အခန်း ၈၅
Vol. 9 Ch. 85
အခန်း (၈၅)
ရိုက်ခတ်မှု (၂)
နွေးထွေးလှသော ရေကန်ထဲတွင် လဲလျောင်းနေသည့် ဝမ်ကျင်းသည် သက်တောင့်သက်သာရှိလှသော ညည်းတွားသံတစ်ခုကို ညည်းလိုက်မိသည်။ ညှို့ဓာတ်ပြင်းလှသော ကောက်ကြောင်းများ အနည်းငယ်ပေါ်လွင်နေသည့် ပါးလွှာသော ပိတ်စများကို ဝတ်ဆင်ထားသည့် အစေခံမိန်းကလေးနှစ်ဦးသည် သွေးဖြင့် ယဇ်ပူဇော်ခြင်းပြုပြီးနောက် ပိုမိုသန်မာထွားကျိုင်းလာသော ဝမ်ကျင်း၏ ခန္ဓာကိုယ်ကို ၎င်းတို့၏ နူးညံ့အိစက်သော လက်ကလေးများဖြင့် နှိပ်နယ်ပေးနေကြသည်။
ရေချိုးကန်များကို မသုံးစွဲတတ်သဖြင့် ဝမ်ကျင်းသည် သူ၏စံအိမ်အတွင်း၌ ရေကန်ကြီးတစ်ခု တည်ဆောက်ရန် ငွေကြေးအမြောက်အမြား အကုန်အကျခံခဲ့သည်။ သူသည် လိုအပ်ချက်များနှင့် အကြံဉာဏ်များကိုသာ ပေးခဲ့ပြီး ကျွမ်းကျင်သော လက်သမားဆရာများက ဝမ်ကျင်း၏ ယခင်ဘဝမှ ရေကူးကန်နှင့် ဆင်တူသော ရေချိုးကန်တစ်ခုကို ပုံတူကူးချ တည်ဆောက်ပေးခဲ့ကြခြင်း ဖြစ်သည်။ စစ်မြေပြင်သို့ ချီတက်ခဲ့ရသော ဝမ်ကျင်းသည် ဤသက်တောင့်သာရှိလှသော ရေကန်ကြီးကို အလွန် သတိရနေခဲ့ပြီး ပြန်ရောက်သည်နှင့်တပြိုင်နက် ရေစိမ်ရန် ချက်ချင်းပြေးလာခဲ့ခြင်း ဖြစ်သည်။
သူ၏ ပင်ပန်းနွမ်းနယ်မှုများနှင့် ဆင်းရဲဒုက္ခအားလုံးကို နွေးထွေးသော ရေကန်ရေက ဆေးကြောပေးလိုက်သကဲ့သို့ ခံစားရသဖြင့် သူသည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီးနောက် ရုတ်တရက် ထရပ်ကာ ဗလာကျင်းနေသော ခန္ဓာကိုယ်ဖြင့် အဖြူရောင်ကျောက်စိမ်း လှေကားထစ်များအတိုင်း လျှောက်လှမ်းလာခဲ့သည်။ သူသည် လက်မောင်နှစ်ဖက်ကို ဘေးသို့ဆန့်တန်းကာ ခြေထောက်များကို ခွာ၍ မတ်မတ်ရပ်လိုက်သည်။
"ငါ့ဝတ်စုံလဲပေးကြစမ်း။"
နာခံတတ်ပြီး သိမ်မွေ့သော အစေခံမိန်းကလေးငယ်နှစ်ဦးသည် သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။ တစ်ယောက်က သူ၏ခန္ဓာကိုယ်ကို သုတ်သင်ပေးပြီး ကျန်တစ်ယောက်က ဝတ်ရုံကို ယူဆောင်ကာ ဝတ်ဆင်ပေးလိုက်သည်။
ရေချိုးခန်းမှ ထွက်လာပြီးနောက် ဝမ်ကျင်းသည် အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ကုရန်အား စီမာယီနှင့် စီမာယီကို အုပ်ချုပ်ရေးကိစ္စရပ်များတွင် ကူညီပေးနေသည့် ချန်ယွီတို့ကို စာဖတ်ခန်းသို့ ဆွေးနွေးတိုင်ပင်ရန် ဆင့်ခေါ်ရန် ညွှန်ကြားလိုက်သည်။
ဝမ်ကျင်းသည် မိမိရှေ့တွင် အတူတူရပ်နေကြသော ချန်ယွီနှင့် စီမာယီတို့ကို ကြည့်ကာ ရှေ့သို့လှမ်း၍ ၎င်းတို့နှစ်ဦးစလုံး၏ ပခုံးကို ပုတ်ပေးလိုက်သည်။
"စီမာယီ... ချန်ယွီ... မင်းတို့နှစ်ယောက် ပင်ပန်းသွားကြပြီ။"
"သခင်ကြီးရဲ့ သောကတွေကို မျှဝေခံစားပေးရတာ ကျွန်တော်မျိုးတို့ရဲ့ တာဝန်ဝတ္တရားပဲ ဖြစ်ပါတယ်။"
သုံးယောက်စလုံး နေရာယူ ထိုင်လိုက်ကြပြီးနောက် ဝမ်ကျင်းသည် ချန်ယွီကို သေချာစွာ အကဲခတ်ကြည့်ရှုလိုက်သည်။ သူသည် အရပ်အမောင်း မြင့်မားလှသော စီမာယီထက်ပင် ခေါင်းတစ်ဝက်ခန့် ပိုမိုမြင့်မားကာ သန်မာထွားကျိုင်းသော ခန္ဓာကိုယ် တည်ဆောက်ပုံရှိသည်။ စီမာယီသည် ထူးခြားပြောင်မြောက်သော ဉာဏ်ပညာရှိပြီး စစ်သည်တော်များကို ကွပ်ကဲရာတွင်လည်း အရည်အချင်း မရှားပါးသော်လည်း သူကိုယ်တိုင်မှာမူ ကိုယ်ခံပညာအားဖြင့် အားနည်းသူတစ်ဦးဖြစ်သည်။
သို့သော် သူ၏ ကျန်းမာရေးထိန်းသိမ်းမှု နည်းစနစ်များမှာ အလွန်ကောင်းမွန်လှသဖြင့် ဝမ်ကျင်းပင် သူ၏ထံမှ အကွက်အချို့ကို သင်ယူခဲ့ဖူးသည်။ ထိုအရာများကို ကျင့်ကြံပြီးကတည်းက သူ၏ စိတ်ဓာတ်နှင့် စွမ်းအင်များ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်ကို သူ ဝန်ခံရမည်ဖြစ်သည်။
ချန်ယွီနှင့် ပတ်သက်၍မူ ထိုနေရာတွင် ထိုင်နေရုံမျှဖြင့်ပင် တောင်ကြီးတစ်လုံးကဲ့သို့ လေးနက်တည်ငြိမ်လှသော အော်ရာတစ်ခု ထွက်ပေါ်နေသည်။ သူတို့နှစ်ဦး မဝင်လာမီကတည်းက ကုရန်၏ မျက်လုံးများသည် သူ့ထံ၌သာ စူးစိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဝမ်ကျင်း၏ အမိန့်သာမရှိပါက ကုရန်သည် ဤလူကို တစ်ခါမျှ မမြင်ဖူး မသိနားမလည်ဖူးသဖြင့် သတိကြီးစွာ ထားနေခြင်းမှာ သဘာဝကျလှရာ ဝမ်ကျင်းအား ချန်ယွီနှင့် တစ်ဦးတည်း တွေ့ဆုံခွင့်ပေးဝံ့မည် မဟုတ်ချေ။
"ချန်ယွီ... မင်းလည်း သိုင်းပညာ ကျင့်ကြံနေတာကို ငါမြင်ရတယ်။ မင်း ဘယ်လိုကျင့်ကြံခြင်းအဆင့်ကို ရောက်နေပြီလဲ။"
"သခင်ကြီးကို တင်ပြရရင်... ကျွန်တော်မျိုးဟာ ခန္ဓာကိုယ်အနှံ့ 'ချီ' စွမ်းအင်တွေ စီးဆင်းနေတဲ့ အတွင်းအားအဆင့် ကျင့်ကြံခြင်းမှာ ရှိနေပါတယ်။ ဓားသိုင်းပညာမှာ အောင်မြင်မှုအချို့ ရှိထားပေမယ့်လည်း ကာကွယ်ရေးအရှိန်အဝါကို ဖွဲ့စည်းဖို့အတွက် ချီစွမ်းအင်တွေကိုတော့ မစုစည်းနိုင်သေးပါဘူး။"
ချန်ယွီ၏ အသံမှာ အလွန်ထူးခြားပြီး တည်ကြည်လေးနက်ကာ သြဇာပြည့်ဝလှသည်။
ဝမ်ကျင်းသည် ကျန်းချီအဆင့် မဟုတ်ကြောင်း ကြားရသည့်အတွက် စိတ်ပျက်မသွားခဲ့ဘဲ အမှန်တကယ်တွင် အနည်းငယ်ပင် အံ့အားသင့်သွားခဲ့ရသည်။ စီမာယီသည် သိုင်းပညာတွင် မကျွမ်းကျင်ကြောင်း သိရှိရသောအခါ၊ စနစ်မှ ပေးအပ်ထားသော သူရဲကောင်းများသည် အုပ်ချုပ်ရေးနှင့် စစ်ရေးကဏ္ဍများတွင် သီးခြားစီ ခွဲခြားထားကြောင်း သူ သဘောပေါက်သွားခဲ့သည်။ စစ်ဗျူဟာမှူးများနှင့် အုပ်ချုပ်ရေးပိုင်း ပါရမီရှင်များသည် သိုင်းပညာစွမ်းရည်ပိုင်းတွင် စစ်ဗိုလ်ချုပ်များနှင့် မနှိုင်းယှဉ်နိုင်ချေ။
သို့သော် ခန္ဓာကိုယ်အနှံ့ ချီစွမ်းအင်များ စီးဆင်းနေသည့် အတွင်းအားအဆင့် ကျွမ်းကျင်သူတစ်ဦးမှာ အားနည်းသူ မဟုတ်ချေ။ ဤကျယ်ပြန့်လှသော မဟာကျင်းနိုင်ငံတော်ကြီးတွင် ကန်းချီအဆင့်ရှိ ကြောက်မက်ဖွယ်ကောင်းလှသော ပုဂ္ဂိုလ်များကို ဖယ်ထုတ်လိုက်လျှင် အတွင်းအားအဆင့်၏ အထွတ်အထိပ်သို့ ကျင့်ကြံနိုင်ခြင်းမှာ ထိပ်တန်းပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ရန် လုံလောက်နေပြီဖြစ်သည်။
"အလွန်ကောင်းတယ်။ ချန်ယွီက ဓားသိုင်းပညာကို လေ့ကျင့်ထားပုံရတယ်။ နောင်ကျရင် မင်း ငါ့ရဲ့ ဓားသိုင်းကို လမ်းညွှန်ပြသပေးနိုင်မလား။"
"ကျွန်တော်မျိုး လေ့ကျင့်ထားတဲ့ နေဝင်ချိန်ဓားသိုင်းဟာ အတော်လေး သန့်စင်မွမ်းမံထားတာ ဖြစ်ပါတယ်။ အကောင်းဆုံးအဆင့်ထိ မရောက်သေးပေမယ့်လည်း ကျွန်တော်မျိုး သိရှိထားသမျှ အားလုံးကို မကွယ်မဝှက်ဘဲ သေချာပေါက် သင်ကြားပြသပေးပါ့မယ်။"
စီမာယီသည် စကားဖြတ်မပြောဘဲ သူ၏လက်ထဲရှိ ထူထဲလှသော စာရင်းဇယားများနှင့် စီစီရင်စုနယ်စားမင်းစံအိမ်တော်မှ ယူဆောင်လာခဲ့သည့် လက်အောက်ခံ ခရိုင်များနှင့် မြို့နယ်များမှ စာရွက်စာတမ်း အချို့ကို တိတ်တဆိတ် စီစဉ်ကာ ဝမ်ကျင်း၏ ရှေ့မှောက်တွင် ချထားပေးလိုက်သည်။ ဝမ်ကျင်းသည် အနည်းငယ်ကို ကျပန်းကောက်ယူကာ လှန်လှောကြည့်ရှုလိုက်ပြီး ဖတ်ရှုနှုန်းမှာ ပိုမိုမြန်ဆန်လာခဲ့သည်။ ချန်ယွီကို တွေ့ရသဖြင့် ပျော်ရွှင်နေသော သူ၏မျက်နှာမှာ လျင်မြန်စွာပင် ညှိုးမှောင်သွားခဲ့သည်။
အထူးသဖြင့် ဝမ်ခရိုင်၏ ခရိုင်မင်းအဖြစ် ခန့်အပ်ခံထားရသော ဝန်ရှန့်ထံမှ ပေးပို့လာသည့် စာရွက်စာတမ်းကို ဖတ်ရှုပြီးနောက် ဝမ်ကျင်း၏ မျက်ဝန်းထဲတွင် ချမ်းစိမ့်ဖွယ်ကောင်းလှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။
"အချိန်ဆိုတာ ဖြတ်ပြေးသွားတဲ့ မြင်းရိုင်းတစ်ကောင်လိုပဲ လျင်မြန်လှပြီး လူ့ဘဝဆိုတာကလည်း သဘာဝအတိုင်း တိုတောင်းလှပါတယ်။ ဒါကို တချို့လူတွေက ဘာဖြစ်လို့ ဖြတ်လမ်းလိုက်ဖို့ ဇွတ်ကြိုးစားနေကြတာလဲ။ ငါ သူတို့အပေါ် အတော်လေး သဘောထားကြီးခဲ့တယ်လို့ ထင်ထားတာ၊ သူတို့က ဘာဖြစ်လို့ ငါ့ရဲ့ နောက်ဆုံးသည်းခံနိုင်စွမ်း မျဉ်းကို လာပြီး စိန်ခေါ်နေကြသေးတာလဲ။"
ဝမ်ကျင်းသည် နန်ယန်စီရင်စုရှိ ထူးခြားလှသော မျိုးနွယ်စုကြီးများနှင့် အထက်တန်းလွှာ မိသားစုများအပေါ် အတော်ပင် ထောက်ထားညှာတာခဲ့သည်ဟု ယုံကြည်ထားသည်။ သူသည် ဈေးကွက်မှ ကုန်ပစ္စည်းများကို ဖြန့်ဖြူးရန်အတွက် ၎င်းတို့၏ ကုန်သွယ်ရေးလမ်းကြောင်းများနှင့် လမ်းစဉ်များကို အသုံးပြုခဲ့ပြီး အစိုးရ၏ ကုန်သွယ်ခွန်ကို လျှော့ချမပေးခဲ့သော်လည်း ၎င်းတို့လည်း အကျိုးအမြတ် ရရှိခဲ့ကြသည်။ သို့သော် ဝမ်ကျင်း၏ ငွေအိတ်ထဲသို့ လက်နှိုက်ဝံ့သူများ ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
သို့သော် ဤကိစ္စသည် ဝမ်ကျင်းအား မကျေမနပ်ဖြစ်စေရုံမျှသာရှိပြီး လူအမြောက်အမြားကို သတ်ဖြတ်ချင်စိတ် ပေါက်လာသည်အထိတော့ မဟုတ်ပေ။ လူတို့၏ စိတ်နှလုံးသည် ခန့်မှန်းရခက်ပြီး လောဘသည် ရောင့်ရဲနိုင်ခြင်းမရှိချေ။ လောဘဟူသည် လူတို့၏ အရိုးထဲအထိ စွဲထင်နေသော မွေးရာပါ အားနည်းချက်တစ်ခု ဖြစ်သည်။ သူသည် ထိုအချက်ကို နားလည်ကြောင်း ပြသခဲ့ပြီး ပြစ်ဒဏ်ပေးခြင်း၊ သတိပေးခြင်းနှင့် ဆုံးရှုံးမှုများကို နှစ်ဆ ပြန်လည်တောင်းခံခြင်းတို့ဖြင့် လုံလောက်ပြီဟု ယူဆခဲ့သည်။
သူ့ကို အမှန်တကယ် ဒေါသထွက်စေသည့်အရာမှာ ဝန်ရှန့်၏ အစီရင်ခံစာဖြစ်သည်၊ ယင်းမှာ ဝူမိသားစုသည် အစိုးရကို ကျော်လွန်၍ ဆန်စပါးရိက္ခာ ဈေးနှုန်းများကို မိမိသဘောအတိုင်း အလိုအလျောက် မြှင့်တင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဝမ်ခရိုင်ရှိ စိုက်ပျိုးမြေများ၏ ထက်ဝက်နီးပါးမှာ ဝူမိသားစုပိုင်ဖြစ်ပြီး နန်ယန်စီရင်စု တစ်ခုလုံးအတိုင်းအတာဖြင့် ကြည့်လျှင်လည်း စိုက်ပျိုးမြေ ၃၀ ရာခိုင်နှုန်းနီးပါးမှာ ဝူမိသားစုပိုင် ဖြစ်နေသည်။ ကျယ်ပြန့်လှသော မြေယာများကို ပိုင်ဆိုင်ထားသဖြင့် ဝူမိသားစုတွင် ဆန်စပါးရိက္ခာ အများဆုံး ရှိနေသည်။ စစ်တပ်ကြီး ရှေ့တန်းသို့ ချီတက်နေသည့် အခွင့်အရေးကို အရယူကာ နောက်ကွယ်တွင် ရိက္ခာဈေးနှုန်းများကို မြှင့်တင်ခြင်းမှာ... ဝူမိသားစု၏ ရည်ရွယ်ချက်သည် သေဒဏ်ပေးရန် ထိုက်တန်လှပေသည်။
ဝမ်ကျင်းသည် ရုံးသုံးစာရွက်စာတမ်းကို စားပွဲပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"စီမာယီ... ကျန်တဲ့ မိသားစုတွေကကော ဒီကိစ္စမှာ ပါဝင်ပတ်သက်နေကြလား။"
"ကုန်ပစ္စည်းတွေအတွက် စီရင်စုနယ်စားမင်းစံအိမ်တော်ကို အမှီပြုနေရတဲ့ အခြားမိသားစုအများစုကတော့ မပါဝင်ကြပါဘူး။ သူတို့က ဘာဖြစ်မလဲဆိုတာကို စောင့်ကြည့်ရုံပဲ စောင့်ကြည့်နေကြတာပါ။ ဒါပေမဲ့ ဝူမိသားစုနဲ့ သူတို့ရဲ့ ဆွေမျိုးတော်စပ်တဲ့၊ သူတို့ကို မှီခိုနေရတဲ့ သေးငယ်တဲ့ မျိုးနွယ်စုအချို့ကပဲ ဒါကို လှုံ့ဆော်ခဲ့ကြတာပါ။"
ဝမ်ကျင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"သူတို့က ငါ့ကို လာစမ်းချင်ကြတာပေါ့။ နှစ်သစ်မကူးခင်က ဓားပြတွေကို နှိမ်နင်းခဲ့တာနဲ့ ပတ်သက်ပြီး သူတို့ စိတ်ထဲမှာ အနည်းငယ် မကျေမနပ် ဖြစ်နေကြတုန်းပဲ ထင်တယ်။"
ဝမ်ကျင်းသည် စစ်တပ်ကို အသုံးပြု၍ ဓားပြများကို နှိမ်နင်းစဉ်က ဓားပြများကိုသာမက မိသားစုအသီးသီးက အပြင်ပန်းတွင် မွေးမြူထားသည့် 'အမှောင်လက်' အမြောက်အမြားကိုပါ အမြစ်ပြတ် ရှင်းလင်းခဲ့သည်။ ထိုစဉ်က ဝမ်ကျင်းသည် သုံ့ပန်းတစ်ယောက်မျှ မချန်ဘဲ၊ လူငယ်အမြောက်အမြား ဆုံးရှုံးရမည့်အရေးကိုပင် ဂရုမစိုက်ဘဲ အဘယ်ကြောင့် ပြတ်ပြတ်သားသား အမြစ်ပြတ် ချေမှုန်းခဲ့ရသနည်း။ ပိုက်ကွန်ထဲမှ ငါးတစ်ကောင်မျှ လွတ်မြောက်သွားမည်ကို စိုးရိမ်ခဲ့သောကြောင့် မဟုတ်ပါလား။
"ဝူမိသားစုမှာ ဆန်စပါးရိက္ခာတွေ အများကြီးရှိနေတယ် မဟုတ်လား။ ချန်ယွီ... လူတွေကို ခေါ်ပြီး ဝူမိသားစုဆီကနေ ရိက္ခာတွေကို အတင်းအကြပ် သွားရောက်သိမ်းယူချေ။"
"ငါ သူတို့ကို ဒီတစ်ကြိမ်တော့ ကရုဏာသက်ပေးလိုက်ဦးမယ်။ အကယ်၍ ဝူမိသားစုက သူတို့ရဲ့ မိသားစုပိုင်ဆိုင်မှု ထက်ဝက်ကို ပေးအပ်လှူဒါန်းမယ်ဆိုရင် သူတို့ကို ခဏလောက် ထပ်အသက်ရှင်ခွင့် ပေးထားမယ်။ အကယ်၍ သူတို့ ငြင်းဆန်ရင်တော့... ဟမ်။"
ချန်ယွီသည် ထရပ်ကာ အမိန့်ကို နာခံလိုက်သည်။ ရိက္ခာသိမ်းယူသည့် ကိစ္စလား... ဒါကတော့ သူ အလွန်ကျွမ်းကျင်သည့် အလုပ်တစ်ခုပင် ဖြစ်ပေလိမ့်မည်။
ဝမ်ကျင်းသည် စာရင်းဇယားများကို ဖြန့်ခင်းလိုက်ပြီး မိသားစုတစ်ခုချင်းစီ၏ ဝင်ငွေအဖြစ် မှတ်တမ်းတင်ထားသော ငွေပြားများကို ကြည့်ကာ သူ၏မျက်ဝန်းထဲတွင် လောဘဇောနှင့် ရက်စက်လိုသည့် အရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။
"စီမာယီ... ဒီဝက်တွေကတော့ တော်တော်လေး ဆူဖြိုးလာကြပြီ။ သူတို့ကို ဘယ်တော့လောက် သတ်ကြရင် ကောင်းမလဲ။"
စီမာယီက ပြုံးပြီး ခေါင်းခါလိုက်သည်။
"သခင်ကြီး... အလျင်စလိုလုပ်ဖို့ မလိုပါဘူး။ ပတစ်ဦးဆုံး အနေနဲ့ ဒီမျောက်တွေကို ခြောက်လှန့်ဖို့အတွက် ဝူမိသားစုဆိုတဲ့ ကြက်ကို အရင်သတ်ပြပြီး ငြိမ်သက်သွားအောင် လုပ်ရုံနဲ့တင် လုံလောက်ပါတယ်။ သခင်ကြီး ယွဲ့ပြည်နယ်ရဲ့ ဘုရင်ခံရာထူးကို ရယူနိုင်တဲ့ အချိန်ကျမှပဲ ဝက်တွေကိုသတ်ပြီး အသားစားရမယ့် အချိန်ဖြစ်ပါလိမ့်မယ်။"
"အကယ်၍ ကျွန်တော်တို့ဟာ အခုအချိန်မှာ ဒီစီရင်စုအတွင်းက မျိုးနွယ်စုကြီးတွေကို အလျင်စလို သုတ်သင်ရှင်းလင်းလိုက်မယ်ဆိုရင်၊ ယွဲ့ပြည်နယ်မှာရှိတဲ့ အထက်တန်းလွှာ မိသားစုတွေကို ထိတ်လန့်သွားစေပြီး ငြင်းပယ်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါဟာ သခင်ကြီး ယွဲ့ပြည်နယ်ကို ထိန်းချုပ်မယ့်နေရာမှာ ဖိအားတွေကို ပိုမိုများပြားလာစေပါလိမ့်မယ်။ ဒါက ကြီးမားတဲ့ အကျိုးအမြတ်အတွက် သေးငယ်တဲ့ အရာကို စတေးရသလိုမျိုး အရှုံးပြရတာနဲ့ တူပါလိမ့်မယ်။ ဒါပေမဲ့ သခင်ကြီးကိုယ်တိုင် စစ်ချီတက်ပြီး အောင်ပွဲနဲ့ ပြန်လာတာဖြစ်လို့၊ ဒီမိသားစုအသီးသီးက စစ်တပ်ကို ဆုလာဘ်ပေးဖို့အတွက် အနည်းဆုံးတော့ ရန်ပုံငွေတွေ ထည့်ဝင်သင့်ကြတာပေါ့ မဟုတ်ဘူးလား..."
စီမာယီနှင့် ဝမ်ကျင်းတို့သည် အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့ကို အခုချက်ချင်း မသတ်နိုင်သေးသော်လည်း အနည်းဆုံးတော့ စားရန်အတွက် အသားအချို့ကို လှီးဖြတ်ယူနိုင်သေးသည် မဟုတ်ပါလား။ ဤကောက်ကျစ်စဉ်းလဲသော လူနှစ်ဦးသည် ငွေညှစ်ရန် ရက်စက်လှသော အစီအစဉ်တစ်ခုကို တိတ်တဆိတ် သဘောတူညီလိုက်ကြသည်။
ဤတစ်ကြိမ်တွင် ဝမ်ကျင်း၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်အတွင်းရှိ ရန်ပုံငွေများသည် သိသိသာသာ တိုးပွားလာတော့မည်မှာ သေချာသလောက်ပင် ဖြစ်သည်။ မိသားစုအသီးသီးက လိုလိုလားလား ရှိမရှိ ဆိုသည်မှာမူ... ဟဲဟဲ... မည်သည့်မိသားစုကမျှ "ဟင့်အင်း" ဟု ငြင်းဆန်ဝံ့လောက်အောင် ခေါင်းမာလိမ့်မည်ဟု ဝမ်ကျင်း တကယ်ကို မယုံကြည်ချေ။
အကယ်၍ တစ်စုံတစ်ဦးက သူ့အပေါ် ဤမျှအထိ စော်ကားရဲပါက၊ ဝမ်ကျင်းအနေဖြင့် ၎င်းတို့ကို 'မျိုးနွယ်စုတစ်ခုလုံး သုတ်သင်ခြင်းကစားပွဲ' နှင့် မဧည့်ခံလိုက်လျှင် သူ၏ စနစ်ကို အသက်သွင်းထားရခြင်းမှာ အချည်းနှီးသာ ဖြစ်သွားပေလိမ့်မည်။