← Chapters

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း (၁၈၈) အဆာခြောက်မျိုး လမုန့်

လင်ဝမ်ယိအတွက်မူ လမုန့်လုပ်သည့် အလုပ်မှာ အလေ့အကျင့်ရှိပြီးဖြစ်ရာ လုပ်ရာတွင် မြန်ဆန်လှပေသည်။

သို့သော် ဒုတိယမင်းသားအတွက်မူ အရာအားလုံးက ထူးဆန်းနေ၏။

ပစ္စည်းတစ်ခုကို ကိုင်ကာ ဟိုမေးဒီမေး လုပ်နေပြီး နောက်ခဏနေလျှင် နောက်တစ်ခုကို ကိုင်ကာ အပြင်းအထန် စဉ်းစားနေပြန်သည်။

တကယ်ကို ချစ်စရာကောင်းလှပေသည်။

တုမားမားသည် လက်ကို စင်ကြယ်စွာ ဆေးကြောပြီးနောက် သူတို့နှင့် ပူးပေါင်းပါဝင်လာခဲ့သည်။

သူမ မလုပ်ခင်က မည်သူမျှ သတိမထားမိသော်လည်း စလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း အံ့ဩသွားကြရ၏။

သူမသည် အလွန် ကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး အလွန် တော်လှပေသည်။

"မားမားက ဒီလောက် လက်ရာမြောက်မယ်မှန်း ကျွန်တော်မျိုးမ မသိခဲ့ဘူး... မားမား လုပ်ထားတာ တကယ် လှတာပဲ..."

ဂျုံမှုန့်တုံးလေးမှာ သူမ၏ လက်ထဲတွင် သက်ဝင်လှုပ်ရှားနေသကဲ့သို့ အလျင်အမြန် ဖြန့်ကြက်ခြင်း ပြုလုပ်ခံရပြီး နောက်ဆုံးတွင် အစာသွပ်ကာ လုံးဝန်းသွားစေပြီး ပုံစံခွက်ထဲသို့ ဖိထည့်လိုက်သည်။

ဘယ်ညာ ခေါက်လိုက်သည်နှင့် ထွက်လာသော လမုန့်များမှာ တစ်ခုထက် တစ်ခု ပို၍ သေသပ်လှပနေလေသည်။

ဤလက်ရာကို လင်ဝမ်ယိသာမက ချွမ်ချီပင်လျှင် အံ့အားသင့်စွာ ကြည့်နေမိတော့၏။

"မားမားက ဘယ်လိုလုပ် ဒီလောက် တော်နေရတာလဲ..."

သူမ၏ ချီးကျူးမှုမှာ ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ရှိနေသူတိုင်းနှင့် ယှဉ်လျှင် အမြန်နှုန်းအရဖြစ်စေ အရည်အသွေးအရဖြစ်စေ တုမားမားကသာ ပထမ နေရာတွင် ရှိနေသောကြောင့်ပင်။

အားလုံး လမုန့်များလုပ်နေကြရာမှ တုမားမား လုပ်နေသည်ကို ဝိုင်းကြည့်နေသည့် အခြေအနေသို့ ရောက်သွားလေသည်။

လူတိုင်း၏ မျက်ဝန်းများတွင် အံ့အားသင့် ဝမ်းသာမှုများ ပြည့်နှက်နေ၏။

ထိုအခါ တုမားမားက ရင်းနှီးဖော်ရွေသော အပြုံးလေးဖြင့် ရှင်းပြလိုက်လေသည်။

"ဒီအစေခံ နန်းတွင်း မဝင်ခင်က မိသားစုက လမုန့်ဆိုင်လေး တစ်ဆိုင် ဖွင့်ခဲ့တာလေ... ငယ်ငယ်ကတည်းက မိဘတွေနဲ့ အတူတူ လုပ်ခဲ့ဖူးတော့ လက်မြန်ခြေမြန် ရှိနေတာပါ…"

ဆိုလိုသည်မှာ အလေ့အကျင့်ရှိ၍ ကျွမ်းကျင်နေခြင်းပင် ဖြစ်၏။

ဒုတိယမင်းသားသည် တုမားမားအပေါ် မူလကတည်းက သဘောကျနေခဲ့ရာ ယခု မြင်တွေ့လိုက်ရသောအခါ ပို၍ပင် လေးစားသွားတော့သည်။

"တုမားမား တကယ် တော်တာပဲ... သားတော်လည်း သင်ချင်တယ်..."

ထိုသို့ပြောရင်း သူ၏ လှုပ်ရှားမှုများကို အရှိန်မြှင့်လိုက်လေသည်။

ကံမကောင်းစွာဖြင့် သူ၏ လက်လေးသည် သေးငယ်နေပြီး မကျွမ်းကျင်မှုကြောင့် ဂျုံမှုန့်တုံးလေးမှာ သူ၏ လက်ထဲတွင် တစ်ခဏ ရှည်ထွက်သွားလိုက် တစ်ခဏ ပြားကပ်သွားလိုက်ဖြင့် သပ်ရပ်စွာ မဖြစ်နေချေ။

နောက်ဆုံးတွင် သူ၏ လက်ထဲမှ လွတ်ထွက်ကာ မြေကြီးပေါ်သို့ ကျသွားတော့၏။

ကောင်းမွန်နေသော ဂျုံမှုန့်တုံးလေး တစ်တုံးမှာ ဤသို့ဖြင့် အလဟဿ ဖြစ်သွားရလေသည်။

ဒုတိယမင်းသား၏ မျက်နှာလေးမှာ တွန့်လိမ်သွားပြီး အလွန် မကျေမနပ် ဖြစ်နေပုံရသည်။

"တုမားမား... ဒီဂျုံမှုန့်က ဘာလို့ လူရွေးပြီး ဆက်ဆံနေရတာလဲ..."

သူ၏ လက်ထဲ ရောက်သောအခါ လုံးဝ စကားနားမထောင်ဘဲ သူ့ကို ဆန့်ကျင်နေသည် မဟုတ်လား။

ဤစကားကို ကြားသောအခါ လူတိုင်း ရယ်မောသွားကြတော့သည်။

လင်ဝမ်ယိက သူ့ကို နောက်ပြောင်ကာ ပြောလိုက်လေ၏။

"လောရင် အလုပ်မဖြစ်ဘူး ဆိုတာကို အခု နားလည်သွားပြီ မဟုတ်လား..."

ဒုတိယမင်းသားက ခေါင်းကို စောင်းကာ ခေတ္တ စဉ်းစားလိုက်ပြီးနောက် မကျေမနပ်ဖြင့် ခေါင်းညိတ်လိုက်သည်။

"နားလည်ပါပြီ..."

တုမားမားက လင်ဝမ်ယိကို တစ်ချက် ကြည့်လိုက်သည်။ သူမသည် ကလေးများကို အလွန် ဆုံးမတတ်ပေသည်။

နေ့စဉ်ဘဝမှ အသေးအမွှား ကိစ္စလေးများကိုပင် လက်တွေ့ကျကျ ပြောဆိုတတ်သဖြင့် ကလေးများလည်း နားလည်လွယ်ပြီး ငြီးငွေ့ဖွယ် မကောင်းချေ။

တုမားမားကိုကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲမှ နက်ရှိုင်းမှု မြင်လိုက်ရသဖြင့် လင်ဝမ်ယိက ပြုံးကာ ရှင်းပြလိုက်လေသည်။

"ငါ့အိမ်မှာ ညီလေးတစ်ယောက် ရှိတယ်လေ... ငယ်ငယ်ကတည်းက သူ့ကို ဒီလိုမျိုးပဲ ဆုံးမလာခဲ့တော့ အကျင့်ဖြစ်နေပြီ..."

တုမားမားသည် လင်မိသားစု ပထမအိမ်တော်၏ ကိစ္စများကို သိပ်မသိချေ။

ထို့ကြောင့် ဤစကားကို ကြားသောအခါ ဘာမှ ထပ်မပြောတော့ပေ။

ယင်းအစား လမုန့်များကို ပို၍ မြန်ဆန်စွာ လုပ်ဆောင်နေတော့၏။

ရှောင်လုကျစ်တို့ဘက်တွင်မူ မီးဖိုငယ်လေး တစ်ခုကို အစောကတည်းက တည်ဆောက်ထားပြီး ထိုအထဲတွင် လမုန့်များကို ဖုတ်လေသည်။

အချိန်အတော်ကြာမှ တစ်ကျော့ ပြီးလာသည်။

သို့သော် ထိုတစ်ကျော့ ပြီးချိန်တွင်မူ မွှေးကြိုင်သော ရနံ့များ လွင့်ပျံ့လာပြီး လူတိုင်းကို အလွန် ပျော်ရွှင်စေခဲ့ပေသည်။

လင်ဝမ်ယိမှာ ယွင်နန်ဝက်ပေါင်ခြောက်အနှစ်ကို အထူး နှစ်သက်သဖြင့် တစ်ခါစားလျှင် နှစ်ခု သုံးခုခန့် စားနိုင်လေသည်။

ချွမ်ချီ ပြင်ဆင်ထားသော ပုံစံခွက်များမှာ သေးငယ်သဖြင့် နှစ်ခု သုံးခု ဆိုသော်လည်း ပေါင်းလိုက်လျှင် လက်ဝါးအရွယ်အစားပင် မပြည့်သဖြင့် ဗိုက်ပြည့်သွားမည်ကို စိုးရိမ်စရာ မလိုချေ။

ဒုတိယမင်းသားကမူ အစာသွပ် အားလုံးကို တစ်လှည့်စီ စမ်းစားကြည့်ပြီး ထင်းရှူးစေ့အနှစ်နှင့် ပန်းမွှေးရည်အနှစ်ကို အနှစ်သက်ဆုံး ဖြစ်သည်။

သူလည်း ရပ်တန့်၍ မရအောင် စားနေတော့၏။

ထိုအခြေအနေကို မြင်သောအခါ တုမားမားက ချက်ချင်း ပြောလိုက်လေသည်။

"ဒုတိယမင်းသား နည်းနည်းလျှော့စားပါဦး... ဒီလမုန့်က ဗိုက် အရမ်းတင်းစေတယ်... အခု ဗိုက်ပြည့်သွားရင် ဒီနေ့ ညစာ စားနိုင်တော့မှာ မဟုတ်ဘူး..."

ဒုတိယမင်းသားက ဂရုမစိုက်ပေ။

နောက်ထပ် တစ်ခု ယူရန် လက်လှမ်းလိုက်သော်လည်း လင်ဝမ်ယိက အစေခံများကို အဝေးသို့ ရွှေ့ထားခိုင်းလိုက်သည်။

ထို့ပြင် သူ့ကို ခြောက်လှန့်ကာ ပြောလိုက်သေး၏။

"ဒုတိယမင်းသမီး အစားလွန်ပြီး အော်ငိုနေတဲ့ နေ့တွေကို မေ့သွားပြီလား... မင်းလည်း သူ့လို အော်ငိုချင်လို့လား..."

လင်ဝမ်ယိ ဤသို့ပြောလိုက်သောအခါ ဒုတိယမင်းသား ဆန့်ထုတ်ထားသော လက်လေးမှာ မကျေမနပ်ဖြင့် ပြန်ရုတ်သွားတော့သည်။

"မစားတော့ဘူး မစားတော့ဘူး... ညစာအတွက် ဗိုက်ချန်ထားလိုက်မယ်..."

မီးဖိုချောင်လေးထဲတွင် အရသာရှိသော အစားအစာများစွာ ကျန်ရှိနေသေးသည်ကို သူ မမေ့လျော့သေးချေ။

လမုန့်အတွက်နှင့် ဗိုက်ပြည့်သွားပါက အခြား အရာများကို မစားနိုင်ဖြစ်မည်ကို သူ မလိုလားပေ။

လင်ဝမ်ယိမှာ သူ၏ ဤကဲ့သို့ ဉာဏ်များပြီး ချစ်စရာကောင်းသော ပုံစံလေးကို ကြည့်ရင်း ပို၍ သဘောကျလာမိသည်။

နွေရာသီအပန်းဖြေနန်းတော်တွင် ကျန်ရစ်ခဲ့ခြင်းမှာ အပေါ်ယံကြည့်လျှင် သူမက ကလေးနှစ်ဦးကို ပြုစုစောင့်ရှောက်နေရခြင်း ဖြစ်သည်။

သို့သော် တကယ်တမ်းတွင်မူ ကလေးများကလည်း သူမကို အဖော်ပြုပေးနေခြင်းပင်။

ထို့ကြောင့် အထီးကျန်ဆန်မှုကို မခံစားရသလို အနောက်ဆောင်၏ မနာလိုမှုများစွာကိုလည်း ရှောင်လွှဲနိုင်ခဲ့သည်။

သူမ အလွန် သက်သောင့်သက်သာ ရှိလှပေသည်။

ယခုအချိန်တွင် တော်ဝင်နန်းမြို့တော်အတွင်းရှိ ကိုယ်လုပ်တော်များမှာမူ အစားအသောက်ပင် မြိုမကျနိုင် ဖြစ်နေကြ၏။

ဆောင်းဦး မိသားစု စားပွဲသဘင်ကို မကျင်းပသည့်အပြင် အရှင်မင်းကြီးက နန်းတော်ထဲတွင်ပင် မရှိဘဲ ထိုက်ဆန်းတောင်သို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

ဤသည်က အရေးအကြီးဆုံး မဟုတ်သေးချေ။ အရေးအကြီးဆုံးမှာ ဤတစ်ကြိမ် ခရီးစဉ်တွင် လင်ကွေ့ဖေး တစ်ဦးတည်းကိုသာ ခေါ်ဆောင်သွားခြင်းပင်။

လအနည်းငယ် ကြာပြီးနောက် လင်ကွေ့ဖေး ပြန်လည် အင်အားကြီးမားလာမည် မလာမည်ကို မည်သူ သိနိုင်မည်နည်း။

အကယ်၍များ သူမ ကိုယ်ဝန်ရသွားခဲ့လျှင် ကောင်းကင်ဘုံမှ ပေးသနားသော ကံကောင်းမှုကြီး မဟုတ်လား။

ထို့ကြောင့် လူတိုင်းက မနာလို ဖြစ်နေကြသော်လည်း မည်သူကမျှ ထိုကံကောင်းမှုကို မရရှိနိုင်ကြချေ။

ယွီရှို့နန်းဆောင် အတွင်း။

ယီဖေးမှာ ဤရှုပ်ထွေးသော ကိစ္စများကို စဉ်းစားရန် အချိန်မရှိဘဲ အားလုံးအတွက် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ပေးရန် အာရုံစိုက်နေလေသည်။

ယခုတစ်ကြိမ် ခရီးစဉ်တွင် လိုက်ပါသွားသူများထဲ၌ ရာထူးတိုးမြှင့်ခံရသော လင်ဝမ်ယိ မုလန်ချွမ်းနှင့် မင်ဟန်ကျိတို့ အပြင် အခြားသူ အနည်းငယ်လည်း ပါဝင်သေးသည်။

ပထမဦးဆုံးမှာ ယဲ့ကွေ့ရန်၊ ဒုတိယမှာ တုတာရင် ဖြစ်ပြီး ဟဲ့နျန်ကျစ် တစ်ဦးလည်း ပါဝင်သေး၏။

အတွင်းဝန်ရုံးမှ တင်ပြလာသော ဘွဲ့အမည်များမှာ အလွန် များပြားလှပေသည်။

နောက်ဆုံးတွင် ယီဖေးက အမည်အချို့ကို ရွေးချယ်လိုက်လေသည်။

"ဒီယဲ့ကွေ့ရန်အတွက် ချန်း ကို သုံးလိုက်ပါ... သူရဲ့ စိတ်နေစိတ်ထားနဲ့လည်း ကိုက်ညီတယ်... တုတာရင် အတွက်ကတော့ ယီ ကို သုံးနိုင်တယ်... သူရဲ့ စကားပြောချိုသာပြီး အမြဲတမ်း လူတွေကို မြှောက်ပင့်တတ်တဲ့ အကျင့်နဲ့ ကိုက်ညီတယ်... ဟဲ့နျန်ကျစ် အတွက်ကတော့ ကျင်ရှို့ ဆိုတဲ့ နာမည်ကို ပေးလိုက်ပါ... နိမိတ်ကောင်းလေး ယူတဲ့အနေနဲ့ နောင်အနာဂတ်မှာလည်း လှပတဲ့ ဘဝလမ်းခရီးကို ပိုင်ဆိုင်နိုင်ပါစေလို့..."

သူမ၏ စကားများမှာ အကြောင်းပြချက် ခိုင်လုံလှသဖြင့် အခြားသူများကလည်း သင့်တော်သည်ဟု ထင်မြင်ကြပေသည်။

အတွင်းဝန်ရုံးမှ ချွမ်ဖူ အကြီးအကဲမှာ ယခုအခါ နေ့စဉ်ရက်ဆက် ယီဖေး၏ နန်းဆောင်သို့ ရောက်လာလေ့ရှိ၏။

ယနေ့ ဤအကြောင်းကို တင်ပြလိုက် မနက်ဖြန် ထိုအကြောင်းကို တင်ပြလိုက်ဖြင့် အလွန် အလုပ်ကြိုးစားလှပေသည်။

ယီဖေး ရွေးချယ်ပြီးသွားသည်ကို မြင်သောအခါ ချက်ချင်းပင် ပြန်လည် လျှောက်တင်လိုက်လေသည်။

"မယ်မယ် ရွေးချယ်ထားတာတွေ အားလုံးက အကောင်းတွေချည်းပါပဲ... သခင်မလေးတွေ သိသွားရင်လည်း အလွန် ဝမ်းသာကြမှာ သေချာပါတယ်..."

"အင်း... ဘွဲ့နှင်းသဘင်အတွက် ပြင်ဆင်ရမယ့် ပစ္စည်းတွေကို အတွင်းဝန်ရုံးက သေချာ ဂရုစိုက်ပေးပါ... အရှင်မင်းကြီး ထိုက်ဆန်းတောင်ကနေ ပြန်ရောက်လာရင် သေချာပေါက် အသုံးလိုလိမ့်မယ်..."

"ဟုတ်ကဲ့ပါ... ဒီအစေခံ နားလည်ပါပြီ..."

ယနေ့သည် ဆောင်းဦးပွဲတော် ဖြစ်ရာ ဓလေ့ထုံးစံအရ အရှင်မင်းကြီး နန်းတော်ထဲတွင် မရှိလျှင်တောင် မိသားစု စားပွဲသဘင်တစ်ခုတော့ ကျင်းပသင့်ပေသည်။

ယခုအခါ လင်ကွေ့ဖေးလည်း မရှိသဖြင့် ယီဖေးမှာ ဦးဆောင်ရသည့် ကိုယ်လုပ်တော် ဖြစ်နေ၏။

ထို့ကြောင့် ချွမ်ဖူ အကြီးအကဲက ဤကိစ္စကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။

သို့သော် ယီဖေးကမူ လုံးဝ ဂရုမစိုက်ပေ။

"အရှင်မင်းကြီး မရှိတော့ ညီမလေးတွေလည်း အတူတူ စုရုံးချင်စိတ် ရှိကြမှာ မဟုတ်ပါဘူး... တော်ဝင်မီးဖိုချောင်ကို ပွဲတော်နဲ့ ကိုက်ညီတဲ့ အစားအစာတွေ ရွေးပြီး နန်းဆောင်အသီးသီးကို ပို့ခိုင်းလိုက်ပါ..."

"ဟုတ်ကဲ့ပါ... ဒီအစေခံ အမိန့်တော်အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်..."

ယီဖေးသည် လင်ကွေ့ဖေးကဲ့သို့ အသေးစိတ် ကိစ္စလေးများကို အာရုံစိုက်တတ်သူ မဟုတ်ချေ။

သူမ၏ အမြင်တွင် အရှင်မင်းကြီးပင်လျှင် အလွန် အရေးပါလှသည် မဟုတ်ရာ ထိုကိုယ်လုပ်တော်များကို ဆိုလျှင် ပို၍ပင် ပြောဖွယ်ရာ မရှိတော့ပေ။

လူအများ၏ ချီးမွမ်းမှုကို ရရှိရန်အတွက် သဘောထားကြီးဟန် ဆောင်နေရန် သူမတွင် စိတ်ကူးမရှိချေ။

သို့သော် သူမ လုံးဝ ဂရုမစိုက်သူတော့ မဟုတ်ပေ။ တတိယမင်းသားနှင့် လျိုမိသားစုမှာ သူမ၏ အသက်သွေးကြောပင် ဖြစ်သည်။

"နှစ်သစ်ကူးပြီးလို့ နွေဦးပေါက်မှာ ဒုတိယမင်းသားလည်း မင်းသားများ စံအိမ်ကို သွားရမယ်လို့ ဒီအရှင်မ ကြားတယ်..."

All Chapters