အခန်း ၁၈၄
Vol. 19 Ch. 184
အခန်း (၁၈၄) ရည်ရွယ်ချက်အသစ်
ချင်ဟယ်က သူမကိုကို ဤသို့ စကားဖြတ်ပြောလိုက်သဖြင့် သူမ၏ ရင်ထဲတွင် မကျေနပ်ဖြစ်သွားရ၏။
သို့သော် သူမအပါးတွင် နှစ်ပေါင်းများစွာ ခစားလာခဲ့သူဖြစ်၍ ဘာမှ ထပ်မပြောတော့ချေ။
မိမိစည်းကမ်းဖောက်မိကြောင်း သိသွားသောအခါ ချင်ဟယ်က ချက်ချင်းပင် ခွင့်လွှတ်ပေးရန် တောင်းပန်လိုက်သည်။
"မယ်မယ် ဒေါသထွက်တာကို လျှော့ပါဦး... ဒီအစေခံ ရဲတင်းလွန်းသွားပါတယ်"
"ထားလိုက်ပါတော့... မင်း ဘာပြောချင်တာလဲဆိုတာကို တည့်သာ ပြောပါ"
"မယ်မယ်... အခုမှ အကျယ်ချုပ်ကနေ လွတ်လာတာဆိုတော့ နောက်ထပ် ပြဿနာတွေ ထပ်မရှာတာ အကောင်းဆုံးပါပဲ... အရှင်မင်းကြီးနဲ့အတူ ထိုက်ဆန်းတောင်ကို လိုက်သွားခွင့်ရတာက ရှားပါးတဲ့ အခွင့်အရေးပါ... ဒီလအနည်းငယ်အတွင်းမှာ အရှင်မင်းကြီးအနားမှာ မယ်မယ်တစ်ယောက်တည်း ရှိနေမှာဆိုတော့ တခြားသူတွေဆီမှာ အချိန်ဖြုန်းနေမယ့်အစား အရှင်မင်းကြီး မယ်မယ်ရဲ့ တန်ဖိုးကို မြင်လာအောင် လုပ်တာက ပိုမကောင်းဘူးလား... ဒါကို အခွင့်ကောင်းယူပြီး အနောက်ဆောင်ရဲ့ အရှင်သခင် ဖြစ်လာမယ်ဆိုရင် ယင်းကွေ့ဖင်က မင်းသားလေး မွေးလာတော့ရော ဘာဖြစ်သလဲ"
"သူလည်း မယ်မယ့်ကို မယ်တော်လို့ ခေါ်ရမှာပဲ မဟုတ်ဘူးလား"
ချင်ဟယ်၏ စကားများက လင်ကွေ့ဖေး၏ ရင်ဘတ်တည့်တည့်သို့ ထိုးစိုက်ဝင်သွားပေသည်။
ဤစကားများက အကြောင်းပြချက် ခိုင်လုံလှသည်ဟု သူမ ခံစားလိုက်ရ၏။
ထို့ပြင် ကျန်းမာသန်စွမ်းသော မင်းသားလေးတစ်ပါးကို မွေးဖွားနိုင်မည်ဆိုလျှင် ကောင်းသောအရာပင် မဟုတ်လား။
သူမ ထိုက်ဆန်းတောင်မှ ပြန်ရောက်လာသည့်အခါ ယင်းကွေ့ဖင်ကို ရှင်းလင်းလိုက်ရုံသာ။ မင်ချန်ကျိုက်ထံမှ သတင်းကိုပင် စောင့်နေရန် မလိုတော့ဘဲ မင်းသားတစ်ပါးကို တရားဝင် မွေးစားနိုင်မည်ဆိုလျှင် ပို၍ပင် အားကျစရာ ကောင်းလှပေမည်။
ဤအချက်ကို တွေးမိမှသာ သူမ၏ စိတ်များ ငြိမ်ကျသွားတော့သည်။
ထို့နောက် ချင်ဟယ်ကို မှာကြားလိုက်လေ၏။
"ဒီလိုဆိုမှတော့ ယင်းကွေ့ဖင်ဘေးက သားဖွားမားမားကို သေချာ စောင့်ကြည့်ထား... တခြားသူတွေ လက်သရမ်းပြီး မင်းသားလေးကို ထိခိုက်သွားမှာ စိုးရိမ်ရတယ်"
"ဟုတ်ကဲ့ပါ မယ်မယ်"
လင်ကွေ့ဖေး ပြောသော တခြားသူများ ဆိုသည်မှာ ယီဖေးကို ရည်ရွယ်ခြင်းပင်။
မည်သို့ပင်ဆိုစေ ကျန်းမာသန်စွမ်းသော မင်းသားတစ်ပါး ပိုင်ဆိုင်ထားသူမှာ ယီဖေး တစ်ဦးတည်းသာ ရှိလေသည်။
ယခုအခါ အနောက်ဆောင်ကို သူမက အုပ်ချုပ်နေရရာ ယင်းကွေ့ဖင်အနေဖြင့် ကလေးကို အေးအေးချမ်းချမ်း မွေးဖွားနိုင်ရန်မှာလည်း မလွယ်ကူလှပေ။
ထို့ကြောင့် သူမကို ဂရုစိုက် ကာကွယ်ပေးရန် လိုအပ်မည် ဖြစ်၏။
လူတိုင်းက ကိုယ့်အတွေးနှင့်ကိုယ် အသီးသီး ရှိနေကြသည်။
ဤအထဲတွင် အေးအေးချမ်းချမ်း ရှိနေသည်ဟု ထင်ရသူမှာ ယဲ့ကွေ့ရန်သာ ရှိပေလိမ့်မည်။
နန်းတော်ထဲတွင် အတက်အကျ အပြောင်းအလဲများစွာ ရှိလှ၏။
ယနေ့ ကျရှုံးနေသူက မနက်ဖြန်တွင် ပြန်လည် ထမလာနိုင်ဘူးဟု မည်သူမှ မပြောနိုင်ပေ။
ထို့အတူ ယနေ့ ဂုဏ်တင့်နေသူကလည်း အမြဲတမ်း ရေရှည် တည်တံ့နေမည် မဟုတ်ချေ။
ဧကရာဇ်၏ စိတ်ကို ခန့်မှန်းရန် ခက်ခဲလှကြောင်း ပိုင်ဖင်၊ ချူတာရင်နှင့် လင်ကွေ့ရန်တို့ကို ကြည့်ရုံဖြင့် သိနိုင်ပေသည်။
သူမကဲ့သို့ မျက်နှာသာရခဲ့သူအတွက်မူ ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။
ဝေါယာဉ်များက ဖြည်းဖြည်းချင်း ရှေ့သို့ ချီတက်နေကြပြီး ညစာစားချိန် နီးကပ်လာမှသာ အားလုံး မိမိတို့၏ နန်းဆောင် အသီးသီးသို့ ရောက်ကြလေသည်။
ဤတစ်ခေါက်မှာ ခရီးစဉ်က ဆုချီးမြှင့်မှုများရော ပြစ်ဒဏ်များပါ ရောနှောနေခဲ့သည်။
အသေးစိတ် တွက်ကြည့်မည်ဆိုလျှင် ရာထူးကြီးသော ကိုယ်လုပ်တော်များမှာ တစ်ယောက်ပြီး တစ်ယောက် အရေးနိမ့်သွားကြပြီး ရာထူးငယ်သော ကိုယ်လုပ်တော်များကသာ အခွင့်အရေးရကာ အထက်သို့ တက်လှမ်းနိုင်ခဲ့ကြ၏။
ယီဖေး၏ စိတ်ထဲတွင်မူ ဂုဏ်ထူးဆောင်ဘွဲ့ ကိစ္စကိုသာ တွေးတောနေမိသည်။
နန်းတော်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် အတွင်းဝန်ရုံးမှ အကြီးအကဲ ချွမ်ဖူကို အဓိပ္ပါယ်ရှိသော စာလုံးများ စတင် ဖွဲ့ခိုင်းလိုက်လေသည်။
လူတိုင်းက ပစ္စည်းများ သိမ်းဆည်းကာ နန်းဆောင်များကို ရှင်းလင်းနေကြသည်။
နွေရာသီအပန်းဖြေနန်းတော်အတွင်းရှိ ဟွေ့ဖန်းယာခြံဝင်းမှ လူများကလည်း ထိုကိစ္စများကို လုပ်ဆောင်နေကြ၏။
နန်းဆောင် ပြောင်းရွှေ့ခြင်းက သိပ်မရှုပ်ထွေးလှပေ။ အထူးသဖြင့် ချင်အန်း၏ ညွှန်ကြားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ပို၍ အဆင်ပြေချောမွေ့နေသည်။
အနည်းငယ် ရှုပ်ပွနေသည်မှာ ချွမ်ချီ အနှစ်သက်ဆုံးဖြစ်သော မီးဖိုချောင်လေးပင်။
ဤတစ်ကြိမ်တွင်တော့ မီးဖိုချောင်အတွင်းရှိ ပစ္စည်းများကို ပို၍ ပြည့်စုံစွာ ပြင်ဆင်ထားလေသည်။
ချင်အန်းက သူမ တစ်ယောက်တည်း မနိုင်မည်ကို သိသဖြင့် လက်သွက်ခြေသွက်ရှိသော ထမင်းချက် အစေခံကြီး နှစ်ဦးကိုပါ အကူအညီပေးရန် ခေါ်လာခဲ့သည်။
ထိုလူများကို ခေါ်ဆောင်လာရာတွင် ယခင်က ရွေးချယ်ထားသော အစေခံများကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့၏။
လင်ဝမ်ယိ ကွေ့ရန် ရာထူးတိုးသည့်အတွက် လိုအပ်မည့် အစေခံများနှင့် ဒုတိယမင်းသားအတွက် သီးသန့် ရွေးချယ်ထားသူများ ဖြစ်ကြသည်။
ထို့ကြောင့် ခြံဝင်းတစ်ခုလုံးတွင် လူများဖြင့် ပြည့်နှက်နေတော့သည်။
ဟွေ့ဖန်းယာခြံဝင်းမှ ပါလာသူများနှင့်ပါ ပေါင်းလိုက်လျှင် လူနှစ်ဆယ်ခန့် ရှိနေပေပြီ။
ဤအထဲတွင် မျက်နှာအတည်ကြည်ဆုံးသူမှာ သေချာပေါက် တုမားမားပင် ဖြစ်ပြီး သူမ၏နောက်တွင် ချိုးမင်ကုန်းကုန်းနှင့် ကျိမားမားတို့ ရှိနေကြသည်။
တုမားမားသည် စည်းကမ်းကြီးသူဖြစ်ပြီး မည်သည့်အခါမျှ စည်းမကျော်တတ်ပေ။
ဤရွေ့ယန်စံအိမ်သည် လင်ကွေ့ရန်၏ ပိုင်နက်ဖြစ်ရာ အရာအားလုံးက သူမကိုသာ အဓိကထားရမည် ဖြစ်၏။
သူမကို အဓိကထားရမည် ဖြစ်သဖြင့် ခြံဝင်းထဲရှိ လူအားလုံးကလည်း ချိုးမင်၏ ညွှန်ကြားမှုနှင့် အစီအစဉ်များကိုသာ နာခံရမည် ဖြစ်သည်။
ထိုသို့ သဘောတူညီထားပြီးဖြစ်ရာ ကျိမားမားကလည်း ရှေ့ထွက်မလာတော့ဘဲ နေရာတွင်သာ စည်းကမ်းတကျ ရပ်နေလေသည်။
ချိုးမင်သည် ယခင်က အရှင်မင်းကြီးအပါးတွင် ခစားဖူးသူဖြစ်ရာ သူ၏ အရှိန်အဝါနှင့် အတွေ့အကြုံများက လက်အောက်ငယ်သားများကို အုပ်ချုပ်ရန် လုံလောက်လှပေသည်။
ထို့ကြောင့် ရွေ့ယန်စံအိမ်ကို ကြီးကြပ်ကွပ်ကဲရန်မှာ အခက်အခဲ မရှိလှချေ။
လင်ဝမ်ယိသည် စင်္ကြံလမ်းတွင် ရပ်နေရင်း ချိုးမင်က အစေခံအသစ်များကို ဆုံးမစကားပြောနေသည်ကို နားထောင်နေမိသည်။
ချိုးမင် ရှန်းယိဆောင်သို့ စတင်ရောက်ရှိလာခဲ့သော အချိန်များကို ပြန်လည် မြင်ယောင်လာမိ၏။
အချိန်အားဖြင့် နှစ်လ သုံးလခန့်သာ ကြာသေးသော်လည်း အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခြင်းကို ခံစားနေရသည်။
"အစေခံဆိုတာ မျက်စိရှင်ရှင်ထားပြီး ဘာလုပ်ရမလဲဆိုတာကို သိဖို့ အရေးအကြီးဆုံးပဲ... ရွေ့ယန်စံအိမ်က ထမင်းကို စားပြီး စိတ်က တခြားရောက်နေတဲ့သူ ရှိရင်တော့ ဒီကုန်းကုန်းက ညှာတာမှာ မဟုတ်ဘူးနော်... တစ်ခုခု သိရတာနဲ့ အပြစ်ဒဏ် ပေးရုံဝင်မကဘူး… အသက်ရှင်ခွင့်ပေးပါ မဟုတ်ဘူး... မင်းတို့ကို ထောက်ခံပေးတဲ့သူတွေရော မိသားစုတွေရော မင်းတို့နဲ့ ပူးပေါင်းတဲ့သူတွေ အားလုံးကို ယဲ့ယိုးထင်ဆီ ပို့ပြီး သေဒဏ်ပေးပစ်မယ်"
သူ၏ မူလမျက်နှာထားမှာ တည်ကြည်လေးနက်ပြီး အမူအရာကလည်း ပြတ်သားလှသည်။
ထို့ကြောင့် ရပ်နေသော အစေခံအသစ်များမှာ ကြောက်လန့်တကြား တုန်ယင်သွားကြတော့၏။
ရှအန်းနှင့် ချွမ်ချီတို့က လင်ဝမ်ယိ၏ အနောက်တွင် ရပ်နေကြပြီး ရှောင်လုကျစ်ကလည်း အတူတကွ ရှိနေသည်။
သူတို့သုံးဦးမှာ ယခုအခါ ရွေ့ယန်စံအိမ်တွင် ပထမအဆင့် အပျိုတော်နှင့် ပထမအဆင့် မိန်းမစိုးများ ဖြစ်နေပြီဖြစ်ရာ ဆုံးမခံနေရသူများနှင့်တော့ မတူတော့ပေ။
တုမားမားနှင့် ကျိမားမားတို့ကလည်း ဘေးတစ်ဖက်တစ်ချက်စီတွင် ရပ်နေကြသည်။
သူတို့၏ ရာထူးအဆင့်အတန်းကို ချိုးမင်က ဆုံးမပိုင်ခွင့် မရှိပေ။
ထို့ကြောင့် ဤရွေ့ယန်စံအိမ်တွင် သခင်ဆို၍ သုံးဦးသာ ရှိသော်လည်း သူတို့အနေဖြင့် ပေါ့ပေါ့ဆဆ မနေရဲကြချေ။
အဘယ်ကြောင့်ဆိုသော် ထိုခြောက်ဦးစလုံးမှာ မျက်စိရှင်ပြီး တော်ကြသူများချည်း ဖြစ်နေသောကြောင့်ပင်။
မည်သူ့ကိုမျှ သူတို့ သွားမစရဲကြပေ။
ထို့ပြင် ဤအစေခံများကို ချင်အန်းကုန်းကုန်း ကိုယ်တိုင် ရွေးချယ်ထားပြီး တုန်းယွိကျုံး၏ အတည်ပြုချက်ကိုပါ ရယူထားခြင်းဖြစ်ရာ ကြီးမားသော အမှားအယွင်းများ ရှိမည် မဟုတ်ချေ။
ဆုံးမစကားပြောပြီးနောက် ချိုးမင်သည် လင်ဝမ်ယိအနီးသို့ လျှောက်လာကာ ရိုသေစွာဖြင့် ပြောလိုက်လေသည်။
"သခင်မလေး... လူတွေ စုံပါပြီ... သခင်မလေး စကားနည်းနည်းလောက် ပြောချင်ပါသေးလား"
လင်ဝမ်ယိသည် ရပ်နေသော လူများကို တစ်ချက် ကြည့်လိုက်သည်။ အသက်အရွယ်ကြီးသော မားမားများ ရှိသလို ငယ်ရွယ်သော အပျိုတော်များလည်း ပါဝင်ပြီး တည်ငြိမ်ရိုးသားပုံရသည့် မိန်းမစိုးများလည်း ရှိနေသည်။
သူမ၏ ရင်ထဲတွင် အတော်လေး ကျေနပ်သွားမိ၏။
ခေတ္တစဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ရွေ့ယန်စံအိမ်မှာ အလုပ်လုပ်တဲ့အခါ မင်းတို့တွေ ထူးထူးခြားခြား ဉာဏ်ကောင်းနေဖို့ ငါ မတောင်းဆိုပါဘူး... ဝီရိယရှိဖို့နဲ့ အလုပ်လုပ်တဲ့အခါ သေချာ ဂရုစိုက်လုပ်ဖို့ကိုပဲ မှတ်ထားကြပါ"
"ဟုတ်ကဲ့ပါ... သခင်မလေးရဲ့ ဆုံးမစကားကို ဒီအစေခံတို့ မှတ်သားထားပါ့မယ်"
"အင်း... ကျန်တာတွေကတော့ ချိုးကုန်းကုန်း စီစဉ်တဲ့အတိုင်းသာ လုပ်ကြပါ... ဒုတိယမင်းသားနဲ့ ဒုတိယမင်းသမီးရဲ့ နေရာကို အရင် ရှင်းလင်းပေးပြီးမှ ကျန်တာတွေကို ဆက်လုပ်ကြတာပေါ့"
"ဟုတ်ကဲ့ပါ"
ထို့နောက် လင်ဝမ်ယိသည် အဓိကဆောင်ဘက်သို့ လှည့်ဝင်သွားပြီး သူမ၏အနောက်တွင် ရှအန်း၊ တုမားမားနှင့် ကျိမားမားတို့ လိုက်ပါသွားကြသည်။
ဤရွေ့ယန်စံအိမ်၏ အဓိကဆောင်မှာ ဟွေ့ဖန်းယာခြံဝင်းထက် အတော်လေး ကြီးမားလှသည်။ အခန်းသုံးခန်းတည်းသာ ဖွဲ့ထားသော်လည်း အလျားရော အနံပါ အများကြီး ပို၍ကျယ်ဝန်းပေသည်။
အထဲတွင် ထားရှိသော ပရိဘောဂများမှာလည်း သစ်မွှေးနီများဖြင့် သေချာစွာ ထွင်းထုထားခြင်း ဖြစ်၏။
လင်ဝမ်ယိမှာ ထိုနေရာတွင် ရပ်နေရင်း မိမိနှင့် မတန်မရာ နေရာကို ရထားသလို ခံစားနေရသည်။
မည်သို့ပင်ဆိုစေ ဤမျှ ခမ်းနားကြီးကျယ်သော ခြံဝင်းကြီးမှာ ဖေးအဆင့်ရှိသူများ နေထိုင်ရန်သာ သင့်တော်မည် မဟုတ်လား။
သူမကဲ့သို့ ရာထူးငယ်သော ကွေ့ရန်တစ်ဦးနှင့်ဆိုလျှင် မဆိုစလောက်လေးသာ ဖြစ်နေသည်။
"ဒါကတော့ ဒုတိယမင်းသားနဲ့ ဒုတိယမင်းသမီးတို့ရဲ့ ကျေးဇူးကြောင့်ပါပဲ... မဟုတ်ရင် ဒီလောက် ကြီးတဲ့ အိမ်မျိုးမှာ ငါနေဖူးမှာတောင် မဟုတ်ဘူး"
ဤစကားကို ကြားသောအခါ တုမားမားနှင့် ကျိမားမားတို့ နှစ်ဦးစလုံး ပြုံးလိုက်ကြသည်။
ဘေးရှိ ဒုတိယမင်းသား၏ မျက်နှာပေါ်တွင်လည်း ပျော်ရွှင်မှုများ အပြည့်ဖြစ်နေ၏။
"လင်မယ်တော်... ကျွန်တော်တို့ ဒီခြံဝင်းထဲမှာ ဘယ်အချိန်အထိ နေရမှာလဲ... ခမည်းတော်ကရော ပြန်လာဦးမှာလား"