အခန်း ၁၂၈၀
Vol. 86 Ch. 1280
အခန်း (၁၂၈၀) ကြောက်စရာသားရဲဘုရင်
"ဘိုးဘေးကို ကျေးဇူးတင်ပါတယ်"
လုယန် လေးလေးစားစားဦးညွှတ်၍ လှေပျံပေါ် သွေးစက်ချပြီး သခင်အဖြစ်သတ်မှတ်လိုက်သည်။
"နောက်နှစ်ရက်နေလို့ အကြီးအကဲတို့နှင့်အတူ အပြင်လောကခရီးထွက်ရင် ကျုပ်အတူလိုက်ရမလား"
လုယန်နည်းနည်းအားနာနေသည်။ ယခုချက်ချင်း အပြင်လောကထွက်လည်းရသည်။ သို့သော် လက်ဆောင်ရပြီး ချက်ချင်းထွက်သွားလျှင် မယဉ်ကျေးရာကျသည်။
ကျင့်ကြံသူများအတွက် နှစ်ရက်ဆိုသည်မှာ ဘာမှကြာသည်မဟုတ်။
ကွေ့ယန်ပြုံး၍ လက်ဝှေ့ယမ်းပြသည်။
"ငါပေးတဲ့လက်ဆောင်ကြောင့် မင်းစိတ်ထဲ စနိုးစနောင့်ဖြစ်ဖို့မလိုပါဘူး။ ငါတို့အတွက် ထည့်တွေးမနေပါနဲ့"
ကွေ့ယန်တို့အဖွဲ့ကို လုယန်နောက်တစ်ကြိမ်ဦးညွှတ်အရိုအသေပြုပြီး လေပျံပေါ်တက်၍ ပျံထွက်သွားသည်။
လှေပျံနက်က အလင်းအမြန်နှုန်းထိ ရောက်သည်နှင့် အရာအားလုံး ရပ်တန့်သွားသလို ထင်ရသည်။ ထို့နောက် လှေပျံက လေဟာနယ်ကိုဖြတ်၍ ချက်ချင်းခုန်ထွက်သွားသည်။ လုယန်မူလရောက်ခဲ့သည့်နေရာသို့ မျက်တောင်တစ်ခတ်အတွင်း ရောက်သွားသည်။
ပုံမှန်ဆိုလျှင် ဆယ်ရက်ကျော်သွားရမည့်ခရီးက ယခု လှေပျံနက်အကူအညီကြောင့် ချက်ချင်းရောက်လာသည်။
"တကယ်ကောင်းတဲ့လှေပျံပဲ"
လုယန် တအံ့တဩရေရွတ်မိသည်။ ဤလှေပျံနက်မျိုး ဈေးကွက်ဝင်အောင် ထုတ်လုပ်နိုင်လျှင် ကျင့်ကြံသူများ အပြင်လောက လေ့လာရေးခရီးထွက်ဖို့ စိုးရိမ်စရာမလိုတော့။
အချိန်ကြာကြာ ခရီးဝေးဝေး လေ့လာနိုင်ကြလိမ့်မည်။
လှေပျံနက်နှင့် ပျံသန်းနေချိန်တွင်လည်း လုယန်အအားမနေ။ ပတ္တူစတစ်ခုထုတ်၍ ဖြတ်သန်းခဲ့သမျှ ကြယ်စုများ၏ ပုံသဏ္ဌာန်ကိုရေးဆွဲ၍ ခရီးလမ်းကြောင်းကို မှတ်သားသည်။
ကျင့်ကြံသူအားလုံး အပြင်လောကသို့ ထွက်ကြမည်။ အပြင်လောကအကြောင်း သူတို့မသိသေး။ စကြာဝဠာက အတိုင်းအဆမရှိကျယ်ပြန့်သည်။ ခြေလှမ်းတစ်ချက်မှားသည်နှင့် လမ်းပျောက်သွားနိုင်သည်။
ထို့ကြောင့် မပြည့်စုံသော်လည်း မြင်းဖြူနိုင်ငံ၏ ကြယ်မြေပုံကို ကျင့်ကြံသူများ လိုချင်ကြခြင်းဖြစ်သည်။
ပျံသန်းရသည်ကို ငြီးငွေ့လာချိန်တွင် လုယန် လှေပျံနက်ကို အနီးအနားမှ ကြယ်ကမ္ဘာတစ်ခုတွင် ဆိုက်ကပ်သည်။ လူ့ဘီလူးအသွင်ပြောင်း ဘေးပတ်လည်မှ ကြယ်များကို ကျောက်စရစ်ခဲများလို့ လက်ချောင်းဖြင့် တောက်ထုတ်ကစားသည်။
"နတ်မယ်၊ ခင်ဗျားစမ်းမကြည့်ချင်ဘူးလား"
ပျော်စရာကစားနည်းဖြစ်၍ လုယန်က နတ်မယ်ကိုမေးသည်။
နတ်မယ်က စိတ်မဝင်စားဟန်ဖြင့် လက်ခါပြသည်။
"နေပါစေတော့။ ဒီလိုလုပ်တာ ကလေးဆန်လွန်းတယ်"
ရှေးဟောင်းခေတ်ကတည်းက ငြီးငွေလောက်အောင် သူကစားခဲ့ပြီးဖြစ်သည်။
နတ်မယ်က ကလေးဆန်သည်ဟု မြင်သော်လည်း လုယန်က အသစ်အဆန်းဖြစ်၍ မငြီးငွေ့နိုင်သေး။
ကြယ်များကို ကစားပြီးနောက် မူလကြယ်ပတ်လမ်းကြောင်း အတိုင်းပြန်ထား၍ ခရီးဆက်သည်။
မျက်တောင်တစ်ခတ်အတွင်း အချိန်တစ်လကျော် ကုန်လွန်သွားသည်။ တစ်နေ့တာကျင့်ကြံမှုပြီးသွားသဖြင့် လုယန် သမ်းတစ်ချက်ဝေလိုက်သည်။
"ဒီလောက်အချိန်ကြာတာတောင် သက်ရှိကြယ်တစ်ခုမှ မတွေ့ဘူး။ ဒီဘက်ပိုင်းမှာ တစ်ခုမှမရှိတာများလား"
"ဆက်ရှာပါ"
နတ်မယ်က လုံးဝမငြီးငွေ့။ လုယန်နှင့်အတူနေရလျှင် သူငြီးငွေ့စရာအကြောင်းလည်းမရှိ။
ရုတ်တရက် လုယန်မျက်လုံးများ အရောင်တောက်လာပြီး မနီးမဝေးမှကြယ်တစ်လုံးကို လက်ညှိုးထိုးပြသည်။ ထိုကြယ်ပေါ်မှ သက်ရှိလက္ခဏာများကို သူအာရုံခံမိသည်။
"ဟိုကြယ်ပေါ်မှာ သက်ရှိတွေ ရှိတယ်ထင်တယ်"
လှေပျံနက်ကို ချက်ချင်းအရှိန်လျှော့ခိုင်းလိုက်သည်။
"တကယ်သက်ရှိနေထိုင်တဲ့ကြယ်ပဲ"
ထိုကြယ်ပေါ်တွင် သက်ရှိအရေအတွက် အလွန်များပုံရသည်။ တစ်ခြမ်းတွင် အသက်ဓာတ်များပြည့်၍ စိမ်းစိုနေသည့် တောအုပ်များရှိသည်။ နောက်တစ်ခြမ်းတွင် လုံးဝခြောက်ကပ်နေသည်။
လေပျံနက်ကို စိမ်းစိုနေသည့် အခြမ်းဆီ ဦးတည်၍ နေရာတစ်ခုရွေးပြီး ဆင်းလိုက်သည်။
လှေပျံဆင်းပြီးနောက် ပတ်ဝန်းကျင်ကို လေ့လာသည်။ နတ်ဆိုးနယ်မြေနှင့် နည်းနည်းဆင်တူသည်။ တိမ်ကြားသို့ ထိုးဖောက်နေသည့် သစ်ပင်မြင့်များရှိသည်။ လေထုက ပူအိုက်စိုစွတ်သည်။
အပူပိုင်းမိုးသစ်တောလိုဖြစ်နေသည်။
"လူသားမျိုးနွယ် နေထိုင်တဲ့ လက္ခဏာတွေရှိတယ်"
သိပ်ဝေးဝေးမလျှောက်ရသေးမီ လူသားတည်ဆောက်ထားသည့် စွန့်ပစ်အဆောက်အဦးများတွေ့ရသည်။ ခြုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းနေသည်။
"ဗိသုကာလက်ရာတွေက အတော်အဆင့်မြင့်တယ်"
နတ်မယ် မှက်ချက်ပေးသည်။ အဆောက်အဦးများက သစ်သားလည်းမဟုတ်၊ ကျောက်သားလည်းမဟုတ်။ အသုံးပြုသည့် ကုန်ကြမ်းများက အတော်ထူးဆန်းသည်။ သူတစ်ခါမှမမြင်ဖူး။
"တကယ်လက်ရာမြောက်တယ်။ ကျုပ်ဝိညာဉ်မပြောင်းခင်က မြင်ခဲ့ရတဲ့ ဗိသုကာလက်ရာမျိုးပဲ"
လုယန် စွန့်ပစ်အဆောက်အဦးတစ်ခုကို ထိကိုင်ကြည့်ရင်း အတိတ်ကို ပြန်သတိရလာသည်။ ကြယ်ပြာပေါ်မှ အဆောက်အဦးပုံစံများနှင့်တူသည်။ 'ခေတ်သစ်'အဆောက်အဦးမျိုးဖြစ်သည်။
"ဒါဆိုဒါက နင့်အရင်ကနေခဲ့တဲ့ ကြယ်များလား"
"မဖြစ်နိုင်ဘူး"
"ဘာလို့လဲ"
လုယန် အဆောက်အဦးဂိတ်တံခါးတွင် ကပ်ထားသည့် ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြသည်။
"အဲဒီ့အက္ခရာတွေကို ကျုပ်မမြင်ဖူးဘူး။...ဒီကြယ်ကမ္ဘာရဲ့ နည်းပညာက အတော်အဆင့်မြင့်ပုံပါပဲ။ ဘာကြောင့် စွန့်ပစ်ခဲ့ကြတယ်မသိဘူး"
လုယန် ဝိညာဉ်အာရုံဖြန့်ရန်ပြင်နေစဉ် ဟိန်းဟောက်သံတစ်ခု ရုတ်တရက်ကြားလိုက်ရသည်။
"ဝေါင်း"
ဆယ်မီတာခန့်မြင့်သည့် ကျားကြီးတစ်ကောင် ထွက်လာသည်။ အရောင်အသွေး တောက်ပသည်။ အမြီးက ကြာပွတ်ရှည်တစ်ချောင်းလို အသာအယာဝှေ့ယမ်းနေသည်။
ကြီးမားသည့်သူ့ခွန်အားကြောင့် သစ်ပင်မြင့်များ ထက်ပိုင်းကျိုးသွားသည်။
လုယန် မင်သက်မိနေသည်။
"ကျားတွေက အဲလောက်တောင်ကြီးတယ်ပေါ့"
ထိုကျားနှင့် သိစိတ်အာရုံဆက်သွယ်ရန် သူကြိုးစားသည်။ သို့သော် အကောင်အထည်ကြီးသော်လည်း အသိစိတ်ဖွံ့ဖြိုးသည့်အဆင့်သို့ ရောက်သေးဟန်မတူ။ အရိုင်းသားရဲတစ်ကောင်သာဖြစ်သည်။
ကျားက နောက်တစ်ကြိမ်ဟိန်းဟောက်ပြီး သူ့ဆီခုန်အုပ်သည်။
လုယန်သက်ပြင်းတစ်ချက်ချလိုက်သည်။ ဤကြယ်ပေါ်သို့ ရောက်ရောက်ချင်း တိုက်ခိုက်ခံရသည်။ ကျားက သူ့ကို အတော်ရန်မူလိုဟန်ရှိသည်။
လက်ချောင်းများကို ဖျတ်ခနဲခါလိုက်သည်။ ဓားချီက ကျားဦးခေါင်းကို ထိုးဖောက်၍ အသက်ဝိညာဉ်နှုတ်ယူသွားသည်။
"ဒီကြယ်ပေါ်မှာ အရိုင်းသားရဲတွေ အတော်များတယ်ထင်တယ်။ ဒီလောက်ကြီးတဲ့ကျားကိုတောင် လွယ်လွယ်တွေ့ရတယ်"
.....
လက်နက်အပြည့်ပါသည့် ကယ်ဆယ်ရေးအဖွဲ့ တော်အုပ်ထဲမှ အသံတိတ်ဖြတ်သန်းလာသည်။
"သားရဲဘုရင်နဲ့ ဘယ်လောက်ဝေးသေးလဲ"
သူတို့ချင်း တီးတိုးပြောကြသည်။ သူတို့ပစ်မှတ် သတိထားမိသွားမည်ကို စိုးရိမ်နေသည်။
"သတင်းအရဆို သန္ဓေပြောင်းသားရဲဘုရင်ဆီရောက်ဖို့ မီတာငါးရာလိုသေးတယ်"
ခေါင်းဆောင်က ဘာမှထပ်မပြောဘဲ ခေါင်းတစ်ချက်ငြိမ့်ပြသည်။
အားလုံးက ပြတ်သားသည့် အမူအရာမျိုးရှိသည်။ သေဖို့အသင့်ပြင်ထားသည်။
မဟာကပ်ဆိုး ကျခဲ့သည်မှာ နှစ်သုံးဆယ်ကြာခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့် နှစ်သုံးဆယ်အတွင်း သန္ဓေပြောင်းသားရဲများက ကြယ်ကမ္ဘာတစ်ဝက်ကို သိမ်းပိုက်ခဲ့သည်။ လူသားနယ်မြေက နေ့စဉ်လျော့ပါးလာသည်။
ဤနှုန်းအတိုင်းဆက်သွားလျှင် လူသားမျိုးနွယ် သေချာပေါက်မျိုးတုန်းလိမ့်မည်။
အန္တရာယ်များသည့် အရိုင်းသားရဲဘုရင်များကို ရှင်းလင်းဖို့ ထိပ်ဆုံးစွမ်းအားရှင်ဆယ်ယောက်ထဲမှ ခုနစ်ယောက်ကို စုစည်း၍ ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းထားသည်။
အဖွဲ့ခေါင်းဆောင်ကျန်းပိုသည် ကပ်ဆိုးကာလ၏ ထိပ်ဆုံးစွမ်းအားရှင်ဆယ်ယောက်တွင် နံပတ်တစ်ဖြစ်သည်။ စကားပြောခဲသည်။
သို့သော် သူပြောသည့်စကားတိုင်းက အဖွဲ့အပေါ် လွှမ်းမိုးနိုင်သည်။ ခေါင်းဆောင်ရာထူးနှင့် တကယ်လိုက်ဖက်သည်။
ကျန်းပို့၏သားသည် သန္ဓေပြောင်းသားရဲများလက်ချက်ဖြင့် သေဆုံးခဲ့သည်။ ထို့ကြောင့် ထိုသားရဲအားလုံးကို အမြစ်ပြတ်ရှင်းလင်းဖို့ သူသန္နိဌာန်ချထားသည်။
ဒုခေါင်းဆောင် ရှီလင်းယွန်က ထိပ်တန်းစွမ်းအားရှင် ဆယ်ယောက်တွင် အသက်အငယ်ဆုံး ပါရမီအမြင့်ဆုံးဖြစ်သည်။ သူရထားသည့် ဒုခေါင်းဆောင်ရာထူးက အငြင်းပွားစရာဖြစ်ခဲ့သည်။
သို့သော် ထိပ်သီးဆယ်ယောက်ထဲမှ တစ်ခြားစွမ်းအားရှင်တစ်ယောက်ကို သူအနိုင်ယူလိုက်ပြီးနောက် သူ့အဆင့်အတန်းကို ဘယ်သူမှမေးခွန်းမထုတ်ကြတော့။
ရှီလင်းယွန်သည် ကျောင်းတက်စဉ်က အညံ့ဆုံးကျောင်းသားစာရင်းဝင်ဖြစ်သည်။ သို့သော် ကံကောင်းထောက်မပြီး စွမ်းရည်မြှင့်ဆေး(**)နှင့် ထိတွေ့ခဲ့သည်။ ပုံမှန်အားဖြင့် စွမ်ရည်မြှင့်ဆေးတွင် ဘေးထွက်ဆိုးကျိုးများရှိသည်။
သို့သော် ရှီလင်းယွန်က စွမ်ရည်မြှင့်ဆေး ဘေးထွက်ဆိုးကျိုးများကို ခုခံနိုင်ခဲ့သည်။ ထိုကြောင့် လူသားမျိုးနွယ်ခေါင်းဆောင်များက သူ့ကိုအာရုံစိုက်မိလာသည်။
(** Enhancer ဖြစ်ပါသည်။ မျောက်ဝံများ အချုပ်ခန်းမှထွက်ပြီး ကိုယ်ပိုင်နယ်မြေတစ်ခု တည်ဆောက်သည့် ဇာတ်ကားကို ကြည့်ဖူးကြမည်ထင်ပါသည်။ ဉာဏ်ရည်မြှင့်တင်ပေးသည့် ဓာတုဆေးဝါးဖြစ်သည်)
သို့သော် သူစေ့စပ်ထားသူက လူသားမျိုးနွယ် အဆင့်မြင့်အရာရှိတစ်ယောက်၏ သမီးဖြစ်သည်။ ရုပ်ရည်အတော်လှပသည်။ ထိပ်သီးဆယ်ယောက်စာရင်းဝင် ဖြစ်မလာမီက ထိုမိန်းကလေးနှင့်ပတ်သက်ပြီး ရှီလင်းယွန်ကို ပြဿနာရှာခဲ့သူ များစွာရှိသည်။
အဖွဲ့ဝင်တစ်ယောက်ဖြစ်သည့် ယွမ်ရှင်းသည် မကြာခဏ အဖွဲ့သားများပျော်ရွှင်အောင် ဟသများပြောတတ်သည်။ သို့သော် တိတ်ဆိတ်သည့် ညအချိန်တွင် ဝမ်းနည်းနေသည့်မျက်နှာဖြင့် ဓာတ်ပုံတစ်ပုံကိုင်ပြီး ကောင်းကင်ကိုငေးကြည့်နေတတ်သည်။
ပြောမပြနိုင်သည့် အတိတ်ကြောင်းတစ်ခုရှိနေသည်မှာ သေချာသည်။
စုထန်ရှင်းဟူသည့် အဖွဲ့ဝင်၏ဖခင်က ယခင်ထိပ်သီးဆယ်ယောက်စာရင်းဝင်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူ့ကိုယ်သူ သက်သေပြဖို့ မနားတမ်းအလုပ်လုပ်သည်။ နောက်ဆုံးတွင် လက်ရှိထိပ်သီးဆယ်ယောက်စာရင်းဝင်ဖြစ်လာသည်။
သန္ဓေပြောင်းသားရဲဘုရင်က အသိခက်သည်။ ဘယ်အမျိုးအနွယ်မှန်းလည်း မသိရ။ အလွန်တရာစွမ်းအားကြီးပြီး သန္ဓေပြောင်းသားရဲအားလုံးကို အမိန့်ပေးနိုင်ကြောင်းသာ သိထားသည်။
အသက်ပေါင်းများစွာစတေးပြီးမှ သားရဲဘုရင်၏ တည်နေရာကို အတည်ပြုနိုင်ခဲ့သည်။
"လင်းယွန်၊ ဒီတိုက်ပွဲကျရှုံးရင် မင်းထွက်ပြေးနိုင်အောင် ငါတို့ကာထားပေးမယ်"
ခေါင်းဆောင်ကျန်းပိုက ပြောသည်။
"ခေါင်းဆောင်"
ရှီလင်းယွန် နည်းနည်းဂဏာမငြိမ်ဖြစ်လာသည်။
ကျန်းပိုက ရှီလင်းယွန်ပုခုံးကိုကိုင်၍ ပြတ်သားသည့်လေသံဖြင့် ထပ်ပြောသည်။
"ငါပြောတာ နားထောင်ပါ။ မင်းသေမှာမကြောက်မှန်း ငါတို့သိတယ်။ ဒါပေမယ့် သားရဲဘုရင်ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာ မသိသေးဘူး။
ငါတို့ကျဆုံးခဲ့ရင် လူသားမျိုးနွယ်အတွက် မင်းဟာငါတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ။ ဘယ်လိုဖြစ်ဖြစ် မင်းသေလို့မဖြစ်ဘူး"
"တော်ကြတော့။ စကားမပြောနဲ့တော့။ ငါတို့ရောက်ပြီ"
သက်ရှိအာရုံခံစက်များက ရှေ့တွင် သက်ရှိတစ်မျိုးရှိနေကြောင်း ညွှန်ပြနေသည်။
အချင်းချင်း အကြည့်ဖလှယ်ပြီး ရှေ့ဆက်တိုးကြသည်။ သားရဲဘုရင်က သူတို့ရှေ့တွင် ရှိနေသည်။
သစ်ကိုင်းသစ်ရွက်တစ်ချို့ကို ဖယ်ရှား၍ ကြည့်လိုက်သည်။ တောင်ကုန်းတစ်ခုစာခန့်ကြီးမားသည့် ကျားတစ်ကောင်၏အလောင်းကို မြင်လိုက်ရသည်။
ထို့ပြင် ကျားအလောင်းပေါ်တွင် ထူးဆန်းသည့်ဝတ်စုံနှင့် လူငယ်တစ်ယောက်ထိုင်နေသည်။
သူတို့မျက်နှာ တဖြေးဖြေးလေးနက်တည်ကြည်လာသည်။ ထိုဖိအားမျိုး တစ်ခါမှမခံစားဖူး။ ဖော်မပြတတ်သည့် အကြောက်တရားမျိုး ပေါ်လာသည်။
သန္ဓေပြောင်းသားရဲဘုရင်က...လူတစ်ပိုင်းသားရဲဖြစ်နေသည်။
********************************