အခန်း ၁၈၇
Vol. 19 Ch. 187
အခန်း (၁၈၇) တစ်လပြည့်မွေးနေ့ပွဲ
```
အရပ်သားများ၏ ဓလေ့ထုံးစံအရ ကလေးငယ် တစ်လပြည့်သည့်အခါ ကလေးသန့်စင်ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိပေသည်။
သို့သော် ဒုတိယမင်းသမီးမှာ ခန္ဓာကိုယ် အားနည်းသဖြင့် ရေချိုးပေးရာတွင် အအေးမိသွားပါက ပြဿနာကြီးသွားနိုင်ပေသည်။
ထို့ကြောင့် လင်ဝမ်ယိက ချင်အန်းကုန်းကုန်းကို သစ်သားကန် အသေးငယ်လေးတစ်ခု အထူးတလည် ပြုလုပ်ခိုင်းပြီး အထဲတွင် ရေမထည့်ဘဲ ကောင်းမွန်သော ပစ္စည်းများကိုသာ ထည့်ထားစေသည်။
ရောင်စုံဒင်္ဂါးပြားများ ကြံ့ချို ရွှေတုံးငွေတုံးများနှင့် သစ်သီးခြောက် အမျိုးမျိုး ပါဝင်၏။
နေ့လယ်ပိုင်း နေပူလာချိန်တွင် သူတို့က ဒုတိယမင်းသမီးကို ကန်ထဲသို့ ထည့်ကာ ပစ္စည်းများ ဖြည့်တင်းလိုက်ပြီး အခမ်းအနားကို ပြုလုပ်လိုက်ခြင်းဖြင့် တစ်လပြည့်မွေးနေ့ပွဲကို ပြီးမြောက်စေလိုက်သည်။
ဤကိစ္စနှင့် ပတ်သက်၍ တုမားမားနှင့် ကျိမားမားတို့ကလည်း မှန်ကန်သည်ဟု ယူဆကြပေသည်။
လိုအပ်သည့် ဓလေ့ထုံးစံများလည်း ပါဝင်သလို ဒုတိယမင်းသမီးအတွက်လည်း ခန္ဓာကိုယ်ကို မထိခိုက်စေနိုင်သည့် နည်းလမ်းပင်။
ဤသည်မှာ အကောင်းဆုံးပင် ဖြစ်၏။
မီးဖိုချောင်လေးထဲတွင် ယခုအခါ ချွမ်ချီမှာ အတော်လေး သက်သောင့်သက်သာ ရှိနေပြီ ဖြစ်သည်။
အသစ်ပြောင်းရွှေ့လာသော ထမင်းချက် အစေခံကြီး နှစ်ဦးမှာ ကြိုးကြိုးစားစား လုပ်ကိုင်တတ်ပြီး ဇီဇာကြောင်တတ်သူများ မဟုတ်သဖြင့် ချွမ်ချီနှင့် အလွန် အဆင်ပြေကြသည်။
သူတို့နှစ်ဦး၏ အကူအညီဖြင့် ချွမ်ချီ ချက်ပြုတ်သော ဟင်းလျာများ များပြားလာခဲ့ပြီး အရသာလည်း ပိုမိုကောင်းမွန်လာလေသည်။
လင်ဝမ်ယိ ရောက်လာချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် သူမက ဟင်းသီးဟင်းရွက် အမယ်မျိုးစုံကို ပြင်ဆင်နေသည်နှင့် ဆုံလေသည်။
ချွမ်ချီက သခင်မလေးကို မြင်သောအခါ မျက်နှာပေါ်တွင် အပြုံးများ ဝေဆာလျက် ပြောလိုက်သည်။
"သခင်မလေး ရောက်လာပြီလား..."
"အင်း... မင်း ဘာတွေ ပြင်ဆင်ထားလဲ ကြည့်ရအောင်..."
"ဒီအစေခံက အပြင်ကနေ ရွှံ့တွေတောင် မပြောင်သေးတဲ့ ကြာစွယ်တွေ မှာထားပါတယ်... အဲဒါနဲ့ သခင်မလေးကို ကြာစွယ်အစာသွပ် ကြော်ပေးမလို့... ပြီးတော့ လတ်ဆတ်တဲ့ ဂဏန်းတွေနဲ့ ဂဏန်းဥခေါက်ဆွဲ လုပ်မယ်... ဘဲသားပေါင်းနဲ့ ရွှေဖရုံသီးပေါင်းပါ ထပ်ချက်လိုက်ရင် သခင်မလေးနဲ့ ဒုတိယမင်းသား စားဖို့ အလုံအလောက် ဖြစ်သွားပါပြီ..."
လင်ဝမ်ယိသည် ကြားရုံဖြင့် သွားရည်များ ကျလာတော့၏။
သူမသည် ကြာပန်းကို အလွန် နှစ်သက်သူ ဖြစ်သည်။ ရွှံ့နွံထဲမှ ပေါက်ဖွားလာသော်လည်း အညစ်အကြေး မစွန်းထင်းသော ကြာပန်းကို နှစ်သက်သလို ကြာစေ့၏ အေးမြခါးသက်ချိုမြိန်သော အရသာကိုလည်း သဘောကျပြီး ကြာစွယ်ဖြင့် ချက်ပြုတ်နိုင်မှု အများအပြားရှိသည်ကို ပို၍ပင် နှစ်သက်သေးသည်။
သူမ၏ အမြင်တွင် ကြာပင်ကဲ့သို့ နေရာတိုင်း အသုံးဝင်သော အရာမျိုးမှာ အလွန် ရှားပါးလှပေသည်။
အရေးအကြီးဆုံးမှာ ကြာပင်သည် ပေါက်ရောက်ရာ နေရာကို မရွေးချယ်ခြင်းပင်။
ရွှံ့နွံထဲတွင်ဖြစ်စေ မိုးသည်းထန်စွာ ရွာသွန်းနေချိန်ဖြစ်စေ ကြာပင်က အသက်ရှင်သန်နိုင်စွမ်း ရှိနေသေး၏။
လင်ဝမ်ယိသည် ပန်းမန် သစ်ပင် အင်းဆက် ငှက်နှင့် တိရစ္ဆာန်များ အပါအဝင် ဤကဲ့သို့ အသက်ရှင်သန်လိုစိတ် ပြင်းပြသော အရာအားလုံးကို နှစ်သက်ပေသည်။
လူများ အပါအဝင်ပင်။
"ကောင်းတယ် ကောင်းတယ်... ကြာစွယ်အစာသွပ်ကို များများလေး လုပ်ထားလိုက်ပါ... အားလုံး မြည်းကြည့်လို့ ရအောင်လို့..."
"သခင်မလေး စိတ်ချပါ... ဒီအစေခံ အများကြီး ပြင်ဆင်ထားပါတယ်...သခင်မလေး မုန်းတဲ့အထိတောင် စားလို့ရပါတယ်..."
"ဒါဆိုလည်း ကောင်းတာပေါ့..."
ချွမ်ချီ၏ ဟင်းလျာ ပြင်ဆင်မှုများနှင့် ပတ်သက်၍ လင်ဝမ်ယိ အလွန် ယုံကြည်ပေသည်။
ဤမီးဖိုချောင်လေးထဲတွင် ပစ္စည်းစုံလင်ရုံသာမက အလွန် သန့်ရှင်းသပ်ရပ်စွာ ရှင်းလင်းထား၏။
အထဲတွင် ခဏတဖြုတ် ရပ်နေလျှင်ပင် ဟင်းနံ့များ ကပ်ပါလာမည် မဟုတ်ချေ။
"ဒုတိယမင်းသမီးရဲ့ တစ်လပြည့်ပွဲ ပြီးရင်... ငါတို့ အတူတူ လမုန့် လုပ်ကြရအောင်..."
ချွမ်ချီကလည်း ကောင်းသည်ဟု ထင်သော်လည်း ကြာစေ့ခူးသည့် ကိစ္စပြီးကတည်းက သူမ ကိုယ့်သဘောနှင့်ကိုယ် ဆုံးဖြတ်ချက် မချရဲတော့ပေ။
"သခင်မလေး... ဒီလို အသေးအမွှား အလုပ်တွေကို ဒီအစေခံတို့ပဲ လုပ်ပါ့မယ်... သခင်မလေးက နားနားနေနေပဲ နေပါ..."
"ဒါက ပင်ပန်းတဲ့ အလုပ်မှ မဟုတ်တာ... ပြီးတော့ အရင်နှစ်တွေက အရှေ့ဆောင်မှာ နေတုန်းကလည်း ငါတို့ကိုယ်တိုင် လမုန့်လုပ်စားခဲ့ကြတာပဲ မဟုတ်ဘူးလား..."
ချွမ်ချီ စဉ်းစားကြည့်ရာ မှန်သည်ဟု ထင်လိုက်၏။
မည်သို့ပင်ဖြစ်စေ ယခုအခါ အရှင်မင်းကြီးက ရုတ်တရက် ပြန်ရောက်လာနိုင်သည် အခြေအနေမျိုး မဟုတ်သဖြင့် သူမကို ပြဿနာရှာရန် မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် ချက်ချင်းပင် စိတ်အားထက်သန်စွာဖြင့် ပြောလိုက်လေသည်။
"ဒါဆိုလည်း ကောင်းတာပေါ့... ဒီအစေခံ အခုပဲ အစာသွပ်ဖို့ အဆာတွေ ပြင်ဆင်လိုက်ပါ့မယ်... ပဲနီလေးအနှစ်ရယ် ပန်းမွှေးရည်အနှစ်ရယ်... ပြီးတော့ ထင်းရှူးစေ့အနှစ်နဲ့ ဘဲဥဆန်ကာအနှစ်ပါ လုပ်လိုက်မယ်... ပြီးတော့ ပြီးတော့... ဟိုတစ်ခေါက် သုန်မိသားစုဆီက ပို့လိုက်တဲ့ ယွင်နန်ဝက်ပေါင်ခြောက်အနှစ်ကလည်း အရမ်း စားလို့ကောင်းတာ... ဒီအစေခံ အနှစ် ခြောက်မျိုး ပြည့်အောင် လုပ်လိုက်ပါ့မယ်..."
"ကောင်းတယ် ကောင်းတယ်... ငါတို့ ချွမ်ချီက တကယ် တော်တာပဲ..."
လင်ဝမ်ယိ၏ ချီးကျူးစကားတွင် နောက်ပြောင်မှု အနည်းငယ် ပါဝင်နေသဖြင့် အားလုံးမှာ ရယ်မောလိုက်ကြပြီး အရှေ့ဆောင်ရှိ နေ့ရက်များသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့သည် ပျော်ရွှင်စွာ ရယ်မော နောက်ပြောင်နေကြပြီး နန်းတော်၏ စည်းကမ်းများကို ခေတ္တမျှ မေ့လျော့နေကြလေ၏။
လင်ဝမ်ယိသည် နံနက်စာ မစားရသေးသဖြင့် အလွန် ဆာလောင်နေသောကြောင့် နေ့လယ်စာကို အားရပါးရ စားလိုက်သည်။
အထူးသဖြင့် ဂဏန်းဥခေါက်ဆွဲမှာ ပြောစရာမလိုအောင် ကောင်းမွန်လှပေသည်။
လင်ဝမ်ယိက ပန်းကန်လုံးကြီး တစ်လုံး အပြည့် စားလိုက်၏။
ဒုတိယမင်းသားကလည်း မဝသေးသဖြင့် နောက်တစ်ပန်းကန် ထပ်စားရန် ရည်ရွယ်ထားသည်။
သို့သော် လင်ဝမ်ယိက သူ့ကို တားဆီးလိုက်လေ၏။
"နောက်မှာ အရသာရှိတဲ့ အစားအစာတွေ အများကြီး ကျန်သေးတယ်... ဟိုတစ်ခေါက်က မင်း လမုန့်စားချင်တယ်လို့ ပြောထားတယ် မဟုတ်လား... ငါတို့ နေ့လယ်ပိုင်းမှာ လုပ်ကြမှာ... အခု အရမ်းဝနေရင် လမုန့် ဘယ်လို ဝင်တော့မလဲ..."
ဒုတိယမင်းသားက သွားစိကာ ပြုံးလိုက်သည်။
"ဟီးဟီး... လင်မယ်တော် စိတ်ချပါ... တုမားမားတောင် ပြောတယ်... သားတော်က အခု ခန္ဓာကိုယ် ကြီးထွားလာမယ့် အရွယ်ဆိုတော့ များများစားသင့်တယ်တဲ့... ခဏနေ ဟိုပြေးဒီလွှား ဆော့လိုက်ရင် သက်သာသွားမှာပါ..."
လင်ဝမ်ယိက ခေါင်းကို အနည်းငယ် စောင်းကာ သူ့ကို အကဲခတ်လိုက်သည်။
တကယ်ပင် ဤကလေးမှာ မျက်စိရှေ့တွင်ပင် ကြီးထွားလာသည်ဟု ဆိုရမည်။
ဒီရက်ပိုင်းအတွင်း ဒုတိယမင်းသမီးကို ပြုစုစောင့်ရှောက်နေရသဖြင့် သူ့အပေါ် ဂရုစိုက်မှု အနည်းငယ် လျော့နည်းသွားခဲ့သည်။
တစ်လတာ အချိန်အတွင်းမှာပင် သူက အနည်းငယ် အရပ်ရှည်လာသလို ထင်ရ၏။
သို့သော် ဒုတိယမင်းသားအတွက် ဤသည်မှာ အာဟာရ ပြန်လည် ဖြည့်တင်းခြင်းပင် ဖြစ်သည်။
မူလက ခြောက်နှစ်အရွယ် ကလေးတစ်ဦး ဖြစ်သော်လည်း ခန္ဓာကိုယ် အရွယ်အစားမှာ သုံးလေးနှစ် အရွယ်ခန့်သာ ရှိနေခဲ့သည်။
ထို့ကြောင့် ယခုအခါ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသဖြင့် အရပ်ရှည်ပြီး သန်မာလာရန် နည်းလမ်းရှာရမည် ဖြစ်၏။
သို့မဟုတ်ပါက တုမားမားနှင့် လင်ဝမ်ယိတို့၏ နေ့ရက်မပြတ် အပင်ပန်းခံ ပြုစုစောင့်ရှောက်မှုများကို အချည်းနှီး ဖြစ်စေလိမ့်မည်။
ထိုအခြေအနေကို မြင်သောအခါ လင်ဝမ်ယိလည်း ခွင့်ပြုပေးလိုက်တော့သည်။
ရှအန်းကို နောက်တစ်ပန်းကန် ထည့်ပေးရန် ခိုင်းလိုက်၏။
သို့သော် ဤတစ်ကြိမ်တွင်မူ ပန်းကန်အပြည့် မထည့်ပေးပေ။
ဒုတိယမင်းသားက ရှအန်းကို တစ်ချက် ကြည့်လိုက်ပြီး ပြန်ပြောချင်နေမိသည်။
သို့သော် စားရသည်ကပင် ကံကောင်းလှပြီဟု တွေးလိုက်မိ၏။
ခဏနေ လင်မယ်တော်က စိတ်ပြောင်းသွားလျှင် ဤပန်းကန်လုံးသေးသေးလေးကိုပင် စားရတော့မည် မဟုတ်ချေ။
ထို့ကြောင့် သူက အားရပါးရ ဆက်စားနေလိုက်သည်။
ကလေးငယ် တစ်ဦး အစားအသောက်များကို မြိန်ယှက်စွာ စားသောက်နေသည့် မြင်ကွင်းက အားလုံးကို ပြုံးရယ်စေခဲ့သည်။
တုမားမားက ဒုတိယမင်းသား ယခုလို ကျန်းမာလာသည်ကို ကြည့်ရင်း အလွန် ဝမ်းသာနေမိ၏။
ယခုအချိန်တွင် ဒုတိယမင်းသမီး၏ ရောဂါလည်း ပျောက်ကင်းသွားရန်သာ မျှော်လင့်နေမိသည်။
အရှင်မင်းကြီးတွင် သားသမီး မများလှဘဲ လေးဦးသာ ရှိသေးသည်။
ဤဒုတိယမင်းသားနှင့် ဒုတိယမင်းသမီးသာ ကျန်းမာလာမည် ဆိုလျှင် အနာဂတ်အတွက် မျှော်လင့်ချက် ရှိလာပေမည်။
ထို့နောက် သူမက လင်ဝမ်ယိကို နက်ရှိုင်းစွာ တစ်ချက် ကြည့်လိုက်ရာ ထိုအကြည့်ထဲတွင် လင်ဝမ်ယိအပေါ် ချီးကျူးလေးစားမှုများ ပါဝင်နေသလို ခိုင်မာသော သစ္စာစောင့်သိမှုများလည်း တိုးပွားလာခဲ့သည်။
နေ့လယ်စာ စားပြီးနောက် ဒုတိယမင်းသမီးဆီသို့ သွားကြလေသည်။
အိပ်ရာမှ နိုးကာစ ဖြစ်ပြီး အစားအသောက်များကိုလည်း ဝလင်စွာ စားထားသဖြင့် ယခင်နေ့များထက် ပို၍ လန်းဆန်းတက်ကြွနေ၏။
ယခုအခါ သူမ၏ မျက်နှာလေးမှာ အနည်းငယ် ရုပ်ထွက်လာပြီး လန်ဖေးနှင့် သိပ်မတူဘဲ အရှင်မင်းကြီးနှင့် ပို၍ တူလာသည်။
သူမက အရာအားလုံးကို စိတ်ဝင်စားနေသကဲ့သို့ ဝိုင်းစက်နေသော မျက်လုံးလေးများဖြင့် ပြူးကြည့်နေသည်။
နို့ထိန်းမားမားက သူမကို ကန်ထဲသို့ ဖြည်းဖြည်းလေး ထည့်လိုက်ရာ သူမ ငိုယိုခြင်း မရှိသည်ကို တွေ့လိုက်ရ၏။
ထိုအခြေအနေကို ကြည့်ရင်း လင်ဝမ်ယိ၏ ရင်ထဲတွင်လည်း ပျော်ရွှင်နေမိသည်။
ဘေးနားရှိ ကျိမားမားက မင်္ဂလာရှိသော စကားများကို ပြောဆိုနေပြီး အားလုံးကလည်း ကောင်းမွန်သော ပစ္စည်းများကို ကန်ထဲသို့ ထည့်ပေးကြလေသည်။
ဤမြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူး၍လားတော့ မသိ ဒုတိယမင်းသမီးမှာ ယခင်ကထက် ပိုမို စိတ်လှုပ်ရှားနေပုံရ၏။
ယခင်က စောင်ထဲတွင် ဖုံးကွယ်ထားသော လက်သေးသေးလေးများမှာ ယခုအခါ အပြင်သို့ ဆန့်ထုတ်နေလေသည်။
ယခုလို အားအင်အပြည့်ဖြင့် လှုပ်ရှားနေသည်ကို မြင်ရသောအခါ နေရာတွင် ရှိနေသူတိုင်း ဝမ်းသာနေကြတော့သည်။
သူမသည် နောင်တွင် လျှောက်လှမ်းရမည့် ခရီးရှည်ကြီး ကျန်ရှိနေသေးပြီး ဆင်းရဲဒုက္ခအချို့ကို ခံစားရနိုင်သော်လည်း အနည်းဆုံးတော့ ကြီးပြင်းလာနိုင်မည် ဖြစ်သည်။
ရာသီဥတု၏ အပြောင်းအလဲများကို ခံစားရင်း လူ့လောက၏ အရသာကို ခံစားနိုင်မည် ဖြစ်၏။
ဤသည်ကပင် အကောင်းဆုံး ရလဒ် ဖြစ်ပေသည်။
ဒုတိယမင်းသမီးအတွက် ကန်ထဲ ပစ္စည်းထည့်ခြင်း မင်္ဂလာကို ပျော်ရွှင်စွာ ကျင်းပပြီးနောက် ကျိမားမားနှင့် နို့ထိန်းမားမားတို့က သူမကို ချော့သိပ်ရန် ခေါ်သွားကြလေသည်။
ယခုလို အရွယ်လေးမှာ အများကြီး အိပ်ပြီး အများကြီး စားမှသာ မြန်မြန် ကြီးထွားလာမည် ဖြစ်၏။
သူမ၏ ရောဂါအတွက်လည်း အကျိုးရှိပေသည်။
ဒုတိယမင်းသားကမူ သပ်ရပ်စွာ ပြင်ဆင်ပြီးနောက် လင်ဝမ်ယိနှင့်အတူ လမုန့်လုပ်ရန် အဆင်သင့် ဖြစ်နေလေပြီ။