← Chapters

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း (၁၈၅) နွေရာသီအပန်းဖြေနန်းတော်တွင် ကျန်ရစ်ခဲ့ခြင်း

ဒုတိယမင်းသား၏ မျှော်လင့်တကြီး ဖြစ်နေသော မျက်နှာလေးကို ကြည့်ရင်း လင်ဝမ်ယိမှာ ပြုံးမိသွားတော့သည်။

ထို့ကြောင့် ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်ပြီး ပြောလိုက်လေ၏။

"နေရမယ်ဆိုရင်တော့ အနည်းဆုံး လအနည်းငယ်လောက် ကြာမှာပေါ့... နှစ်သစ်ကူးလောက်ကျမှ နန်းတော်ကို ပြန်ဖြစ်မယ် ထင်တယ်... မင်းရဲ့ ခမည်းတော်ကတော့ ဒီရက်ပိုင်း အရေးကြီးကိစ္စတွေ ရှိနေလို့ လာနိုင်မှာ မဟုတ်ဘူး... မယ်တော်နဲ့ ဒုတိယမင်းသမီးက မင်းအနားမှာ အတူတူ နေပေးမယ်လေ... ကောင်းလား"

"ဒါပေါ့ ကောင်းတာပေါ့"

ဒုတိယမင်းသားက ဉာဏ်များစွာဖြင့် ပြုံးလိုက်သည်။ ယခုအချိန်တွင်တော့ အရင်ကကဲ့သို့ လူကြီးဆန်ဆန် တည်ငြိမ်နေခြင်းမျိုး မရှိတော့ချေ။

"လင်မယ်တော်ရော တုမားမားရော ရှောင်လုကျစ်နဲ့ ချွမ်ချီ... ပြီးတော့ ညီမလေးနဲ့ တခြားလူတွေ အများကြီး ရှိနေတာဆိုတော့ ကျွန်တော် သိပ်သဘောကျတာပဲ"

သူ၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှား ပျော်ရွှင်နေမှုများကို မြင်သောအခါ လင်ဝမ်ယိသည် မိမိ၏ ဆုံးဖြတ်ချက် မှန်ကန်သွားကြောင်း ခံစားလိုက်ရသည်။

နွေရာသီအပန်းဖြေနန်းတော်တွင် ကျန်ရစ်ခဲ့ရခြင်းက ပင်ပန်းဆင်းရဲစရာကောင်းပြီး အရေးမပါလှဟု ထင်ရပေမည်။

သို့သော် ဘဝကို မည်သို့ ဖြတ်သန်းမည်ဆိုသည်မှာ မိမိ၏ အပေါ်၌သာ မူတည်နေ၏။

အေးအေးချမ်းချမ်း နေလိုပါက ဆူးခင်းလမ်းဖြစ်နေပါစေ ကျေနပ်နေနိုင်မည်သာ။

အခြားသူများနှင့် အမြဲ ယှဉ်ပြိုင်နေမည်ဆိုလျှင် ရွှေငွေရတနာများ ပုံနေပါစေ စိတ်ချမ်းသာမှု ရရှိနိုင်မည် မဟုတ်ပေ။

ဤအချက်ကို ဒုတိယမင်းသားကလည်း သူမနည်းတူ တွေးတတ်ပုံရသည်။

မနက်ဖြန်တွင် တစ်လပြည့်တော့မည့် ဒုတိယမင်းသမီးလေးမှာမူ ယခုအချိန်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေလေပြီ။

မိမိ၏ အနာဂတ် မည်သို့ရှိမည်ကို အနည်းငယ်မျှပင် သိရှိမည် မဟုတ်ပေ။

အားလုံးက ဝိုင်းဝန်းကူညီကြသဖြင့် မကြာမီမှာပင် ဤရွေ့ယန်စံအိမ် တစ်ခုလုံးကို နေရာချထားပြီးသွားလေသည်။

ဒုတိယမင်းသမီး နေ့ခင်းဘက် အိပ်ပျော်နေခိုက် လင်ဝမ်ယိက ဒုတိယမင်းသားကို ခေါ်ကာ ရွေ့ယန်စံအိမ် ရှေ့နောက် တစ်ပတ်ပတ်ပြလိုက်သည်။

ဤနေရာသည် အဆောင်သုံးခု ပါဝင်သော ခြံဝင်းကြီး ဖြစ်သည်။

ရှေ့ဆောင်တွင် လင်ဝမ်ယိ နေထိုင်ပြီး အလယ်ဆောင်ကို ဘယ်ညာ နှစ်ခြမ်းခွဲကာ တစ်ဖက်တွင် ဒုတိယမင်းသား၊ နောက်တစ်ဖက်တွင် ဒုတိယမင်းသမီးတို့ နေထိုင်ကြသည်။

အနောက်ဆောင်တွင်မူ အမိုးနိမ့် အိမ်တန်းရှည်များ ရှိပြီး အစေခံများ နေထိုင်ရန် သတ်မှတ်ထား၏။

အခန်း ခုနစ်ခန်း ရှစ်ခန်းခန့် အတန်းလိုက်ရှိရာ လူနှစ်ဆယ်ကျော် နေထိုင်ရန် လုံလောက်လှပေသည်။

ထိုမျှမကသေးဘဲ ရွေ့ယန်စံအိမ်၏ ဘယ်ဘက်ခြမ်းရှိ ရေကန်ဆောင်မှ ခြေလှမ်းအနည်းငယ် လျှောက်သွားလျှင် သေးငယ်သော ရေပူစမ်းကန်လေး တစ်ခု ရှိနေသေးသည်။

ပူပြင်းသော နွေရာသီဖြစ်သဖြင့် မည်သူမျှ အသုံးမပြုကြပေ။

သို့သော် ဤကန်ကို ဆောင်းဦးနှင့် ဆောင်းရာသီတို့တွင် စိမ်မည်ဆိုလျှင် အလွန် သက်သောင့်သက်သာ ရှိလှပေမည်။

"မင်း ခန္ဓာကိုယ်က ရေပူစမ်း စိမ်လို့ ရမရ တော်ဝင်သမားတော်တောက်ကို အရင် မေးကြည့်ရမယ်... တကယ်လို့ ရတယ်ဆိုရင် သုံးရက်ခြား တစ်ခါ လေးရက်ခြားတစ်ခါ လာစိမ်လို့ ရတာပေါ့... ခန္ဓာကိုယ် နွေးသွားရင် ရောဂါလည်း မြန်မြန် ပျောက်နိုင်တယ်"

လင်ဝမ်ယိက ထိုရေပူစမ်းကန်ကို ကြည့်ရင်း အလွန် ကျေနပ်သွားမိသည်။

သို့သော် သူမသည် ရေပူစမ်းစိမ်ခြင်းကို သိပ်မနှစ်သက်ဘဲ ရိုးရိုး ရေချိုးရသည်ကို ပို၍ သဘောကျလေသည်။ ထိုသည်ကသာ ပို၍ သက်သောင့်သက်သာ ရှိသည်ဟု ထင်မိသောကြောင့်ပင်။

ဒုတိယမင်းသားသည် မွေးဖွားလာကတည်းက ရေပူစမ်း စိမ်ရန် ပထမဆုံးအကြိမ် အခွင့်အရေး ရရှိခြင်းဖြစ်ရာ သူ၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။

လမ်းတစ်လျှောက် ဘေးဘီ ကြည့်လာခဲ့သမျှ အခြားရှုခင်းများက အရေးမကြီးတော့ချေ။

ရေပူစမ်းကန်ကိုသာ စိုက်ကြည့်ရင်း အဆက်မပြတ် စကားတွေ ပြောနေတော့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့နှစ်ဦး အဓိကဆောင်သို့ ပြန်ရောက်လာချိန်တွင် တော်ဝင်သမားတော်တောက်က ဘေးဘက်အခန်း၌ စောင့်ဆိုင်းနေလေပြီ။

ယခင် ဟွေ့ဖန်းယာခြံဝင်းမှာ နေရာကျဉ်းသဖြင့် သွေးစမ်းသပ်ခြင်းနှင့် အခြားကိစ္စများကို အဓိကဆောင်တွင်သာ လုပ်ဆောင်ရသည်။

သို့သော် ယခုအခါတွင်မူ ဘယ်ညာ နှစ်ဖက်စလုံး၌ အခန်းလေးခန်းစီ ရှိနေပြီး ရှင်းလင်းထားပြီး ဖြစ်၏။

ထို့ကြောင့် တော်ဝင်သမားတော်တောက် ဆေးစစ်ရန်အတွက် အခန်းတစ်ခန်း ခွဲထားလေသည်။

ထိုသို့မဟုတ်ဘဲ အဝင်အထွက် လုပ်နေမည်ဆိုလျှင် လင်ဝမ်ယိ၏ နာမည်ဂုဏ်သတင်းအတွက် သိပ်မကောင်းလှချေ။

ဘယ်ဘက်အခန်းအတွင်းတွင်မူ တော်ဝင်သမားတော်တောက်က ဒုတိယမင်းသား၏ သွေးကြောများကို သေချာစွာ စမ်းသပ်ပေးပြီးနောက် ခန္ဓာကိုယ် တစ်ခုလုံးကိုပါ အသေးစိတ် စစ်ဆေးပေးလိုက်သည်။

အကုန်ပြီးစီးသွားသောအခါ ပြုံးလျက် ပြောလာလေ၏။

"သခင်မလေးနဲ့ တုမားမားက ဒုတိယမင်းသားကို တကယ် ကောင်းကောင်း ပြုစုထားတာပဲ... ဒီအတိုင်း နောက်နှစ် နွေဦးပေါက်အထိ ဆက်ပြုစုသွားမယ်ဆိုရင် မြင်းစီးလေးမြားပစ် သင်လို့ရလောက်ပြီ ထင်တယ်"

စကားပြောရာတွင် အဆိပ်သင့်သည့်ကိစ္စနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ ထည့်မပြောခဲ့ပေ။

သို့သော် လင်ဝမ်ယိဘက်သို့ လှည့်ကာ ခေါင်းညိတ်ပြလိုက်ရာ သူ၏ မျက်ဝန်းထဲမှ မှန်ကန်မှုများကြောင့် လင်ဝမ်ယိ အများကြီး စိတ်အေးသွားရသည်။

ရောဂါပျောက်ကင်းနိုင်လျှင် ရပါပြီ။

သူက ယခုမှ ခြောက်နှစ်အရွယ်ခန့်သာ ရှိသေးရာ ရောဂါပျောက်ကင်းသွားပါက အရာအားလုံးကို အစမှ ပြန်လည် စတင်နိုင်မည် ဖြစ်သည်။

တတိယမင်းသားနှင့် မယှဉ်နိုင်သေးလျှင်တောင် အချိန်ပေးလိုက်ပါက ပို၍ ထူးချွန်သော ဒုတိယမင်းသား ဖြစ်လာနိုင်မည်မှာ သေချာလှသည်။

ဤကိစ္စအတွက် လင်ဝမ်ယိရော တုမားမားပါ အလွန် ဝမ်းသာနေကြ၏။

"တော်ဝင်သမားတော်တောက်... ကျွန်တော်မျိုးမရဲ့ ခန္ဓာကိုယ်ကရော ရေပူစမ်း စိမ်လို့ ရနိုင်မလား... ရွေ့ယန်စံအိမ်ရဲ့ ဘေးမှာ ရေပူစမ်း တစ်ခု ရှိနေတော့ တကယ်လို့ ရမယ်ဆိုရင် သွားစမ်းကြည့်ချင်လို့ပါ"

"ရေပူစမ်းလား"

တော်ဝင်သမားတော်တောက်က ခေတ္တစဉ်းစားလိုက်ပြီးနောက် သတိကြီးစွာဖြင့် ပြောလိုက်လေသည်။

"စိမ်မယ်ဆိုရင်တော့ စိမ်လို့ ရပါတယ်... ဒါပေမဲ့ သတိထားရမယ်... လဝက်ကို တစ်ကြိမ်ပဲ စိမ်သင့်ပြီး တစ်ခါစိမ်ရင်လည်း နာရီဝက်ထက် ပိုကြာလို့မရဘူး... ဒုတိယမင်းသားရဲ့ ခန္ဓာကိုယ်က အခု အတော်လေး တိုးတက်လာပေမဲ့ အခြေခံက အားနည်းနေသေးတယ်... တကယ်လို့ မတော်တဆ အအေးမိသွားရင် ဆေးတွေ အများကြီး ထပ်သောက်ရလိမ့်မယ်"

အမှန်တကယ်တွင်မူ စိမ်၍တော့ ရပေသည်။ သို့သော် တော်ဝင်သမားတော်တောက်က ဒုတိယမင်းသားမှာ ငယ်လွန်းသေးသည်ဟု ထင်မြင်မိခြင်း ဖြစ်၏။

ရေပူထဲတွင် အချိန်ကြာမြင့်စွာ စိမ်မည်ဆိုလျှင် ခံနိုင်ရည် မရှိမည်ကို စိုးရိမ်မိသည်။

ထို့ကြောင့် တိကျသော အဖြေကိုသာ ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။

ထိုစကားကို ကြားသောအခါ ဒုတိယမင်းသား၏ မျက်ဝန်းများတွင် တော်ဝင်သမားတော်တောက်အပေါ် ကျေးဇူးတင်မှုများ ပြည့်နှက်သွားတော့သည်။

သူ့အတွက်မူ လဝက်တစ်ကြိမ် စိမ်ရသည်ဖြစ်စေ၊ တစ်ခါတည်းသာ စိမ်ရသည်ဖြစ်စေ အလွန် စိတ်လှုပ်ရှားနေမိပြီ ဖြစ်၏။

ထို့ကြောင့် လင်ဝမ်ယိဘက်သို့ ချက်ချင်း လှည့်ကြည့်ကာ ချွဲသော အသံဖြင့် ပြောလိုက်လေသည်။

"လင်မယ်တော်... တော်ဝင်သမားတော်တောက်က ရတယ်လို့ ပြောတယ်နော်"

လင်ဝမ်ယိက မျက်လုံးလေးများ မှေးသည်အထိ ပြုံးကာ သူ့ကို ကြည့်လိုက်ပြီးနောက် ပြန်ပြောလိုက်သည်။

"ကောင်းပါပြီ... ချိုးကုန်းကုန်း စီစဉ်ပြီးတာကိုသာ စောင့်နေလိုက်တော့"

"ကတိနော်"

လင်ဝမ်ယိက ခေါင်းညိတ်ပြလိုက်သည်။ ဤကိစ္စလေးအတွက်တော့ သူမက ဒုတိယမင်းသားကို လိမ်ညာမည် မဟုတ်ပေ။

ထို့နောက် တော်ဝင်သမားတော်တောက်နှင့် ပြောစရာ စကားအချို့ ကျန်သေးသဖြင့် လင်ဝမ်ယိက ဒုတိယမင်းသားကို ပြောလိုက်လေ၏။

"မင်း အရင်သွားပြီး ဘယ်လို စီစဉ်မလဲဆိုတာ ချိုးကုန်းကုန်းကို သွားမေးလိုက်ပါ"

"ဟုတ်ကဲ့... ဒါဆို သားတော် အရင်သွားနှင့်ပါ့မယ်"

"အင်း"

ဒုတိယမင်းသားက ပြောပြီးသည်နှင့် တော်ဝင်သမားတော်တောက်ကိုလည်း ခေါင်းညိတ်နှုတ်ဆက်ကာ ဘေးဘက်အခန်းမှ ထွက်သွားလေသည်။

ချိုးမင်ရှိရာဆီသို့ တန်းတန်းမတ်မတ် ပြေးသွားတော့၏။

အခန်းထဲတွင်မူ လင်ဝမ်ယိ၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားပြီး အနည်းငယ် တည်ကြည်သွားလေသည်။

"တော်ဝင်သမားတော်တောက်... ဒုတိယမင်းသားရဲ့ ကျန်းမာရေးကတော့ ကောင်းလာပါပြီ... ဒါပေမဲ့ ဒုတိယမင်းသမီးကတော့ သိပ်မဟန်ဘူး ထင်တယ်... ဒီရက်ပိုင်း ညနေစောင်းပြီဆိုတာနဲ့ ငိုယိုပြီး ဗိုက်ထဲ အီနေတတ်တယ်... နို့ထိန်းမားမား နို့တိုက်တာကိုလည်း မသောက်ချင်ဘူး... ရောဂါများ ပိုဆိုးလာတာလား"

ထိုစကားကို ကြားသောအခါ တော်ဝင်သမားတော်တောက်လည်း မျက်မှောင်ကြုတ်သွားလေသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ဤသို့ မဖြစ်သင့်ပေ။ အန္တရာယ်အများဆုံးဖြစ်သည့် အချိန်ကို ဖြတ်ကျော်လာခဲ့ပြီ မဟုတ်လား။

နောက်ပိုင်းကာလများတွင် ကုသရန် ပို၍ လွယ်ကူရမည် ဖြစ်သည်။

ဘာကြောင့် ရုတ်တရက် ဤကဲ့သို့ ပြဿနာပေါ်လာရသနည်း။

"မင်းသမီး ဘယ်မှာလဲ... ဒီအစေခံ အရင်ဆုံး သွားကြည့်ကြည့်ပါရစေ"

"ကောင်းပြီ"

ဒုတိယမင်းသမီးမှာ နိုးနေပြီဖြစ်ပြီး နို့ထိန်းမားမားနှင့် ကျိမားမားတို့က အဓိကဆောင်ထဲတွင် ချီကာ ချော့မြှူနေကြသည်။

ချင်အန်းက ဒုတိယမင်းသမီးလေး အိပ်ရန်အတွက် သေးငယ်သော ကုတင်လေး တစ်ခု ပို့ပေးထား၏။

အပေါ်တွင် သက်တမ်းရှည်ခြင်းနှင့် ကံကောင်းခြင်းများကို ကိုယ်စားပြုသည့် ပန်းခက်ပန်းနွယ် ပုံစံများကို ထွင်းထုထားပြီး အထဲတွင် ထူထဲသော အခင်းများကို ခင်းထားသည်။

ထို့ကြောင့် ဒုတိယမင်းသမီး နေ့ခင်းဘက် အိပ်သည့်အခါဖြစ်စေ၊ မရပ်မနား ငိုယိုနေသည့်အခါဖြစ်စေ အဓိကဆောင်တွင်သာ ထားရှိလေသည်။

ထိုသို့ထားခြင်းက လင်ဝမ်ယိအတွက် ပြုစုစောင့်ရှောက်ရာတွင် အဆင်ပြေစေသည်။

ညဘက်ရောက်မှသာ ဒုတိယမင်းသမီး၏ ခြံဝင်းသို့ ပြန်လည် ခေါ်ဆောင်သွားပြီး သိပ်လေ့ရှိသည်။

လင်ဝမ်ယိက ရှအန်းကို အမိန့်ပေးကာ ကျိမားမားနှင့် ဒုတိယမင်းသမီးတို့ကို ခေါ်ခိုင်းလိုက်သည်။

တော်ဝင်သမားတော်တောက်ကို မြင်သည်နှင့် တစ်ပြိုင်နက် ဒုတိယမင်းသမီးမှာ ပို၍ပင် အော်ငိုတော့၏။

"ကြည့်ပါဦး... ဒီလိုမျိုးပဲ ဖြစ်နေတာ... ဘယ်လိုချော့ချော့ မရဘူး... ညဘက်ကို နည်းနည်း ကြောက်နေသလားလို့တောင် ထင်ရတယ်"

မင်းသမီးလေးမှာ အလွန် ငယ်ရွယ်သေးသဖြင့် အမှောင်ကို ကြောက်၍များလားဟု လင်ဝမ်ယိက ထင်မှတ်မိခြင်း ဖြစ်သည်။

မဟုတ်လျှင် ဘာကြောင့် ဤမျှ ဝမ်းနည်းပမ်းနည်း ငိုကြွေးနေမည်နည်း။

တော်ဝင်သမားတော်တောက်က ရှေ့သို့တိုးကာ သေချာစွာ စမ်းသပ်ကြည့်သော်လည်း ထူးခြားမှုကို မတွေ့ရပေ။

ထို့နောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။

"ထူးဆန်းတယ်... ဒုတိယမင်းသမီးက ဒီရက်ပိုင်းအတွင်း အတော်လေး နာလန်ထူလာတာပဲ... ခန္ဓာကိုယ်ကလည်း အရင်ကထက် အများကြီး သန်စွမ်းလာတယ်... ပုံမှန်ဆိုရင် ဒီလို လက္ခဏာမျိုးက မပြသင့်ဘူး"

လင်ဝမ်ယိသည် ကျိမားမားလက်ထဲမှ ဒုတိယမင်းသမီးကို လွှဲယူကာ ကိုယ်တိုင် ချော့သိပ်လိုက်လေသည်။

All Chapters