အခန်း ၁၈၁
Vol. 19 Ch. 181
အခန်း (၁၈၁) ဟန်ဆောင် မျက်နှာသာပေးခံရခြင်း
ဤတစ်ကြိမ်တွင် သခင်မယွင် နန်းတော်မှ ထွက်ခွာသွားမှုမှာ သိုသိုသိပ်သိပ်မဖြစ်သော်လည်း သူမစီးနင်းသွားသော ဝေါယာဉ်ထဲတွင်မူ အရှင်မင်းကြီး ချီးမြှင့်ထားသော ပစ္စည်းများဖြင့် ပြည့်နှက်နေလေသည်။
ဤပစ္စည်းများ တန်ဖိုးကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ အရေးမကြီးပေ။ အရေးအကြီးဆုံးမှာ အရှင်မင်းကြီး၏ စေတနာပင် ဖြစ်၏။
သုန်မိသားစုအိမ်တော်သည် ကုန်သည်ဘဝမှ ယခုမှပင် ရုန်းထွက်လာသည့် သာမန်မိသားစုလေးသာ ဖြစ်သော်လည်း အရှင်မင်းကြီး၏ ဆုချီးမြှင့်မှုကို ရရှိခဲ့သည်။
ဤကဲ့သို့သော ဂုဏ်ကျက်သရေမျိုးကို ခံယူနိုင်သည့် မိသားစုဆိုသည်မှာ ခပ်ရှားရှားပင်။
လင်ဝမ်ယိသည်လည်း သူမတို့ကို နွေရာသီအပန်းဖြေနန်းတော် တံခါးဝအထိ လိုက်ပို့ခဲ့ပြီး ဝေါယာဉ်လေး အဝေးသို့ ထွက်ခွာသွားသည်ကို မြင်ပြီးမှသာ သတိပြန်ဝင်လာတော့သည်။
ဒုတိယသခင်မသုန် မထွက်ခွာခင်က မှာကြားသွားသည်များကို ပြန်လည်သတိရမိလိုက်၏။
"တူမလေးရဲ့ အအေးမိရောဂါကလည်း တော်တော်လေး သက်သာနေပါပြီ... အခုအချိန်မှာ ကိုယ်ဝန်ယူချင်တယ်ဆိုရင်တောင် ခက်ခဲတဲ့ အခြေအနေ မဟုတ်တော့ဘူး... အဒေါ်ကလည်း ဒုတိယမင်းသမီးကို ဆေးကုပေးဖို့အတွက် နန်းတော်ထဲကို လဝက်တစ်ခါ ဝင်ရမှာဆိုတော့... တကယ်လို့များ တူမလေး ကိုယ်ဝန်ယူဖို့ စဉ်းစားထားတယ်ဆိုရင်... အဒေါ်က အခွင့်ကောင်းယူပြီး ကူညီစောင့်ရှောက်ပေးလို့ ရတယ်..."
ယွင်ရှီက စေတနာဖြင့် ပြောဆိုခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ လင်ဝမ်ယိ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အခြားသူများနှင့် မတူသဖြင့် ပို၍ သတိထားရန် လိုအပ်ပေသည်။
သို့သော် လင်ဝမ်ယိကမူ ပြတ်ပြတ်သားသားပင် ငြင်းဆန်ခဲ့လေသည်။
အခြားကိစ္စများကို မပြောလိုသော်လည်း ဒုတိယမင်းသမီးလေးမှာ နိဗ္ဗာန်တံခါးဝမှ ယခုမှ ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ရာ ယခုအချိန်တွင် သူမသာ ကိုယ်ဝန်ရှိသွားပါက မည်သို့ အာရုံစိုက် ပြုစုပေးနိုင်မည်နည်း။
သူမကိုယ်သူမလည်း သူတော်စင်တစ်ဦးဟု မထင်မှတ်ထားပေ။
မိမိ၏ သွေးသားရင်း သားသမီးများနှင့် ရင်ဆိုင်ရသည့်အခါ သေချာပေါက် မျက်နှာလိုက်မိမည်သာ ဖြစ်၏။
သို့သော် ဤအရာက ဒုတိယမင်းသားနှင့် ဒုတိယမင်းသမီးတို့အတွက်မူ မတရားရာ ကျပေလိမ့်မည်။
သူမမှာ ကလေးယူမည် မယူမည်ကို ရွေးချယ်ခွင့် ရှိသေးသော်လည်း ထိုမောင်နှမနှစ်ဦးမှာမူ သူမတစ်ယောက်တည်းကိုသာ အားကိုးနေရရှာသည်။
ထို့ကြောင့် ယခုအချိန်သည် သူမ ကိုယ်ဝန်ယူရန် အကောင်းဆုံးအချိန် မဟုတ်သေးချေ။
ယွင်ရှီက သူမ၏ ပြတ်သားသော စိတ်နေစိတ်ထားကို သိရှိထားသဖြင့် ဆက်လက်၍ မတိုက်တွန်းတော့ပေ။
မည်သို့ပင်ဖြစ်စေ ဒုတိယမင်းသမီးလေး၏ ရောဂါမှာ ကာလရှည် ကုသရန် လိုအပ်သဖြင့် သူမ နန်းတွင်းသို့ ဝင်ရောက်ရခြင်းမှာလည်း ယခင်ကထက် အများကြီး ပိုမိုလွယ်ကူလာခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သူမလည်း စိတ်အေးသွားတော့၏။
ထို့နောက် ဒုတိယမင်းသမီးလေးကို ပြုစုစောင့်ရှောက်ရန် နည်းလမ်းအချို့ကို မှာကြားခဲ့ပြီးမှ ထွက်ခွာသွားခဲ့သည်။
လင်ဝမ်ယိသည် ကျောက်စရစ်ခဲများ ခင်းထားသော လမ်းပေါ်တွင် ဖြည်းဖြည်းချင်း လျှောက်လှမ်းနေရင်း စိတ်ထဲတွင် ကြည်နူးနေမိသည်။
ဤရက်ပိုင်းအတွင်း သူမ၏ အာရုံအားလုံးကို ဒုတိယမင်းသမီးထံတွင်သာ ပုံအောထားသဖြင့် အပြင်ဘက်ကမ္ဘာမှ ကိစ္စများကို ဘာတစ်ခုမျှ မသိရှိခဲ့ပေ။
ယခုမှ သတိထားမိသည်က နွေရာသီအပန်းဖြေနန်းတော်အတွင်းရှိ ရှုခင်းများမှာ ပူပြင်းသော နွေရာသီမှ ဆောင်းဦးရာသီအစသို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
လင်ဝမ်ယိအတွက်တော့ ဆောင်းဦးရာသီဆိုသည်မှာ အလွန်နှစ်သက်မြတ်နိုးရသော အချိန်အခါလေးပင်။
သစ်သီးဝလံများ၏ ရနံ့က မွှေးကြိုင်နေပြီး ကောက်ပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းသည့် အချိန်ဖြစ်၏။
တစ်နှစ်ပတ်လုံး ပင်ပန်းခဲ့ရသမျှ ဆောင်းဦးရာသီရောက်မှ အကျိုးအမြတ်များ ပြန်လည်ရရှိလာသကဲ့သို့ပင်။
သို့သော် အရင်က တော်ဝင်သမားတော်သို့ သတိပေးခဲ့ဖူးသည်ကိုတော့ သူမ မမေ့ချေ။
ဒုတိယမင်းသားအတွက်မူ ဆောင်းဦးရာသီက အနည်းငယ် ဖြတ်သန်းရ ခက်ခဲလှပေသည်။
ထို့ကြောင့် ဘေးနားမှ လိုက်ပါလာသော ချိုးမင်နှင့် အခြားသူများအား လှည့်၍ ပြောလိုက်လေသည်။
"အနောက်ခြံဝင်းထဲက ပန်းပင်တွေကို တစ်ခေါက် စစ်ကြည့်ကြဦး... ဒုတိယမင်းသားရဲ့ ချောင်းဆိုးရောဂါကို ပိုဆိုးစေနိုင်တဲ့ အပင်တွေရှိရင် ချက်ချင်း ရှင်းပစ်လိုက်... ချွမ်ချီလည်း အစားအသောက်ပိုင်းမှာ ပိုပြီး ဂရုစိုက်ပေးပါဦး... ဒုတိယမင်းသားက အခုမှ နည်းနည်း ပြန်ကျန်းမာလာတာဆိုတော့... ဆောင်းဦးရာသီရဲ့ လေတွေ မိုးတွေကြောင့် ပြန်နေမကောင်းဖြစ်သွားမှာ စိုးလို့..."
"ဟုတ်ကဲ့ပါ... ဒီအစေခံ မှတ်သားထားပါ့မယ်..."
သူတို့မှာ စကားပြောရင်း လျှောက်လာကြသဖြင့် အပြန်လမ်းမှာ မပျင်းစရာ မကောင်းလှပေ။
အရှေ့ဆောင်မှ ထွက်လာသော မင်ချန်ကျိုက်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိကြသည်။ သူမသည် ယခုအခါ အမြင့်ပိုင်းရှိ ဝေါယာဉ်ပေါ်တွင် ထိုင်ကာ အရှင်မင်းကြီးအပါး ခစားရန် ချီချင်းဆောင်သို့ သွားနေခြင်းပင်။
လင်ဝမ်ယိကို မြင်လိုက်ရသောအခါ သူမ အနည်းငယ် အံ့ဩသွားလေ၏။
ချက်ချင်းပင် ဝေါယာဉ်ကို ရပ်ခိုင်းလိုက်ပြီး ပြုံးကာ ပြောလာသည်။
"မမလင်က စိတ်အေးလက်အေး ရှိလှချည်လား... ညီမလေး အနောက်ဆောင်ကို အကြိမ်ကြိမ် လာဖူးပေမယ့် မမကို တစ်ခါမှ မတွေ့ဖူးဘူး... အခုက စိတ်ပြေလက်ပျောက် လမ်းထွက်လျှောက်တာလား..."
ယွင်ရှီ၏ ကိစ္စကို အရှင်မင်းကြီးက သေချာစွာ ဖုံးကွယ်ထားရန် အမိန့်ပေးထားခဲ့သည်။
ထို့ကြောင့် နွေရာသီအပန်းဖြေနန်းတော်အတွင်းရှိ မောင်းမဆောင်ထဲတွင် ပြင်ပမှ အမျိုးသမီးတစ်ဦး လဝက်ကျော်ကြာ နေထိုင်သွားခဲ့ကြောင်း မည်သူမျှ မသိရှိကြပေ။
လင်ဝမ်ယိကလည်း ဤကိစ္စကို နှုတ်ဆိတ်နေခဲ့သည်။
သူမက အပြုံးလေးဖြင့် ချက်ချင်း ပြန်ဖြေလိုက်လေသည်။
"အင်း... ဆောင်းဦးရဲ့ ရာသီဥတုလေးက သာယာနေလို့လေ... ညီမလေးက အရှင်မင်းကြီးဆီ သွားမလို့လား..."
လင်ဝမ်ယိမှာ သိလျက်နှင့် တမင်မေးလိုက်ခြင်းပင်။
မင်ချန်ကျိုက်၏ မျက်နှာပေါ်တွင် အနေရခက်မှုအချို့ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသော်လည်း ချက်ချင်းပင် ထိုအမူအယာများကို ဖုံးကွယ်လိုက်သည်။ ထို့နောက် မျက်နှာသာရနေသည့် ကိုယ်လုပ်တော်တစ်ပါး၏ ဟန်ပန်ဖြင့် လင်ဝမ်ယိကို သနားသည့်ပုံစံ ဖြင့် ကြည့်ကာ ပြောလာလေ၏။
"အင်း... အရှင်မင်းကြီးက ညီမလေး ကတာကို ထပ်ကြည့်ချင်လို့ အထူးတလည် ခေါ်ခိုင်းလိုက်တာ..."
'ထပ်ပြီး' ဟူသော စကားလုံးတစ်လုံးကပင် သူမ၏ လက်ရှိ အခြေအနေကို အထင်းသား ပေါ်လွင်စေသည်။
သူမသည် အရှင်မင်းကြီး အသုံးပြုနေသော ဒိုင်းကာတစ်ခုသာ ဖြစ်ကြောင်းကို လင်ဝမ်ယိသာ စောစောစီးစီး မသိထားခဲ့လျှင် အပြင်လူများကဲ့သို့ပင် သူမကို အရှင်မင်းကြီး၏ အချစ်တော်အသစ်အဖြစ် ထင်မှတ်မိပေလိမ့်မည်။
"ညီမလေးရဲ့ ကကွက်တွေက တကယ်ကို နတ်သမီးလေးလိုပဲ... အရှင်မင်းကြီးမှ မဟုတ်ဘူး... နန်းတော်ထဲက အစ်မတွေတောင် ကြည့်ပြီး သဘောကျနေကြတာ..."
လူတိုင်းက ဤကဲ့သို့ မြှောက်ပင့်စကားများကို နားထောင်ရသည်ကို နှစ်သက်ကြရာ မင်ချန်ကျိုက်လည်း ပါဝင်ပေသည်။
သူမသည် လင်ဝမ်ယိအပေါ် မည်သည့် ရန်ငြိုးမျှ မရှိချေ။
ပထမအချက်မှာ လင်ဝမ်ယိ၏ အေးချမ်းသော စိတ်နေစိတ်ထားက သူမနှင့် ရင်းနှီးသော ယဲ့ကွေ့ရန်နှင့် အနည်းငယ် တူညီနေ၍ ဖြစ်သည်။
ဒုတိယအချက်မှာမူ လင်ဝမ်ယိနှင့် လင်ကွေ့ဖေးတို့က ဆွေမျိုးများ ဖြစ်နေသဖြင့် ဘုန်းကြီးမျက်နှာမထောက် ဘုရားမျက်နှာထောက်ကာ ပို၍ သဘောကောင်းနေခြင်း ဖြစ်၏။
ထို့ကြောင့် သူမက ခေတ္တစဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။
"မမ သဘောကျတယ်ဆိုတော့ ညီမလေး ကံကောင်းတာပေါ့... နောက်ရက် အားရင် မမကို ညီမလေးရဲ့ ခြံဝင်းထဲ ဖိတ်ပြီး ကပြဦးမယ်... ဒီနေ့တော့ သိပ်အဆင်မပြေဘူး... အရှင်မင်းကြီးဆီ အမြန်သွားရမှာမို့လို့ ညီမလေး ခွင့်ပြုပါဦးနော်..."
"ညီမလေး မြန်မြန်သွားပါ... အရှင်မင်းကြီးကို အကြာကြီး စောင့်ခိုင်းထားလို့ မကောင်းပါဘူး..."
လင်ဝမ်ယိမှာ ယခင်ကဲ့သို့ပင် အေးဆေးတည်ငြိမ်စွာ ရှိနေသည်ကို မြင်သောအခါ မင်ချန်ကျိုက်လည်း ဆက်မနေတော့ပေ။
သူမက လက်ဝှေ့ယမ်းပြပြီး အစေခံများကို ရှေ့ဆက်သွားရန် အမိန့်ပေးလိုက်ရာ လင်ဝမ်ယိတို့သာ နေရာတွင် ကျန်ရစ်ခဲ့တော့သည်။
သူတို့ အဝေးသို့ ရောက်သွားမှသာ ချွမ်ချီက ခေါင်းမော့ကာ တစ်ချက် ကြည့်လာတော့သည်။
သို့သော် သူမ၏ ပါးစပ်မှ ညည်းတွားစကား တစ်ခွန်းမျှ မထွက်လာခဲ့ပေ။ ၎င်းမှာ ချိုးမင် ရှိနေ၍လားတော့ မပြောတတ်ချေ။
"ဒီနေ့ကိစ္စကို ဘာမှမမြင်ခဲ့ဘူးလို့ပဲ သဘောထားလိုက်... ငါတို့ ပြန်ကြရအောင်..."
လင်ဝမ်ယိသည် ပြဿနာ ထပ်မရှာလိုသဖြင့် ယခုကဲ့သို့ မှာကြားလိုက်ခြင်းပင်။
မင်ချန်ကျိုက်နှင့် တွေ့ဆုံရသည့်အခါ သူမ အနည်းငယ် အနေခက်မိလေသည်။
မည်သို့ပင်ဆိုစေ ထိုမိန်းကလေးမှာ သူမအတွက် ကောလာဟလများနှင့် မနာလိုမှုများစွာကို ကာကွယ်ပေးထားသူ မဟုတ်လား။
သူမသာ အခြေအနေကို နားမလည်ခဲ့လျှင် ဤနန်းတော်၏ ထောင့်တစ်နေရာတွင် ပိတ်မိနေလိမ့်မည်သာ။
နေ့စဉ်နှင့်အမျှ မျက်နှာသာရရန်အတွက် အခြားသူများနှင့် အပြိုင်အဆိုင် လုယက်နေရပေလိမ့်မည်။
သူမက ၎င်းကို မနှစ်သက်သလို လုံးဝလည်း မလိုလားပေ။
အစေခံများသည် သူမနှင့် လပေါင်းများစွာ အတူနေလာခဲ့သဖြင့် သူမ၏ စိတ်နေစိတ်ထားကို ကောင်းစွာ နားလည်နေကြပြီ ဖြစ်သည်။
ထို့ကြောင့် အစေခံများလည်း သခင်ဖြစ်သူ၏ အလိုကျအတိုင်း စည်းကမ်းတကျဖြင့် ဟွေ့ဖန်းယာခြံဝင်းသို့ ပြန်လိုက်လာခဲ့ကြသည်။
ခြံဝင်းတံခါးဝသို့ ရောက်သည်နှင့် အထဲတွင် စောင့်ဆိုင်းနေသော ချင်အန်းကုန်းကုန်းကို တွေ့လိုက်ရ၏။
လင်ဝမ်ယိမှာ အနည်းငယ် နားမလည်နိုင် ဖြစ်သွားရသည်။
"ချင်ကုန်းကုန်း ဘယ်လိုလုပ် ရောက်လာတာလဲ... ကိစ္စရှိလို့လား..."
ဒုတိယသခင်မသုန် ထွက်သွားသည်မှာ မကြာသေးသဖြင့် သုန်မိသားစုအိမ်တော်နှင့် ပတ်သက်သည့် ကိစ္စတော့ မဖြစ်နိုင်ပေ။
ထို့ကြောင့် လင်ဝမ်ယိမှာ တစ်ခဏမျှ အူကြောင်ကြောင် ဖြစ်သွားရသည်။
သို့သော် ချင်အန်းကမူ မျက်နှာပေါ်တွင် အပြုံးများဝေဆာလျက် လင်ဝမ်ယိကို ပြောလာလေသည်။
"သခင်မလေးကို ဂုဏ်ပြုပါတယ်... အရှင်မင်းကြီးက အနောက်ဆောင်မှာ အကြီးဆုံးဖြစ်တဲ့ ရွေ့ယန်စံအိမ်ကို သခင်မလေးအတွက် ပေးသနားလိုက်ပါတယ်... ဒီအစေခံက ဟွေ့ဖန်းယာခြံဝင်းထဲက ပစ္စည်းတွေ ရွှေ့စရာရှိသလား လာမေးတာပါ... ဒီရက်ပိုင်းအတွင်း သခင်မလေး ပစ္စည်းတွေ သိမ်းပြီး နန်းဆောင် ပြောင်းလို့ ရပါပြီ..."
"ရွေ့ယန်စံအိမ် ဟုတ်လား..."
လင်ဝမ်ယိသည် နွေရာသီအပန်းဖြေနန်းတော်အတွင်းရှိ အဆောက်အအုံများအကြောင်း သိပ်မသိသဖြင့် ချိုးမင်ကို ကြည့်လိုက်လေသည်။
ချိုးမင်က ဤနေရာအကြောင်းကို ကောင်းစွာ သိရှိထားသူ ဖြစ်ရာ ချက်ချင်းပင် ရှင်းပြလိုက်သည်။
"ရွေ့ယန်စံအိမ်က အနောက်ဆောင်ရဲ့ တောင်ဘက်မှာ ရှိပါတယ်... ကျွန်တော်မျိုးမတို့ရဲ့ ဟွေ့ဖန်းယာခြံဝင်းနဲ့ဆိုရင် ၁၅ မိနစ်လောက် လျှောက်ရတဲ့ အကွာအဝေးမှာပါ... သခင်မလေးက နွေရာသီအပန်းဖြေနန်းတော်ကို ရောက်ကတည်းက သိပ်ပြီး အပြင်မထွက်ဖြစ်တော့ မမြင်ဖူးသေးတာ နေမှာပါ..."
လင်ဝမ်ယိ တိတ်ဆိတ်သွားသည်။ သူမ အမှန်တကယ် မမြင်ဖူးပေ။
သို့သော် အရှင်မင်းကြီးက ဘာကြောင့် ရုတ်တရက် ဤသို့ စီစဉ်ရသနည်းကို မကြာမီမှာပင် သူမ သဘောပေါက်သွားလေ၏။
ကြည့်ရသည်မှာ အရှင်မင်းကြီးက သူမ၏ တောင်းဆိုချက်ကို လက်ခံလိုက်ပြီး သူမအပြင် ဒုတိယမင်းသားနှင့် ဒုတိယမင်းသမီးတို့ကိုပါ နွေရာသီအပန်းဖြေနန်းတော်တွင် ထားရစ်ခဲ့ရန် ဆုံးဖြတ်လိုက်ပုံရသည်။
သို့သော် ဟွေ့ဖန်းယာခြံဝင်းက သူတို့ နေထိုင်ရန် လုံလောက်မည် မဟုတ်သဖြင့် ယခုကဲ့သို့ နန်းဆောင် ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်ပေလိမ့်မည်။