အခန်း ၁၈၃
Vol. 19 Ch. 183
အခန်း (၁၈၃) ဂုဏ်ထူးဆောင်ဘွဲ့နှင့် ရာထူးတိုးမြှင့်ခြင်း
လင်ဝမ်ယိကမူ ဤသို့ လူအများ၏ အာရုံစိုက်မှုကို ခံရသည့် အချိန်မျိုးကို မနှစ်သက်ပေ။
သို့သော်လည်း တမင်သက်သက် ပုန်းရှောင်နေခြင်းမျိုးလည်း မပြုလုပ်ခဲ့ချေ။
ယီဖေးကို ရင်ဆိုင်ရင်း ဟန်ဆောင်ကာ ပြောလိုက်လေသည်။
"မယ်မယ်ရဲ့ စာနာနားလည်မှုအတွက် ကျေးဇူးတင်ပါတယ်... အရှင်မင်းကြီး ထိုက်ဆန်းတောင်ကနေ ပြန်ရောက်လာရင် ကျွန်တော်မျိုးမကို သတိရပါဦးမလား မသိပါဘူး... ကျွန်တော်မျိုးမနဲ့... ပြီးတော့ ဒုတိယမင်းသားနဲ့ ဒုတိယမင်းသမီးတို့ကို နန်းတော်ကို ပြန်ခေါ်သွားရင် ကောင်းမှာပဲ..."
ဤစကားကို ပြောပြီးသည်နှင့် ပဝါလေးဖြင့် မျက်ရည်သုတ်သယောင် ဟန်ဆောင်လိုက်သည်။
ဤအပြုအမူလေးက အားလုံး၏ ဒေါသကို အတော်လေး လျော့နည်းသွားစေသည်။
ကွေ့ရန် ဟူသော နာမည်လေး ရထားတော့ရော ဘာဖြစ်သနည်း။
နွေရာသီအပန်းဖြေနန်းတော်မှာပဲ ကျန်ခဲ့ရတာ မဟုတ်လား။ နားထောင်လို့ကောင်းအောင် ပြောရရင် ဆေးကုဖို့ အနားယူရတာပေါ့။
သို့သော် နားခါးအောင် ပြောရလျှင် ဒုတိယမင်းသားနှင့် ဒုတိယမင်းသမီးကို ပြုစုစောင့်ရှောက်ရန် ရွေးချယ်ခံရပြီး ချန်ထားခံခဲ့ရခြင်း မဟုတ်လား။
ယခုအခါ လှုပ်ရှားရန်ပင် ခက်ခဲနေသော လန်ဖေးကိုတောင် အတူတကွ ခေါ်သွားသေးရာ သူမတစ်ယောက်တည်းကိုသာ တမင် ချန်ရစ်ခဲ့ခြင်းပင်။
ဤအချက်ကို တွေးမိသောအခါ လူတိုင်းက လင်ဝမ်ယိကို ထူးခြားနေသည်ဟု မခံစားရတော့ပေ။
အရှင်မင်းကြီးသည် လင်ဝမ်ယိ၏ ဟန်ဆောင်နေသော ပုံစံကို ကြည့်ရင်း တကယ့်ကို ဉာဏ်များသည့် မိန်းကလေးဟု စိတ်ထဲတွင် တွေးလိုက်မိသည်။
ထို့ကြောင့် သူမ၏ အစီအစဉ်အတိုင်း လိုက်လျောကာ ပြောလိုက်လေသည်။
"မနက်ဖြန်က ဆောင်းဦးပွဲတော်ပဲ... ကိုယ်တော် ဒီတစ်ခေါက် လအနည်းငယ်လောက် ထွက်သွားရဦးမယ်..."
ထို့နောက် အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးမှ အကြည့်များကို မင်ချန်ကျိုက်ထံတွင် ရပ်တန့်လိုက်သည်။
ထို့နောက် တည်ငြိမ်စွာပင် ပြောလိုက်လေ၏။
"မင်ချန်ကျိုက်က ကိုယ်တော့် စိတ်တိုင်းကျ ဖြစ်လို့ သူ့ကိုလည်း ကွေ့ရန် အဖြစ် တစ်ခါတည်း ရာထူးတိုးပေးလိုက်မယ်... မုတာရင်ကလည်း ယင်းကွေ့ဖင်ကို ပြုစုရာတဲ့နေရာမှာ စေတနာထားလို့ ချန်ကျိုက် အဖြစ် တစ်ခါတည်း ရာထူးတိုးပေးမယ်... ကျန်တဲ့သူတွေကတော့..."
ရုတ်တရက် လူနှစ်ယောက်ကို ဆက်တိုက် ရာထူးတိုးပေးလိုက်သဖြင့် နေရာတွင် ရှိနေသူတိုင်းမှာလည်း အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို ရရှိကာ အတူတကွ ရာထူးတိုးမြှင့်ခံရရန် မျှော်လင့်နေကြတော့သည်။
လင်ဝမ်ယိ ကိစ္စကိုတော့ လုံးဝ မေ့ပစ်လိုက်ကြလေပြီ။
လူတိုင်းက ဝမ်းသာအားရဖြင့် မျှော်လင့်ချက် မျက်လုံးများဖြင့် အရှင်မင်းကြီးကို ကြည့်နေကြသည်။
အရှင်မင်းကြီးလည်း သူတို့၏ မျှော်လင့်ချက်များကို လုံးဝ ပစ်ပယ်လိုက်ရန် မကောင်းသဖြင့် ယီဖေးကို မှာကြားလိုက်လေသည်။
"မင်းပဲ သူတို့နဲ့ အဓိပ္ပာယ်ရှိတဲ့ စကားလုံး ရေးဖွဲ့ပြီး တစ်ယောက်ချင်းစီကို ဂုဏ်ထူးဆောင်ဘွဲ့အဖြစ် ချီးမြှင့်ပေးလိုက်ပါ... ရာထူးတိုးမြှင့်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း ကြိုပြင်ထားလိုက်... ခန့်အပ်ပွဲကိုတော့ နှစ်သစ်ကူးအကြိုညကျမှပဲ ကျင်းပကြတာပေါ့..."
"ဟုတ်ကဲ့ပါ... အမိန့်တော်အတိုင်းပါ..."
ကိုယ်လုပ်တော်များအား အဓိပ္ပာယ်ရှိတဲ့ စကားလုံး ရေးဖွဲ့ပြီး ဂုဏ်ထူးဆောင်ဘွဲ့ ပေးသနားခြင်း ဆိုသည်မှာ မိဖုရားခေါင်ကြီးသာ ရရှိနိုင်သော အထူးအခွင့်အရေးပင် ဖြစ်သည်။
လင်ကွေ့ဖေးက ဤနှစ်များအတွင်း မောင်းမဆောင်၏ ကိစ္စကြီးငယ်များကို ဖြေရှင်းပေးနေခဲ့သော်လည်း ဤကိစ္စတွင်တော့ ဝင်ရောက် စွက်ဖက်ခွင့် မရှိပေ။
ထို့ကြောင့် ယီဖေးမှာ ရာထူးတိုးမြှင့်မှုမျိုး မရှိခဲ့သော်လည်း နေရာတွင် ရှိနေသူ မည်သူမျှ သူမအား မလေးမစား မလုပ်ရဲကြတော့ပေ။
အခြားသူများမှာလည်း ရာထူးတိုးမြှင့်ခြင်း မခံရသော်လည်း ဂုဏ်ထူးဆောင်ဘွဲ့ ရရှိခြင်းက ကောင်းမွန်လှပေသည်။
ရာထူးတူ ကိုယ်လုပ်တော်များကြားတွင် ဂုဏ်ထူးဆောင်ဘွဲ့ မရှိသူများထက် အဆင့်တစ်ဝက်ခန့် ပိုမြင့်သွားမည် ဖြစ်သည်။
ထို့ကြောင့် လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးများ ဝေဆာနေကြတော့သည်။
ဤအပြုံးများမှာ အမှန်တကယ်ပင် ရိုးသားစစ်မှန်လှပေ၏။
"ကျွန်တော်မျိုးမတို့ အရှင်မင်းကြီးကို ကျေးဇူး အထူး တင်ရှိပါတယ်..."
အားလုံးက မြေကြီးပေါ် ဒူးထောက်ကာ ကျေးဇူးတင်စကား ဆိုကြသော်လည်း ယင်းကွေ့ဖင်တွင်မူ ကိုယ်ဝန်ရင့်နေပြီ ဖြစ်သဖြင့် မတ်တပ်ရပ်လျက်သာ ဂါရဝပြုလိုက်ရသည်။
အရှင်မင်းကြီးက သူမကို မမေ့လျော့ဘဲ ပို၍ နူးညံ့ပျော့ပျောင်းသော ဟန်ဖြင့် ပြောလာသည်။
"ဒီတစ်ခေါက် မင်း ကလေးမွေးတဲ့အချိန် ကိုယ်တော် နန်းတော်ထဲမှာ ရှိနေမှာ မဟုတ်ဘူး... ကိစ္စတိုင်းကို ပိုပြီး သတိထားပါ..."
"အရှင်မင်းကြီးရဲ့ ဂရုစိုက်မှုအတွက် ကျွန်တော်မျိုးမ ကျေးဇူးတင်ပါတယ်... ကိုယ့်ကိုယ်ကိုယ်ရော ကလေးကိုပါ သေချာ စောင့်ရှောက်ထားပါ့မယ်..."
"အင်း... တကယ်လို့ မွေးလာတာ မင်းသားလေးဆိုရင် ကျင်း လို့ နာမည်ပေးလိုက်မယ်... မင်းသမီးလေးဆိုရင်တော့ စီးရော့ လို့ နာမည်ပေးလိုက်မယ်..."
ဤနာမည်နှစ်ခုလုံးမှာ နူးညံ့သိမ်မွေ့သော စကားလုံးများ ဖြစ်ရာ ယင်းကွေ့ဖင်၏ စိတ်နေစိတ်ထားနှင့် ကွက်တိကျနေလေသည်။
"အရှင်မင်းကြီး နာမည်ပေးတဲ့အတွက် ကျွန်တော်မျိုးမ ကျေးဇူးတင်ပါတယ်... တကယ်လို့ သတင်းကောင်း ရှိလာရင် အရှင်မင်းကြီးဆီ မြင်းသည်တော်နဲ့ အမြန်ဆုံး သတင်းပို့လိုက်ပါ့မယ်..."
"ကောင်းပြီ..."
စီစဉ်စရာများ အားလုံးပြီးစီးသွားသောအခါ အရှင်မင်းကြီးက လင်ဝမ်ယိကို နောက်ဆုံးအနေဖြင့် တစ်ချက် ကြည့်လိုက်သည်။
မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ ဝေါယာဉ်ပေါ် တက်ကာ လူအားလုံးနှင့်အတူ တော်ဝင်နန်းမြို့တော်သို့ ပြန်သွားလေတော့သည်။
အကျယ်ချုပ် ကျခံနေရဆဲဖြစ်သော လင်ကွေ့ဖေးနှင့် ခန္ဓာကိုယ် အားနည်းနေသော လန်ဖေးတို့ကမူ အစေကာတည်းက သူတို့၏ ကိုယ်ပိုင် ဝေါယာဉ်များပေါ်သို့ တက်ကာ နန်းတော်သို့ လိုက်ပါသွားကြပြီ ဖြစ်သည်။
လူအားလုံး ထွက်ခွာသွားကြပြီးနောက် နွေရာသီအပန်းဖြေနန်းတော် တစ်ခုလုံးမှာ ဟာလာဟင်းလင်းကြီး ဖြစ်သွားသလို ခံစားလိုက်ရသည်။
လင်ဝမ်ယိမှာ ကွေ့ရန် အဆင့်သာ ရှိသေးသော်လည်း နွေရာသီအပန်းဖြေနန်းတော် တစ်ခုလုံးတွင် ဒုတိယမင်းသားနှင့် ဒုတိယမင်းသမီးမှလွဲ၍ ရာထူးအမြင့်ဆုံးသူ ဖြစ်နေလေပြီ။
ထို့ကြောင့် သူမ၏ အမိန့်ကို အားလုံးက နာခံရမည်ဟု ဆိုလျှင်လည်း မလွန်လှပေ။
"သွားကြစို့... ဒုတိယမင်းသားနဲ့ ဒုတိယမင်းသမီးကို အရင်နေရာချပေးပြီးရင်... ငါတို့ နန်းဆောင် ပြောင်းကြတာပေါ့..."
"ဟုတ်ကဲ့ပါ သခင်မလေး..."
နွေရာသီအပန်းဖြေနန်းတော်နှင့် တော်ဝင်နန်းမြို့တော်တို့၏ အကွာအဝေးမှာ သိပ်မဝေးလှသလို လမ်းခရီးတွင်လည်း ဖြည်းဖြည်းချင်း သွားကြသဖြင့် ပြဿနာကြီးကြီးမားမား မရှိခဲ့ပေ။
ယင်းကွေ့ဖင်၏ ဝေါယာဉ်အတွင်း၌ ထူထဲသော အခင်းများ အထပ်ထပ် ခင်းထားသဖြင့် သူမသည် မည်သည့် လှုပ်ခါမှုကိုမျှ မခံစားရချေ။
သို့သော် သူမနှင့် အတူစီးလာသော မုချန်ကျိုက်မှာမူ ယင်းကွေ့ဖင်၏ အပြုအမူကို အနည်းငယ် နားမလည်နိုင် ဖြစ်နေရသည်။
"မယ်မယ် ဘာလို့ နွေရာသီအပန်းဖြေနန်းတော်မှာပဲ ကလေးမွေးပြီးမှ မပြန်တာလဲ... အခုလို သွားလိုက်လာလိုက် လုပ်နေလို့ ခန္ဓာကိုယ် ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ..."
ယင်းကွေ့ဖင်က ပြုံးလိုက်သည်။ နွေရာသီအပန်းဖြေနန်းတော်မှာ နေခြင်းထက် ယောင်ယွဲ့နန်းဆောင်ကသာ သူမကို ပို၍ လုံခြုံစေသည်ဟု သူမတွေးလေသည်။
မည်သို့ပင်ဆိုစေ ထိုနေရာရှိ မြက်တစ်ပင် သစ်တစ်ပင်ကအစ သူမ နှစ်ပေါင်းများစွာ ရင်းနှီးကျွမ်းဝင်ခဲ့ပြီး အစစအရာရာ သေချာစွာ စီစဉ်ထားပြီးဖြစ်၏။
အစကတည်းက နွေရာသီ အပူရှောင်ရန် မဟုတ်ခဲ့လျှင် သူမ နွေရာသီအပန်းဖြေနန်းတော်သို့ လာချင်ခဲ့မည် မဟုတ်ပေ။
အဆိုးဆုံးမှာ လန်ဖေးက နွေရာသီအပန်းဖြေနန်းတော်တွင် သမီးမွေးစဉ်က ပြဿနာကြီးကြီးမားမား ကြုံခဲ့ရခြင်းပင်။
သူမ စိတ်ထဲတွင် အလွန်ပင် စိုးရိမ်နေမိသည်။
ထို့ကြောင့် သူမက ပြောလိုက်လေသည်။
"အပြင်မှာ ဘယ်လောက်ပဲ ကောင်းကောင်း ယောင်ယွဲ့နန်းဆောင်ကို မမီပါဘူး... အဲ့ရောက်လို့ ဒီအရှင်မ ချက်ချင်း ကလေးမွေးရမယ်ဆိုရင်တောင် စိတ်ချရတယ်လေ... ညီမလေးက အခု ချန်ကျိုက် ရာထူး ရသွားပြီဆိုတော့ အနောက်ဆောင်မှာ နေဖို့ အရည်အချင်း ပြည့်နေပါပြီ... နောက်ရက်နည်းနည်းနေရင် ဒီအရှင်မက ညီမလေးအတွက် ယီဖေးမယ်မယ်ကို နန်းဆောင် ပြောင်းပေးဖို့ ပြောပေးပါ့မယ်..."
"ကျွန်တော်မျိုးမ မယ်မယ့်ကို ကျေးဇူးတင်ပါတယ်... နောင်ဆိုရင် အသက်ပေးရမယ်ဆိုရင်တောင် ဝန်မလေးပါဘူး..."
မုလန်ချွမ်းက သဘောထားကို ကောင်းကောင်း ဖော်ပြတတ်သော်လည်း ယင်းကွေ့ဖင်ကမူ ဤကဲ့သို့ ယာယီ 'သစ္စာရှိမှု' မျိုးကို သိပ်ပြီး အရေးမစိုက်လှပေ။
သူမသည် အခြားသူများကို အန္တရာယ် မပေးတတ်သော်လည်း လွယ်လွယ်နှင့်လည်း အခြားသူများ၏ အန္တရာယ်ပေးမှုကို ခံမည် မဟုတ်ပေ။
မုချန်ကျိုက်သည် ယခုအခါ သူမနှင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားများ ဖြစ်နေသဖြင့် သေချာပေါက် အပြန်အလှန် ဖေးမကူညီကြရမည်။
သို့သော် တစ်နေ့နေ့တွင် အကျိုးစီးပွားကြောင့် မျက်နှာပျက်ရမည် ဆိုလျှင်တော့ ဓားဖြင့် အမြန်ဆုံး ထိုးမည့်သူမှာလည်း သူမပင် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ရင်းနှီးစွာ ပေါင်းသင်းလို့ ရသော်လည်း အပြည့်အဝ ယုံကြည်၍တော့ မရပေ။
ဤအချက်ကို သူတို့နှစ်ဦးလုံး၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိရှိနေကြသည်။
သူတို့ သိုသိုသိပ်သိပ် နေနေကြသကဲ့သို့ အခြားကိုယ်လုပ်တော်များလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။
လင်ကွေ့ဖေးသည် အပြင်မထွက်ရသည်မှာ ကြာပြီဖြစ်ရာ ယခု အရှင်မင်းကြီးနှင့်အတူ ထိုက်ဆန်းတောင်သို့ လိုက်ပါရန် အမိန့်ရရှိသောအခါ ပြန်လည် တက်ကြွလာတော့သည်။
"အဘွားက ဒီအရှင်မကို သတိရနေသေးလို့ပါ... မဟုတ်ရင် ဒီအရှင်မ ဒီလောက် မြန်မြန် ထွက်လာနိုင်မှာ မဟုတ်ဘူး..."
သူမသည် ယောင်ထိုင်စံအိမ်တွင် အချိန်အတော်ကြာ ပိတ်မိနေတော့မည်ဟု တစ်ချိန်လုံး ထင်မှတ်ထားခဲ့သည်။
မထင်မှတ်ဘဲ ဆောင်းဦးပွဲတော်ပင် မရောက်သေးခင် သူမ ထွက်လာနိုင်ခဲ့ပြီ။
နောက်လှည့်ကာ မမြင်ရတော့သော နွေရာသီအပန်းဖြေနန်းတော်ကို တစ်ချက် ကြည့်လိုက်ပြီး အေးစက်စွာ နှာမှုတ်ရင်း ပြောလိုက်လေသည်။
"ဒီအရှင်မက လင်ဝမ်ယိကို အရှင်မင်းကြီးရဲ့ ရင်ထဲမှာ စွဲလမ်းနေပြီ ထင်နေတာ... သူလည်း မျက်နှာသာရတာ နှစ်ရက်သုံးရက်ပဲ ခံပါလား..."
ယခုအခါ မင်ကွေ့ရန်ကသာ အရှင်မင်းကြီး၏ အချစ်တော်အသစ် ဖြစ်နေမှန်း မည်သူက မသိဘဲ နေမည်နည်း။ ထို့ကြောင့် လင်ကွေ့ဖေးက သူမ ဤမျှ အမြန် ထွက်လာနိုင်ခဲ့ခြင်းမှာလည်း မင်ကွေ့ရန်၏ ကူညီမှုကြောင့်ဟု ထင်မှတ်နေမိသည်။
"နန်းတော် ပြန်ရောက်ရင် ဂုဏ်ပြုလက်ဆောင် တချို့ ပို့ပေးလိုက်ပါဦး... သူလည်း ကွေ့ရန် ရာထူးတိုးသွားပြီဆိုတော့ အနည်းနဲ့အများတော့ သခင်မ ဖြစ်လာပြီလေ... ပြီးတော့ မင်ကွေ့ရန်ကို ပြောလိုက်ဦး... ဒီရက်ပိုင်း ယီဖေးကို လွယ်လွယ်နဲ့ သွားမဆန့်ကျင်နဲ့လို့... စိတ်အေးအေးထားပြီး ခန္ဓာကိုယ်ကို သေချာ ပြုစုဖို့က အရေးအကြီးဆုံးပဲ... ဒီအရှင်မက သူ အရှင်မင်းကြီးအတွက် မင်းသားလေး မွေးပေးမှာကို စောင့်ကြည့်နေချင်သေးတယ်လို့..."
မင်းသားလေး မွေးဖွားမည့် ကိစ္စကို ပြောလိုက်သောအခါ လင်ကွေ့ဖေး၏ ရင်ထဲတွင် ကြည်နူးသွားရပြန်သည်။
လန်ဖေး မွေးလာသည်ကလည်း မင်းသမီးလေး ဖြစ်ပြီး ရောဂါသည်လေးပင်။
ဒုတိယမင်းသားကဲ့သို့ပင် နောင်တစ်ချိန်တွင် ဆေးနံ့နှင့် မကင်းနိုင်မည့်ပုံပင်။
လင်ဝမ်ယိနှင့်ဆိုလျှင်တော့ တကယ့်ကို လိုက်ဖက်လှပေသည်။
လူသုံးယောက် ဆေးနံ့များဖြင့် နေ့တိုင်း အတူတူ နေကြရမည်။ သူမ၏ သားသမီးမရနိုင်သော အခက်အခဲကို ဖြည့်ဆည်းပေးလိုက်သလိုပင်၊ ယခုတော့ သားရော သမီးပါ စုံလင်သွားပြီ မဟုတ်လား။
"ယင်းကွေ့ဖင် ဘက်ကိုလည်း သေချာ စောင့်ကြည့်ထား... သူ့ဗိုက် ကြည့်ရတာ မွေးတော့မယ့်ပုံပဲ... တကယ်လို့များ အခွင့်အရေးရရင်..."
သူမ စကားပင် မဆုံးသေးခင် ချင်ဟယ့်က ချက်ချင်း ဖြတ်ပြောလိုက်သည်။
"မယ်မယ်... လုံးဝ မလုပ်ပါနဲ့နော်..."
______