Vol. 111 Ch. 1279-1280

အခန်း (၁၂၇၉-၁၂၈၀)

Vol. 111 Ch. 1279-1280

အခန်း ၁၂၇၉

“ဘာတွေဖြစ်နေတာလဲ။ မင်းဆီမှာ ဘာလို့ ပစ္စည်းတွေ ဒီလောက်အများကြီး ရှိနေရတာလဲ။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် တင်ပြပြသနိုင်သည့် မည်သည့်အရာမဆို ထိုလူကိုယ်တိုင် အမှန်တကယ် ပိုင်ဆိုင်ထားသည့် ပစ္စည်းများသာ ဖြစ်ရပေမည်။

ထိုလူက အားမာန်တက်ကြွစွာဖြင့် ပြောလိုက်သည်။

“မင်းတို့ပဲ ငါ့ကို လိမ်နေတာဆို။ ကဲ... မင်းတို့မျက်လုံးတွေကို ဖွင့်ပြီး သေချာကြည့်လိုက်ကြစမ်း။ ဟားဟားဟား... ဒါတွေက ငါ ထောက်ပံ့ရေးသေတ္တာ တစ်ခုထဲကနေ ရခဲ့တာကွ။”

“ငါတော့ မနာလိုဖြစ်လွန်းလို့ မျက်လုံးတွေတောင် စိမ်းနေပြီ။ ဆရာကြီး...ကျုပ်ကို နည်းနည်းလောက် ခွဲပေးလို့ ရမလား။ အုတ်မြစ်ကျောက်နဲ့ လဲပေးပါ့မယ်။”

“ငါလည်း အုတ်မြစ်ကျောက်နဲ့ လဲမယ်။ ငါ့ဆီမှာ အုတ်မြစ်ကျောက် နှစ်သိန်းကျော် ရှိတယ်။”

“သေတ္တာတစ်လုံးတည်းနဲ့ အုတ်မြစ်ကျောက် ဆယ်ခုတောင် ထွက်လာတာလား။ ပစ္စည်းထွက်နှုန်းက အတော်လေး မြင့်တာပဲ။”

“အစောပိုင်းတုန်းက ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ကြေညာချက်ထဲမှာ ထောက်ပံ့ရေးသေတ္တာ ထွက်ပေါ်လာမယ့်နှုန်းက လျော့ကျသွားမယ်လို့ ပြောထားတယ်လေ။ ဒါကြောင့် သေတ္တာတစ်လုံးကနေ ထွက်လာတဲ့ ပစ္စည်းပမာဏက သဘာဝအတိုင်း ပိုပြီး များရမှာပေါ့။ မဟုတ်ရင် ငါတို့အားလုံး သေကုန်ကြမှာပေါ့ဟ။”

“ဒါတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ ပစ္စည်းစုဆောင်းထုတ်ယူရေးကိရိယာဆိုတာက ဘာကြီးလဲ။”

“အောက်က ဖော်ပြချက်ကို ကိုယ်တိုင်ပဲ ဖတ်ကြည့်လိုက်ကြပါ။ ဒီအရာက ငါတို့အားလုံးအတွက် အလိုအပ်ဆုံးအရာပဲ။”

လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

[ပစ္စည်းစုဆောင်းထုတ်ယူရေးကိရိယာ] - ကွဲပြားခြားနားသော အာကာသဆိုင်ရာ အရာဝတ္ထုများထံမှ အသုံးဝင်သော ကုန်ကြမ်းပစ္စည်းများကို စုဆောင်းထုတ်ယူပေးနိုင်သည်။]

ရှင်းလင်းချက်မှာ အလွန်ရိုးရှင်းသော်လည်း ဤနေရာတွင် ဆက်လက်ရှင်သန်နိုင်ရန်အတွက် ပစ္စည်းစုဆောင်းထုတ်ယူရေးကိရိယာတစ်ခုကို မဖြစ်မနေ ရရှိရမည်ဖြစ်ကြောင်း လူတိုင်း သဘောပေါက်သွားကြသည်။

သို့သော်လည်း လူအများစုမှာ လက်ရှိတွင် အဝေးမှ အခြေအနေများကိုပင် မြင်တွေ့နိုင်ခြင်း မရှိကြသေးချေ။ သူတို့သည် ကြည့်ရှုရန် ပြုလုပ်ထားသော ပြတင်းပေါက်မှတစ်ဆင့်သာ လိုက်လံကြည့်ရှုနိုင်ကြသဖြင့် သိပ်ထိရောက်မှု မရှိလှပေ။

“ညီအစ်ကို... မင်းရဲ့ ပစ္စည်းစုဆောင်းထုတ်ယူရေးကိရိယာကို အုတ်မြစ်ကျောက် ငါးသိန်းနဲ့ လဲဖို့ ငါ ကမ်းလှမ်းချင်ပါတယ်။ ဘယ်လိုလဲ။”

ပထမအဆင့်တွင် မိမိကိုယ်ကိုယ် အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်ခဲ့သည်ဟု ဆိုသော အသက်ရှင်ကျန်ရစ်သူသည် ထောက်ပံ့ရေးသေတ္တာကို ရရှိထားသော အသက်ရှင်ကျန်ရစ်သူထံသို့ ချက်ချင်းပင် သီးသန့်စာ ပေးပို့လိုက်သည်။

“စိတ်မကောင်းပါဘူး။ ကျုပ် မရောင်းနိုင်ဘူး။”

တစ်ဖက်လူက ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။

လူတစ်ယောက်သည် မိုက်မဲမနေသရွေ့တော့ ဤကဲ့သို့ ရှင်သန်ရေးအတွက် အရေးပါသော ကိရိယာကို မည်သူမျှ ရောင်းချမည် မဟုတ်ချေ။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှ ထွက်ခွာလာပြီး ယခုအခါ အာကာသချိတ်ကြိုးတွင် ကင်မရာတစ်လုံး ပါရှိနေသည်ကို သိထားပြီးဖြစ်ရာ ၎င်းကို အပြည့်အဝ အသုံးချရန် ဆုံးဖြတ်လိုက်သည်။

နောက်ထပ် အချိန်အတန်ကြာသောအခါ ရှောင်းယီသည် အာကာသချိတ်ကြိုးကို လမ်းကြောင်းအမျိုးမျိုးသို့ အဆက်မပြတ် စတင်ပစ်လွှတ်တော့သည်။

သူသည် အာကာသချိတ်ကြိုးပေါ်ရှိ ကင်မရာကို အသုံးပြု၍ ဘေးပတ်ဝန်းကျင် အခြေအနေများကို စောင့်ကြည့်လေ့လာခဲ့သည်။

ဤသို့ဖြင့် သုံးနာရီခန့် ဆက်တိုက် ပြုလုပ်ပြီးနောက် အာကာသချိတ်ကြိုးကို ရှေ့သို့ ဆန့်ထုတ်လိုက်သည့် တစ်ကြိမ်တွင်မူ သူသည် ရုတ်တရက် ကုဗမီတာ တစ်မီတာခန့် အရွယ်အစားရှိသော သေတ္တာတစ်လုံးကို မြင်လိုက်ရတော့သည်။

“တွေ့ပြီ။”

ရှောင်းယီ ဝမ်းသာအားရ ရေရွတ်လိုက်၏။

ထို့နောက် သူသည် ထိုသေတ္တာ၏ ပုံရိပ်ကို အာကာသချိတ်ကြိုး၏ စက်ပစ္စည်းပေါ်တွင် ဖမ်းယူရမည့် ပစ်မှတ်အဖြစ် ချက်ချင်း သတ်မှတ်လိုက်ပြီး ထိုလမ်းကြောင်းဆီသို့ ဆက်လက် ပစ်လွှတ်လိုက်သည်။

အာကာသချိတ်ကြိုးသည် ထောက်ပံ့ရေးသေတ္တာရှိရာ ဘေးဘက်သို့ အလျင်အမြန် ဆန့်ထွက်သွားပြီးနောက် ထောက်ပံ့ရေးသေတ္တာကို တိကျစွာ ဖမ်းဆွဲ၍ ပြန်လည် ဆွဲယူလာခဲ့လိုက်တော့သည်။

၎င်းကို အရေးပေါ်ကယ်ဆယ်ရေးယာဉ်ငယ်ဆီသို့ ပြန်လည်ဆွဲယူလာသောအခါ ယာဉ်ငယ်ပေါ်ရှိ စက်မှုလက်တံက ထိုသေတ္တာကို အပြည့်အဝ ပတ်ပတ်လည် ဝိုင်းငုံလိုက်ပြီး သီးခြားလေလုံအခန်းတစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် အရေးပေါ်ကယ်ဆယ်ရေးယာဉ်၏ တံခါးပွင့်လာပြီး ထောက်ပံ့ရေးသေတ္တာကို အတွင်းသို့ သွင်းယူလိုက်တော့သည်။

“ဂရုထဲက ထောက်ပံ့ရေးသေတ္တာ ရတဲ့လူက သေတ္တာကို မဖမ်းခင် သူတို့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို သုံးပြီး ထောက်ပံ့ရေးသေတ္တာနားအထိ ပျံသန်းသွားခဲ့တာ ဖြစ်ရမယ်။”

ရှောင်းယီ တိုးတိုးရေရွတ်လိုက်မိသည်။

ဤအချိန်တွင် အများသုံးချန်နယ်အတွင်း၌လည်း ထိုလူက ထောက်ပံ့ရေးသေတ္တာကို မည်သို့ ရှာဖွေတွေ့ရှိပြီး ဖမ်းယူခဲ့ကြောင်းကို အမှန်တကယ်ပင် ဆွေးနွေးနေကြသည်။

“ငါတို့ဆီမှာ အခု ငါးဖမ်းပိုက်တွေ ဒါမှမဟုတ် အဲ့လိုမျိုး အရာတွေ မရှိတော့ဘူးထင်တယ်။ မင်း အဲ့ဒီထောက်ပံ့ရေးသေတ္တာကို ဘယ်လို ရတာလဲ။”

“ဟုတ်တယ်။ အရင်တုန်းက အနည်းဆုံးတော့ ငါးဖမ်းပိုက် ရှိသေးတယ်။ အခု ငါးဖမ်းပိုက်တောင် မပေးတော့ဘူး။”

“အပေါ်က လူနှစ်ယောက်က ငတုံးတွေလား။ မင်းတို့ကို အခု ငါးဖမ်းပိုက် ပေးရင်တောင် မင်းတို့က အပြင်ကို တကယ် လမ်းလျှောက်ထွက်ပြီး ပိုက်ကွန် ပစ်မှာမို့လို့လား။”

“ငါတို့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်တွေပေါ်မှာ စက်မှုလက်တံတွေ ပါတယ်လေ။ အဲ့ဒါကို အသုံးချကြပေါ့။ ငါကတော့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို ထောက်ပံ့ရေးသေတ္တာ အနီးနားအထိ ပျံသန်းအောင် ထိန်းချုပ်လိုက်ပြီး စက်မှုလက်တံကို သုံးပြီး လှမ်းဆွဲလိုက်တာပဲ။”

“ဒါမျိုးလည်း ရှိသေးတာလား။ ငါတော့ မမြင်မိသေးဘူး။ ဘယ်နေရာမှာလဲ။”

“ကိုယ့်ဘာသာကိုယ် လိုက်ရှာကြည့်ပေါ့။ ငါ့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်မှာ လောင်စာဆီ ၂၀ ရာခိုင်နှုန်းပဲ ကျန်တော့တယ်။ ဘယ်လောက်အထိ ပျံသန်းနိုင်မလဲဆိုတာ မသိရသေးလို့ အခုတော့ အလွယ်တကူ မသုံးရဲသေးဘူး။”

“ဟုတ်တယ်။ ငါလည်း အဲ့ဒီထောက်ပံ့ရေးသေတ္တာကို မြင်လိုက်ရလို့သာ အဲ့ဒီလောက်အထိ လောင်စာဆီ သုံးရဲတာ။”

“ဟူး... ထားလိုက်ပါတော့။ ငါလည်း ပြတင်းပေါက်နားသွားပြီး ထောက်ပံ့ရေးသေတ္တာတွေ ရှိ၊ မရှိ သွားရှာကြည့်ဦးမယ်။”

ရှောင်းယီသည် ယခုအချိန်တွင် လူတိုင်း၏ ဆွေးနွေးမှုများကို အာရုံမစိုက်တော့ဘဲ ထောက်ပံ့ရေးသေတ္တာကို အလျင်အမြန် ဖွင့်ကြည့်လိုက်သည်။

[ ရရှိသော ထောက်ပံ့ရေးပစ္စည်းများ - အုတ်မြစ်ကျောက် ၁၀၊ အာလူးအမဲသားချက် ၅၀၀ ဂရမ်၊ ရေသန့် ၁ လီတာ၊ ပစ္စည်းစုဆောင်းထုတ်ယူရေးကိရိယာ ၁။]

စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာသောကြောင့် ရှောင်းယီအနေဖြင့် သေတ္တာထဲရှိ ပစ္စည်းများကို သေချာပင် ရေတွက်နေစရာ မလိုတော့ပေ။

“ကြည့်ရတာ လူတိုင်းပထမဆုံးရမယ့် ထောက်ပံ့ရေးသေတ္တာထဲမှာ အုတ်မြစ်ကျောက်၊ အစားအစာ၊ ရေ နဲ့ ပစ္စည်းစုဆောင်းထုတ်ယူရေးကိရိယာ တစ်ခုစီ ပါဝင်နေပုံရတယ်။”

ရှောင်းယီ စိတ်ထဲမှ တွေးလိုက်မိသည်။

သို့သော် ပြဿနာတစ်ခု ရှိပေသည်။ ၎င်းမှာ လက်ရှိတွင် ထောက်ပံ့ရေးသေတ္တာများ ရှိမည့်နေရာကို ရှာဖွေတွေ့ရှိရန် အမှန်တကယ် အလွန်ခက်ခဲလွန်းနေခြင်း ဖြစ်သည်။

အကယ်၍ ရှောင်းယီတွင်သာ အာကာသချိတ်ကြိုး မရှိခဲ့ပါက သူနှင့် ဆယ်ကီလိုမီတာ အကွာတွင် ရှိနေသော ဤထောက်ပံ့ရေးသေတ္တာကို သေချာပေါက် ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။

အာကာသချိတ်ကြိုး၏ အရှည်ဆုံး ဆန့်ထွက်နိုင်စွမ်းမှာ ၃၂ ကီလိုမီတာအထိ ရှိသည်။

ပထမဆုံး ထောက်ပံ့ရေးသေတ္တာကို ရှာဖွေတွေ့ရှိပြီးနောက်တွင်မူ ရှောင်းယီအတွက် နောက်ပိုင်းကိစ္စရပ်များမှာ များစွာ ပိုမိုလွယ်ကူသွားတော့မည် ဖြစ်သည်။

အာကာသချိတ်ကြိုးစက်တွင် ထောက်ပံ့ရေးသေတ္တာ၏ ပုံရိပ်ကို မှတ်သားထားပြီးဖြစ်၍ သူသည် ၎င်းကို စိတ်ကြိုက် လွတ်လပ်စွာ လိုက်လံရှာဖွေ ဖမ်းယူနိုင်ရန် အလိုအလျောက်စနစ်တစ်ခုအဖြစ် လုံးဝ သတ်မှတ်ထားလိုက်နိုင်သည်။

သို့သော်လည်း လျှပ်စစ်ဓာတ်အား ပြဿနာကြောင့် ရှောင်းယီသည် ၎င်းကို အဆက်မပြတ် အလုပ်မလုပ်ခိုင်းရဲသေးပေ။

အာကာသချိတ်ကြိုးပေါ်တွင် ဆိုလာပြားများ ပါရှိသော်လည်း ဤနေရာရှိ အလင်းရောင်မှာ အမှန်တကယ်ပင် ကန့်သတ်ချက် ရှိလွန်းလှသည်။ ချိတ်ကြိုးအတွင်းရှိ လက်ရှိ လျှပ်စစ်ဓာတ်အားအရ ၎င်းသည် အကြိမ်ရေ တစ်ရာခန့်သာ ဆက်လက် အလုပ်လုပ်နိုင်တော့မည်ဟု ခန့်မှန်းရသည်။

ယနေ့အတွက် ထောက်ပံ့ရေးသေတ္တာတစ်ခု ဖမ်းယူရရှိပြီးဖြစ်၍ သူသည် အာကာသချိတ်ကြိုးကို ယာယီ အနားပေးထားလိုက်သည်။

ပစ္စည်းစုဆောင်းထုတ်ယူရေးကိရိယာကို ရရှိပြီးနောက် ရှောင်းယီသည် ၎င်းကို သူ၏ အရေးပေါ်ကယ်ဆယ်ရေးယာဉ်တွင် လာရောက်ကပ်ညှိနေသော ဥက္ကာခဲပေါ်သို့ လွှတ်တင်လိုက်သည်။

[ ခန့်မှန်းခြေ ပစ္စည်းစုဆောင်းချိန် ခြောက်နာရီ ကြာမြင့်မည်ဖြစ်ပြီး ကိရိယာ၏ ဘက်ထရီအား ကုန်ဆုံးသွားပါမည်။]

ရှောင်းယီ အနည်းငယ် ခေါင်းညိတ်လိုက်မိသည်။

“ခြောက်နာရီဆိုတာလည်း မနည်းဘူးပဲ။ စောင့်ကြည့်ကြတာပေါ့။”

ရှောင်းယီသည် စောနက အပြင်ဘက်ရှိ မှောင်မိုက်မှုကို သုံးနာရီကျော်ကြာ စိုက်ကြည့်ခဲ့ပြီး အာကာသချိတ်ကြိုးဖြင့် နောက်ထပ် နာရီဝက်ခန့် ဂရုတစိုက် လေ့လာခဲ့ရသဖြင့် ယခုအခါ မျက်လုံးများ အနည်းငယ် ကျိန်းစပ်လာသလို ခံစားနေရပြီး အနားယူရန် ပြင်လိုက်သည်။

သူ့ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ အိပ်စက်ရန် နေရာဟူ၍ လုံးဝမရှိချေ။ sleeping bag တစ်ခုလောက် ပေးရင်တောင် တော်ဦးမည်။

မိမိကိုယ်ကိုယ် အခန်းနံရံတွင် ချည်နှောင်ထားရုံမှတစ်ပါး အခြားနည်းလမ်းမရှိပေ။ သို့သော် ဤကဲ့သို့ ကိုယ်အလေးချိန်မဲ့ မျောလွင့်နေရသည့် ခံစားချက်ကြီးမှာ အလွန်ပင် သက်တောင့်သက်သာ မရှိလှပေ။

ခြေဖဝါးကို မြေပြင်ပေါ် ခိုင်ခိုင်နင်းထားရသည့် အလေ့အထ ရှိခဲ့ဖူးသော ရှောင်းယီအတွက် ဤကဲ့သို့သော အခြေအနေမျိုးတွင် လုံးဝ အိပ်ပျော်နိုင်ခြင်း မရှိချေ။

“ဟူး...”

ရှောင်းယီ သက်ပြင်းချလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ နောက်တစ်ကြိမ် ရောက်လာကာ အများသုံးချန်နယ်ပေါ်ရှိ လူတိုင်း၏ ချက်တင်များကို ကြည့်ရှုနေလိုက်သည်။

သူ အိပ်၍လည်းမရ၊ ဘာမှလည်း လုပ်၍မရသဖြင့် အချိန်ကုန်ခံရန်အတွက် လူတိုင်း၏ စကားပြောများကိုသာ ထိုင်ကြည့်နေရတော့သည်။

“ငါ့ဘက်မှာတော့ မှောင်အတိကျနေတာပဲ။ ဘာတစ်ခုမှ မမြင်ရဘူး။”

“လူတိုင်းလည်း အတူတူပါပဲ။ အစောကကောင်က ထောက်ပံ့ရေးသေတ္တာကို မြင်လိုက်ရတာ တကယ် ကံကောင်းလွန်းလို့လို့ပဲ ပြောရမယ်။”

“‌ချီး... ငါ့မျက်လုံးတွေ မခံနိုင်တော့ဘူး။ မဖြစ်ဘူး။ ငါ ခဏလောက် အနားယူမှရမယ်။”

“ငါလည်း ခဏလောက် နားချင်တယ်။ ဒါပေမဲ့ တကယ်ကို အိပ်လို့မရဘူး ဖြစ်နေတယ်။”

“ဒီလို လေထဲမျောနေရင်းနဲ့ ဘယ်သူက အိပ်ပျော်နိုင်မှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတော့ မအိပ်နိုင်ဘူး။”

ဂရုထဲရှိ လူများ၏ စကားများကို ကြည့်ရင်း ရှောင်းယီသည် ကျန်းယွင်ထျန်းနှင့် အခြားသူများကို သတိရမိသွား၏။

သူတို့ကော ဘယ်လို ရှိနေကြပါလိမ့်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားရာ ခြောက်နာရီအချိန်မှာ အလျင်အမြန်ပင် ကုန်လွန်သွားခဲ့သည်။

ပစ္စည်းစုဆောင်းထုတ်ယူရေးကိရိယာသည် စုဆောင်းရရှိလာသော ပစ္စည်းများနှင့်အတူ အခန်းတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

[ ရရှိသော ထောက်ပံ့ရေးပစ္စည်းများ - သံ ၂ ကီလိုဂရမ်၊ ကြေးနီ ၁ ကီလိုဂရမ်၊ ... ၊ ရေ ၅ ကီလိုဂရမ်။]

စုဆောင်းခြင်းမှ ရရှိလာသော ထောက်ပံ့ရေးပစ္စည်းများကို မြင်သောအခါ ရှောင်းယီ ဝမ်းသာသွား၏။

“အမိုက်စားပဲ။”

ဤခြောက်နာရီအတွင်းမှာပင် ရှောင်းယီသည် လေထုမှာ အနည်းငယ် ကျဲပါးလာသကဲ့သို့ ခံစားလာရပြီး လူကို ငိုက်မြည်းလာစေခဲ့သည်။

ပစ္စည်းစုဆောင်းထုတ်ယူရေးကိရိယာက ရေ ၅ ကီလိုဂရမ် စုဆောင်းပေးနိုင်ခဲ့ခြင်းကြောင့် လက်ရှိ ပြဿနာကို ချက်ချင်း ဖြေရှင်းပေးနိုင်ခဲ့ပြီ ဖြစ်သည်။

ရှောင်းယီသည် လေထုသန့်စင်မျှခြေထိန်းညှိကိရိယာအတွင်းသို့ ရေ ၁ ကီလိုဂရမ် ထည့်သွင်းလိုက်ပြီးနောက် ကိရိယာကို စတင်လည်ပတ်လိုက်တော့သည်။

[ လေထုသန့်စင် မျှခြေထိန်းညှိခြင်းကို လုပ်ဆောင်နေပါသည်။ သတ်မှတ်ထားသော ကန့်သတ်ချက်များအရ ရေ ၁ ကီလိုဂရမ်သည် ၂၄ နာရီစာ ထောက်ပံ့ပေးနိုင်ပါသည်။]

အခန်း ၁၂၈၀

လေထုမျှခြေထိန်းညှိကိရိယာ၏ အချက်ပေးစာကို မြင်လိုက်ရသောအခါ ရှောင်းယီ ခေါင်းညိတ်လိုက်သည်။

“ရေ ၅ ကီလိုဂရမ်ဆိုရင် ငါးရက်စာ ခံတယ်ပေါ့။ ဒါဆို ငါ ငါးရက်အတွင်းမှာ ရေ ထပ်ရှာရမယ်။”

ရှောင်းယီ စိတ်ထဲမှ တွက်ချက်ကြည့်လိုက်သည်။

သဘာဝအတိုင်းပင် သူကိုယ်တိုင်လည်း နေ့စဉ် ရေသုံးစွဲမှု ရှိနေသည်ဖြစ်ရာ ရေကို အမြန်ဆုံး ရှာဖွေနိုင်ရန် ပို၍ပင် လိုအပ်နေပေသည်။

အချိန်ကို စစ်ဆေးကြည့်လိုက်ရာ သူ ဤနေရာသို့ ရောက်ရှိနေသည်မှာ ၁၈ နာရီ ရှိသွားပြီ ဖြစ်သည်။ မလာခင်ကတည်းက ဗိုက်ဝအောင် စားသောက်ခဲ့ကြသဖြင့် ယခုထက်ထိတော့ သူ ဘာမှ ထပ်မစားရသေးချေ။

သို့သော် ယခုအခါ ဗိုက်အနည်းငယ် ဆာလာသည်ဟု ခံစားရသဖြင့် ထောက်ပံ့ရေးသေတ္တာထဲမှ ယခုတင် ရရှိထားသော အာလူးအမဲသားချက်ကို ထုတ်ယူလိုက်သည်။

ပုံမှန်အတိုင်း ပန်းကန်ပြားနှင့် ပြင်ဆင်ထားခြင်းမျိုး မဟုတ်ဘဲ အလူမီနီယံသတ္တုအိတ်ထဲတွင် ထည့်ထားခြင်း ဖြစ်သည်။ ဟင်းလျာကို အိတ်ထဲတွင် လေလုံအောင် ပိတ်လှောင်ထားသည်မှာ သိသာလှသည်။

ရှောင်းယီသည် အိတ်ကို ဂရုတစိုက် ဆုတ်ဖြဲလိုက်ပြီး အတွင်းရှိ အစားအစာများကို သူ့ပါးစပ်ထဲသို့ ညှစ်ထည့်ကာ စားသောက်လိုက်သည်။

“အရသာက ငါကိုယ်တိုင် ချက်တာလောက်တောင် မကောင်းဘူး။”

ရှောင်းယီတစ်ယောက် တီးတိုးရေရွတ်လိုက်၏။

သို့သော်လည်း လက်ရှိအခြေအနေအရ စားစရာရှိနေသည်ကပင် တော်လှပြီဖြစ်ရာ အရသာကို ဇီဇာကြောင် ရွေးချယ်နေ၍ မရနိုင်ချေ။

သူ ထက်ဝက်ခန့် စားပြီးနောက် ရပ်လိုက်၏။ အလူမီနီယံသတ္တုအိတ်တွင် ဇစ်ပိတ်ပါသဖြင့် အိတ်ကို သေချာ ပြန်ပိတ်ကာ ဘေးတွင် ချထားလိုက်သည်။

ထိုနောက် သူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားလိုက်ပြီး အများသုံးချန်နယ်တွင် အသစ်အဆန်း တစ်ခုခု ရှိ၊ မရှိ စစ်ဆေးကြည့်လိုက်သည်။

“တစ်ယောက်ယောက် ငါနဲ့ အောက်ဆီဂျင် လဲပေးနိုင်မယ့်သူ ရှိလား။ ငါ အသက်ရှူလို့ မဝတော့သလို ခံစားနေရလို့ပါ။”

“ဟုတ်တယ်။ ငါလည်း ဦးနှောက်ထဲ အောက်ဆီဂျင် မလုံလောက်တော့သလို ဖြစ်နေပြီ။ အောက်ဆီဂျင်လေး နည်းနည်းလောက် တောင်းဆိုပါတယ်။”

“ကျုပ် အောက်ဆီဂျင် ၁ လီတာကို အုတ်မြစ်ကျောက် တစ်သောင်းနဲ့ လဲဖို့ အသင့်ပါပဲ။”

အသက်ရှင်ကျန်ရစ်သူ အားလုံးနီးပါးက အောက်ဆီဂျင်ကို ဝယ်ယူရန် ကြိုးစားနေကြသည်။ အခြားနည်းလမ်း မရှိပေ။ လူတိုင်းက မလာခင် ဗိုက်ဝအောင် စားခဲ့ကြသဖြင့် လောလောဆယ် အစားအစာအတွက်တော့ မပူရသေးချေ။

သို့သော် သူတို့ မမျှော်လင့်ထားမိသည်မှာ သူတို့ နောက်ဆုံးတွင် အာကာသထဲသို့ ရောက်ရှိသွားပြီး အောက်ဆီဂျင်က အဖိုးတန်ဆုံးအရာ ဖြစ်လာလိမ့်မည်ကို ဖြစ်သည်။

သူတို့ကိုယ်တိုင်လည်း အောက်ဆီဂျင် မထုတ်လုပ်နိုင်ကြသေးရာ ဤအတိုင်းသာ ဆက်သွားပါက သူတို့အားလုံး အသက်ရှူကျပ်ပြီး သေဆုံးကြရတော့မည် ဖြစ်သည်။

ရှောင်းယီသည်လည်း သဘာဝအတိုင်း သူ၏ အောက်ဆီဂျင်ကို အလွယ်တကူ ထုတ်မရောင်းရဲသေးချေ။ အဘယ်ကြောင့်ဆိုသော် နောက်ထပ် ဘာဖြစ်လာမည်ကို မည်သူမျှ သေချာမပြောနိုင်သောကြောင့်ပင်။ ယခုအချိန်တွင် အုတ်မြစ်ကျောက် အမြောက်အမြား ပြန်ရနိုင်သော်လည်း နောက်ပိုင်းတွင် ရေထပ်မရှာနိုင်ပါက အလွန် စိတ်ပျက်စရာကောင်းသော အခြေအနေနှင့် ရင်ဆိုင်ရပေလိမ့်မည်။

မကြာမီ ပထမဆုံးနေ့ ကုန်လွန်သွားခဲ့၏။ လူအများစုမှာ ထောက်ပံ့ရေးသေတ္တာ တစ်လုံးမျှ ရှာမတွေ့ကြသေးဘဲ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ငယ်အတွင်း မျောလွင့်ရင်း သေမည့်နေ့ကို စောင့်ဆိုင်းနေကြရုံသာ ရှိတော့သည်။

နာရီလက်တံ သန်းခေါင်ယံ ၁၂ နာရီတိတိသို့ ရောက်ရှိသွားချိန်မှာပင် စနစ်ဆီမှ အချက်ပေးသံ ထွက်ပေါ်လာခဲ့သည်။

[ လေးဆတိုးအခြေအနေကို စတင်အသက်သွင်းလိုက်ပါပြီ။ ဤအဖြေအနေသည် ၂၄ နာရီအထိ ကြာမြင့်ပါမည်။]

ထိုအချက်ပေးစာကို မြင်လိုက်ရသောအခါ ရှောင်းယီ၏ မျက်လုံးများ တောက်ပသွား၏။

“လေးဆတိုး ရလဒ်တဲ့လား။ အမိုက်စားပဲ။”

ထို့နောက် ရှောင်းယီသည် ချက်ချင်းပင် လက်မှတ်ထိုးဝင်ရန် ရွေးချယ်လိုက်တော့သည်။

“စနစ်...လက်မှတ်ထိုးဝင်မယ်။”

[ လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - အာကာသအိပ်စက်ခြင်းအိတ် (S အဆင့်) ၁။]

[ လေးဆတိုးရလဒ်ကို အသက်သွင်းလိုက်ပါသည်။ ရရှိသော ပစ္စည်းများ - အာကာသအိပ်စက်ခြင်းအိတ် (S အဆင့်) ၄။]

ရှောင်းယီသည် ထိုဆုလာဘ်ကြောင့် အနည်းငယ် စိတ်ပျက်သွားမိ၏။ သူသည် အိပ်စက်ဖို့ အိတ်သက်သက် မဟုတ်ဘဲ ပိုမို အစွမ်းထက်သည့် အရာတစ်ခုခုကို ပိုပြီး မျှော်လင့်ထားခဲ့ခြင်းပင်။

ရှောင်းယီ ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီးနောက် အာကာသချိတ်ကြိုးကို စတင်လည်ပတ်လိုက်သည်။

နေ့သစ်တစ်နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထောက်ပံ့ရေးသေတ္တာများ မည်မျှပင် ရှားပါးပါစေဦးတော့ တစ်ရက်လျှင် အနည်းဆုံး တစ်လုံးတော့ ရှိသင့်သည် မဟုတ်ပါလော။

ထင်သည့်အတိုင်းပင်။ အာကာသချိတ်ကြိုးကို ဖွင့်ပြီး နာရီဝက်ခန့်အကြာတွင် ထောက်ပံ့ရေးသေတ္တာတစ်လုံးကို ဖမ်းယူရမိပြီဖြစ်ကြောင်း အချက်ပြလာ၏။

၎င်းကို အရေးပေါ်ကယ်ဆယ်ရေးယာဉ်အတွင်းသို့ အလျင်အမြန် ဆွဲသွင်းလိုက်ပြီး ရှောင်းယီသည် ထောက်ပံ့ရေးသေတ္တာကို ချက်ချင်း ဖွင့်ကြည့်လိုက်တော့သည်။

[ ရရှိသော ပစ္စည်းများ - အုတ်မြစ်ကျောက် ၁၅၊ ချောကလက် ၅၀၀ ဂရမ်၊ အနက်ရောင်ရွှေ ၁၀၀ ဂရမ်၊ ရေသန့် ၂ လီတာ။]

[ လေးဆတိုးရလဒ်ကို အသက်သွင်းလိုက်ပါသည်။ ရရှိသော ပစ္စည်းများ - အုတ်မြစ်ကျောက် ၆၀၊ ချောကလက် ၂၀၀၀ ဂရမ်၊ အနက်ရောင်ရွှေ ၄၀၀ ဂရမ်၊ ရေသန့် ၈ လီတာ။]

ထိုရလဒ်များကို မြင်လိုက်ရသောအခါ ရှောင်းယီ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။

ရုတ်တရက် ရှောင်းယီသည် ပြင်ပမှ အလင်းရောင်မှာ အနည်းငယ် ပိုမို လင်းထိန်လာသကဲ့သို့ ခံစားလိုက်ရသည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အများသုံးချန်နယ်အတွင်း၌လည်း ဆွေးနွေးငြင်းခုံမှုများ စတင်လာခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ။ ငါ မျက်စိမှားနေတာလား။ ဘာလို့ ဒီလောက်တောင် လင်းထိန်နေရတာလဲ။”

“ငါ့ဘက်မှာလည်း နည်းနည်း ပိုလင်းလာသလိုပဲ။ ဒါပေမဲ့ ငါ အသက်ရှူလို့ မဝတော့ဘူး။”

“ငါတို့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်တွေက အဆက်မပြတ် ရွေ့လျားနေတုန်းမို့လို့လား။”

“မို့လို့လားတွေ လုပ်မနေနဲ့တော့။ သေချာပေါက် ရွေ့နေတာပဲ။ မဟုတ်ရင် အလင်းရောင်က ဘယ်လိုလုပ် ပိုသန်မာလာမှာလဲ။”

“မိုးလင်းတာလား။ ဒါဆိုရင် ထောက်ပံ့ရေးသေတ္တာတွေ ရှာရတာ ပိုမလွယ်ကူသွားဘူးလား။”

“သေချာတာပေါ့။ အို... ဘုရားသခင် ငါ တစ်လုံးတွေ့ပြီဟေ့။ အဲ့ဒါကို သွားဖမ်းဖို့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို ချက်ချင်း စမောင်းတော့မယ်။”

“ငါလည်း တစ်လုံးတွေ့တယ်။”

“ဟားဟားဟား... ငါတော့ တစ်လုံး ဖမ်းမိပြီးပြီ။ ဘာပါလဲ ကြည့်ရအောင်။ [အောက်ဆီဂျင်] ၁ လီတာ တဲ့ ဟားဟားဟား။”

“သေစမ်း...ဒါက ဘယ်လိုအခြေအနေလဲ။ ထောက်ပံ့ရေးသေတ္တာထဲကနေ အောက်ဆီဂျင် တကယ်ရနိုင်တာလား။ ဒါက သိပ္ပံနည်းမကျဘူးလေ။”

“ငါတို့ ဒီနေရာကို ရောက်နေတာကော သိပ္ပံနည်းကျလို့လား။ ဒီလိုအချိန်မျိုးမှာ ဘာလို့ သိပ္ပံအကြောင်း လာပြောနေတာလဲ။ မင်း ရူးနေတာလား။”

“အောက်ဆီဂျင် ရသွားတဲ့ ဆရာကြီး...ကျွန်တော့်ကို နည်းနည်းလောက် ရောင်းပေးလို့ရမလား။ အုတ်မြစ်ကျောက်တစ်သောင်း ပေးပါ့မယ်။”

“ညီအစ်ကိုရာ... ငါမရောင်းချင်လို့ မဟုတ်ပါဘူး။ မရောင်းရဲလို့ပါ။ ဒါက ငါ့ကိုယ်တိုင်သုံးဖို့တောင် အနိုင်နိုင်ပဲ။ မဟုတ်ဘူး...လုံးဝကို မလောက်တာ။”

“ညီအစ်ကို...မင်း ခန္ဓာကိုယ်လှုပ်ရှားမှု အများကြီးမလုပ်သရွေ့တော့ အောက်ဆီဂျင်သုံးစွဲမှုက အဲ့ဒီလောက် မများပါဘူး။ ငါ့ကို နည်းနည်းလောက်ပဲ ဖြစ်ဖြစ် ရောင်းပေးပါလား နော်။”

“မရဘူး၊ မရောင်းဘူး။”

လူတိုင်း အောက်ဆီဂျင် ဝယ်ယူချင်နေကြသည်ကို မြင်သောအခါ ရှောင်းယီ၏ ဦးနှောက်မှာ လျင်မြန်စွာ လည်ပတ်သွားခဲ့သည်။ သူသည် အရေးပေါ်ကယ်ဆယ်ရေးယာဉ်၏ ကြည့်ရှုရန် ပြတင်းပေါက်နားသို့ သွားကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။

ယခုအခါ အလင်းရောင်မှာ အတော်လေး ကောင်းမွန်နေပြီဖြစ်ရာ ရှောင်းယီသည် ဥက္ကာခဲ အချို့ကို အမှန်တကယ် မြင်တွေ့လိုက်ရသည်။

ဥက္ကာခဲများ ရှိနေခြင်းသည် ၎င်းတို့ပေါ်တွင် ခဲနေသော ရေဓာတ်များ ရှိနေနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် အကယ်၍ သူသာ ဥက္ကာခဲ အနည်းငယ်ကို ဖမ်းယူနိုင်ပါက အောက်ဆီဂျင် လွတ်လပ်ခွင့်ကို ရရှိနိုင်ပေလိမ့်မည်။

၎င်းကို တွေးမိသောအခါ ရှောင်းယီသည် အာကာသချိတ်ကြိုး၏ ပစ်မှတ်ကို ဥက္ကာခဲတစ်ခုဆီသို့ ပြောင်းလဲလိုက်ပြီး တစ်လုံးကို လှမ်းဖမ်းခိုင်းလိုက်သည်။

အလင်းရောင် ရှိနေပြီဖြစ်သောကြောင့် ထို ဆိုလာပြား နှစ်ချပ်စလုံးသည်လည်း လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်ပေးနေပြီ ဖြစ်သည်။

ရှောင်းယီသည် ပစ္စည်းစုဆောင်းထုတ်ယူရေးကိရိယာကို ချက်ချင်း အားသွင်းလိုက်သည်။

အာကာသချိတ်ကြိုးသည် ဥက္ကာခဲတစ်ခုကို အောင်မြင်စွာ ဖမ်းယူနိုင်ခဲ့၏။ ၎င်းမှာ သိပ်မကြီးသော်လည်း အရေးပေါ်ကယ်ဆယ်ရေးယာဉ်အတွင်း၌ ထောက်ပံ့ရေးသေတ္တာ နှစ်လုံးနှင့် ပြည့်နှက်နေသဖြင့် ယာဉ်ထဲသို့ ဆွဲသွင်း၍ မရနိုင်ချေ။

ရွေးချယ်စရာမရှိသဖြင့် ပစ္စည်းစုဆောင်းထုတ်ယူရေးကိရိယာသည် ယာဉ်၏ ပြင်ပတွင်သာ ဆက်လက် အလုပ်လုပ်ရတော့သည်။ တစ်မိနစ်ခန့် အားသွင်းရုံမျှဖြင့် ပစ္စည်းစုဆောင်းထုတ်ယူရေးကိရိယာသည် တစ်နာရီတိတိ အလုပ်လုပ်နိုင်စွမ်း ရှိသည်။

၎င်းမှာ ယခင်ကမ္ဘာဟောင်းက လက်ကိုင်ဖုန်း အားသွင်းရသည်ထက်ပင် ပိုမြန်နေသေးသည်။

မကြာမီ ပစ္စည်းစုဆောင်းထုတ်ယူရေးကိရိယာသည် တစ်နာရီစာ စုဆောင်းမှုကို အဆုံးသတ်ပြီး ယာဉ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာ၏။

[ ရရှိသော ပစ္စည်းများ - သံ ၁ ကီလိုဂရမ်၊ ... ၊ ရေ ၁ ကီလိုဂရမ်။]

[ လေးဆတိုးရလဒ်ကို အသက်သွင်းလိုက်ပါသည်။ ရရှိသော ပစ္စည်းများ - သံ ၄ ကီလိုဂရမ်၊ ... ၊ ရေ ၄ ကီလိုဂရမ်။]

“ရေ တကယ် ပါတာပဲ။”

ရှောင်းယီ စိတ်လှုပ်ရှားစွာ တွေးလိုက်၏။

“ဒါဆိုရင်တော့ ငါ အောက်ဆီဂျင်ကို ရဲရဲကြီး ထုတ်ရောင်းလို့ ရပြီ။”

ထိုသို့ တွေးပြီးသည်နှင့် ရှောင်းယီသည် ဈေးကွက်ခန်းမတွင် အရောင်းအဝယ်တစ်ခုကို ချက်ချင်း တင်လိုက်တော့သည်။

[အောက်ဆီဂျင်] ၀.၅ လီတာ - [အုတ်မြစ်ကျောက်] ၁၀၀၀၀။

ဤစျေးနှုန်းမှာ အစောပိုင်းက သူတို့ ဂရုထဲတွင် အော်ဟစ်တောင်းဆိုနေကြသည့် ဈေးနှုန်းထက် ပိုမြင့်သော်လည်း ရှောင်းယီကမူ တစ်စုံတစ်ယောက် သေချာပေါက် ဝယ်ယူလိမ့်မည်ဟု ယုံကြည်နေသည်။

ထိုအရောင်းအဝယ်ကို တင်လိုက်သည်နှင့် တပြိုင်နက် အများသုံးချန်နယ်မှာ ချက်ချင်း ပေါက်ကွဲမတတ် ဆူညံသွားခဲ့တော့သည်။

“ဘာတွေဖြစ်ကုန်တာလဲ။ တစ်စုံတစ်ယောက်က အောက်ဆီဂျင်ကို တကယ်ကြီး ထုတ်ရောင်းနေတယ်။”

“ဘာကြီးလဲ။ ဘယ်မှာလဲ။ ငါလိုချင်တယ်။ ငါလိုချင်တယ်။ ငါလိုချင်တယ်.....။”

“ဈေးကွက်ခန်းမကို မင်းကိုယ်တိုင် သွားကြည့်လိုက်။ ခုလေးတင် တင်လိုက်တာ။ ဒါပေမဲ့ စျေးကတော့ နည်းနည်းကြီးတယ်။”

“သေစမ်း...လူကဖြင့် သေခါနီးနေပြီ။ စျေးကြီးတာ မကြီးတာကို ဘယ်သူ ဂရုစိုက်နေမှာလဲ။”

“ဟုတ်တယ်။ မြန်မြန် သွားလုကြစို့။ တကယ်လို့ ပစ္စည်းကုန်သွားရင် မင်းဆီမှာ အုတ်မြစ်ကျောက် ဘယ်လောက်ရှိရှိ ဘာမှအသုံးမဝင်တော့ဘူး။”

“ငါ လေးစုတောင် လုယူနိုင်ခဲ့ပြီ။ စုစုပေါင်း ၂ လီတာပဲ။ အပြင်မှာ ရှိနေသေးတယ်ဟေ့။”

“ငါ ဆယ်စု လုလိုက်တယ်။ ကြည့်ရတာ ထပ်ရှိသေးတယ် ထင်တယ်။”

“ဒီဆရာကြီးက ဘယ်သူလဲ။ အောက်ဆီဂျင်တွေ ဒီလောက်အများကြီး ရှိနေတယ်။ သူ အောက်ဆီဂျင်ဘူးကြီးတစ်ခုခု ဖွင့်မိတာလား မသိဘူး။”

All Chapters