အခန်း ၁၂၇၇
Vol. 86 Ch. 1277
အခန်း (၁၂၇၇) မသိသင့်သည့်ကိစ္စ
"မဟာပဲဝါနိုင်ငံ"
ယွီချန် တွေးရခက်သွားသည်။ ဘယ်ကမဟာပဲဝါနိုင်ငံမှန်းမသိ။ နာမည်ကပင် အင်အားကြီးအဖွဲ့အစည်းနှင့်မတူ။
သူ့အဖော်နှစ်ယောက်ကို လှည့်ကြည့်သည်။ သူတို့လည်း ခေါင်းခါပြသည်။ မဟာပဲဝါနိုင်ငံအကြောင်း မကြားဖူးကြ။
"အဲဒါက မဟာပဲဝါနိုင်ငံလို့ခေါ်တာ သေချာရဲ့လား"
ယွီချန်တို့အမူအရာကြောင့် အင်ပါယာလည်း သံသယဝင်လာသည်။ လုယန်က 'ကျုပ်တို့မဟာပဲဝါနိုင်ငံ'ဟု ပြောသွားသည်ကို သူသေချာမှတ်မိသည်။
မဟာပဲဝါနိုင်ငံ၏ လက်အောက်ခံဟု ပြောလိုက်ခြင်းမှာ စွမ်းအားရှင်များက သူတို့ကို ဘာမှအစွမ်းအစမရှိဘဲ တည်ထောင်ထားသည့်နိုင်ငံဟု အထင်သေးသွားမည်စိုး၍ဖြစ်သည်။
သို့သော် ဤစွမ်းအားရှင်များက မဟာပဲဝါနိုင်ငံကို ကြားဖူးပုံမပေါ်။
ပြောပြီးသားစကားကို ပြန်ရုပ်သိမ်း၍လည်းမရ။
အင်ပါယာအမူအရာကို အကဲခတ်၍ ယွီချန်တွေးလိုက်သည်။ ပြောပြ၍မရသည့် အကြောင်းရင်းများ ရှိလိမ့်မည်။
"ပြောစရာရှိတာ လွတ်လွတ်လပ်လပ်ပြောပါ။ ဘာမှမဖြစ်ပါဘူး"
အင်ပါယာ ကြောက်ချွေးပြန်လာသည်။ ဘယ်လိုပြန်ပြောရမှန်းမသိတော့။
"ထပ်မမေးပါနဲ့တော့ မသေမျိုးအရှင်"
....
"မြင်းဖြူနိုင်ငံက မဟာပဲဝါနိုင်ငံရဲ့ လက်အောက်ခံလို့ ပြောတယ်ပေါ့"
ယွီချန်၏ အစီရင်ခံချက်ကြောင့် အင်ပါယာရှား အကြီးအကျယ်အံ့အားသင့်သွားသည်။
လုယန်သတင်းပေး၍ ယွီချန်က မြင်းဖြူးနိုင်ငံကို တွေ့ခဲ့သည်။ မြင်းဖြူနိုင်ငံက မဟာပဲဝါနိုင်ငံလက်အောက်ခံဟု ပြောသည်။
လုယန်လက်ချက်မှန်း သိသာသည်။
ထိုမျှမြန်မြန်ဆန်ဆန် ဘယ်လိုများ လှုပ်ရှားလိုက်သည်မသိ။ မှော်စက်ဝန်းဖွင့်သည်မှာ တစ်ရက်ပင်မပြည့်သေး။ အပြင်လောကမှ နိုင်ငံတစ်ခုကို မဟာပဲဝါနိုင်ငံအောက်သို့ သွတ်သွင်းလိုက်သည်။
မဟာရှား၊ ဗုဒ္ဒနိုင်ငံ၊ နတ်ဆိုးနယ်မြေ၊ အရှေ့ပင်လယ်နှင့် မြောက်ပိုင်းတိုက်နယ်မှ ထိပ်သီးပုဂ္ဂိုလ်များကို အင်ပါယာရှား ပြန်သတိရလာသည်။ အားလုံးက မဟာပဲဝါနိုင်ငံ၏ လက်အောက်ခံများဖြစ်နေသည်။
ကိုယ့်အဖြစ်ကိုယ် လှောင်ရယ်ရင်း သူ့ဘာသာတီးတိုးရေရွတ်လိုက်သည်။
"ဒါပေါ့လေ၊ ဒီလောကမှာ မဟာပဲဝါနိုင်ငံလက်အောက်ခံမဟုတ်တာ ဘယ်နေရာရှိလို့လဲ"
"မင်းကြီး၊ ဒီမဟာပဲဝါနိုင်ငံဆိုတာက ဘာလဲ"
ယွီချန် ရင်ထိတ်သွားသည်။ အင်ပါယာရှားက တီးတိုးရေရွတ်သော်လည်း စုစည်းခြင်းအဆင့်တစ်ယောက်၏ နားအာရုံက စကားလုံးတိုင်းကို သေချာကြားနိုင်စွမ်းရှိသည်။
"မမေးနဲ့တော့။ ဒါမင်းသိရမယ့်ကိစ္စမဟုတ်ဘူး"
အင်ပါယာရှား မျက်နှာနည်းနည်းတင်းသွားပြီး ယွီချန်ကို မာန်မဲလိုက်သည်။
မဟာပဲဝါနိုင်ငံ၏ ကိစ္စများကို သူဝင်စွက်၍မဖြစ်။ သူမှလွဲလျှင် မဟာပဲဝါနိုင်ငံ၏ တစ်ခြားအဖွဲ့ဝင်အားလုံး မသေမျိုးတစ်ဝက်အဆင့်မှ စကြသည်။ သူတစ်ယောက်သာ ဝိညာဉ်ပြောင်းအဆင့်ရှိသည်။
ထိုကိစ္စ ယွီချန်ကို အမှန်အတိုင်းပြောလိုက်လျှင် သူ့ဂုဏ်သိက္ခာအားလုံး ရေစုန်မျောသွားမည်။
အင်ပါယာရှား၏ တုံ့ပြန်မှုကြောင့် ယွီချန်က ပို၍ပင် အံ့ဩတုန်လှုပ်လာသည်။ မဟာပဲဝါနိုင်ငံသည် ဘယ်လိုအဖွဲ့အစည်းမျိုးမှန်းမသိ။ မင်းကြီးပင် ထိုနိုင်ငံနှင့်ပတ်သက်၍ တားမြစ်ထားသည့်ကိစ္စတစ်ခုကဲ့သို့ ရေငုံနှုတ်ပိတ်နေသည်။
ထိုမျှအင်အားကြီးသည့် အဖွဲ့အစည်းမျိုးရှိသည်ဆိုလျှင် ဘာကြောင့် သူတစ်ခါမှ မကြားဖူးရသနည်း။
ရုတ်တရက် ကောင်းကင်ရုံးတော်အကြောင်း ယွီချန်တွေးမိသည်။ ကောင်းကင်ရုံးတော်ပေါ်မလာမီက ထိုမျှအင်အားကြီးသည့် ရှေးဟောင်းခေတ်အဖွဲ့အစည်းရှိကြောင်း ဘယ်သူသိခဲ့သနည်း။
မဟာပဲဝါနိုင်ငံသည်လည်း ထိုနည်းတူပင် အရိပ်ထဲတွင် လှုပ်ရှားနေသည့် အင်အားကြီးအဖွဲ့အစည်းလော။
မင်းကြီးစကားအရ... တစ်လောကလုံး မဟာပဲဝါနိုင်ငံ၏ နယ်မြေဖြစ်သည်။ သို့ဆိုလျှင် မဟာရှားလည်း ပါသလော။
နွေးထွေးသည့် နေရောင်ခြည်က ညီလာခံခန်းမထဲသို့ ထိုးကျနေသည်။ သို့သော် အင်ပါယာရှား၏မျက်လုံးတွင် အရိပ်တစ်ခု ထိုးကျနေသည်။ ယွီချန် တုန်လှုပ်နေသည်။ ခန်းမထဲ နေရသည်ကို ကြက်သီးထလာသည်။
တဖြေးဖြေးနောက်ဆုတ်၍ ခန်းမထဲမှထွက်သွားသည်။ အင်ပါယာရှားတစ်ယောက်တည်း ကျန်ခဲ့သည်။
ယွီချန်အမူအရာကို အင်ပါယာရှား မမြင်တော့။ မြင်းဖြူနိုင်ငံ မဟာပဲဝါနိုင်ငံလက်အောက်ခံဖြစ်သွားသည့်ကိစ္စနောက်ကွယ်မှ ပိုနက်နဲသည့်အဓိပ္ပါယ်ကို စဉ်းစားနေသည်။
တိကျသေချာသည့် အဖြေမရသဖြင့် ရှေးဘိုးဘေးများကို အကြံတောင်းဖို့ တွေးမိသည်။ သို့သော် သူတို့ကလည်း အပြင်လောကသို့ ထွက်သွားသည်။ တော်တော်နှင့် ပြန်လာဦးမည်မဟုတ်။
ကိုယ့်အတွေးကိုယ်သာ အားကိုးရတော့မည်။
"မြင်းဖြူနိုင်ငံက အရမ်းအားနည်းတယ်။ ငါတို့ရဲ့ အားအနည်းဆုံးမြို့တော်တွေတောင် သူတို့ကိုအနိုင်ယူနိုင်တယ်။ ဒီလောက်စွမ်းအားချင်းကွာဟနေတာတောင် မြင်းဖြူနိုင်ငံကို ဘာလို့ တန်းတူလိုသဘောထားပြီးဆက်ဆံတာလဲ။
အခု မြင်းဖြူနိုင်ငံက မဟာပဲဝါနိုင်ငံလက်အောက်ခံ ဖြစ်လာပြီ။ မဟာရှားနဲ့ ဗုဒ္ဓနိုင်ငံက မြို့တော်တွေလည်း ပဲဝါနိုင်ငံလက်အောက်ခံပဲ။ မြင်းဖြူနိုင်ငံကို အနိုင်မကျင့်ဘဲ တန်းတူဆက်ဆံခိုင်းတာဟာ သာမန်အကြောင်းပြချက်လား။ ဒါမှမဟုတ် သွယ်ဝိုက်သတိပေးတာမျိုးလား။
ဒါက လုယန်ရဲ့ ရည်ရွယ်ချက်မဟုတ်ဘဲ သူ့နောက်ကွယ်က ရှေးဟောင်းခေတ်မသေမျိုးရဲ့ ဆန္ဒလည်းဖြစ်နိုင်တယ်"
ထာဝရနတ်မယ်၏ ဉာဏ်ရည်ကို အင်ပါယာရှား အံ့အားသင့်နေသည်။ ရှေးဟောင်းခေတ်၏ စွမ်းအားအကြီးဆုံးမသေမျိုး တကယ်ပီသသည်။ မြင်းဖြူနိုင်ငံနှင့် ခဏတာတွေ့ဆုံချိန်လေးမှာပင် ထိုနည်းလမ်းကို စဉ်းစားနိုင်သည်။
ထို့ပြင် မြင်းဖြူနိုင်ငံကလည်း လက်အောက်ခံဖြစ်သည့်ကိစ္စကို ခုခံငြင်းဆန်ခြင်းမရှိ။
"ဒီလောက်စေ့စပ်သေချာတဲ့ အတွေးအခေါ်မျိုး ငါ့မှာဘယ်ရှိနိုင်ပါ့မလဲ"
လူအများကသူ့ကို နှစ်တစ်သန်းတွင် တစ်ယောက်သာရှိသည့် အင်ပါယာဟု ချီးကျူးသည်။ ထိုချီးကျူးမှုနှင့်လည်း ထိုက်တန်သည်ဟု သူယုံကြည်သည်။
သို့သော် အင်ပါယာပဲဝါနှင့်ယှဉ်လျှင် သူများစွာနိမ့်ကျနေသေးသည်။
"နတ်ဆိုးအင်ပါယာနဲ့ တစ်ခြားလူတွေကိုလည်း ဒီအကြောင်း သတင်းပေးဦးမှပဲ"
အင်ပါယာရှား လျှို့ဝှက်စာလေးစောင်ရေးသည်။
စည်းဝေးပွဲလုပ်စဉ်က သူတို့အုပ်ချုပ်သူငါးယောက် သဘောတူထားသည်။ အပြင်လောက စူစမ်းလေ့လာရေးခရီးတွင် တွေ့ကြုံသမျှ အရေးကြီးသတင်းများကို အချင်းချင်းမျှဝေရမည်။
လျှို့ဝှက်စာများတွင် မြင်းဖြူနိုင်ငံအကြောင်းသာမက သူ့ခန့်မှန်းသုံးသပ်ချက်များကိုလည်း ထည့်ရေးထားသည်။
ခန့်မှန်းသုံးသပ်ချက်များ ထည့်မရေးလျှင် ကျူးထန်တို့က ထိုအချက်ကို မရိပ်မိနိုင်ဟု သူယူဆသည်။
...
"အကြီးအကဲယွီချန်က မြင်းဖြူနိုင်ငံကို မှတ်ပုံတင်ပြီးလောက်ပြီထင်ပါတယ်"
လုယန် စကြာဝဠာကိုဖြတ်၍ ပျံသန်းနေသည်။ ကြယ်စုတန်းများ မကြာခဏ သူဖြတ်သန်းရသည်။ မြင်းဖြူနိုင်ငံကိစ္စများကို ခေါင်းထဲမထည့်တော့။
စုစည်းခြင်းအဆင့်ကျင့်ကြံသူများကို သူပြန်ပို့ခဲ့သည်။ သက်ဆိုင်ရာနယ်မြေအဖွဲ့အစည်းများက မြင်းဖြူနိုင်ငံအကြောင်း သိကြပြီးဖြစ်သည်။
ဘယ်ကျင့်ကြံသူမှ ထိုနိုင်ငံကို မျက်စောင်းထိုးရဲတော့မည်မဟုတ်။
မြင်းဖြူနိုင်ငံ၏ ပင်လယ်ရေမြင့်တက်သည့်ပြဿနာကို ဖြေရှင်းပေးနိုင်သည့် စွမ်းအားရှင်များလည်း ကျင့်ကြံသူလောကတွင် များစွာရှိသည်။
"ဒါက ကပ်ဆိုးကြယ်လား"
စွေ့ဟန် မြားဖြင့်ပစ်ချခဲ့သည့် ကြယ်ကမ္ဘာ၏ အစိတ်အပိုင်းများကို လုယန်တွေ့သည်။
"ဒီကြယ်ကမ္ဘာပေါ်မှာ လူတစ်ယောက်မှမရှိလို့ တော်သေးတာပေါ့"
နတ်မယ်က သမ်းတစ်ချက်ဝေလျက် သိစိတ်နယ်မြေမှ ပျံထွက်လာသည်။
"ဒါပေါ့၊ မရှိနိုင်ဘူးလေ။ သက်ရှိနေထိုင်တဲ့ ကြယ်ကမ္ဘာကို လွယ်လွယ်တွေ့မယ်ထင်နေလား။ ရှေးဟောင်းခေတ်မှာတုန်းက ကြယ်ပေါင်းတစ်သန်းမှာ ကြယ်တစ်ခုလောက်ပဲ သက်ရှိတွေရှင်သန်ကြတာ။
အခုဆို အရေအတွက်က ဒီထက်တောင် နည်းလောက်တယ်။ ဒီကြယ်ကို ပြန်တည်ဆောက်ဖို့ အရိယဖလသန္ဓေသုံးဖို့လိုလောက်လား"
"စမ်းကြည့်တာပေါ့"
လုယန် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လက်ဝါးနှစ်ဘက်ကို ပွတ်လိုက်သည်။ အရိယဖလသန္ဓေဖြင့် ကြယ်ကမ္ဘာကို ပြန်စုစည်းဖို့ သဘောတရားအရတော့ ဖြစ်နိုင်သည်။ လက်တွေ့တွင် အလုပ်ဖြစ်မဖြစ် မသေချာသေး။
ကပ်ဆိုးကြယ်ကမ္ဘာသည် မိုင်တစ်သောင်း အချင်းဝက်ရှိသည်။ မြင်းဖြူကြယ်ကမ္ဘာထက် ပိုကြီးသည်။
စွေ့ဟန်လက်ချက်ကြောင့် ကပ်ဆိုးကြယ် တစ်စစီပေါက်ကွဲသွားသည်။ အစိတ်အပိုင်းများက ဥက္ကာခဲများအဖြစ် နေရာစုံသို့ လွင့်ပျံသွားသည်။ ကြယ်သန္ဓေနှင့် မြေသန္ဓေတစ်ခုသာ ကျန်ခဲ့သည်။
"ဇစ်မြစ်ခြေရာခံစွမ်းအား"
ကြယ်သန္ဓေမှ စုပ်အားတစ်မျိုး ထွက်လာသည်။ အစပိုင်းတွင် အနီးအနားမှ အစိတ်အပိုင်းများက ထိုစုပ်အားကို အာရုံခံမိပြီး ကြယ်သန္ဓေဆီ ပြန်တွယ်ဆက်လာသည်။
ထို့နောက် နေရာစုံသို့လွင့်ပျံနေသည့် ဥက္ကာခဲများ လိုက်လာသည်။ မူလနေရာသို့ ပြန်လည်လွင့်ပျံလာသည်။
ဂျက်ဆောပဟေဠိကစားနည်းကဲ့သို့ မူလပုံစံ တဖြေးဖြေးပေါ်လာသည်။
နောက်ဆုံးတွင် ကြယ်မျက်နှာပြင်မှ အက်ကြောင်းများ ပိတ်သွားသည်။ ထိုကြယ်ပေါက်ကွဲခဲ့မှန်း လုံးဝမသိသာတော့။
"ရပြီကွ"
လုယန် ပျော်နေသည်။ ထင်မထားလောက်အောင် ချောမွေ့နေသည်။ ဝိညာဉ်စွမ်းအားလည်း သိပ်မကုန်။
"တော်တယ်ရှောင်ယန်"
နတ်မယ်က လက်ခုပ်တီးသည်။
"သွားစို့၊ သက်ရှိနေထိုင်တဲ့ ကြယ်တွေ ဆက်ရှာရအောင်"
လုယန်က ဟန်ပါပါလက်ကိုဝှေ့ယမ်း၍ ရှေ့ဦးတည်ရာသို့ ညွှန်ပြသည်။
အချိန်ဆယ်ရက် မျက်တောင်တစ်ခတ်အတွင်း ကုန်သွားသည်။
"ဒီလောက်အကြာကြီး ပျံလာတာတောင် သက်ရှိကြယ်တစ်ခုမှ မတွေ့ပါလား"
တက်ကြွနေသည့် လုယန်၏စိတ်ဓာတ်များ လျော့ကျလာသည်။ မြင်းဖြူကြယ်လို နောက်ထပ်ကြယ်ကမ္ဘာတစ်ခု မြန်မြန်တွေ့မည်ဟု ထင်ခဲ့သည်။ သူစိတ်ကူးယဉ်လွန်းသွားသည်။
နတ်မယ်က အံ့ဩဟန်မရှိ။
"နင့်ကိုပြောသားပဲ။ အသက်ရှိတဲ့ ကြယ်တွေက ရှားပါတယ်လို့။ ကြယ်တစ်သန်းမှာ တစ်ခုတောင် တွေ့ဖို့ခဲယဉ်းတယ်။ ပြီးတော့ နင်ပျံတာက နှေးတယ်လေ။ နောက်ကြယ်တစ်ခုတွေ့ဖို့ အတော်ကြာဦးမှာပဲ"
ယွမ်ကျိနှင့်အတူ လိုက်မသွားဘဲ တစ်ယောက်တည်း စူးစမ်းလေ့လာဖို့ ဆုံးဖြတ်ခဲ့သည်ကို လုယန်နောင်တရလာသည်။
ပထမဆုံးစူးစမ်းလေ့လာသူအုပ်စုတွင် အောင်းလင်း ကျန်းလျန်ယိ ကျင်းချိုင်ဝေတို့က အချိန်မသေမျိုးနှင့် လိုက်သွားသည်။ လောင်မုန်က မုန်ကျင်းဇီနှင့်လိုက်သွားသည်။
ယွမ်မုန်မုန်နှင့်ယွမ်ကျိက တစ်တွဲသွားသည်။ အားလုံးက မသေမျိုးများနှင့် အတူလိုက်သဖြင့် သူ့ထက်ပိုမြန်မည်မှာ သေချာနေသည်။
သူက တစ်ယောက်တည်း အကူအညီမဲ့နေသည်။
ခန္ဓာကိုယ်ကို စက်ဝိုင်းလှည့်၍ ပျော်မြူးနေသည့်နတ်မယ်ကို သူစိုက်ကြည့်သည်။
မဟုတ်သေး။ သူလည်း မသေမျိုးတစ်ယောက် အဖော်ပါသည်။ သိပ်တော့အသုံးမဝင်လှ။
"နင့်ငါ့ကိုဘာလို့အဲလိုကြည့်နေတာလဲ"
လုယန်အကြည့်က နည်းနည်းအလိုမကျသလို ဖြစ်နေသည်ဟု နတ်မယ်ခံစားရသည်။ အမှန်ဆိုလျှင် သူ့လိုမသေမျိုးမိန်းမလှတစ်ယောက် အဖော်လိုက်ပေးသည်ကို လုယန် ကျိတ်ပျော်နေသင့်သည်။
******************************