အခန်း ၁၈၂
Vol. 19 Ch. 182
အခန်း (၁၈၂) နန်းဆောင်အသစ်သို့ ပြောင်းရွှေ့ခြင်း
ဤကိစ္စကို နားလည်သွားပြီးနောက် လင်ဝမ်ယိမှာ ဟွေ့ဖန်းယာခြံဝင်းအား ခွဲခွာရမည်ကို နှမြောနေသော်လည်း ပြောင်းရွှေ့ရန် သဘောတူလိုက်ရုံမှလွဲ၍ အခြားမရှိပေ။
သို့သော် သူမ၏ ရာထူးအဆင့်ဖြင့် ဤမျှကြီးမားသော ခြံဝင်းကြီးထဲ နေထိုင်ရသည်မှာ အနည်းငယ် မသင့်တော် ဖြစ်နေမည်ကိုတော့ စိုးရိမ်မိသည်။
သူမ စကားမစရသေးခင်မှာပင် ချင်အန်းက ချက်ချင်း ဝင်ပြောလာသည်။
"သခင်မလေး စိတ်ချပါ... ရွေ့ယန်စံအိမ်ရဲ့ အပြင်အဆင်တွေကို ဒီအစေခံ ဟွေ့ဖန်းယာခြံဝင်းနဲ့ တူအောင် သေချာ ပြင်ဆင်ခိုင်းထားပါတယ်... နည်းနည်း ပိုကျယ်သွားရုံလေးပါ... အနောက်ခြံဝင်းကိုလည်း နှစ်ပိုင်း ခွဲထားတော့ ဒုတိယမင်းသားနဲ့ ဒုတိယမင်းသမီးတို့ အတူတူ နေရင်တောင် ကျယ်နေဦးမှာ..."
ချင်အန်း၏ လုပ်ရည်ကိုင်ရည်ကို လင်ဝမ်ယိ အပြည့်အဝ ယုံကြည်စိတ်ချပြီး ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူ့ဘက်က နားလည်မှု လွဲနေသော်လည်း လင်ဝမ်ယိက ထပ်မရှင်းပြတော့ချေ။
အရာအားလုံးကို အရှင်မင်းကြီး ရောက်လာမှသာ ဆက်ပြောတော့မည်ဟု တွေးလိုက်သည်။
ဆယ်လပိုင်း ရောက်မှ ဆုံးဖြတ်မည်ဟု ပြောထားသည် မဟုတ်လား။
ဘာကြောင့် ဒီလောက်မြန်မြန် သူတို့အတွက် နေရာအသစ် စီစဉ်ပေးရသနည်း။ နန်းတော်သို့ စောစော ပြန်ကြတော့မည်မို့များလား။
လင်ဝမ်ယိမှာ အချိန်အတော်ကြာ စဉ်းစားကြည့်သော်လည်း ခန့်မှန်းရုံသာ တတ်နိုင်လေသည်။
ထို့ကြောင့် အတွေးများကို ရပ်တန့်လိုက်ပြီး ချင်အန်းကို မှာကြားလိုက်တော့၏။
"ချင်ကုန်းကုန်း အပင်ပန်းခံသွားရပြီ... ဒီခြံဝင်းထဲက ပစ္စည်းတွေကို အများကြီး ရွှေ့နေစရာ မလိုပါဘူး... ငါတို့ ယူလာတဲ့ ပစ္စည်းတွေကိုပဲ ထုတ်ပြီး ယူသွားလိုက်ရုံပါပဲ..."
"သခင်မလေး အမိန့်အတိုင်းပါ..."
ချင်အန်းသည် ဤတစ်ကြိမ်တွင်တော့ တကယ့်ကို အကဲခတ်ကောင်းခဲ့ပေသည်။
အစကတည်းက လင်ဝမ်ယိအပေါ် လောင်းကြေးထပ်ခဲ့ရာ လင်ဝမ်ယိကလည်း အမှန်တကယ်ပင် ကြိုးစားပြနိုင်ခဲ့သည်။
နန်းတွင်း ဝင်လာသည်မှာ လအနည်းငယ်သာ ရှိသေးသော်လည်း ချန်ကျိုက် အဆင့်သို့ ရောက်ရှိလာခဲ့ပြီ။
ယခုလည်း နန်းဆောင်အသစ် ပြောင်းရွှေ့ရတော့မည် ဖြစ်ရာ ရာထူးတိုးမြှင့်မည့် အမိန့်ကလည်း မကြာခင် ထွက်လာတော့မည်သာ။
လူ ဘယ်နှယောက်၏ မနာလိုဝန်တိုမှုများကို ထပ်မံ ခံရဦးမည်နည်း။
သို့သော် ဤအရာများက သူ ဂရုစိုက်ရမည့် ကိစ္စများ မဟုတ်ပေ။ လင်ဝမ်ယိ၊ ဒုတိယမင်းသားနှင့် ဒုတိယမင်းသမီးတို့ကို အေးချမ်းစွာပြုစုစောင့်ရှောက်ရမည်ဆိုသည်ကသာ အရေးအကြီးဆုံး ကိစ္စဖြစ်သည်။
"ဒါဆို ဒီအစေခံ အရင်သွားပြီး ပြင်ဆင်လိုက်ပါဦးမယ်... သခင်မလေးဘက်က ပစ္စည်းသိမ်းလို့ ပြီးတာနဲ့ ချက်ချင်း လူလွှတ်ပြီး အကြောင်းကြားလိုက်ပါ... အဲဒါဆိုရင် ချက်ချင်း နန်းဆောင် ပြောင်းလို့ရပါပြီ..."
"အင်း... ချင်ကုန်းကုန်း အပင်ပန်းခံပေးပါဦး..."
"သခင်မလေးက အားနာနေပါပြီ... ဒီအစေခံက တာဝန်ဝတ္တရားအရ လုပ်ရတာပါ..."
အားလုံးမှာ အပေါ်ယံ စကားများသာ ဖြစ်သဖြင့် လင်ဝမ်ယိလည်း ကြားနေကျဖြစ်ကာ ရိုးအီနေပြီဖြစ်သည်။
ညပိုင်းတွင် အရှင်မင်းကြီး ရောက်လာမှသာ ဘာကြောင့် ရုတ်တရက် နန်းဆောင် ပြောင်းရွှေ့ခိုင်းရသည်ကို သူမ သဘောပေါက်သွားတော့သည်။
"ကျန်းမင်းသားက ထိုက်ဆန်းတောင်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ပေါ်လာတယ်လို့ စာလွှာတင်လာတယ်... ဒါက တာ့ဝေ့ပြည်ရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေတော့ ပေါ့ပေါ့ဆဆ လုပ်လို့မရဘူး... ကိုယ်တော် ကိုယ်တိုင် သွားကြည့်မလို့ ဆုံးဖြတ်ထားတယ်... မနက်ဖြန်တော့ နန်းတော်ကို အရင်ပြန်ပြီး ပြင်ဆင်ရမယ်..."
ဒါကြောင့်လည်း ယနေ့ အလောတကြီး ချင်အန်းကို လွှတ်ကာ ရွေ့ယန်စံအိမ်သို့ ပြောင်းရွှေ့ရန် အကြောင်းကြားလာခြင်း ဖြစ်မည်။
"ဒါဆို ဆောင်းဦးပွဲတော်ကျရင် ဝမ်ဟယ်စံအိမ်မှာ ပွဲတော် ကျင်းပမယ်ဆို... ကြားတာတော့ ယီဖေးမယ်မယ်က အဲဒီအတွက် တော်တော်လေး အပင်ပန်းခံထားတယ်တဲ့..."
"အဲဒါတွေကို ဂရုစိုက်မနေနိုင်တော့ဘူး... ကိုယ်တော် ဒီနေ့လာတာ မင်းကို ကိစ္စတချို့ လာမှာမလို့..."
လင်ဝမ်ယိ ခေါင်းညိတ်လိုက်သည်။ အရှင်မင်းကြီး၏ မျက်ခုံးများကြားတွင် ဖုံးကွယ်ထားသော စိတ်လှုပ်ရှားမှုနှင့် ဧကရာဇ်တစ်ပါး၏ အရှိန်အဝါများကို သူမ သတိထားမိလိုက်သည်။
ကြည့်ရသည်မှာ ဤကိစ္စက အရှင်မင်းကြီးအတွက် အလွန် အရေးကြီးသော ကိစ္စဖြစ်ပုံရသည်။
ထို့ကြောင့် ကိုယ်တိုင် သွားရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေမည်။
"ဒီတစ်ခေါက် ခရီးက ကိုယ်တော် လအနည်းငယ်လောက် ကြာလိမ့်မယ်... ယီဖေးက မောင်းမဆောင် ခြောက်ခုလုံးရဲ့ ကိစ္စတွေကို တာဝန်ယူထားတော့ သူက သေချာပေါက် နန်းတော်ကို ပြန်ရမှာ... တခြား ကိုယ်လုပ်တော်တွေလည်း အတူတူ ပြန်ကြရလိမ့်မယ်... ဒုတိယမင်းသမီးရဲ့ ခန္ဓာကိုယ်က ရွှေ့ပြောင်းဖို့ အဆင်မပြေသေးတော့... မင်းက နွေရာသီအပန်းဖြေနန်းတော်မှာပဲ ကျန်ခဲ့ပြီး ဒုတိယမင်းသမီးနဲ့ ဒုတိယမင်းသားကို ပြုစုစောင့်ရှောက်ပေးပါ..."
"ကိုယ်တော် ချင်အန်းကို ချန်ထားခဲ့မယ်... အရင်တုန်းက ရွေးထားတဲ့ အစေခံတွေကိုလည်း တစ်ခါတည်း ပို့ပေးလိုက်မယ်... တုမားမားနဲ့ ကျိမားမားတို့လည်း ရှိနေတော့ သူတို့က မင်းကို ကာကွယ်ပေးလိမ့်မယ်..."
"သုန်မိသားစုအိမ်တော်ဘက်ကိုလည်း ကိုယ်တော် လူလွှတ်ပြီး အမိန့်ပေးထားတယ်... ဒုတိယသခင်မသုန်ကို လဝက်တစ်ကြိမ် နန်းတွင်း ဝင်ပြီး ဒုတိယမင်းသမီးကို ဆေးကုပေးဖို့ ခေါ်ထားတယ်... တကယ်လို့ မင်းအမေပါ အတူတူ လိုက်လာချင်ရင် ချင်အန်းကို ကြိုပြီး သတင်းပို့လိုက်ရုံပဲ..."
"ပြီးတော့ တော်ဝင်သမားတော်သို့ကိုလည်း ချန်ထားခဲ့မယ်... ဒုတိယမင်းသားနဲ့ ဒုတိယမင်းသမီးကို အတူတူ ကူပြီး စောင့်ရှောက်ပေးဖို့လေ..."
အရှင်မင်းကြီးက အကြောင်းအရာများစွာကို အသေးစိတ် မှာကြားသွားခဲ့ပြီး ကိစ္စရပ်တိုင်းက သူမနှင့် သက်ဆိုင်နေလေသည်။
အရှင်မင်းကြီး၏ ဤမျှ ဂရုတစိုက် စီစဉ်ပေးမှုကြောင့် လင်ဝမ်ယိ၏ ရင်ထဲတွင် အနည်းငယ် ကြည်နူးမိသွား၏။
သို့သော် တစ်ချိန်တည်းမှာပင် ဤကိစ္စ၏ နောက်ကွယ်တွင် အခြားအကြောင်းအရာများ ရှိနေမည်ကိုလည်း သူမ သေချာစွာ သိရှိနေသည်။
ဥပမာအားဖြင့် ဤစကားများထဲတွင် လင်ကွေ့ဖေး၏ အကြောင်း တစ်လုံးတစ်ပါဒမျှ မပါဝင်လာခြင်းပင်။
လင်ဝမ်ယိသည် အရူးမဟုတ်ပေ။ ဤ 'ထူးဆန်းသောအဖြစ်အပျက်' ဆိုသည်မှာ ကျန်းမင်းသားထံမှ သတင်းရရှိခြင်း ဖြစ်ရာ သေချာပေါက် လင်ကွေ့ဖေးအတွက် အကျိုးရှိပေလိမ့်မည်။
ဤတစ်ကြိမ်တွင်တော့ သူမကို အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ခွင့်ပေးတော့မည်မှာ သေချာလှသည်။
ကိစ္စအားလုံးကို မှာကြားပြီးနောက် အရှင်မင်းကြီးက လင်ဝမ်ယိကို တည်ကြည်လေးနက်စွာ ကြည့်ရင်း ပြောလာလေသည်။
"ဒီတစ်ခေါက် ထိုက်ဆန်းတောင် ခရီးစဉ်မှာ... ကိုယ်တော် လင်ကွေ့ဖေးကို အတူတူ ခေါ်သွားမလို့..."
သူက အနည်းငယ်မျှပင် ဖုံးကွယ်ထားခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလာသည်။
လင်ဝမ်ယိလည်း အံ့ဩမသွားခဲ့ပေ။
မည်သို့ပင်ဖြစ်စေ အရှင်မင်းကြီးသည် လင်ကွေ့ဖေး၏ ဂုဏ်ကျက်သရေနှင့် ရာထူးများကို ရုပ်သိမ်းရန် တစ်ကြိမ်တစ်ခါမျှ အမိန့်မချခဲ့ဖူးပေ။
ထို့ကြောင့် သူမသည် လက်ရှိ တာ့ဝေ့ပြည် တစ်ခုလုံးတွင် အမြင့်မြတ်ဆုံး အမျိုးသမီး ဖြစ်နေဆဲပင်။
အရှင်မင်းကြီးနှင့်အတူ ထိုက်ဆန်းတောင်သို့ လိုက်ပါသွားခြင်းမှာ အကြောင်းပြချက် ခိုင်လုံလှပေသည်။
"အရှင်မင်းကြီး စိတ်ချပါ... ကျွန်တော်မျိုးမက ကလေးဆန်ဆန် စိတ်ကောက်တတ်တဲ့သူ မဟုတ်ပါဘူး... ရွေ့ယန်စံအိမ်ကို သေချာ စောင့်ရှောက်ပြီး ဒုတိယမင်းသားနဲ့ ဒုတိယမင်းသမီးကို ဂရုတစိုက် ကြည့်ရှုပေးပါ့မယ်..."
"အင်း..."
လင်မိသားစု၏ ပထမသခင်ကြီးအိမ်တော်နှင့် ဒုတိယသခင်ကြီးအိမ်တော်ကြားမှ သဘောထားကွဲလွဲမှုများကို အရှင်မင်းကြီး သိရှိထားသည်။
သို့သော် ရေခဲတောင်ကြီးဆိုသည်မှာ တစ်ရက်တည်းနှင့် အေးခဲသွားခြင်း မဟုတ်ရာ လင်ဝမ်ယိဘက်ကို မည်မျှပင် ဘက်လိုက်ချင်နေပါစေ လင်ကွေ့ဖေး နောက်ကွယ်ရှိ အင်အားစုများကိုတော့ လျစ်လျူရှု့၍ မရနိုင်ပေ။
ထို့ကြောင့် သူတတ်နိုင်သမျှ ဘောင်အတွင်းမှသာ လင်ဝမ်ယိကို အကောင်းဆုံး ပေးစွမ်းနိုင်ခြင်း ဖြစ်သည်။
သို့သော် သေးငယ်သော သဘောထားကွဲလွဲမှုကြောင့် လင်ကွေ့ဖေး၏ အနာဂတ်လမ်းကြောင်းကို လုံးဝကြီး ဖြတ်တောက်လိုက်ရန်မှာလည်း မဖြစ်နိုင်ပေ။
မည်သို့ပင်ဖြစ်စေ လင်ကွေ့ဖေးနှင့် လန်ဖေးတို့က မတူညီကြပေ။
လန်မိသားစုမှ တက္ကသိုလ်ပညာရှင်တစ်ဦး ထွက်ပေါ်လာခဲ့သော်လည်း နန်းတွင်းရှိ သူတို့၏ အင်အားမှာ အမတ်ချုပ်လင်နှင့် ကျန်းမင်းသားအိမ်တော်တို့ကို မယှဉ်နိုင်ပေ။
ထို့ပြင် သူမမှာ မီးဖွားစဉ် ပြဿနာဖြစ်ခဲ့ပြီး ထိုပြဿနာဖြစ်စေသူမှာလည်း လန်မိသားစု ကိုယ်တိုင် နန်းတွင်းသို့ ပို့ဆောင်ပေးခဲ့သူသာ ဖြစ်သည်။
လန်မိသားစုအနေဖြင့် မကျေနပ်လျှင်တောင် အခြားသူများကို အပြစ်တင်၍ မရနိုင်ပေ။
သူမ သေဆုံးပြီးနောက် အလွန်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့အချို့ ပေးသနားရုံသာ တတ်နိုင်မည်။
အရှင်မင်းကြီးက ထပ်မံ ပြောဆိုလာသည်။
"ဒုတိယမင်းသမီးရဲ့ နာမည်ကို ကိုယ်တော် ရွေးထားပြီးပြီ... ရှီးရော့ လို့ပဲ ခေါ်ကြတာပေါ့..."
ရှီး ဟူသော စကားလုံးမှာ အဓိပ္ပါယ် အလွန်ကောင်းမွန်လှသည်။
နံနက်ခင်း နေရောင်ခြည်၏ လန်းဆန်းတက်ကြွမှုနှင့် အနာဂတ် တောက်ပမှု အဓိပ္ပါယ် နှစ်မျိုးလုံး ပါဝင်နေ၏။
ဒုတိယမင်းသမီးမှာ အခက်အခဲများစွာကို ဖြတ်သန်းခဲ့ရသဖြင့် ဤစကားလုံးကို အသုံးပြုပြီး ကောင်းသော နိမိတ်ကို ဆောင်ခြင်းက အမှန်တကယ်ပင် ကောင်းမွန်လှပေသည်။
လင်ဝမ်ယိက ပြုံးလျက် ပြန်ပြောလိုက်သည်။
"မင်းသမီးရှီးရော့ သိသွားရင်... ဒီနာမည်လေးကို သေချာပေါက် သဘောကျမှာပါ..."
အရှင်မင်းကြီးက ခေါင်းညိတ်လိုက်ပြီး နှုတ်ခမ်းလှုပ်ရုံသာ ရေရွတ်ကြည့်ရာ ဒီနာမည်က ကောင်းသည်ဟု သူ့ဘာသာ တွေးနေမိသည်။
ထို့နောက် လင်ဝမ်ယိကို ရင်ခွင်ထဲသို့ ဆွဲဖက်ထားလိုက်ပြီး မည်သည့်စကားမျှ ဆက်မပြောတော့ပေ။
နှစ်ယောက်သားအတွက် ရှားရှားပါးပါး အေးချမ်းသည့် အချိန်လေးဖြစ်သလို နောက်ဆုံးအနေဖြင့် နွေးထွေးမှုကို ဖလှယ်နေကြခြင်းလည်း ဖြစ်၏။
နောက်တစ်နေ့ နံနက်စောစောတွင် လင်ဝမ်ယိ ထလာကာ အရှင်မင်းကြီးအတွက် အဝတ်အစား လဲလှယ် ပြင်ဆင်ပေးပြီး အရာအားလုံး အဆင်သင့်ဖြစ်မှ သူမကိုယ်တိုင်လည်း ရေချိုး အလှပြင်လိုက်သည်။
ဤတစ်ကြိမ်တွင်တော့ နှစ်ဦးသား သိုသိုသိပ်သိပ် မနေကြတော့ပေ။
အနောက်ဆောင်မှ အတူတကွ ထွက်လာခဲ့ကြသည်။
ကိုယ်လုပ်တော်များ အားလုံး စောစောစီးစီး ရောက်နှင့်နေကြပြီး ကိုယ်ဝန်ဖြင့် ယင်းကွေ့ဖင်လည်း အပါအဝင်ဖြစ်သည်။
အရှင်မင်းကြီးနှင့်အတူ လင်ဝမ်ယိ လိုက်ပါလာသည်ကို မြင်သောအခါ အားလုံးက မျက်လုံးအပြူးသားဖြင့် ကြည့်နေကြတော့သည်။
သို့သော် ယီဖေးကမူ ယနေ့တွင် ထူးထူးခြားခြား ယဉ်ကျေးနေပြီး အရှင်မင်းကြီးကို ဂါရဝပြုပြီးသည်နှင့် လင်ဝမ်ယိဘက်သို့ လှည့်ကာ ပြောလာလေသည်။
"ဒီအရှင်မက ညီမလေး နန်းဆောင် ပြောင်းရွှေ့တဲ့ ကိစ္စအတွက်တောင် ဂုဏ်မပြုရသေးဘူးပဲ... ကွေ့ရန် အဖြစ် ရာထူးတိုးမြှင့်တဲ့ အမိန့်ကလည်း အရှင်မင်းကြီး ထိုက်ဆန်းတောင်ကနေ ပြန်ရောက်လာရင် ထွက်လာတော့မှာပါ... ညီမလေး ဒီမှာပဲ အေးအေးဆေးဆေး အနားယူနေပါ... ဒုတိယမင်းသားနဲ့ ဒုတိယမင်းသမီးကိုလည်း ညီမလေးပဲ အပင်ပန်းခံပြီး ကြည့်ရှုပေးလိုက်ပါဦး..."
သူမ၏ ဤစကားက ဗုံးတစ်လုံး ကျကွဲသွားသကဲ့သို့ပင် နေရာတွင် ရှိနေသူ အားလုံးကို အံ့အားသင့်သွားစေသည်။
နန်းဆောင် ပြောင်းရွှေ့ခြင်း။
ရာထူးတိုးမြှင့်ခြင်း။
ဒုတိယမင်းသားနှင့် ဒုတိယမင်းသမီးကို စောင့်ရှောက်ရခြင်း။
နွေရာသီအပန်းဖြေနန်းတော်တွင် ကျန်ရစ်ရခြင်း။
မည်သည့် အချက်တစ်ချက်ကပင် ဖြစ်စေ အလွန် ကြီးမားသော သတင်းကြီးများချည်းသာ။
အခြားအရာများကို မဆိုထားနှင့် လင်ဝမ်ယိ ရာထူးတိုးမြှင့်သည့် အမြန်နှုန်းကပင် လူတိုင်းကို အံ့ဩမှင်တက်သွားစေသည်။
အကယ်၍ ပိုင်ဖင်သာ ရှိနေလျှင် ဤအချိန်တွင် သေချာပေါက် မနာလိုသည့် စကားများ ဆိုနေလောက်ပြီ။
သို့သော် ယခု နေရာရှိ မည်သူမျှ မဆင်မခြင် စကားမစရဲကြပေ။ လူတိုင်း၏ ရင်ထဲတွင် မကျေနပ်မှုများ ရှိနေလျှင်တောင် ယခုအချိန်တွင်မူ သည်းခံနေရုံသာ တတ်နိုင်ကြလေသည်။