← Chapters

အခန်း ၁၂၈၂

Vol. 86 Ch. 1282

အခန်း ၁၂၈၂

Vol. 86 Ch. 1282

အခန်း (၁၂၈၂) ဓားတစ်ချက်

"ခရီး...ခရီးသွားတယ်ပေါ့"

ကျန်းပို နားမလည်။

လုယန် နောက်ဘက်မှ လှေပျံနက်ကို လက်ညှိုးထိုးပြသည်။

"ကြည့်ပါ။ အဲဒါ ကျုပ်ရဲ့လှေပဲ"

လှေပျံနက်ကိုမြင်ချိန်တွင် အဖွဲ့ဝင်အားလုံး မျက်လုံးပြူးသွားသည်။

လုယန်လှေရှိသည်ဟုပြောစဉ်က သတ္တုရောင်ပြောင်လက်နေပြီး ခေတ်လွန်နည်းပညာများပြည့်နေသည့် အာသာသယဉ်တစ်စီးဖြစ်မည်ဟု ထင်ခဲ့ကြသည်။

သို့သော်ယခု သာမန်လှေတစ်စီးသာ မြင်ရသည်။ သမိုင်းစာအုပ်များအစတွင် ဖော်ပြသင့်သည့်လှေမျိုးဖြစ်သည်။

"ဒါနဲ့..ဒီသားရဲဘုရင်က သန္ဓေပြောင်းသားရဲအားလုံးကို ထိန်းချုပ်နိုင်တယ်လို့ မင်းတို့ပြောတယ်နော်။ အခု သူသေသွားပြီးဆိုတော့ ကျန်တဲ့သားရဲတွေ ဘယ်လိုဖြစ်လာမှာလဲ။ သူတို့လည်း သေသွားမှာလား"

ကျန်းပို ခေါင်းခါသည်။

"သန္ဓေပြောင်းသားရဲတွေ တစ်စုတစ်စည်းတည်း အစီစဉ်တကျတိုက်ခိုက်တာက ရင်ဆိုင်ရအခက်ဆုံးပါ။ အခု သားရဲဘုရင် သေသွားပြီဆိုတော့ ကျုပ်တို့လူသားတွေ သူတို့ကို တစ်ကောင်ချင်း ရှင်းလင်းလို့ရသွားပြီလေ"

ကျန်းပိုလေသံက ပြတ်သားသည်။ မျက်နှာက မျှော်လင့်ချက်အရိပ်များ ပြည့်နေသည်။

"ဆယ်နှစ်..အလွန်ဆုံးဆယ်နှစ်ပါပဲ။ လူသားမျိုးနွယ်တွေ ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာကို ပြန်သိမ်းယူနိုင်မှာပါ"

အနာဂတ်ကို ကြိုတွေးရင်း အဖွဲ့ဝင်အားလုံး ပြုံးနေကြသည်။

လုယန်လည်း ပြုံးသည်။

"ဆယ်နှစ်ဆိုတာက ကြာလွန်းပါတယ်။ မင်းတို့ကို ငါကူညီမယ်"

အားလုံးမင်သက်မိနေစဉ် လုယန်ထရပ်၍ ချင်ဖုန်းဓားကိုဆွဲထုတ်ပြီး ကောင်းကင်သို့ ပျံတက်သွားသည်။

စကားများသည့် ယွမ်ရှင်းပင် ပါးစပ်အဟောင်းသားဖြစ်နေသည်။

"ခေါင်းဆောင်၊ လူတွေက တကယ်ပျံနိုင်လား"

ရှီလင်းယွန်က မေးသည်။ သူသည် စွမ်ရည်အမြင့်ဆုံးအနေအထားသို့ ရောက်နေသူဖြစ်သည်။ သို့သော် သူမပျံသန်းနိုင်။

"ငါ့ကိုမမေးနဲ့။ ငါလည်းမသိဘူး"

လုယန် တိမ်တိုက်များကို ထိုးဖောက်၍ တက်သွားပြီး ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာအထက်သို့ ရောက်လာသည်။ ဝိညာဉ်အာရုံကို ကြယ်ကမ္ဘာတစ်ခုလုံးဖြန့်ပြီး သားရဲအားလုံးကို ခြေရာခံသည်။

သားရဲအားလုံးကို သူမြင်နိုင်သည်။ မြို့တော်များကို တိုက်ခိုက်နေသည့်သားရဲများ။ အသေခံတိုက်ခိုက်နေသည့် စစ်သည်များ။ မြို့တော်နှင့်အတူ ကံြမ္မာမျှဝေခံစားနေသည့် တပ်မှူးများ...

ထိပ်သီးဆယ်ယောက်ထဲမှ ကျန်သည့်စွမ်းအားရှင်သုံးယောက်လည်း သားရဲကပ် ခုခံရင်ဆိုင်နေကြသည်။

ကျားဘုရင်သေသွားသဖြင့် သားရဲအားလုံး အထိန်းအချုပ်လွတ်နေကြသော်လည်း သွေးဆာနေသည့်စိတ်ကြောင့် ဆက်လက်တိုက်ခိုက်နေသည်။

ထိန်းချုပ်သူမရှိတော့သော်လည်း မြို့တော်များကို တိုက်ခိုက်နိုင်စွမ်းရှိသည်။

သန္ဓေပြောင်းသားရဲများသည် မြေပေါ်တွင်သာရှိသည်မဟုတ်။ ပင်လယ်ထဲတွင်လည်းရှိသည်။ ကျားဘုရင်နှင့် တန်းတူစွမ်းအားရှိသည့် သန္ဓေပြောင်းသားရဲတစ်ချို့လည်း ရှိသည်။ ကျားဘုရင်ထက် ပိုစွမ်းအားကြီးသည့် သားရဲတစ်ကောင်လည်းရှိသည်။

ပင်လယ်ထဲမှ ထိုသတ္တဝါသည် သားရဲဘုရင်အစစ်ဖြစ်လောက်သည်။ လူသားမျိုးနွယ် လက်ရွေးစဉ်စွမ်းအားရှင်များနှင့် ကယ်ဆယ်ရေးအဖွဲ့က ထိုသတ္တဝါအကြောင်း မသိကြ။

"ဓားတစ်သောင်းအသွင်ပြောင်း"

ချင်ဖုန်းဓားရိပ်က ကောင်းကင်၌ စက်ဝိုင်းကွေးပုံစံ လှုပ်ရှားသွားသည်။ ဓားရိပ်များ တောမီးပမာ ပျံ့နံ့သွားသည်။

အပြင်လေဟာနယ်မှကြည့်မည်ဆိုလျှင် ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာကို ရွှေကွန်ယက်တစ်ခု လွှမ်းခြုံထားသည်ကို မြင်ရပေလိမ့်မည်။ ချင်ဖုန်းဓားရိပ်များစွာ တလက်လက်အရောင်တောက်နေသည်။

လက်ညှိုးလက်ခလယ်နှစ်ခုပူး၍ ဝိညာဉ်အာရုံကို သန္ဓေပြောင်းသားရဲတိုင်းအပေါ် ဖြန့်ကျက်သည်။ သားရဲတိုင်း၏ဦးခေါင်းပေါ်တွင် ဓားရိပ်တစ်ခုဝဲပျံနေသည်။

"ဆင်းမယ်"

ဓားရိပ်များက ကြယ်ကြွေသလို ထိုးကျသွားသည်။ ကောင်းကင်ပြစ်ဒဏ်ကျသကဲ့သို့ သွေးဆာနေသည့် သားရဲတိုင်းကို အငဲ့အညှာမရှိ ထိုးဖောက်သွားသည်။

ကုန်းမြေပေါ်မှ သာမန်သားရဲဖြစ်စေ ပင်လယ်နက်ထဲတွင်ပုန်းနေသည့် သန္ဓေပြောင်းသားရဲဘုရင်ဖြစ်စေ ဓားရိပ်တစ်ခုသာလိုအပ်သည်။

လုယန်ဘာလုပ်နေသည်ကို ကယ်ဆယ်ရေးအဖွဲ့ကမသိ။ ကျားဘုရင်၏ပိုင်နက်ထဲတွင် သူတို့ရှိနေသည်။ အနီးအနားတွင် တစ်ခြားသန္ဓေပြောင်းသားရဲမရှိ။ အဝေးတွင်း ရွှေရောင်အလင်းများ ထိုးကျနေသည်ကိုသာမြင်ရသည်။

ထို့နောက် သူတို့ဆက်သွယ်ရေးလိုင်းမှ တရွှီးရွှီးအသံမြည်လာသည်။ မြို့တော်ကို ကာကွယ်နေသည့် ကျန်သည့်ထိပ်သီးစွမ်းအားရှင် သုံးယောက်က ဆက်သွယ်ခြင်းဖြစ်သည်။

"ကျန်းပို၊ မင်းတို့အောင်မြင်သွားပြီလား"

"သန္ဓေပြောင်းသားရဲဘုရင်ကို မင်းတို့သတ်လိုက်ပြီပေါ့"

"မင်းတို့ဘယ်လိုလုပ်လိုက်တာလဲ။ ဓားတွေ...ရွှေရောင်ဓားတွေအများကြီး ကောင်းကင်ကကျလာပြီး သန္ဓေပြောင်းသားရဲအားလုံးကို သတ်လိုက်တယ်"

မြို့တော်ကာကွယ်သူသုံးယောက် စိတ်လှုပ်ရှားလွန်းသဖြင့် သူတို့စကားသံက သံစဉ်မမှန်တော့။ ကယ်ဆယ်ရေးအဖွဲ့က သားရဲဘုရင်ကိုရှင်းလင်းဖို့ ထွက်သွားခြင်းဖြစ်၍ ထိုအဖွဲ့နှင့်သာ ဆက်စပ်တွေးမိကြသည်။

ကယ်ဆယ်ရေးအဖွဲ့ဝင်များ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ အံ့ဩထိတ်လန့်နေသည်။

ဘယ်လိုပညာမျိုးမှန်းမသိ။

လုယန် ပြုံး၍ကောင်းကင်မှကျလာသည်။

"ပြီးသွားပြီ"

"မစ္စတာလု..."

လုယန် ရှီလင်းယွန်ကို လက်ကာပြ၍တားသည်။

"လမ်းလျှောက်ရင်းပြောတာပေါ့။ မင်းတို့ဇာတ်လမ်းတွေကို လမ်းမှာပြောပြပြီး မင်းတို့မြို့တော်ထဲ ငါ့ကိုလိုက်ပြပါ။ မင်းတို့ဥက္ကဌနဲ့ တွေ့လို့ရရင် ပိုကောင်းတယ်"

"ရပါတယ်။ ရပါတယ်"

မစ္စတာလုမပြောလည်း ဥက္ကဌက သူ့ကိုလာတွေ့ပေလိမ့်မည်။

ကျန်းပို တစ်ခုခုပြောလိုသော်လည်း တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ ထိုအဖြစ်ကို သတိထားမိသဖြင့် လုယန် ကျားအလောင်းကို တစ်ချက်ကြည့်သည်။

ကျားအလောင်းကို ကျောက်စိမ်းတံဆိပ်ထဲထည့်လိုက်သည်။ အလောင်းက ချက်ချင်းကျုံ့ဝင်၍ ပျောက်ကွယ်သွားသည်။ ကယ်ဆယ်ရေးအဖွဲ့ အံ့အားသင့်ရပြန်သည်။

လမ်းတွင် အဖွဲ့ဝင်များက သူတို့အတိတ်ကြောင်းကို တစ်လှည့်စီပြောကြသည်။ လုယန်က နားထောင်သည်။ မရှင်းလင်းသည့် အချက်များကို ပြန်မေးသည်။

နောက်ဆုံးအဖွဲ့ဝင်၏အတိတ်ဇာတ်လမ်း ဆုံးသွားပြီးနောက် သူပြုံးလိုက်သည်။

"မင်းတို့တစ်ယောက်ချင်းစီက ဘဝစတင်ပုံနဲ့ အတွေ့အကြုံတွေ မတူကြဘူး။ နောက်တော့ ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့တယ်။ အခုလို အပြီးသပ်တိုက်ပွဲ တိုက်ခိုက်တဲ့အချိန်ထိ စည်းစည်းလုံးလုံး ရှိခဲ့ကြတယ်။

သားရဲဘုရင်ကို တိုက်ခိုက်တဲ့တိုက်ပွဲမှာ ရှီလင်းယွန်က အဆင့်တက်တယ်။ သားရဲဘုရင်ကို အနိုင်ယူတယ်။ လူသားလောကရဲ့ သူရဲကောင်းဖြစ်လာတယ်။ တော်ပါတယ်။ တကယ်တော်ပါတယ်"

လုယန်က သူတို့ဘဝအတွေ့အကြုံကို ချီးကျူးနေသလိုရှိသော်လည်း ကျန်းပိုတို့လူစု နားမလည်။ ချီးကျူးစကားဖြစ်သော်လည်း လေသံနည်းနည်းလွဲနေသလို ခံစားရသည်။

လုယန် မြို့ထဲမဝင်မီ ကျားအလောင်းကိုထုတ်ပေးသည်။ ကယ်ဆယ်ရေးအဖွဲ့၏ တိုက်ပွဲရလာဒ်အဖြစ် အများရှေ့တွင် ကြွားလုံးထုတ်ခွင့်ပေးသည်။

မြို့တော်သို့ရောက်ချိန်တွင် မြို့တော်နံရံများ သွေးစွန်းနေသည်ကိုမြင်ရသည်။ မရေမတွက်နိုင်သည့် တိုက်ပွဲများ၏ဒဏ်ကို ခံခဲ့ရဟန်ရှိသည်။

သားရဲဘုရင်ကို ကယ်ဆယ်ရေးအဖွဲ့က အနိုင်ယူလိုက်သည့်သတင်း ပျံ့နှံ့နေသည်။ မြို့တော်ဂိတ်တံခါးကို အပြည့်ဖွင့်ထားသည်။ ဝမ်းသာနေသည့်လူထုက သူရဲကောင်းတို့၏ အောင်ပွဲအပြန်ခရီးကို ကြိုဆိုကြသည်။

ဥက္ကဌကိုယ်တိုင်ထွက်၍ ကြိုဆိုသည်။

ဥက္ကဌက အသက်ခြောက်ဆယ်ဝန်းကျင်ရှိသည်။ ယခင်ထိပ်တန်းဆယ်ယောက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ ကျန်းပိုတို့ကို နွေးထွေးစွာကြိုဆိုသည်။

"ကျန်းပို၊ မင်းတို့လုပ်နိုင်မယ်ဆိုတာ ငါသိသားပဲ"

ထို့နောက် လုယန်၏ စူးရှသည့် မျက်လုံးများကို သူရင်ဆိုင်ရသည်။ သူ့လျှို့ဝှက်ချက်အားလုံးကို ထိုးဖောက်မြင်နေသလို ခံစားရသည်။ ခဏတုံ့ဆိုင်းနေပြီးနောက် ရှေ့သို့လျှောက်လာပြီး လက်ဆွဲနှုတ်ဆက်သည်။

"ဒါက တစ်ခြားကမ္ဘာက မစ္စတာလုဆိုတာဖြစ်မယ်။ ကျုပ်တို့ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီနေရာမှာ စကားကြာကြာပြောဖို့မသင့်တော်ဘူး။ ကျုပ်ရုံးခန်းမှာ ပြောကြတာပေါ့"

ဥက္ကဌက ကယ်ဆယ်ရေးအဖွဲ့နှင့် အပြင်ကမ္ဘာသားမစ္စတာလုကို မြို့တော်အတွင်းပိုင်းသို့ ခေါ်သွားသည်။

ရုံးခန်းသို့ရောက်ချိန်တွင် ဥက္ကဌကိုယ်တိုင် လက်ဖက်ရည်ဖြင့် ဧည့်ခံသည်။

လုယန်က လက်ဖက်ရည်ခွက်ကိုယူ၍ ကျေးဇူးတင်ကြောင်းပြောသည်။ ထို့နောက် ပုံမှန်လေသံဖြင့်မေးသည်။

"ဒါနဲ့ ဥက္ကဌကြီး။ ကျုပ်တို့ကို ကြည့်ရှုနှုန်းအခြေအနေက ဘယ်လိုရှိလဲ"

***********************************

All Chapters