အခန်း ၁၉၀
Vol. 19 Ch. 190
အခန်း (၁၉၀) သေမင်းတံခါးဝသို့ လျှောက်လှမ်းခြင်း
"မြန်မြန် သားဖွားမားမားကို သွားခေါ်ချေ... ပြီးတော့ လိုအပ်တာတွေ အားလုံးကို အဆင်သင့် ပြင်ထားကြ..."
ပြောရင်းဖြင့် ယင်းကွေ့ဖင်ကို ဘေးဘက်အခန်းသို့ တွဲခေါ်သွားလေသည်။
ထိုနေရာတွင် အရာအားလုံးကို အသင့်ပြင်ဆင်ထားပြီး ဖြစ်ရာ မွေးဖွားရန် အဆင်သင့်ပင်။
ယင်းကွေ့ဖင်၏ ဤကိုယ်ဝန်မှာ တစ်ချိန်လုံး ကောင်းမွန်စွာ ကြီးထွားလာခဲ့ခြင်း ဖြစ်၏။
သူမသည် နေ့စဉ် အစားအသောက်ကို သင့်လျှော်စွာ သုံးဆောင်ပြီး လေ့ကျင့်ခန်းလည်း လုပ်ထားသဖြင့် ကလေး၏ ခန္ဓာကိုယ်မှာ ထွားကြိုင်းလှပေမည်။
ကလေးမွေးမရနိုင်မည့် အခြေအနေမှာ အလွန် နည်းပါးလှ၏။
သို့သော် ယခုမှ ပထမဆုံး ကလေး မွေးဖွားဖူးခြင်း ဖြစ်သဖြင့် အလွန်နာကျင်နေလေသည်။ အရာအားလုံးက ယခုမှ စတင်ရုံသာ ရှိသေးသည်။
သားဖွားမားမား အလောတကြီး ရောက်လာပြီး အခြေအနေကို မြင်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ပြောလိုက်လေသည်။
"မယ်မယ့်ရဲ့ ရေမြွာပေါက်သွားပြီ... မြန်မြန် တင်ပါးအောက်မှာ အခုခံထားလိုက်... ရေမြွာရည်တွေ အကုန် ခန်းသွားလို့ မဖြစ်ဘူး... မဟုတ်ရင် ကလေး အန္တရာယ်ရှိနိုင်တယ်..."
ဤစကားကို ကြားသောအခါ မူလက အနည်းငယ် တည်ငြိမ်နေသော အမေ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာတော့၏။
သူမ ကလေးမွေးဖွားစဉ်က နှစ်ကြိမ်စလုံး သွေးဆင်းခြင်းဖြင့်သာ စတင်ခဲ့ပြီး ရေမြွာပေါက်ခြင်းကို ယခုမှ ပထမဆုံး မြင်ဖူးခြင်းပင်။
သွေးဆင်းခြင်းနှင့် အတူတူပင် ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤမျှ အန္တရာယ်ရှိမည်ဟု မထင်ထားခဲ့ချေ။
ချက်ချင်းပင် ရုန်းလဲ့၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်လေသည်။
"အန်းမားမားကို သွားခေါ်ချေ..."
"ဟုတ်ကဲ့ပါ..."
ထို့နောက် အမေက ယင်းကွေ့ဖင်၏ လက်ကို ဆုပ်ကိုင်ထားကာ သူမ၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်လေ၏။
"စိတ်ချပါ... ဒီအန်းမားမားက အိမ်တော်မှာ ကလေးဆယ်ယောက်ကျော် မွေးပေးဖူးတယ်... အားလုံး ကျန်းမာရေး ကောင်းကြတယ်... သမီးက စိတ်အေးအေးထားပြီး မွေးဖို့ပဲ အာရုံစိုက်ပါ... အမေက သမီးကို ကာကွယ်ပေးထားပါ့မယ်..."
ယင်းကွေ့ဖင်မှာ ယခုအခါ တစ်ချက် နာလိုက် တစ်ချက် သက်သာပြန်လိုက် ဖြစ်နေပြီး အမေဖြစ်သူကို ပြန်ဖြေချင်သော်လည်း ခွန်အား မရှိတော့ချေ။
ခေါင်းကိုသာ ညိတ်ပြနိုင်ပြီး နာကျင်လွန်းသဖြင့် လေကိုပင် မနည်း ရှူသွင်းနေရသည်။
သားဖွားမားမားမှာလည်း နန်းတွင်းတွင် အလွန် အတွေ့အကြုံရှိသူ တစ်ဦး ဖြစ်ပြီး အနီးတွင် အန်းမားမားကလည်း ကူညီပေးနေသဖြင့် လောလောဆယ်တွင် ချောမွေ့နေဆဲပင်။
သို့သော် သူမ၏ မွေးဖွားခြင်းမှာ အလွန် နှေးကွေးလှပြီး တစ်ညလုံး ဒုက္ခခံခဲ့ရသော်လည်း မည်သည့် တိုးတက်မှုမျှ မရှိသေးချေ။
ယင်းကွေ့ဖင်သည် ကလေးမွေးရန် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ဤမျှလောက် ပင်ပန်းဆင်းရဲရမည်ဟု မထင်မှတ်ထားခဲ့ပေ။
အချိန်အကြာကြီး ခွန်အားသုံးလိုက်သဖြင့် သူမတွင် အားပင် မရှိတော့ချေ။
တောင်ပေါ်ဂျင်ဆင်းဖြင့် အသက်ကို မထိန်းထားနိုင်ခဲ့လျှင် သူမ သတိလစ်သွားခဲ့မည်မှာ ကြာလှပြီ ဖြစ်ပေမည်။
မူလက တည်ငြိမ်အေးဆေးစွာ ရှိနေသော အမေဖြစ်သူမှာလည်း ယခုအခါ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီး စိုးရိမ်လွန်းသဖြင့် မျက်လုံးများပင် နီရဲနေလေပြီ။
သူမ ကလေးမွေးစဉ်က အတော်လေး ချောမွေ့ခဲ့သည်။ နာကျင်ခဲ့သော်လည်း ယခုလို အချိန်ကြာမြင့်စွာ ကလေးထွက်မလာသည့် အခြေအနေမျိုးတော့ မဟုတ်ခဲ့ပေ။
မိုးလင်းတော့မည် ဖြစ်သော်လည်း မည်သည့် ထူးခြားမှုမျှ မရှိသေးချေ။
"အန်းမားမား... ဒါက ဘယ်လို အခြေအနေလဲ... မယ်မယ် ဒီလောက် နာကျင်နေတာတောင် ဘာလို့ မမွေးသေးတာလဲ... တစ်ညလုံးလည်း မအိပ်ရသေးဘူး..."
အန်းမားမားမှာ ကလေးများစွာ မွေးပေးဖူးသူ ဖြစ်ရာ အကြောင်းအရာများစွာကို သိရှိထားပေသည်။
ထို့ကြောင့် အမေဖြစ်သူကို ပြေရာပြေကြောင်း ပြောလိုက်လေ၏။
"သခင်မကြီး စိတ်ချပါ... မယ်မယ့်ရဲ့ အခြေအနေက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်... ပထမဆုံး ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေက အထူးသဖြင့် ပိုနှေးတတ်ပါတယ်..."
စကားဆုံးသည်နှင့် ဘေးနားရှိ သားဖွားမားမားကလည်း အပြုံးမျက်နှာဖြင့် ဝင်ပြောလိုက်လေသည်။
"ဟုတ်ပါတယ် ဟုတ်ပါတယ်... မယ်မယ့် အခြေအနေက အခုကြည့်ရင် နှေးနေပေမဲ့ တကယ် မွေးတဲ့အချိန်ကျရင် မြန်သွားမှာပါ..."
"ဘယ်အချိန်လောက်လဲ..."
"ဒီအစေခံ အထင်တော့ နေ့လယ်ပိုင်း ဒါမှမဟုတ် ညနေပိုင်းလောက်မှာ မွေးလာပါလိမ့်မယ်..."
ရှေ့ပိုင်းတွင် အချိန်အတော်ကြာ ကြန့်ကြာနေခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်က ခံနိုင်ရည် ရှိနေဆဲပင်။
ထို့ကြောင့် သတိပြန်ရနေချိန်၊ နာကျင်မှု သက်သာနေချိန်တွင် အစားအစာကျွေးရန်မှလွဲ၍ အမေဖြစ်သူမှာ အခြား ဘာမှ ကူညီပေး၍ မရနိုင်ချေ။
ကောင်းကင်ယံမှာ တဖြည်းဖြည်း လင်းထိန်လာပြီး နေရောင်ခြည် အပြည့်အဝ ထွက်ပေါ်လာလေပြီ။
ယင်းကွေ့ဖင် ကလေးမွေးတော့မည့် သတင်းက မောင်းမဆောင် ခြောက်ခုလုံးသို့ ပျံ့နှံ့သွားလေတော့သည်။
အမြန်ဆုံး ရောက်လာသူမှာ ယင်းကွေ့ဖင်နှင့် ရင်းနှီးသော မုချန်ကျိုက် ဖြစ်၏။
သူမသည် ယခုအခါ ရာထူး အတည်တကျ ဖြစ်နေပြီ ဖြစ်ရာ ယောင်ယွဲ့နန်းဆောင်သို့ ပြောင်းရွှေ့ရန်သာ စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင် အရှင်မင်းကြီး မရှိသဖြင့် ယီဖေးထံသို့ သွားရောက် ပြောဆိုရန် မလွယ်ကူလှပေ။
အကယ်၍ ပယ်ချခံရပါက ပြန်လည် ကြိုးစားရန် အခွင့်အရေး ရှိမည် မဟုတ်ချေ။
ထို့ကြောင့် အခြေအနေကို စောင့်ကြည့်ပြီး အခွင့်ကောင်း ကြုံမှသာ စီစဉ်ရန် ရည်ရွယ်ထားသည်။
ထို့ကြောင့် သူမသည် ယခုအချိန်ထိ ယီဟွားနန်းဆောင်တွင် နေထိုင်နေဆဲပင်။
လင်ဝမ်ယိလည်း ပြန်မရောက်သေးသဖြင့် သူမက ထိုနန်းဆောင်တွင် ဩဇာအာဏာ အကြီးဆုံး ဖြစ်နေ၏။
ဒီရက်ပိုင်းအတွင်း နန်းတွင်း ကိစ္စများနှင့် အစေခံအသစ်များ နေရာချထားရေးအတွက် အလုပ်များနေသဖြင့် ယင်းကွေ့ဖင်ထံသို့ မလာရောက်ဖြစ်ခဲ့ပေ။
သူမ ရုတ်တရက် ကလေးမွေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
ယောင်ယွဲ့နန်းဆောင် တစ်ခုလုံးတွင် ယခုအခါ လူများဖြင့် ပြည့်နှက်နေ၏။
သူမ ရောက်လာပြီး မကြာမီမှာပင် အခြား ကိုယ်လုပ်တော် အများအပြားလည်း ရောက်ရှိလာကြသည်။
သို့သော် ဤနေရာတွင် အဓိက တာဝန်ယူရမည့် ယီဖေးမှာ ပေါ်မလာခဲ့ပေ။
သို့သော် မည်သူကမျှ ယီဖေးကို သွားရောက် အနှောင့်အယှက်ပေးရန် မပြောရဲကြချေ။
အကယ်၍ ယီဖေးက လာရန် ဆန္ဒမရှိလျှင်ရော။
ယခု သွားရောက် ခေါ်မည်ဆိုပါက ကိုယ့်ကိုယ်ကိုယ် ပြဿနာရှာခြင်း မဟုတ်လား။
အပြင်တွင် ရပ်နေရင်း အထဲမှ ထွက်ပေါ်လာသော အော်ဟစ်သံများကို နားထောင်နေရ၏။
မုချန်ကျိုက်မှာ ကလေး မမွေးဖူးသဖြင့် ထိုအသံများကို ကြားရုံဖြင့်ပင် ကြောက်လန့်တုန်ယင်နေမိသည်။
ကလေးမွေးဖူးသော ယဲ့ကွေ့ရန်နှင့် တုချန်ကျိုက်တို့အတွက် ဆိုလျှင်တော့ ပို၍ပင် ပြောဖွယ်ရာ မရှိတော့ပေ။
မျက်ဝန်းများတွင် မလိုလားမှု အချို့ ရှိနေသော်လည်း မိခင်တစ်ဦး၏ ပင်ကိုယ် သဘာဝအရ အားလုံးက နန်းတော်ထဲတွင် ကလေးတစ်ဦး တိုးလာရန် မျှော်လင့်နေကြဆဲပင်။
အနည်းဆုံးတော့ ကလေး ကောင်းကောင်းမွန်မွန် ကြီးပြင်းလာနိုင်မည် ဆိုလျှင် တော်လှပေသည်။
သို့မဟုတ်ပါက သူတို့ကဲ့သို့ သေဆုံးသွားသော ကလေးများကို လွမ်းဆွတ်ပြီး အလွန် နာကျင်ရလိမ့်မည် ဖြစ်၏။
"အထဲမှာ သူရဲ့ အမေ ရှိနေတော့ သေချာပေါက် အခြေအနေကို ထိန်းပေးနိုင်မှာပါ... ညီမလေးတို့ အရင် နားကြပါဦး... လက်ဖက်ရည် သောက်ဖို့ ခိုင်းလိုက်ပါ့မယ်... လမ်းတစ်လျှောက် လာရတာ ရေဆာနေကြလောက်ပြီ..."
စကားပြောလိုက်သူမှာ ချန်းကွေ့ရန်ပင်။ ယခင်က ယဲ့ကွေ့ရန် ဖြစ်ပြီး ယခုအခါတော့ ချန်းကွေ့ရန်ဖြစ်လာပြီ။
ဘွဲ့နှင်းသဘင် မကျင်းပရသေးသော်လည်း အရှင်မင်းကြီး ကိုယ်တိုင် ဂုဏ်ထူးဆောင်ဘွဲ့ကို သတ်မှတ်ပြီး ဖြစ်သည်။
ထို့ကြောင့် ချန်းကွေ့ရန်ဟု ခေါ်ဆိုခြင်းက မလွန်လှပေ။
ယောင်ယွဲ့နန်းဆောင်မှ ဒုတိယအဆင့် အပျိုတော်က ဤအခြေအနေကို မြင်သောအခါ အလွန် ပါးနပ်စွာ ပြုမူလိုက်၏။
ချက်ချင်းပင် အားလုံးအတွက် ကုလားထိုင်များ ယူလာပေးပြီး လက်ဖက်ရည်နှင့် မုန့်များကိုလည်း တည်ခင်းပေးလိုက်သည်။
ကိုယ်လုပ်တော်များ စားမည် မစားမည် မသေချာသော်လည်း လုပ်ဆောင်သင့်သော စည်းကမ်းများကိုတော့ အပြည့်အဝ လုပ်ဆောင်ရမည်သာ။
မဟုတ်လျှင် အခြားသူများက ယောင်ယွဲ့နန်းဆောင်ကို လှောင်ပြောင်သွားကြပေလိမ့်မည်။
မုချန်ကျိုက်သည် အထဲသို့ ဝင်ရန် ကြိုးစားသော်လည်း တားဆီးခံလိုက်ရ၏။
"ညီမလေး ဒါ ဘာလုပ်မလို့လဲ..."
စကားပြောလိုက်သူမှာ မင်ကွေ့ရန် ဖြစ်သည်။
ယခုအခါ သူမ၏ ရာထူးမှာ ချန်းကွေ့ရန် ထက်ပင် အနည်းငယ် ပို၍ သြဇာညောင်းနေသည်ဟု ဆိုနိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် အနောက်ဆောင်တွင် မျက်နှာသာရသော ကိုယ်လုပ်တော်ငယ်များက မျက်နှာသာမရသော မယ်မယ်များထက် ပို၍ ဩဇာရှိတတ်သောကြောင့်ပင်။
ထို့ကြောင့် သူမ စကားပြောလိုက်သောအခါ မုချန်ကျိုက်လည်း ရပ်တန့်သွားတော့၏။
"မယ်မယ်က အထဲမှာ အရမ်း အော်နေတော့... ဒီအစေခံ အထဲဝင်ပြီး တစ်ခုခု ကူညီပေးနိုင်မလားလို့ တွေးမိလို့ပါ..."
"ဒီအချိန်မှာ ပြဿနာ သွားမရှာပါနဲ့... ညီမလေးကလည်း ကလေးမွေးဖူးတာ မဟုတ်ဘူး... အထဲဝင်သွားလည်း အလကားပဲ... ညီမလေးကို ဝင်ရှုပ်ရင် ကွေ့ဖင်မယ်မယ် ကလေးမွေးတာကို နှောင့်နှေးစေမယ်မလား ..."
မုချန်ကျိုက်၏ မျက်နှာပေါ်တွင် အခက်တွေ့နေသည့် အမူအရာ ပေါ်လာတော့သည်။
ဝင်ချင်သော်လည်း မင်ကွေ့ရန်၏ စကားမှာ အလွန် မှန်ကန်သည်ဟု ခံစားရ၏။
နောက်ဆုံးတွင် အပြင်ဘက် စင်္ကြံလမ်းတွင်သာ ဟိုဘက်ဒီဘက် လမ်းလျှောက်နေပြီး လက်အုပ်ချီကာ ဆုတောင်းနေတော့သည်။
သူမ၏ ပုံစံမှာ ယင်းကွေ့ဖင်အတွက် အလွန် စိုးရိမ်နေသကဲ့သို့ပင်။
ယီချန်ကျိုက်၏ အမြင်တွင်မူ ဤအပြုအမူများက ဟန်ဆောင်နေသည်ဟုသာ ထင်မြင်မိ၏။
အနောက်ဆောင်တွင် နက်ရှိုင်းသော ညီအစ်မ သံယောဇဉ် ဆိုသည်မှာ ရှိမည်မဟုတ်ဟု သူမက မှတ်ထားလေသည်။
အားလုံးက အပြန်အလှန် အသုံးချနေကြသည် မဟုတ်လား။
သို့သော် ရင်ထဲတွင် ဤသို့ တွေးနေသော်လည်း လုပ်သင့်သည့် ဟန်ဆောင်မှုများကိုတော့ မလျော့စေခဲ့ချေ။
သူမလည်း အတူတကွ "ဘုရားသခင် ကယ်မတော်မူပါ... ဘုရားသခင် ကယ်မတော်မူပါ..." ဟု ဆုတောင်းနေလေသည်။
ထိုအမူအရာမှာ မည်မျှ စိုးရိမ်နိုင်သမျှ စိုးရိမ်ဟန်ဆောင်ထားခြင်းပင်။
အခန်းပြင်တွင် လူတိုင်းက ကိုယ့်အတွေးနှင့်ကိုယ် ရှိနေကြပြီး အခန်းတွင်းရှိ ယင်းကွေ့ဖင်မှာမူ သေမင်းတံခါးဝသို့ နှစ်ခေါက်ခန့် လျှောက်လှမ်းခဲ့ပြီးသော်လည်း ကလေး ထွက်မလာသေးချေ။
ရေမြွာရည်များက အပြင်သို့ တစ်စိမ့်စိမ့် ထွက်ကျနေသည်။
အန်းမားမားနှင့် သားဖွားမားမားတို့မှာ ကလေး ထိခိုက်သွားမည်ကို စိုးရိမ်နေကြ၏။
ထို့ကြောင့် ချက်ချင်းပင် ပြောလိုက်လေသည်။
"သခင်မကြီး... မယ်မယ့် ကလေး မွေးလာတာ အရမ်း နှေးနေတယ်... ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် နာကျင်လွန်းလို့ သတိလစ်သွားပြီး ကလေးလည်း အန္တရာယ် ရှိနိုင်တယ်... ဒီအစေခံတို့ မယ်မယ့် ဗိုက်ကို နည်းနည်း ဖိပေးရမလား..."