← Chapters

အခန်း ၁၂၇၆

Vol. 86 Ch. 1276

အခန်း ၁၂၇၆

Vol. 86 Ch. 1276

အခန်း (၁၂၇၆) မဟာပဲဝါနိုင်ငံချဲ့ထွင်ခြင်း

"ရှောင်ယန်၊ လက်ခံလိုက်၊ လက်ခံလိုက်။ ငါတို့မဟာပဲဝါနိုင်ငံထဲ သူတို့ကိုစည်းရုံးဖို့ အချိန်ကိုက်ပဲ"

သိစိတ်နယ်မြေမှနတ်မယ်က လုယန်ကို အဆက်မပြတ်တိုက်တွန်းနေသည်။

"ဒါကို နယ်မြေချဲ့ထွင်တယ်လို့ သတ်မှတ်လို့ရတယ်။ ကြီးကြီးမားမားအကျိုးဆောင်တဲ့အတွက် နင့်ကိုငါ ဆုချီးမြှင့်မယ်"

လုယန်သည် မဟာပဲဝါနိုင်ငံ၏ ပင်မဒေါက်တိုင် အကြံပေးဝန်ကြီးဖြစ်သော်လည်း ကိုယ့်အတွေးနှင့်ကိုယ်ရှိသည်။ နတ်မယ်ပြောသမျှစကားတိုင်း သူမလိုက်နာနိုင်။

မြင်းဖြူနိုင်ငံနန်းတော်သို့ သူလာသည်မှာ တရားမျှတမှုဟူသည့် နာမည်ဖြင့် ရန်ပွဲကိုတားဖို့ဖြစ်သည်။ နယ်မြေချဲ့ထွင်ဖို့ နယ်မြေတောင်းခံဖို့ မဟုတ်။

ထိုစကားမျိုး အပြင်ရောက်သွားလျှင် ဘယ်လိုပြောကြမည်မသိ။ တည်ကြည်ဖြောင့်မတ်သည့် သူ့ပုံရိပ်နှင့် ဆန့်ကျင်ဘက်ဖြစ်လာမည်။

လုယဣ် တော်ဝင်ကျောက်စိမ်းတံဆိပ်ကို အင်ပါယာလက်ထဲ ပြန်ထည့်၍ တည်ငြိမ်စွာရှင်းပြသည်။

"ကျုပ်တို့မဟာပဲဝါနိုင်ငံက ဘယ်သူ့ကိုမှ လက်မခံပါဘူး"

"မဟာပဲဝါနိုင်ငံ..."

အင်ပါယာ အံ့အားသင့်သွားသည်။ နာမည်က ထူးဆန်းနေသည်။

လုယန်စိတ်ထဲ ကျိတ်ဆဲမိသည်။ နတ်မယ်က မနားတမ်း တတွတ်တွတ်ပြောနေခဲ့သဖြင့် သူလျှာခလုတ်တိုက်သွားခြင်းဖြစ်သည်။

"ဒီလိုပါ၊ ကျုပ်တို့က ငြိမ်းချမ်းရေးအတွက်လာတာ။ ခင်ဗျားတို့ဆန္ဒကို လေးစားတယ်။ ခင်ဗျားတို့ လွတ်လပ်ခွင့်အပြည့်ရစေရမယ်လို့ အာမခံတယ်။ ခင်ဗျားတို့ ဘယ်သူ့လက်အောက်ကိုမှ ခိုဝင်ဖို့မလိုဘူး"

အင်ပါယာက တကယ့်စိတ်ရင်းဖြင့် လုယန်ကို အညံ့ခံချင်သည်။ ထိုသို့လုပ်လုပ်ဖို့လည်း လိုအပ်သည်။ သူတို့မြင်းဖြူနိုင်ငံတွင် ဘာကောင်းကွက်ရှိ၍ ထိုမျှအချိန်တိုအတွင်း စွမ်းအားရှင်ကိုးယောက် ရောက်လာသည်တော့မသိ။

သို့သော် ဤမသေမျိုးသာ ရောက်မလာလျှင် ဖြစ်လာမည့်အကျိုးဆက်ကို သူမတွေးရဲ။

အင်ပါယာစိတ်ချအောင် လုယန် နောက်ထပ်ရှင်းပြရန်ပြင်နေစဉ် အထက်ကောင်းကင်၌ ဗုဒ္ဓကျမ်းစာရွတ်သံများ ထွက်ပေါ်လာသည်။

"ကောင်းတယ်။ သက်ရှိတွေနေထိုင်တဲ့ ကြယ်တစ်လုံးတွေ့ရမယ်လို့ ထင်မထားဘူး။ အားလုံး သေမျိုးတွေချည်းပဲ။ ငါ့ဓမ္မကိုဖြန့်ဝေဖို့ တကယ်ပြည့်စုံတဲ့-.."

ထို့နောက် ဗုဒ္ဓနိုင်ငံမှကိုယ်တော်က နန်းတော်ထဲမှ စုစည်းခြင်းအဆင့်ကိုးယောက်နှင့် အင်ပါယာကို တွဲကူပေးနေသည်ကို မြင်ရသည်။ သူ့စကားသံ တိခနဲရပ်သွားသည်။ ချွေးစေးများထွက်လာသည်။

အင်ပါယာက လုယန်ကို အသံတိတ်ကြည့်နေသည်။ လုယန်က ကောင်းကင်မှဗုဒ္ဓကိုယ်တော်ကို အသံတိတ်ကြည့်နေသည်။

ပြဿနာရှာမယ့်လူ ပေါ်လာပြန်ပြီပေါ့...ငြိမ်းချမ်းရေးအကြောင်း ပြောပြီးရုံပဲရှိသေးတယ်။..ဓမ္မဖြန့်ဝေမယ့်လူ ရောက်လာပြန်ပြီလား...

"အော်မီတော်ဖော်။ ကိုယ်တော် အခုချက်ချင်း ထွက်သွားပါ့မယ်"

"ပြန်လာခဲ့"

လုယန် ထိုစကားသာပြောသည်။ ဗုဒ္ဓကိုယ်တော် ထိတ်လန့်သွားပြီး လေထဲမှ နောက်ပြန်ဆုတ်လာရသည်။

"ဒကာလု..အဲ...အကြီးအကဲလုက နားလည်မှုနည်းနည်းလွဲသွားတယ်ထင်တယ်"

လုယန် အရေးမစိုက်။ အပြစ်ပေးသည့်အနေဖြင့် ထိုကိုယ်တော်ကို စုစည်းခြင်းအဆင့်ကိုးယောက်နှင့်အတူ မတ်တပ်ရပ်ခိုင်းထားသည်။ အင်ပါယာကိုဆက်၍နှစ်သိမ့်သည်။

"သူတို့က အပြင်လောကကို အခုမှထွက်ဖူးတော့ စိတ်ခံစားချက် မတည်ငြိမ်ကြလို့ မသင့်တော်တဲ့အပြုအမူတွေ လုပ်မိကြတာပါ။

စိတ်ချပါ။ မြင်းဖြူနိုင်ငံအခြေအနေကို ကျုပ်သတင်းပြန်ပို့မယ်။ ကိစ္စအားလုံးအဆင်ပြေအောင် သူတို့ လူလွှတ်ပါလိမ့်မယ်"

လုယန် မဟာရှား၏ လုပ်ငန်းကျင့်ဝတ်ကို အတော်ယုံကြည်သည်။

"ခင်ဗျားတို့အားလုံး လေ့လာရေးခရီးစဉ်ရပ်ပြီး ကျုပ်နဲ့ပြန်လိုက်ခဲ့ပါ"

လုယန်မျက်လုံးများ နည်းနည်းမှေးစင်းသွားသည်။ ပြင်းထန်သည့် စွမ်းအင်ဖိအားတစ်ချို့ လွှတ်လိုက်သည်။ စုစည်းခြင်းအဆင့်ဆယ်ယောက်ကို အလိုမကျဟန်ဖြင့် စိုက်ကြည့်သည်။

အပြင်သို့ရောက်ရောက်ချင်း ပြဿနာရှာကြသည်။ ကျင့်ကြံသူလောကကို သိက္ခာချသည်။ အကြောင်းမသိလျှင် သူတို့ကို ဓားပြဟု ထင်သွားနိုင်သည်။

စွေ့ဟန်တို့သုံးယောက်၏လုပ်ရပ်က အသေးအဖွဲ့ပြစ်မှုသာဖြစ်သည်။ ပြစ်ဒဏ်အဖြစ် ဥပဒေစည်းမျဉ်းများကို သုံးလေးကြိမ် ကူးရေးခိုင်းရုံလောက်ဆို အဆင်ပြေသည်။ တစ်ခြားလူများကိုတော့ နောက်ထပ်လုံးဝ အပြင်ထွက်ခွင့်ပေး၍မဖြစ်။

စုစည်းခြင်းအဆင့်ဆယ်ယောက် လုယန်၏စွမ်းအင်ဖိအားကို ခံစားမိသဖြင့် အကြီးအကျယ်မျက်နှာပျက်သွားသည်။

ထိုဖိအားမျိုးသည် ကူးဖြတ်ခြင်းအခြေခံအဆင့်စွမ်းအား မဟုတ်နိုင်။

ကူးဖြတ်ခြင်းအလတ်တန်းဆင့်ထိ ကျင့်ကြံထားခြင်းလော။ အချိန်ဘာမှမကြာသေး။ သူ့ကျင့်စဉ်တိုးတက်နှုန်းက ကြောက်စရာကောင်းလောက်အောင် လျင်မြန်သည်။

မပြန်လိုကြသော်လည်း ဘယ်သူမှ ထွက်မပြေးရဲ။

အင်ပါယာကို နှုတ်ဆက်ပြီးနောက် စုစည်းခြင်းအဆင့်ဆယ်ယောက်ကိုခေါ်၍ လုယန် မဟာရှားသို့ပြန်သည်။ အရင်ဆုံး စွေ့ဟန်တို့သုံးယောက်ကို မဟာရှားသို့ပို့သည်။ အပြင်လောကစူးစမ်းလေ့လာရေးဌာနကို မြင်းဖြူနိုင်ငံအကြောင် သတင်းပေးသည်။

ချက်ချင်း အကူအညီလွှတ်ရန် ညွှန်ကြားသည်။

ထို့နောက် ဗုဒ္ဓနိုင်ငံ အနောက်မိုးပျံဘုံကျောင်း၊ အရှေ့ပင်လယ် နဂါးနန်းတော်၊ မြောက်ပိုင်းနယ်မြေ နှင်းအင်ပါယာတို့ထံ ဆက်တိုက်သွားသည်။

"အသုံးမကျတဲ့ကောင်တွေ၊ ငါ့စကားကိုလျစ်လျူရှုရဲတယ်ပေါ့"

နှင်းအင်ပါယာ ဒေါသတကြီးအော်ဟစ်လိုက်သည်။ မြောက်ပိုင်းနယ်မြေမှ စုစည်းခြင်းအဆင့်သုံးယောက် ကြောက်လွန်း၍ တုန်ရင်နေသည်။

"အကိုလုယန်က ကူးဖြတ်ခြင်းအဆင့်တောင် ရောက်နေပြီပေါ့"

ရွှဲ့ရှီလုန် ပြုံး၍ပြောသည်။ လက်ရှိတွင် နှင်းအင်ပါယာနောက်သို့လိုက်၍ ကျင့်ကြံနေသည်။ လုယန်၏ကျင့်စဉ်တိုးတက်နှုန်းကိုမြင်ရသဖြင့် လေးစားအားကျမိသည်။

သို့သော် အားကျရုံသာ တတ်နိုင်ကြောင်းလည်းသိသည်။ လုယန်နှင့်ယှဉ်၍တွေးလျှင် ကိုယ့်ကိုယ်ကို အရှက်ခွဲသလိုသာဖြစ်မည်။

...

လုယန်ထွက်သွားပြီးနောက် မြင်းဖြူအင်ပါယာနှင့်ဝန်ကြီးများ အတော်စိုးရိမ်နေကြသည်။ နောက်ထပ်စွမ်းအားရှင်များ ပေါ်လာမည်ကို ကြောက်နေသည်။

သူတို့အကြောက်တရားက အမှန်တကယ်လည်းဖြစ်လာသည်။ သိပ်မကြာမီ စွမ်းအားရှင်အသစ်များ ရောက်လာကြသည်။ ဝန်ကြီးများ ကျောက်ရုပ်လိုဖြစ်သွားသည်။

"နီးနီးနားနားမှာ နိုင်ငံတစ်ခု တကယ်ရှိနေတာပဲ"

လူသစ်သုံးယောက် ရောက်လာသည်။ ခေါင်းဆောင်က အင်ပါယာနှင့်ဝန်ကြီးများ၏ အမူအရာကို သတိထားမိသဖြင့်

"မစိုးရိမ်ပါနဲ့၊ ကျုပ်က မဟာရှားအပြင်လောကစူးစမ်းလေ့လာရေးဌာနက ယွီချန်ပါ။ ကျုပ်တို့ကို လုယန်က လွှတ်လိုက်တာပါ"

ရင်တထိတ်ထိတ်ဖြစ်နေသည့် အင်ပါယာတို့လူစု နည်းနည်းစိတ်သက်သာရာရသွားသည်။

"ထိုင်ကြပါ မသေမျိုးအရှင်တို့"

အင်ပါယာက ကုန်းကုန်းများကို ထိုင်ခုံများယူလာခိုင်းသည်။ တော်ဝင်စားဖိုချောင်ကို စားသောက်ပွဲတစ်ခု အမြန်ပြင်ခိုင်းသည်။

"ဒါတွေ ဒုက္ခခံနေဖို့ မလိုပါဘူး။ ကျုပ်တို့က အခြေအနေကို သေချာနားလည်ချင်လို့ လာခဲ့တာပါ"

လုယန်က မြင်းဖြူနိုင်ငံအကြောင်း မိတ်ဆက်သဘောသာ သတင်းပေးသွားသည်။ ယွီချန်တို့က ထို့ထက်ပို၍ သေချာစုံစမ်းစစ်ဆေးရမည်။

မည်သို့ဆိုစေ မြင်းဖြူနိုင်ငံသည် လောကမှော်စက်ဝန်းဖွင့်ပြီးနောက် ပထမဆုံးတွေ့သည့်နိုင်ငံဖြစ်သည်။ သေချာမလေ့လာ၍မဖြစ်။

မြင်းဖြူနိုင်ငံနှင့် ဆက်ဆံချိန်တွင် ကြုံတွေ့ရသည့် ပြဿနာများသည် နောက်ပိုင်း စူးစမ်းလေ့လာရေးခရီးစဉ်များအတွက် ဥပဒေစည်းမျဉ်းအသစ်များ သတ်မှတ်ရာတွင် များစွာအကူအညီဖြစ်လာမည်။

"မသေမျိုးအရှင်၊ မေးချင်တာသာမေးပါ။ ကျုပ်ဘာမှထိန်ချန်မထားပါဘူး"

ယွီချန်၏အဖော်တစ်ယောက်က မှတ်တမ်းယူရန် စာအုပ်နှင့်စုတ်တံကိုထုတ်သည်။ တစ်ခြားတစ်ယောက်က မှော်ဖန်လုံးဖြင့် သမိုင်းဝင်ပုံရိပ်ကို မှတ်တမ်းယူရန်ပြင်သည်။

"ခင်ဗျားတို့အဖွဲ့အစည်းကို မြင်းဖြူနိုင်ငံလို့ ခေါ်တာလား"

"ဟုတ်ကဲ့"

"သမိုင်းကြောင်းက ဘယ်လောက်ရှည်လဲ"

"နှစ်ပေါင်း တစ်ထောင့်နှစ်ရာပါ"

မြင်းဖြူနိုင်ငံ၏သက်တမ်းကို ပြောချိန်တွင် အင်ပါယာမျက်နှာ၌ ဝင့်ကြွားရိပ်ပေါ်လာသည်။ ရှေးခေတ်နှင့် ခေတ်သစ်နှစ်ခုလုံးတွင် သက်တမ်းအရှည်ဆုံးနိုင်ငံဖြစ်သည်။

ထိုမျှအုပ်ချုပ်ရေးသက်တမ်း တိုတောင်းသည့် နိုင်ငံမျိုး ယွီချန် တစ်ခါမှမမြင်ဖူး။ တည်ထောင်စနိုင်ငံတစ်ခုလို ဖြစ်နေသည်။ သို့သော် အင်ပါယာမျက်နှာက ထိုသက်တမ်းထောင့်နှစ်ရာကို အတော်ဂုဏ်ယူနေဟန်ရှိသည်။

သေမျိုးနိုင်ငံတစ်ခု၏ သက်တမ်းအယူအဆက သူတို့နှင့် ကွဲပြားနေဟန်ရှိသည်။ ထိုအချက်က သေချာဂရုစိုက်၍ လေ့လာသင့်သည်။

"ဒီကြယ်ကမ္ဘာအပြင်ဘက်က သက်ရှိတွေနဲ့ ဆက်သွယ်ဖူးလား"

"ကြယ်ကမ္ဘာလား။ ကျုပ်တို့နေတဲ့ ဒီနေရာက ကြယ်တစ်လုံးပေါ့"

အင်ပါယာ အံ့အားသင့်သွားသည်။ ငြိမ်နေသည့် ဝန်ကြီးများလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။

သူတို့လောကသည် ရေပြင်ညီလောကတစ်ခုဟုသာ အမြဲယုံကြည်ထားခဲ့သည်။ တစ်ခြားကြယ်ကမ္ဘာမှ သက်ရှိများနှင့် မဆက်သွယ်ဖူးကြ။

"ခင်ဗျားနိုင်ငံမှာ နေထိုင်သူဘယ်လောက်ရှိလဲ"

"သန်းငါးဆယ်ပါ"

ယွီချန်၏ အဖော်က ချရေးသည်။ ထို့နောက် မြင်းဖြူနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်၊ ကျင့်ကြံမှုစနစ်၊ အတိတ်သမိုင်း၊ မှော်လောက၏ဒဏ္ဍာရီများ စသဖြင့် ဆက်မေးသည်။

မြင်းဖြူနိုင်ငံအခြေအနေကို သူအကြမ်းဖျင်း နားလည်သွားသည်။

သူ့အထက်လူကြီးများထံ သတင်းပြန်ပို့ရဦးမည်။ နောက်ဆက်လုပ်ရမည့် သံတမန်ရေးကိစ္စများက သူ့တာဝန်မဟုတ်တော့။

ထွက်မသွားမီ ယွီချန် ကိစ္စတစ်ခု တွေးမိသဖြင့် အင်ပါယာကိုမေးသည်။

"တစ်ခုခုဖြစ်လာခဲ့ရင် သေချာအောင်လို့ ကျုပ်ထပ်မေးချင်တယ်။ ခင်ဗျားတို့နိုင်ငံက လွတ်လပ်တဲ့နိုင်ငံမဟုတ်လား။ တစ်ခြားဘယ်အဖွဲ့အစည်းကိုမှ ဝင်မထားဘူးမဟုတ်လား"

အင်ပါယာ ခဏတုံ့ဆိုင်းနေသည်။ ထို့နောက် ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့်

"မှော်ကမ္ဘာမှာ မဟာပဲဝါနိုင်ငံဆိုတာ ရှိလား။ ကျုပ်တို့က အဲဒီ့မဟာပဲဝါနိုင်ငံရဲ့ လက်အောက်ခံပါ"

*****************************

All Chapters