← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း (၁၈၉) ကလေးမွေးဖွားရန် ရက်နီးလာခြင်း

ဤစကားကို ကြားလိုက်ရသောအခါ ချွမ်ဖူ၏ စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံ ထွက်ပေါ်လာတော့သည်။

သူ့ထံတွင် တိကျသော သတင်းအချက်အလက် မရှိသော်လည်း သုန်ကုန်းကုန်းက စကားစပ်မိ၍ အနည်းငယ် ပြောပြဖူးခြင်းသာ ရှိ၏။

ယီဖေးမယ်မယ်၏ သတင်းရရှိမှုက တကယ်ကို မြန်ဆန်လှပေသည်။

ထို့ကြောင့် သူက ခေတ္တ စဉ်းစားလိုက်ပြီးနောက် ဖြေကြားလိုက်လေသည်။

"ဒီအစေခံဆီကိုတော့ ဘာသတင်းမှ မရောက်သေးပါဘူး... အခုအချိန်မှာ ဒုတိယမင်းသားက နွေရာသီအပန်းဖြေနန်းတော်မှာ ဆေးကုသနေရတုန်း ဆိုတော့... မင်းသားများ စံအိမ်ကို သွားနိုင်မသွားနိုင်က သူ့ရဲ့ ကျန်းမာရေး အခြေအနေပေါ်မှာပဲ မူတည်နေမှာပါ..."

သူ၏ အဖြေမှာ ယီဖေးအတွက် အချည်းနှီးသာ ဖြစ်နေ၏။

ယီဖေးက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ဉာဏ်များသောသူ ဖြစ်ကြောင်း စိတ်ထဲမှ တွေးလိုက်မိသည်။

သုန်ယွိကျုံးနှင့် ယှဉ်လျှင် အနည်းငယ်မျှပင် မညံ့ချေ။

ထိုအကြောင်းကို တွေးမိသောအခါ သူ့ကို ဆက်လက် စကားပြောနေရန် ပျင်းရိသွားသဖြင့် လက်ဝှေ့ယမ်းကာ ချွမ်ဖူကို ထွက်သွားခိုင်းလိုက်သည်။

သူ ထွက်သွားပြီးနောက် အနီးရှိ အပျိုတော် ရူယိက သွေးငှက်သိုက် တစ်ပန်းကန် ယူဆောင်လာခဲ့၏။

ယီဖေးက အနည်းငယ် မြည်းကြည့်လိုက်ရာ အရသာမှာ ယခင်ကအတိုင်းပင် ဖြစ်သည်။

ထို့ကြောင့် ဆက်မစားတော့ပေ။

"မယ်မယ် စိတ်အေးအေးထားပါ... ဒုတိယမင်းသား မင်းသားများ စံအိမ်ကို သွားရရင်တောင် တတိယမင်းသားကို ကျော်နိုင်မှာ မဟုတ်ပါဘူး..."

ကိုယ့်အစီအစဉ်ကို ဖျက်ဆီးမည့်သူ တစ်ဦး ရုတ်တရက် ပေါ်လာခြင်းကို မည်သူမျှ သဘောမကျကြပါ။

ထိုသူမှာ ရောဂါသည် ဒုတိယမင်းသား ဖြစ်နေလျှင်တောင် သူမ အလွန် စိတ်အနှောင့်အယှက် ဖြစ်ရပေသည်။

နန်းတွင်း အာဏာလုပွဲ ဆိုသည်မှာ ကြိုတင် ခန့်မှန်း၍ မရနိုင်ချေ။

လူတစ်ယောက် ပိုလာလေ အတားအဆီး တစ်ခု ပိုလာလေပင် ဖြစ်၏။

မင်းသားများ အားလုံး သေဆုံးသွားပြီး တတိယမင်းသား တစ်ပါးတည်းသာ ကျန်ရှိနေမှသာ သူမ အနည်းငယ် စိတ်အေးရမည် ဖြစ်သည်။

ထိုအကြောင်းများကို တွေးနေရင်းမှ ကလေးမွေးခါနီးဖြစ်နေသော ယင်းကွေ့ဖင်ကို ရုတ်တရက် သတိရသွားလေသည်။

ထို့ကြောင့် နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာတော့၏။

"ဒီရက်ပိုင်း သက်တောင့်သက်သာ နေနေရတော့... ယင်းကွေ့ဖင် ရှိနေတာကို ဒီအရှင်မ မေ့တော့မလို့... ရူယိ... မင်း ဘယ်လိုထင်လဲ... သူမရဲ့ ဒီကိုယ်ဝန်က မင်းသားလေးလား မင်းသမီးလေးလား..."

"ဒီအစေခံလည်း မသိပါဘူး... ဒါပေမဲ့ ဒီအစေခံ သိတာကတော့ မင်းသားလေးပဲ ဖြစ်ဖြစ် မင်းသမီးလေးပဲ ဖြစ်ဖြစ် တတိယမင်းသားကို ယှဉ်နိုင်မှာ မဟုတ်ဘူး ဆိုတာပါပဲ..."

ဤစကားကို ကြားသော်လည်း ယီဖေးက ဤမျှနှင့် မကျေနပ်သေးချေ။

ထို့ကြောင့် ရူယိကို ပြောလိုက်လေသည်။

"ဒါဆိုလည်း ဒီအရှင်မနဲ့ အတူတူ ယင်းကွေ့ဖင်ဆီ သွားကြည့်ရအောင်... သူက အခု နန်းတော်ထဲမှာ အဖိုးတန်ဆုံး လူသား ဖြစ်နေပြီလေ... အရှင်မင်းကြီး မရှိလို့ ဘယ်သူမှ ဂရုမစိုက်ဘူးလို့ အပြောခံရမှာ စိုးရိမ်ရတယ်..."

ထိုသို့ပြောရင်း မတ်တပ်ရပ်လိုက်လေသည်။

ရူယိက သူမကို တွဲကူပေးပြီး ဝေါယာဉ်ကိုလည်း အဆင်သင့် ပြင်ဆင်ခိုင်းလိုက်၏။

ထို့နောက် ယင်းကွေ့ဖင်၏ ယောင်ယွဲ့နန်းဆောင်သို့ ထွက်ခွာသွားကြတော့သည်။

ယောင်ယွဲ့နန်းဆောင်ရှိ ယင်းကွေ့ဖင်၏ ဗိုက်မှာ ယခုအခါ အောက်သို့ လျှောကျနေသည့် ခံစားမှုကို ရရှိနေပြီ ဖြစ်သည်။

သားဖွားမားမားကလည်း ဤရက်ပိုင်းအတွင်း ကလေးမွေးနိုင်ကြောင်း ပြောထား၏။

ထို့ကြောင့် သူမသည် အလွန် သတိထားနေရပေသည်။

ယောင်ယွဲ့နန်းဆောင် အတွင်းရှိ လူတိုင်းသည်လည်း ဤအချိန်တွင် အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်ပေါ်မည်ကို စိုးရိမ်၍ သတိကြီးစွာ ထားနေကြရသည်။

ယင်းကွေ့ဖင်သည် ကလေးမွေးဖွားရန်အတွက် လိုအပ်သည်များကို ပြင်ဆင်ထားပြီး ဖြစ်ပြီး ယခုအခါ ခြံဝင်းအတွင်း လမ်းလျှောက်နေလေသည်။

သို့သော် မထင်မှတ်ဘဲ ယီဖေး ရောက်ရှိလာလေသည်။

မိမိနှင့် သူမအကြားတွင် မည်သည့် ရန်ငြိုးမျှ မရှိခဲ့ဘဲ ယခုအချိန်တွင် ရောက်လာခြင်းမှာ ကိစ္စ ရှိ၍များလား။

ဤသို့တွေးမိသောအခါ ယင်းကွေ့ဖင်မှာ မျက်မှောင်ကြုတ်ကာ စိုးရိမ်ပူပန်သွားတော့၏။

သို့သော် ယခုအချိန်မှာ စိုးရိမ်နေရမည့် အချိန်မဟုတ်သဖြင့် အစေခံများကို အမိန့်ပေးလိုက်လေသည်။

"ယီဖေးမယ်မယ်ကို အမြန် ခေါ်ဆောင်လာခဲ့..."

"ဟုတ်ကဲ့ပါ... ဒီအစေခံ အမိန့်တော်အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်..."

ထို့နောက် သူမကိုယ်တိုင်လည်း တံခါးပေါက်ဘက်သို့ ဖြည်းဖြည်းချင်း လျှောက်သွားရာ ဝင်လာသော ယီဖေးနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိလေသည်။

"ကျွန်တော်မျိုးမ ယီဖေးမယ်မယ်ကို ဂါရဝပြုပါတယ်... မယ်မယ် ကျန်းမာချမ်းသာပါစေ..."

"ညီမလေး မြန်မြန် ထပါ... အခု ကိုယ်ဝန်ကြီးနဲ့ကို... ဒီလို အရိုအသေပေးတာတွေကို လျှော့နိုင်ရင် လျှော့ပါ..."

"မယ်မယ်ရဲ့ နားလည်ပေးမှုအတွက် ကျွန်တော်မျိုးမ အထူး ကျေးဇူးတင်ရှိပါတယ်..."

ယီဖေးမှာ မျက်နှာထားကို လျှော့ထားပြီး ယခုအခါ စကားပြောရာတွင်လည်း ကြမ်းတမ်းမှု မရှိတော့ဘဲ ယင်းကွေ့ဖင်၏ ဗိုက်ကို ကြည့်ကာ နူးညံ့သိမ်မွေ့စွာ ပြောလိုက်လေသည်။

"ညီမလေးရဲ့ ကလေးက မွေးတော့မယ့်ပုံပဲ..."

"သားဖွားမားမားကတော့ ဒီရက်ပိုင်းအတွင်းပဲလို့ ပြောပါတယ်..."

"အင်း... အားလုံး အဆင်သင့် ပြင်ဆင်ထားပြီးပြီလား... လိုအပ်တာ ရှိရင် ဒီအရှင်မကိုသာ ပြောပါ... အရှင်မင်းကြီးနဲ့ လင်ကွေ့ဖေး နန်းတော်ထဲမှာ မရှိပေမဲ့ ဒီအရှင်မက ညီမလေး ချောချောမွေ့မွေ့ မွေးဖွားနိုင်အောင် သေချာ စောင့်ရှောက်ပေးမှာပါ..."

ယင်းကွေ့ဖင်က ပြုံးလိုက်ပြီး သူမ၏ အမူအရာမှာ ယခင်ကကဲ့သို့ ငြိမ်းချမ်းနေဆဲပင်။

"မယ်မယ် စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်... ကျွန်တော်မျိုးမ ဘက်ကတော့ အားလုံး စီစဉ်ထားပြီးပါပြီ..."

သူမသည် ယခင်ကတည်းက လူအများအပေါ် နှိမ့်ချစွာ ဆက်ဆံတတ်သူဖြစ်ရာ ယီဖေးနှင့် မည်သည့် ရန်ငြိုးမျှ မရှိခဲ့ပေ။

သို့သော် ဤနန်းတော်ထဲတွင် ရန်ငြိုးဆိုသည်မှာ တစ်ခုခု ဖြစ်ပွားမှသာ ရန်ငြိုးဟု ခေါ်ဆိုနိုင်သည် မဟုတ်ချေ။

တစ်ခါမှ မဆက်ဆံဖူးသူ နှစ်ဦးပင်လျှင် ရန်ငြိုးဖွဲ့ချင်သည် ဆိုပါက အလွယ်တကူ လုပ်ဆောင်နိုင်သော ကိစ္စပင် ဖြစ်၏။

ယင်းကွေ့ဖင်၏ ရင်ထဲတွင် အလွန် ကောင်းစွာ သိရှိနေသည်။ အကယ်၍ သူမ မွေးဖွားလာသည်က စတုတ္ထမင်းသားသာ ဖြစ်မည်ဆိုလျှင် ယီဖေးနှင့် သူမ၏ ရန်ငြိုးမှာ သေတစ်ပွဲ ရှင်တစ်ပွဲ ဖြစ်သွားလိမ့်မည်။

ထိုအကြောင်းကို တွေးမိသောအခါ သူမ၏ မျက်ဝန်းများထဲတွင် ယခင်က မရှိခဲ့ဖူးသော ခိုင်မာပြတ်သားမှုများ ပေါ်လွင်လာတော့သည်။

သူမသည် အနောက်ဆောင်တွင် အမြဲတမ်း သိုသိုသိပ်သိပ် နေထိုင်ခဲ့သူ ဖြစ်သော်လည်း ကလေးအတွက်ဆိုလျှင် အစွမ်းကုန် ကြိုးစားကာ ကာကွယ်ပေးသွားမည် ဖြစ်သည်။ တစ်ဖက်လူက အာဏာကြီးမားလှသော လျိုယီဖေး ဖြစ်နေလျှင်တောင် သူမ ကြောက်ရွံ့နေမည် မဟုတ်ချေ။

ယင်းကွေ့ဖင်၏ အကြည့်များကို ကြည့်ပြီး မည်သို့တွေးနေသည်ကို နားလည်သွားသကဲ့သို့ ယီဖေး၏ ရင်ထဲတွင် သားကောင်ကို ကြည့်နေသည့် ခံစားချက်မျိုး ပေါ်ထွက်လာတော့၏။

သူမ အနောက်မြောက်ဘက် ဒေသတွင် ရှိစဉ်က ဖခင်နှင့် အစ်ကိုတို့နှင့်အတူ တောခွေးများက သားကောင်ကို လိုက်လံ ဖမ်းဆီးသည့် ဖြစ်စဉ်ကို သွားရောက် ကြည့်ရှုခဲ့ဖူးသည်။

တစ်ခါတစ်ရံ ငြိမ်သက်စွာ စောင့်ဆိုင်းပြီး တစ်ခါတစ်ရံ အနားယူတတ်၏။

ရက်အနည်းငယ်ကြာအောင် အချိန်ဆွဲကာ သားကောင်ကို ရူးသွပ်သွားလုမတတ် ဖြစ်အောင် ဖိအားပေးပြီးမှသာ အသေအလဲ တိုက်ခိုက်တတ်ပေသည်။

သူမ၏ ရှေ့တွင်ရှိနေသော ယင်းကွေ့ဖင်ကို အရင်က အထင်သေးခဲ့မိသည်မှာ အမှားပင်။

ကြည့်ရသည်မှာ အရည်အချင်းရှိသူ တစ်ဦး ဖြစ်ပုံရသည်။

သူမ၏ အပြုံးများက မျက်ဝန်းများအထိ ရောက်ရှိသွား၏။ သားကောင် ဆိုသည်မှာ စိန်ခေါ်မှု အနည်းငယ် ရှိမှသာ စိတ်ဝင်စားစရာ ကောင်းသည် မဟုတ်လား။

ထိုအကြောင်းကို တွေးမိသောအခါ ယင်းကွေ့ဖင်နှင့် စကားအနည်းငယ်သာသာ ပြောဆိုပြီးနောက် ထွက်ခွာသွားလေတော့သည်။

ယင်းကွေ့ဖင်မှာ ယီဖေး လာရောက်ခြင်းမှာ အရေးကြီးသော ကိစ္စတစ်ခုခု ရှိမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုလို ဘာမှမပြောဘဲ ထွက်သွားလိမ့်သည်ဟု မယုံကြည်နိုင်အောင် ဖြစ်နေမိ၏။

သို့သော် မိမိနှင့် ကလေး၏ လုံခြုံရေးအတွက် ယင်းကွေ့ဖင်က စဉ်းစားပြီးနောက် ဘေးနားရှိ အပျိုတော် ရုန်းလဲ့ကို အမိန့်ပေးလိုက်လေသည်။

"အတွင်းဝန်ရုံးကို သွားပြီး သတင်းပို့လိုက်... ဒီအရှင်မ ကလေးမွေးတော့မှာမို့ ငါ့ အမေ့ကို နန်းတော်ထဲ ဝင်ခွင့်ပြုဖို့ လူလွှတ်လိုက်ပါလို့... ပြီးတော့ သုံးဆယ့်သုံးပါး နတ်မင်းကြီးကျောင်းတော်က အဆောင်လက်ဖွဲ့ကို မေ့မလာဖို့ အမေ့ကို သေချာ ပြောလိုက်ဦး..."

ဤစကားမှာ အပေါ်ယံကြည့်လျှင် သာမန် မှာကြားချက် တစ်ခုလို့ ထင်ရသော်လည်း တကယ်တမ်းတွင်မူ သူမနှင့် အိမ်တော်ကြားရှိ လျှို့ဝှက်သင်္ကေတ တစ်ခု ဖြစ်ပေသည်။

အမေဖြစ်သူ နန်းတွင်းသို့ ဝင်လာသည့်အခါ ကြိုတင်ပြင်ဆင်မှုများ ပါလာမည်မှာ သေချာလှသည်။

ဤသို့ဖြင့် သူမ ပြဿနာ မရှိနိုင်ဘဲ အေးချမ်းစွာ ကလေးမွေးဖွားနိုင်မည်ဖြစ်သည်။

ဆောင်းဦးပွဲတော်မှာ ရိုးရိုးရှင်းရှင်းပင် ပြီးဆုံးသွားပြီး နောက်ရက်အနည်းငယ်အတွင်း မည်သည့် ထူးခြားမှုမျှ မရှိခဲ့ချေ။

ယင်းကွေ့ဖင်၏ အမေဖြစ်သူ ဓလေ့ထုံးစံရေးရာ ဒုဝန်ကြီး၏ ဇနီး နန်းတွင်းသို့ ရောက်ရှိလာခြင်းမှာ စည်းကမ်းများနှင့် အညီ ဖြစ်ပေသည်။

ဤတစ်ကြိမ်တွင် သူမက သူမအပါးတွင် ခစားနေသည့် အဘွားကြီး တစ်ဦးနှင့် အစေခံမလေး တစ်ဦးကိုသာ ခေါ်ဆောင်လာခဲ့လေသည်။

သူတို့ သုံးဦး ယူဆောင်လာသော ခရီးဆောင်အိတ်များကို သေချာစွာ စစ်ဆေးပြီး ပြဿနာ မရှိကြောင်း သေချာမှသာ နန်းတော်တွင်းသို့ ဝင်ခွင့်ပြုခဲ့လေသည်။

ဤတော်ဝင်နန်းမြို့တော်မှာ နွေရာသီအပန်းဖြေနန်းတော်နှင့် ယှဉ်၍ မရနိုင်ချေ။

မည်သူမဆို အလွယ်တကူ ဝင်ထွက်သွားလာခွင့် မရှိပေ။

ယင်းကွေ့ဖင်ကဲ့သို့ ကလေးမွေးဖွားမည့် အခြေအနေမျိုးတွင်ပင် အမေဖြစ်သူမှာ ခုနစ်ရက်သာ နေထိုင်ခွင့်ရှိပြီး ရက်လွန်ပါက ပြန်လည် ထွက်ခွာရမည် ဖြစ်ရာ တစ်ခဏမျှပင် နှောင့်နှေး၍ မရချေ။

ယင်းကွေ့ဖင် စောစော မွေးဖွားမည် ဆိုလျှင် သူမအတွက် နှစ်ရက်ခန့် အဖော်ပြုပေးနိုင်သေးသည်။

အကယ်၍ နောက်ကျမှ မွေးဖွားမည် ဆိုလျှင် အချိန်မီမည် မဟုတ်တော့ပေ။

ပြောရမည်ဆိုလျှင် အချိန်ကိုက်ပင် ဖြစ်၏။ ဆောင်းဦးပွဲတော် ပြီးသွားသည်မှာ သုံးရက်သာ ရှိသေးသည်။

ရှစ်လပိုင်း ဆယ့်ရှစ်ရက်နေ့၏ ကောင်းမွန်သော နေ့တစ်နေ့တွင် ညစာ စားပြီးနောက် ယင်းကွေ့ဖင်နှင့် သူမအမေ ရင်းနှီးစွာ စကားပြောနေကြသည်။

စကားအနည်းငယ်မျှပင် မပြောရသေးခင် ယင်းကွေ့ဖင်က မူမမှန်မှုကို ခံစားလိုက်ရ၏။

မတ်တပ်ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ အဝတ်အစားများမှာ စိုရွှဲသွားတော့သည်။

"အမေ... အမေ..."

ယင်းကွေ့ဖင်မှာ ပုံမှန်အားဖြင့် တည်ငြိမ်သူ ဖြစ်သော်လည်း မည်မျှပင် တည်ငြိမ်ပါစေ ကလေးမွေးဖွားခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။

ယခုအချိန်တွင် သူမသည် နာကျင်မှုထက် စိုးရိမ်မှုကို ပို၍ ခံစားနေရ၏။

စကားပင် ကောင်းကောင်း မပြောနိုင်တော့ချေ။

ကံကောင်းထောက်မစွာဖြင့် အမေဖြစ်သူက ကလေးနှစ်ကြိမ် မွေးဖွားဖူးသည့် အတွေ့အကြုံ ရှိသဖြင့် ဤအခြေအနေကို မြင်သောအခါ ထိတ်လန့်သွားခြင်း မရှိဘဲ ချက်ချင်းပင် ပြောလိုက်လေသည်။

All Chapters