အခန်း ၁၈၆
Vol. 19 Ch. 186
အခန်း (၁၈၆) အလွမ်းနာကျခြင်း
အရင်က ဒုတိယမင်းသမီးသည် သူမ၏ ရင်ခွင်ထဲ ရောက်လျှင် အလွယ်တကူ ငြိမ်ကျသွားတတ်သော်လည်း ယခုမူ အသုံးမဝင်တော့ချေ။
မည်သို့ပင် ချော့ချော့ ဆက်လက် ငိုကြွေးနေဆဲပင်။
အသံက မကျယ်လောင်သော်လည်း ယခင်ကကဲ့သို့ အားနည်းနေသည့် အသံမျိုးတော့ မဟုတ်ပေ။
"ဗိုက်နာနေတာများလား"
ဗိုက်နာနေတာ။
ထိုစကားကို ကြားသောအခါ လူတိုင်းက ဒုတိယမင်းသမီးကို ဝိုင်းကြည့်လိုက်ကြသည်။
ဒီလောက် အရွယ်လေးက ဘယ်လိုလုပ် ဗိုက်နာနိုင်မည်နည်း။
နို့ထိန်းမားမား၏ နို့သာသောက်ပြီး သူမ သောက်နေသော ဆေးများကိုပါ ရပ်ထားခဲ့ပြီ ဖြစ်သည်။
ယခု ဗိုက်နာရခြင်းမှာ ဘာကြောင့် ဖြစ်နိုင်မည်နည်း။
တော်ဝင်သမားတော်တောက်သည် မှန်းဆကြည့်ရုံသာ ဖြစ်သည်။
မွေးကင်းစ ကလေးငယ်များတွင် ဗိုက်နာတတ်သည့် အခြေအနေမျိုး ရှိတတ်ကြောင်း တော်ဝင်သမားတော်ချန် ပြောပြဖူးသည်ကို သူ ကြားခဲ့ဖူးသည်။
ဖြည်းဖြည်းချင်း နှိပ်နယ်ပေးရုံသာ တတ်နိုင်ပြီး ကြီးပြင်းလာသည်နှင့်အမျှ အလိုလို ပျောက်ကင်းသွားလိမ့်မည် ဖြစ်၏။
"သခင်မလေး ဒုတိယမင်းသမီးကို ကုတင်ပေါ် ချထားပေးပါလား... ဒီအစေခံ ဗိုက်ကို နည်းနည်း နှိပ်ကြည့်ပေးပါ့မယ်"
လင်ဝမ်ယိမှာ ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေသော်လည်း ဒုတိယမင်းသမီးကို ကုတင်ပေါ်သို့ ချပေးလိုက်လေသည်။
သူမ၏ သေးငယ်သော ခြေလက်လေးများက အတင်း ရုန်းကန်နေပြီး ခန္ဓာကိုယ်လေးမှာလည်း လူးလွန့်နေ၏။
ထိုအခြေအနေကို မြင်သောအခါ တော်ဝင်သမားတော်တောက်က သူမ၏ ဗိုက်လေးကို ဖြည်းဖြည်းချင်း အထက်အောက် ပွတ်သပ်ပေးလိုက်သည်။
သူမ၏ ငိုသံများ တဖြည်းဖြည်း လျော့နည်းလာသည်ကို မြင်သောအခါ အားကို အနည်းငယ် ထပ်တိုးလိုက်လေသည်။
တော်ဝင်သမားတော်တောက်၏ လက်ရာက ကောင်းလွန်း၍လား၊ သို့မဟုတ် ရောဂါကို အတိအကျ သိသွား၍လားတော့ မပြောတတ်ပေ။
ဒုတိယမင်းသမီးမှာ စူးစူးဝါးဝါး ငိုကြွေးနေခြင်းမှ တဖြည်းဖြည်းချင်း တိတ်ဆိတ်လာတော့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လင်ဝမ်ယိမှာ ဝမ်းသာသွားမိ၏။ တကယ်ပဲ ဗိုက်မအီမသာ ဖြစ်နေခြင်း ဖြစ်ပေမည်။
"သနားစရာလေး... ဒုတိယမင်းသမီး ဗိုက်မအီမသာ ဖြစ်နေမှန်း ငါတို့ တစ်ယောက်မှ မသိခဲ့ကြဘူး... ဗိုက်ဆာလို့လား အိပ်ချင်လို့လားဆိုပြီး တစ်ချိန်လုံး ချော့နေခဲ့ကြတာ"
"ကလေးငယ်လေးတွေ ကျန်းမာစေချင်ရင် အစားကို နည်းနည်းပဲကျွေးပြီး နွေးနေအောင်မထားဘဲ အေးအေးလေး ထားပေးရတယ်... တစ်လပြည့်ပြီးသား ကလေးတွေက အစားများပြီး ဗိုက်မအီမသာဖြစ်ဖို့ လွယ်ကူတယ်လို့ တော်ဝင်သမားတော်ချန် ပြောဖူးတာ ဒီအစေခံ ကြားဖူးပါတယ်... အတင်း ဆက်တိုက်ကျွေးနေရင် သူ ဂျီကျတာ ပိုဆိုးလာပါလိမ့်မယ်"
လင်ဝမ်ယိမှာ ကလေး မမွေးဖူးပေ။
အခြားသူများဖြစ်သော ကျိမားမား၊ တုမားမားနှင့် နို့ထိန်းမားမားမှလွဲ၍ ကလေးမွေးဖူးသူ တစ်ယောက်မှ မရှိကြချေ။
ထို့ကြောင့် ချော့သိပ်ပြုစုရုံသာ တတ်နိုင်ပြီး နက်နဲသော အကြောင်းရင်းများကိုမူ မသိရှိနိုင်ကြပေ။
ယခု ဒုတိယမင်းသမီး အတော်လေး သက်သာသွားသည်ကို မြင်သောအခါ လူတိုင်း၏ မျက်နှာပေါ်တွင် ဝမ်းသာကြည်နူးသည့် အပြုံးများ ပေါ်လာတော့သည်။
တော်ဝင်သမားတော်တောက်၏ ဤနည်းလမ်းကို အားလုံးက သေချာစွာ မှတ်သားထားလိုက်ကြသည်။
မည်သို့ပင်ဆိုစေ ဒုတိယမင်းသမီး ထပ်ငိုမည် မငိုမည်ကို မည်သူက သိနိုင်မည်နည်း။ တကယ်လို့များ ထပ်ငိုလာခဲ့လျှင် ဖြေရှင်းရန် နည်းလမ်းတစ်ခု သိရပြီ မဟုတ်လား။
ညဉ့်နက်လာပြီ ဖြစ်သည်။
ဤသည်မှာ ရွေ့ယန်စံအိမ်တွင် အားလုံး ပထမဆုံးအကြိမ် အိပ်စက်ကြခြင်းပင်။
ဒုတိယမင်းသားနှင့် ဒုတိယမင်းသမီးတို့ကတော့ အေးအေးချမ်းချမ်း အိပ်ပျော်သွားကြသော်လည်း လင်ဝမ်ယိမှာမူ အိပ်ချင်စိတ် ရှိနေသော်လည်း အိပ်မပျော်နိုင် ဖြစ်နေလေသည်။
မနက်ဖြန်သည် ဆောင်းဦးပွဲတော်နေ့ ဖြစ်၏။
ယခင်ကဆိုလျှင် မိသားစုတစ်ခုလုံး ပျော်ပျော်ရွှင်ရွှင်ဖြင့် ဖြတ်သန်းကြမည်သာ။
သို့သော် ယခုနှစ်တွင်တော့ အနည်းငယ် ကွာခြားနေလေသည်။
သူမသည် မိဘများ၏ သမီးလေးဘဝမှ ဒုတိယမင်းသားနှင့် ဒုတိယမင်းသမီးတို့ အားကိုးရသည့် သူတစ်ဦးအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီ။
ဤကဲ့သို့ ရုတ်တရက် အခြေအနေ ပြောင်းလဲသွားမှုက သူမကို အနည်းငယ် အနေခက်စေသည်။ အခက်ခဲဆုံးမှာ အရှင်မင်းကြီး မရှိနေခြင်းပင်။
မိမိ၏ အသက်အိုးအိမ်စည်းစိမ်နှင့် အနာဂတ်ကို အရှင်မင်းကြီးအပေါ် ပုံအပ်ထားခြင်းမဟုတ်ဟု လင်ဝမ်ယိ ခံစားမိသဖြင့် အရှင်မင်းကြီး ထွက်ခွာသွားမှုကို သူမ ထိန်းချုပ်နိုင်စွမ်း ရှိလေသည်။
နှမြောတသဖြစ်မိသော်လည်း အလွမ်းနာကျသည့် အဆင့်အထိတော့ မရောက်ပေ။
သို့သော် ညလယ်ခေါင်တွင် ကောင်းကင်ယံမှ လပြည့်ဝန်းကြီးကို မော့ကြည့်ရင်း ရုတ်တရက် လွမ်းဆွတ်သတိရမိသွားသည်။
ဖြတ်သန်းလာခဲ့သမျှ လမ်းခရီးကို ပြန်လည် စဉ်းစားကြည့်ရမည်ဆိုလျှင်...
အရှင်မင်းကြီးသည် သူမအပေါ် အချိန်နှင့် အားအင်များစွာ ပေးခဲ့ပေသည်။
တစ်ချိန်လုံး ကာကွယ်ပေးခဲ့ခြင်း၊ နားလည်မှု ပေးခဲ့ခြင်းများသာမက လင်မိသားစု၏ ပထမအိမ်တော်နှင့် သုန်မိသားစုတို့အပေါ်တွင်ပင် မျက်နှာသာပေးခဲ့သေးသည်။
အနောက်ဆောင်တွင် သူမ ဘေးကင်းစေရန်အတွက် အခြားကိုယ်လုပ်တော်များကို ဒိုင်းကာအဖြစ် အသုံးချရန်ပင် ဝန်မလေးခဲ့ချေ။
ထို့ပြင် ချူတာရင်နှင့် လင်ကွေ့ဖေးတို့ကိုလည်း သူမအတွက် အကြိမ်ကြိမ် အပြစ်ပေးခဲ့သည်။
မကြည်နူးမိဘူးဆိုလျှင်တော့ လိမ်ရာကျပေလိမ့်မည်။ သို့သော် ရင်ခုန်သလားဟု မေးလာလျှင်မူ...
လင်ဝမ်ယိသည် မိမိကိုယ်ကို ရင်မခုန်မိစေရန် တစ်ချိန်လုံး ထိန်းချုပ်ထားခဲ့ပုံရသည်။
ထိုအကြောင်းများကို တွေးမိသောအခါ နှုတ်ခမ်းထောင့်တွင် အလိုအလျောက် အပြုံးရေးရေးလေး တစ်ခု ပေါ်လာတော့၏။
ဤမြင်ကွင်းကို တုမားမားသာ မြင်သွားမည်ဆိုလျှင် သေချာပေါက် သဘောကျသွားမည် ဖြစ်သည်။
အချစ်ရေးဆိုသည်မှာ မည်သည့်အခါမျှ တိကျစွာ ပြောပြနိုင်ခြင်း မရှိပေ။
များသောအားဖြင့် ကိုယ်တိုင် နစ်မွန်းနေမှန်းပင် မသိလိုက်ဘဲ ဘေးလူက သတိပေးမှသာ သိရှိသွားတတ်ကြသည်။
လင်ဝမ်ယိလည်း ထိုနည်းအတိုင်းပင် ဖြစ်၏။
တစ်ညလုံး အိပ်မပျော်ဘဲ လူးလွန့်နေခဲ့ရာ မိုးလင်းခါနီးအချိန်အထိ လင်ဝမ်ယိမှာ ကုတင်ပေါ်တွင် လဲလျောင်းနေဆဲပင်။
ရှအန်းက ခြေသံဖွဖွဖြင့် အခန်းထဲ ဝင်လာခဲ့သည်။ သူမ၏ မျက်လုံးအောက်ရှိ အမည်းကွင်းများကို မြင်သည်နှင့် မနေ့ညက ကောင်းကောင်း အိပ်မပျော်ခဲ့ကြောင်းကို ချက်ချင်း သိလိုက်လေသည်။
သို့သော် နောက်ကွယ်မှ အကြောင်းအရင်းကိုတော့ အသေးစိတ် မစဉ်းစားတော့ဘဲ စောင်ကို သေချာ ပြန်ခြုံပေးကာ ခြေသံဖွဖွဖြင့် ပြန်ထွက်သွားလေသည်။
အပြင်သို့ ရောက်သောအခါ ချိုးမင်ကုန်းကုန်း လာသည်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိလေ၏။
ထို့ကြောင့် တိုးတိုးလေး ပြောလိုက်သည်။
"ချိုးကုန်းကုန်း... သခင်မလေး မနေ့ညက အိပ်တာ နောက်ကျသွားလို့ အခုထိ မနိုးသေးဘူး... ကိစ္စတွေ ရှိရင်လည်း နောက်ထပ် နှစ်နာရီလောက် နေမှ ပြောတာ ပိုကောင်းမယ် ထင်တယ်"
ရှအန်းသည် လင်ဝမ်ယိ၏ အိပ်စက်ချိန်များကို ကောင်းစွာ သိရှိသူ ဖြစ်သည်။
ထို့ကြောင့် ဤကဲ့သို့ ပြောလိုက်ခြင်းပင်။
ချိုးမင်က ခေါင်းညိတ်လိုက်ပြီး အေးအေးဆေးဆေးပင် ပြန်ပြောလိုက်လေသည်။
"ပြဿနာမရှိပါဘူး… ဆောင်းဦးပွဲတော်နဲ့ ဒုတိယမင်းသမီးရဲ့ တစ်လပြည့်မွေးနေ့ပွဲအတွက် အားလုံး ပြင်ဆင်ပြီးသွားပါပြီကို တင်ပြမလို့ပါ... တစ်ခုက နေ့လယ်ပိုင်း၊ တစ်ခုက ညပိုင်းဆိုတော့ အဆင်ပြေပါတယ်... သခင်မလေးကို ဆက်အိပ်ခိုင်းလိုက်ပါ"
"အင်း"
ယခုအခါ နွေရာသီအပန်းဖြေနန်းတော်တွင် သူတို့ "တစ်အိမ်တည်းသာ ကြီးစိုး" နေခြင်း ဖြစ်သည်။
ထို့ကြောင့် ပို၍ အနားယူသင့်ပေသည်။ မဟုတ်လျှင် ဤကဲ့သို့ သက်သောင့်သက်သာရှိသော နေ့ရက်များကို နောင်တွင် ဖြတ်သန်းခွင့်ရရန် မလွယ်ကူလှချေ။
ချိုးမင်က တိတ်ဆိတ်နေသော အခန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။
သခင်မလေး ယခုလို ရွေ့ယန်စံအိမ်ထဲတွင် ပုန်းကွယ်ကာ အနားယူခွင့်ရနေခြင်းမှာ သူမ၏ ရာထူးမမြင့်မားသေးခြင်းနှင့် ကိုယ်ပိုင် သားသမီး မရှိသေးခြင်းတို့ကြောင့် ဖြစ်သည်ဟု သူ ခန့်မှန်းမိ၏။
နောင်တစ်ချိန် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီး မင်းသားလေးတစ်ပါး မွေးဖွားလာပါက ဤကဲ့သို့ အေးချမ်းသော ဘဝမျိုးကို ဖြတ်သန်းခွင့်ရတော့မည် မဟုတ်ပေ။
ထို့ကြောင့် စဉ်းစားကြည့်ပြီးနောက် အခွင့်အရေးရခိုက် အခုချိန်လေးမှာ အနားယူထားသည်က အကောင်းဆုံးဖြစ်မည်ဟု တွေးလိုက်သည်။
ထို့နောက် အပြင်သို့ ထွက်သွားကာ အစေခံအသစ်များနှင့် အပျိုတော်လေးများ အလုပ်လုပ်နေသည်ကို ဆက်လက် ကြီးကြပ်နေလေတော့သည်။
သူတို့အားလုံးသည် ယခုလက်ရှိတွင် အသေးအမွှား အလုပ်များကိုသာ လုပ်ဆောင်နေရပြီး လင်ဝမ်ယိ၊ ဒုတိယမင်းသားနှင့် ဒုတိယမင်းသမီးတို့အနီးတွင် လူသစ်များ မထားပေ။
ချိုးမင်က အလုပ်လုပ်ရာတွင် စေ့စပ်သေချာပြီး သတိကြီးသူ ဖြစ်ရာ အပြည့်အဝ ယုံကြည်စိတ်ချရမှု မရှိဘဲနှင့် ထိုလူသစ်များကို သခင်များအနားသို့ သွားခွင့်ပြုမည် မဟုတ်ချေ။
စည်းကမ်းများကို သေချာ သင်ယူပြီး မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိမှသာ ရှေ့ထွက်ခွင့်ရမည် ဖြစ်သည်။
ဤအချက်က သူ အမြဲတမ်း လုပ်ဆောင်နေကျ ကိစ္စရပ်ပင် ဖြစ်၏။
နေရောင်ခြည်က ထွန်းလင်းလာပြီး အပြင်ဘက်ရှိ လူများ တစ်ယောက်ပြီး တစ်ယောက် နိုးလာကြပြီ ဖြစ်သည်။
သို့သော် အားလုံးက အဓိကဆောင်အနီးနားသို့ သွားခြင်းကို တမင် ရှောင်ကြဉ်ပေးထားကြသဖြင့် လင်ဝမ်ယိမှာ အေးအေးချမ်းချမ်း အိပ်စက်ခွင့် ရလိုက်လေသည်။
သူမ တစ်ရေးနိုးလာချိန်တွင်မူ မွန်းတည့်ချိန်နီးပါး ရှိနေပြီကို တွေ့လိုက်ရ၏။
အမြန် ကုတင်ပေါ်မှ ထလိုက်ပြီး အပြင်ဘက်သို့ အော်ခေါ်လိုက်လေသည်။
"ရှအန်း"
ရှအန်းမှာ အသင့်စောင့်နေသူဖြစ်ရာ ထိုအသံကို ကြားသည်နှင့် တစ်ပြိုင်နက် အခန်းတံခါးကို ချက်ချင်း တွန်းဖွင့်ကာ ဝင်လာခဲ့သည်။
လင်ဝမ်ယိ အိပ်ရေးဝနေသည့်ပုံစံကို မြင်သောအခါ သူမလည်း အလွန် စိတ်ကြည်နူးသွားရ၏။
"သခင်မလေး နိုးပြီပဲ... ဆက်အိပ်နေရင် နေ့လယ်စာစားချိန်တောင် ရောက်တော့မယ်"
လင်ဝမ်ယိသည် ဆေးကုသရန် အနားယူနေချိန်မှလွဲ၍ အအိပ်မက်သူမဟုတ်ဘဲ စောစောထရသည်ကို ပိုနှစ်သက်သူ ဖြစ်သည်။
"ဒီနေ့က မထင်မှတ်ဘဲ ဒီလို ဖြစ်သွားတာပါ... ဒုတိယမင်းသားနဲ့ ဒုတိယမင်းသမီးကော ထကြပြီလား"
"ဟုတ်ကဲ့ပါ သခင်မလေး စိတ်ချပါ... အားလုံး မနက်စာ စားပြီးကြပါပြီ... ဒုတိယမင်းသားကို ရှောင်လုကျစ်နဲ့ တုမားမားတို့ အဖော်ပြုပေးပြီး အနောက်ခြံဝင်းထဲမှာ ကျန်းမာရေးလေ့ကျင့်ခန်း လုပ်နေပါတယ်... ဒုတိယမင်းသမီးကတော့ အခန်းထဲမှာပဲ ရှိသေးတယ်... ကျိမားမားက ဒုတိယတစ်ကြိမ် ပြန်အိပ်သွားပြီလို့ လာပြောသွားတယ်"
ဒါဆိုလည်း ကောင်းတာပေါ့။ ကလေးတွေ အားလုံးအတွက် စီစဉ်ပေးပြီးပြီ ဆိုတော့ သူမလည်း လောစရာ မလိုတော့ချေ။
ထို့ကြောင့် ရှအန်း၏ ပြုစုပေးမှုဖြင့် မျက်နှာသစ် အလှပြင်ပြီး အားလုံးအဆင်သင့်ဖြစ်မှ မီးဖိုချောင်လေးဆီသို့ သွားလေတော့သည်။
ယနေ့သည် ဆောင်းဦးပွဲတော် ဖြစ်ရာ စားသောက်ဖွယ်ရာများကို သေချာပြင်ဆင်ပြီး ခြံဝင်းတစ်ခုလုံးရှိ လူအားလုံး ပျော်ပျော်ပါးပါး စားသောက်ကြရမည် မဟုတ်လား။
ဒုတိယမင်းသမီး၏ တစ်လပြည့်မွေးနေ့ပွဲကလည်း ကောင်းမွန်နေရမည် ဖြစ်သည်။
______