အခန်း ၁၂၈၁
Vol. 86 Ch. 1281
အခန်း (၁၂၈၁) ဆူညံသည်
အရင်က ကယ်ဆယ်ရေးအဖွဲ့ အမျိုးမျိုးခန့်မှန်းခဲ့သည်။ သန္ဓေပြောင်းသားရဲဘုရင်သည် ကျားဖြစ်နိုင်သည်။ ခြင်္သေ့ဖြစ်နိုင်သည်။ ဆင်ဖြစ်နိုင်သည်။ သို့မဟုတ် တိရစ္ဆာန်မျိုးစုံပေါင်းစပ်ထားသည့် သတ္တဝါဖြစ်မည်။
အခြေအနေမျိုးစုံအတွက် တိုက်ခိုက်ရေးအစီအစဉ်များ ပြင်ဆင်ထားသည်။
သို့သော် လူအသွင်ပြောင်းသားရဲဖြစ်မည်ဟုတော့ မထင်ခဲ့ကြ။
ထိုအဆင့်ထိ ဘယ်လိုရောက်နေသည်မသိ။ ပုံပြောင်းစွမ်းရည်လော...သို့မဟုတ် သူတို့မသိသေးသည့် စွမ်းရည်တစ်မျိုးလော။
အားလုံး ကြက်သီးထလာသည်။ အကြောက်တရားက စိမ့်ဝင်လာသည်။
သူတို့သေနတ်များ ဓားများက သက်ရောက်မှုရှိနိုင်မည်လော...
ခေါင်းဆောင်က လက်ဟန်တစ်ချက်ပြ၍ မူလအစီအစဉ်အတိုင်း အလစ်တိုက်ခိုက်ရန် ညွှန်ကြားသည်။
ကြောက်နေ၍လည်း ဘာမှမကျိုးမရှိ။ လူသားမျိုးနွယ်အနာဂတ်အတွက် အသက်ကိုရင်း၍ တိုက်ခိုက်ရမည်။
အနည်းဆုံးတော့ ထိုသားရဲဘုရင် ဒဏ်ရာရအောင်လုပ်ရမည်။ လူသားမျိုးနွယ် အသက်ရှူချိန်နည်းနည်းရအောင် လုပ်ရမည်။
"တိုက်တိုက်ဆိုင်ဆိုင် ဒီနေရာမှာ လူတွေရှိနေတာပဲ"
ကျားပေါ်တွင် ထိုင်နေသည့် အသွင်ပြောင်းသားရဲဘုရင်က ပြုံး၍လက်ဝှေ့ယမ်းပြသည်။ လုယန် နည်းနည်းအံ့ဩနေသည်။ ဤနေရာမျိုးတွင် ကျားနတ်ဆိုးကို တွေ့ရသည်က မဆန်းလှ။ သို့သော် လူသားများပါ တွေ့နေရသည်။
ဝိညာဉ်အာရုံဖြင့် အတွေးချင်းဆက်သွယ်လိုက်သည်။ သူပြောသည့်စကားက တစ်ဘက်လူနားလည်နိုင်သည့် ဘာသာစကားအဖြစ် အလိုလိုပြောင်းသွားမည်။
"သူငါတို့ကို မြင်သွားပြီဟေ့။ အခုချက်ချင်း တိုက်ခိုက်ကြတော့"
ခေါင်းဆောင်က တိုက်ခိုက်ရေးအစီအစဉ်ပြောင်းလိုက်သည်။
သူကိုယ်တိုင် စွမ်းအားမြင့်လေဆာဓားတစ်လက် ဆွဲထုတ်သည်။ လူသားနည်းပညာ၏ အမြင့်ဆုံးဖန်တီးမှုဖြစ်သည်။ ထိုလေဆာဓားသည် သံမဏနှင့် ကွန်ဂရစ်ကို အလွယ်တကူ ခုတ်ဖြတ်နိုင်သည်။
ထိုဓားဖန်တီးဖို့ ငွေအမြောက်အများ ရင်းနှီးခဲ့ရသည်။
သူခေါင်းဆောင်ဖြစ်နေသည်မှာ အံ့ဩစရာမရှိ။ လှုပ်ရှားမှုများက လျှပ်စီးလိုသွက်လက်သည်။ မျက်တောင်တစ်ခတ်အတွင်း သားရဲဘုရင်ဆီရောက်သွားသည်။
"ငါမင်းကို အားဖြည့်ပေးမယ်"
ထိပ်သီးဆယ်ယောက်ထဲတွင် 'လက်နက်သခင်'ဟု နာမည်ကျော်သည့် ဗလတောင့်တောင့်နှင့်လူတစ်ယောက်က ပြောသည်။ စွမ်းအားမြင့်လက်နက်မျိုးစုံ ပါလာသည်။
ခေါင်းဆောင်ကျန်းပိုပင် သူနှင့်ထိပ်တိုက်ရင်မဆိုင်ရဲ။
ကျည်ဆံများစွာ လွင့်ပျံသွားသည်။ သားရဲဘုရင်ကို ထိသည်။
ရှေးဟောင်းသိုင်းပညာရှင် ရှီလင်းယွန်က ကျန်းပိုနောက်မှ ပြေးတက်သွားသည်။ လက်နက်များမသုံး။ ခြေလက်များသည် သူ့လက်နက်ဖြစ်သည်။
မျောက်ဘုရင် ယွမ်ရှင်း၊ ကောင်းကင်အောက်ကဘုရင် စုထန်ရှင်း။ တိုက်ပွဲတစ်ရာ ကိုင်ရှောက်။
လူခုနစ်ယောက် တစ်ပြိုင်တည်းလှုပ်ရှားသည်။ ခြောက်ခြားစရာ တိုက်ပွဲမြင်ကွင်းတစ်ခုဖြစ်လာသည်။ တစ်ယောက်ချင်းစီက မြို့တော်တစ်ခုကို တစ်ကိုယ်တော်ကာကွယ်နိုင်သည့် စွမ်းရည်မျိုးရှိသည်။
ခုနစ်ယောက်ပေါင်းထားသည့် တိုက်ခိုက်စွမ်းအားက သူတို့လူသားမျိုးနွယ်သမိုင်းတွင် ပြိုင်ဘက်ကင်းသည်။
"ဘာလို့ လူကိုမြင်တာနဲ့ ချက်ချင်းတိုက်ခိုက်ကြတာလဲ"
လုယန် မျက်မှောင်ကျုံ့သွားသည်။ လေဆာဓားကို လက်ဗလာဖြင့် ဖမ်းချုပ်လိုက်သည်။
"ဟာ"
ကျန်းပို မျက်လုံးပြူးသွားသည်။ သူ့လေဆာဓား ဖမ်းချုပ်ခံရသည့်အဖြစ်မျိုး တစ်ခါမှမကြုံဖူးခဲ့။
ထို့ပြင် လက်နက်သခင်၏ကျည်ဆန်များ ထိသော်လည်း သားရဲဘုရင်ကိုယ်ပေါ်တွင် ခြစ်ရာပင်မထင်။
"တောင်းဖြိုလက်သီး"
ရှီလင်းယွန်က ဘေးမှဝင်တိုက်ခိုက်သည်။ ရှေးဟောင်းသိုင်းပညာကို အပြည့်အဝထုတ်သုံးသည်။ သူ့လက်သီးများက တောင်တန်းများကို တုန်ခါအောင်လုပ်နိုင်သည်။
သို့သော် လုယန်က ယိမ်းယိုင်သွားခြင်းမရှိ။ လက်ချောင်းများကို ဖြတ်ခနဲခါလိုက်သည်။ ရှီလင်းယွန်လွင့်ထွက်သွားသည်။
ရှီလင်းယွန် မျက်လုံးအပြူးသားဖြင့် နောက်ပြန်လွင့်ထွက်သွားသည်။
"လင်းယွန်၊ မင်းထွက်သွားတော့"
ကျန်းပို ပြတ်သားသည့်လေသံဖြင့် အော်ဟစ်လိုက်သည်။ အချိန်တိုအတွင် သူတို့၏အမြင့်ဆုံး တိုက်ခိုက်နည်းများကို ထုတ်သုံးခဲ့သော်လည်း သားရဲဘုရင်က လုံးဝအထိအခိုက်မရှိ။
သူတို့ထင်ထားသည်ထက် များစွာပိုစွမ်းအားကြီးသည်။ ဘယ်လိုမှအနိုင်မရနိုင်။
"မသွားဘူး"
ရှီလင်းယွန် မျက်လုံးများနီရဲလာသည်။
"ကျုပ်တစ်ယောက်တည်း အသက်ရှင်နေရတာမျိုးကို လက်မခံနိုင်ဘူး"
"အသက်ရှင်ဖို့ပဲမဟုတ်ဘူးကွ။ မင်းက လူသားမျိုးနွယ်ရဲ့ မျှော်လင့်ချက်ပဲ။ မင်းမသွားရင် ငါတို့အားလုံး ဒီမှာသေလိမ့်မယ်"
ကျန်းပို ဒေါသဖြင့် ပြန်အော်သည်။
"မင်းတို့ကငါ့ကို မကောင်းတဲ့လူတစ်ယောက်လိုဖြစ်အောင် လုပ်နေတာပဲ"
လုယန် စိတ်ပျက်လက်ပျက်ညည်းသည်။ ဘယ်လိုလူတွေမှန်းမသိ။ တွေ့တွေ့ချင်းတိုက်ခိုက်သည်။ နတ်ဆိုးနယ်မြေသည်ပင် ယခုလောက် ပရမ်းပတာမနိုင်။
သို့သော် သာမန်ကယ်ဆယ်ရေးအဖွဲ့ပင် ထိုမျှစွမ်းအားကြီးသည်ဆိုလျှင် ဤကြယ်ကမ္ဘာ၏ လူသားမျိုးနွယ်များက သိပ်မဆိုးလှ။
လုယန် မတ်တပ်ရပ်လာသဖြင့် အဖွဲ့ဝင်များအားလုံး တားဆီးရန်ကြိုးစားကြသည်။
တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်နေသည်ကိုကြည့်၍ ရှီလင်းယွန် မျက်ရည်အဝဲသားဖြစ်နေသည်။ အတိတ်ပုံရိပ်များကို ပြန်သတိရလာသည်။ သူတို့ကြားတွင် သဘောထားကွဲလွဲမှုများ ရှိခဲ့သလို ရယ်မောပျော်ရွှင်စရာများလည်း ရှိခဲ့သည်။
အားလုံးကို သူကာကွယ်ရမည်။
အသံများတိမ်ဝင်သွားသည်အထိ သူအော်ဟစ်၍ မြေပြင်ကို ခြေဆောင့်လိုက်သည်။
အံ့ဩစရာမြင်ကွင်းကိုကြည့်၍ ကျန်းပို ပျော်ရွှင်သွားသည်။
စွမ်းရည်မြှင့်ဆေးကို အပြည့်အဝ စုပ်ယူသန့်စင်ပြီးနောက် ရှီလင်းယွန် စွမ်းအားအမြင့်ဆုံးအနေအထားသို့ ရောက်လာသည်။ ကျန်းပိုသည်ပင် သူ့စွမ်းအားကို မမီတော့။
အစက ရှီလင်းယွန်ကို နောက်ဆုတ်ပြီး လူအင်အားထပ်စုစည်းစေချင်ခဲ့သည်။ စွမ်းရည်မြှင့်ဆေးအာနိသင်ကို အပြည့်အဝရပြီးမှ သားရဲဘုရင်ကို နောက်တစ်ကြိမ်ပြန်တိုက်ခိုက်စေချင်သည်။
သို့သော်ယခု ရှီလင်းယွန်က စွမ်းရည်မြှင့်ဆေးကို ချက်ချင်းသန့်စင်လိုက်သည်။
ရှီလင်းယွမ်၏ဟန်ပန်အမူအရာ ပြောင်းလဲလာသည်။ သူ့ခန္ဓာကိုယ်က အရင်ထက်ပိုအားကောင်းလာသည်။ လုယန်ကို နီရဲသည့်မျက်လုံးများဖြင့်စိုက်ကြည့်၍ တစ်ခွန်းချင်းပြောသည်။
"ငါမင်းကို နိုင်အောင်တိုက်မယ်"
ယခုသူသည် လူသားမျိုးနွယ်၏ စွမ်းအားအကြီးဆုံးဖြစ်သည်။ သူ့လက်တွဲဖော်များ၏ မျှော်လင့်ချက်အတွက်၊ လူသားမျိုးနွယ် အနာဂတ်အတွက် ဤတိုက်ပွဲတွင် သူနိုင်ရမည်။
ထိုကိစ္စများသည့် သူ့အတွက် ဖိအားလည်းဖြစ်သလို ခွန်အားလည်းဖြစ်သည်။
"လင်းယွန်"
အဖွဲ့သားများ ဝမ်းသာအားရအော်ဟစ်ကြသည်။ အနိုင်ရဖို့ မျှော်လင့်ချက်ရှိလာသည်။ အားလုံး ဝမ်းသာမျက်ရည်များကျနေသည်။
သို့သော် လုယန်က သူတို့လူစု ဆူညံလွန်းသည်ဟု မြင်သည်။
တွေ့တွေ့ချင်း တိုက်ခိုက်သည်။ မနိုင်၍ထွက်ပြေးဖို့ စဉ်းစားသည်။ ထွက်ပြေးရင်းမှ တိုက်ခိုက်နိုင်မည်ဟု တွေးမိပြီး သူ့ကိုတိုက်ခိုက်ဖို့ ပြန်လာသည်။
အားလုံးကလည်း အရမ်းစိတ်လှုပ်ရှားနေသည်။ ဦးနှောက်ပျက်နေကြသလားမသိ။
"တိတ်တိတ်နေစမ်းကွာ"
လုယန် လေထဲတွင် လက်ဖျောက်တစ်ချက်တီးလိုက်သည်။ ရှီလင်းယွန် နောက်တစ်ကြိမ် လွင့်ထွက်သွားသည်။ အားလုံး စိတ်ဓာတ်ကျသွားကြသည်။
စွမ်းအားအမြင့်ဆုံးဖြစ်နေသည့် ရှီလင်းယွန်ပင် သားရဲဘုရင်ကို မယှဉ်နိုင်။
လုယန် သူတို့ရှေ့သို့ လျှောက်သွားပြီး အကောင်းဆုံးပြုံးပြသည်။
"အခု အေးဆေးထိုင်ပြီး စကားကောင်းကောင်းပြောလို့ရပြီမဟုတ်လား"
....
ကယ်ဆယ်ရေးအဖွဲ့ လုယန်ရှေ့တွင် အပိုးကျိုးကျိုး ထိုင်နေကြသည်။
"လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ရူးသွပ်နေတဲ့ သိပ္ပံပညာရှင်တစ်ယောက် တရားမတင်စမ်းသပ်မှုတွေလုပ်ပြီး အသွင်ပြောင်းဆေးတစ်မျိုး တီထွင်ခဲ့တယ်ပေါ့။
ဒါကြောင့် တိရိစ္ဆာန်တွေ အသွင်ပြောင်းပြီး မင်းတို့ကမ္ဘာကို လွှမ်းမိုးလာတာလား...
"ဒီအသွင်ပြောင်းတိရစ္ဆာန်တွေကို မင်းတို့က သန္ဓေပြောင်းသားရဲလို့ခေါ်တယ်။ သားရဲဘုရင်က သူတို့အားလုံးကို ထိန်းချုပ်နိုင်တယ်။ နယူးကလီးယားဗုံးလို လက်နက်တွေကို သန္ဓေပြောင်းငှက်တွေက ကြားဖြတ်တာဆီးလို့ ဒါတွေနဲ့ တိုက်ခိုက်လို့မရဘူးပေါ့...
"တန်ဖိုးကြီးကြီးပေးဆပ်ပြီးမှ နယ်မြေတစ်ဝက်ကို လူသားတွေက ထိန်းထားနိုင်တာလား...
"မင်းတို့က လူသားမျိုးနွယ်ရဲ့ ထိပ်တန်းစွမ်းအားရှင်ဆယ်ယောက်ပေါ့။ သားရဲဘုရင်ကို ရှင်းဖို့လာရင်း ငါ့ကိုသားရဲဘုရင်လို့ ထင်သွားကြတယ်ပေါ့"
ကယ်ဆယ်ရေးအဖွဲ့ဝင်များ ပြိုင်တူခေါင်းငြိမ့်ကြသည်။
လုယန်က သူ့အောက်မှ ကျားအလောင်းကို လက်ဖြင့်ပုတ်၍
"ဒါဆို ဒါက သန္ဓေပြောင်းသားရဲဘုရင်လား"
"အင်း..ဟုတ်မယ်ထင်ပါတယ်။ ကျုပ်တို့က သားရဲဘုရင်ဘယ်လိုပုံစံရှိတယ်ဆိုတာ မသိဘူး"
လုယန် သဘောပေါက်သွားသည်။ သူအမှတ်မထင် ရင်ဆိုင်ခဲ့ရသည့်ကျားက အတော်စွမ်းအားကြီးသည်။ ဤအဖွဲ့သည် ကယ်ဆယ်ရေးအဖွဲ့ဖြစ်သည်။ ထိပ်တန်းကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသည်။
"ငါရောက်လာလို့ တော်သေးတာပေါ့။ ဒီကျားနှင့်သာ ရင်ဆိုင်ရရင် ရှီလင်းယွန် အဆင့်တက်သွားတယ်ဆိုပေမယ့် အနည်းဆုံး မင်းတို့အဖွဲ့ဝင်တစ်ဝက်လောက်တော့ သေသွားမှာပဲ"
ကျားခေါင်းမှ အပေါက်ကိုမြင်ရသဖြင့် ကျန်းပို ကြောက်ချွေးပြန်လာသည်။ လူသားမျိုးနွယ်လက်မှိုင်ချရသည့် သားရဲဘုရင်က ထိုလူ၏ဓားတစ်ချက်ကိုပင် ခံနိုင်ရည်မရှိ။
"ဒါနဲ့...မစ္စတာလုက ဘယ်လိုလူမျိုးလဲ"
လုယန်၏ ကြောက်စရာစွမ်းရည်များက သူနားလည်နိုင်စွမ်းထက် များစွာကျော်လွန်နေသည်။ ထိုလူသည် ဒဏ္ဍာရီမသေမျိုးလော..သို့မဟုတ် သူတော်စင်စွမ်းအားရှင်လော...
"ကျုပ်လား၊ ကျုပ်က ခရီးသွားတစ်ယောက်ပါပဲ"
************************************