အခန်း ၁၂၈၃
Vol. 86 Ch. 1283
အခန်း (၁၂၈၃) ဇာတ်ဆောင်သစ်
"ဘယ်လို၊ မစ္စတာလု ဘာပြောတာလဲ"
ဥက္ကဌက နားမလည်သလိုဟန်ဆောင်၍ ပြန်မေးသည်။
ကယ်ဆယ်ရေးအဖွဲ့လည်း လုယန်စကားကို နားမလည်ကြ။
လုယန်က လက်ဖက်ရည်ခွက်ကိုကိုင်၍ အခိုးအငွေ့များကို မှုတ်ထုတ်သည်။
"နားမလည်ဘူးပေါ့။ ဟားဟား၊ ဒါဆို မေးခွန်းပြောင်းပြီး မေးပါ့မယ်။ လွန်ခဲ့တဲ့နှစ်သုံးဆယ်က ရူးနေတဲ့သိပ္ပံပညာရှင်တစ်ယောက် စမ်းသပ်မှုလုပ်လို့ သန္ဓေပြောင်းသားရဲတွေပေါ်လာတဲ့ကိစ္စဟာ တကယ်မတော်တဆဖြစ်ခဲ့တာလား"
"မစ္စတာလုက ဘာကိုပြောချင်တာလဲ"
လုယန်မေးခွန်းက နည်းနည်းထူးဆန်းနေသလို ရှီလင်းယွန် ခံစားရသည်။ ထိုမေးခွန်းနှစ်ခုကြားတွင် ဆက်စပ်မှုရှိနေပုံရသည်။
လုယန်ထရပ်၍ ကယ်ဆယ်ရေးအဖွဲ့ရှေ့တွင် လမ်းလျှောက်သည်။
"လင်းယွန်၊ မင်းက အောက်ခြေဘဝက စခဲ့တယ်။ မင်းရဲ့ထူးခြားတဲ့ ရုပ်ခန္ဓာကြောင့် တစ်ရှိန်ထိုး တိုးတက်လာပြီး မိန်းမလတစ်ယောက်နဲ့ လက်ဆက်နိုင်ခဲ့တယ်။ အခက်အခဲတွေကြုံခဲ့ပေမယ့် အားလုံးကို မင်းဖြေရှင်းခဲ့တယ်။
မင်းဘဝက မယုံနိုင်လောက်အောင် ရင်လှို်သည်းဖိုဆန်နေတယ်လို့ မထင်ဘူးလား။
ကျန်းပို၊ လောကနံပတ်တစ်ဆိုတဲ့ ဒီနေ့လိုနေရာကို ရောက်လာဖို့ ဘဝအနိမ့်အမြင့်တွေ အများကြီးကြုံခဲ့တယ်။ စကားနည်းပြီး မျက်နှာတင်းပေမယ့် အားလုံးက လေးစားကြတယ်။ မင်းနာမည်က လူတွေကြားမှာ အတော်ရေပန်းစားမှာပဲ။
ထန်ရှင်း၊ ဒုတိယမျိုးဆက် လူချမ်းသာမိသားစုကနေ ဆင်းသက်လာတယ်။ ဒါပေမယ့် ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ နေထိုင်တယ်...
ယွမ်ရှင်း၊ မင်းမိန်းမကို သတိရတဲ့စိတ်ကို ရယ်သံတွေနဲ့ ဖုံးကွယ်ထားတယ်။
မင်းတို့နောက်ခံဇာတ်လမ်းတွေက တကယ်အံ့ဩစရာကောင်းတာပဲ။ ဒါပေမယ့် အံ့ဩစရာအကောင်းဆုံးကတော့ ဒါရိုက်တာဖန်တီးထားတဲ့ အစီအစဉ်ပါ။
ရှီလင်းယွမ်၊ လက်နက်သခင်ကို အနိုင်ယူပြီးတော့ ကယ်ဆယ်ရေးအဖွဲ့မှာ ဒုခေါင်းဆောင်ဖြစ်လာတယ်။ အဖွဲ့ဝင်အားလုံး စုစည်းကြတယ်။ ခုနစ်ယောက်က သန္ဓေပြောင်းသားရဲဘုရင်ကို တိုက်ခိုက်တယ်။
အနိုင်အရှုံးဘယ်လိုပဲဖြစ်လာလာ ဒီနေ့ညရဲ့ 'ကောင်းကင်ပင်လယ်ဒဏ္ဍာရီ'က ဆက်ပြီးထုတ်လွှင့်နေဦးမှာပဲ"
....
'ကောင်းကင်ပင်လယ်ဒဏ္ဍာရီ'ကို ဆက်တိုက်ရုပ်သံလွှင့်နေသည်။
ကြယ်စုမဟာမိတ်၏ ထိပ်တန်းနာမည်ကျော်တီဗွီဇာတ်လမ်းတွဲဖြစ်သည်။ ရိုက်ကွင်းများက ပီပြင်လွန်းသဖြင့် အတော်ဆုံးနည်းပညာဖန်တီးမှုပညာရှင်များပင် ဟာကွက်လုံးဝရှာမရ။
သရုပ်ဆောင်များ၏ လေးစားလောက်သည့် သရုပ်ဆောင်ပညာ။ ကြိုတင်ခန့်မှန်းမရသည့် သမရိုးကျမဟုတ်သည့် ဇာတ်ကွက်များ။ ကြမ်းတမ်းသည့် ရင်လိုက်သည်းဖို ဇာတ်ကွက်များ။
'ကောင်းကင်ကြယ်ကမ္ဘာဒဏ္ဍာရီ'က တီဗွီဇာတ်လမ်းတွဲများ၏ ထိပ်ဆုံးတွင် ရပ်တည်နေသည်။ ကြည့်ရှုသူ နှစ်ဆယ်ရာနှုန်းကို အမြဲထိန်းထားနိုင်သည်။
ဖျော်ဖြေရေးလမ်းကြောင်းများစွာရှိသည့် ကြယ်စုမဟာမိတ်အတွက် ထိုစီးရီးက ကြီးမားသည့်အောင်မြင်မှုဖြစ်သည်။
ဇာတ်လမ်းထုတ်လုပ်ရေးပိုင်းတွင် ငွေများအလုံးအရင်းလှိမ့်ဝင်နေသည်။ ကြောက်ငြာတစ်ခုစာသည်ပင် ငွေအမြောက်အများရသည်။ ဈေးကွက်လိုအပ်ချက် အလွန်မြင့်မားသည်။ သရုပ်ဆောင်တိုင်းတွင် ကိုယ်ပိုင်ပရိတ်သတ်အဖွဲ့ရှိသည်။
ကယ်ဆယ်ရေးအဖွဲ့နှင့် သန္ဓေပြောင်းသားရဲဘုရင်၏တိုက်ပွဲက ထိုဇာတ်လမ်းတွဲ၏ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းဖြစ်သည်။ ကြည့်ရှုသူ သုံးဆယ်ရာနှုန်းအထိ တိုးလာနိုင်သည်ဟု ခန့်မှန်းထားသည်။
"ဒီတစ်ခါ ဘယ်သူရှေ့ရောက်လာမယ်ထင်လဲ။ ရေခဲမျက်နှာဓားနတ်ဘုရားကျန်းပို အဆင့်တက်လောက်မလား"
"ပြောရခက်တယ်။ ငါတော့ ရှီလင်းယွန်ပဲဖြစ်မယ်ထင်တယ်။ စွမ်းရည်မြှင့်ဆေးကို သူစုပ်ယူတဲ့ဇာတ်ကွက်က တိုက်ခိုက်ရင်းနဲ့ ဆေးအာနိသင်ကို အပြည့်အဝစုစည်းနိုင်မယ့်သဘောကို ကြိုတင်အရိပ်အမြွက်ပြထားသလိုပဲ"
"ရှီလင်းယွန် နာမည်ရမယ့်အချိန်ကို မရောက်လောက်သေးဘူး။ သားရဲဘုရင်အစစ်က ပင်လယ်ထဲမှာရှိလိမ့်မယ်လို့ ဝါရင့်ကြည့်ရှုသူတွေက သုံးသပ်ကြတယ်။ အဲဒါက လင်းယွန်ရဲ့ ပြိုင်ဘက်အစစ်ဖြစ်လာလိမ့်မယ်"
'ကောင်းကင်ပင်လယ်ဒဏ္ဍာရီ'နှင့်ပတ်သက်သည့်ပို့စ်များ အွန်လိုင်းတွက် ဆက်တိုက်တက်နေသည်။ ပရိတ်သတ်၏စိတ်လှုပ်ရှားမှုကို စခရင်ပေါ်တွင် မြင်တွေ့နိုင်သည်။
ဒါရိုက်တာက ဇာတ်လမ်းအဖွဲ့ကို စီစဉ်ညွှန်ကြားရင်း အလုပ်ရှုပ်နေသည်။
"နာနိုကင်မရာတွေ သေချာချိန်ထားရဲ့လား"
"ကွမ်တမ်ဆက်သွယ်ရေးချန်နယ်တွေ ကြည်လင်ရဲ့လား"
"ရှီလင်းယွန်ကို စောင့်ကြည့်တဲ့ဒေတာတွေ မလွတ်စေနဲ့။ ဒါမှ တိုက်ပွဲမှာ သူအဆင့်တက်လို့ အဆင်ပြေမှာ"
ဒါရိုက်တာ ပျော်ရွှင်နေသည်။ 'ကောင်းကင်ပင်လယ်ဒဏ္ဍာရီ'ကြောင့် ကြယ်စုမဟာမိတ်တွင် နံပတ်တစ်ဒါရိုက်တာဖြစ်လာသည်။ ဘယ်နေရာသွားသွား ငွေကြေးရင်းနှီးသူများ လူချမ်းသာမိသားစုများက သူ့ကိုကြိုဆို၍ တန်းတူဆက်ဆံကြသည်။
သို့သော် ထိုအောင်မြင်မှုလောက်နှင့် သူမတင်းတိမ်နိုင်။ ယနေ့ညသည် သူ့ဘဝ၏ အမြင့်ဆုံးအချိန် ဖြစ်လာမည်ဟု ယုံကြည်သည်။
ဘယ်သူမှမသိကြသေးသည့် ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာကို သူရှာတွေ့ခဲ့သည်။ ဒေတာအချက်အလက်အားလုံး ကွမ်တမ်ကွန်ပြူတာထဲထည့်သည်။ ထိုကြယ်ကမ္ဘာ၏ ဖွံ့ဖြိုးတိုးတက်မှုကို သူကြိုတင်ခန့်မှန်းနိုင်သည်။
ကွမ်တမ်ကွန်ပြုတာထုတ်ပေးသည့် ရလာဒ်များကို အခြေခံ၍ အပြောင်းအလဲတစ်ချို့ ထပ်ဖြည့်ရုံသာရှိသည်။ ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာက သူ့ဆန္ဒအတိုင်း ပြောင်းလဲနေသည်။ တိုက်ရိုက်ထုတ်လွှင့်လျှင်ပင် အမှားအယွင်းမရှိနိုင်။
သူ့အတွက် ငွေနှင့်အကျိုးအမြတ်များက အရေးမကြီး။ လူကုန်ကူးသမားအဖြစ် နာမည်တပ်ခံရသည်ဖြစ်စေ ကြယ်ကမ္ဘာသစ်တစ်ခုတွေ့ကြောင်း မဟာမိတ်ကို သတင်းပို့သည်ဖြစ်စေ အလွန်ဆုံး 'မဟာမိတ်ဆုတံဆိပ်'သာရမည်။
ဘာမှမထူးဆန်း။ အွန်လိုင်းတွင် သည်းကြီးမည်းကြီးမရှာဘဲ ဆုတံဆိပ်ရသူကို ဘယ်သူမှသိကြမည်မဟုတ်။
ကောင်းကင်ပင်လယ်ဒဏ္ဍာရီ'က ထိုသို့မဟုတ်။ သူ့နာမည်ကို အမြဲရှင်သန်နေစေမည့် ဇာတ်လမ်းတွဲဖြစ်သည်။ အနုပညာလောကတွင် မှတ်ကျောက်တင်ရမည့်လက်ရာဖြစ်သည်။
သူလုပ်နေသည်ကိစ္စက တရားဝင်တော့မဟုတ်။ သို့သော် အနုပညာကို ဥပဒေဖြင့်ထိန်းချုပ်နိုင်သလော...
"အားလုံးအသင့်ပြီမဟုတ်လား။ ရုပ်သံစလွှင်ရအောင်"
ဒါရိုက်တာ ညွှန်ကြားချက်ဖြင့် ဇာတ်လမ်းတွဲ၏အမြင့်ဆုံးဇာတ်ကွက်က အင်တာနက်ကွန်ယက်ပေါ်တွင် အသက်ဝင်လာသည်။
နာနိုကင်မရာများက သန္ဓေပြောင်းသားရဲဘုရင်ကို သေချာရိုက်ထားသည်။ ဒါရိုက်တာအစီအစဉ်အရ ထိုဇာတ်ကွက်တွင် သားရဲဘုရင်၏ ဖိနှိပ်နိုင်စွမ်းကို အမိအရရိုက်ကူးမည်။ အကြပ်တည်းအခြေအနေမျိုးဖန်တီးပြီး တည်ငြိမ်သည့်ဇာတ်ကွက်သို့ပြောင်းမည်။
ထို့နောက် မဟာမိတ်ကြယ်စုမှ ပရိတ်သတ်အားလုံး သားရဲဘုရင်ဦးခေါင်းကို ဓားဖြင့်အလွယ်တကူထိုးသတ်လိုက်သည်။ ရှေးဟောင်းဓားကျင့်ကြံသူတစ်ယောက်ကို မြင်ကြရသည်။ ဖြစ်စဉ်တစ်ခုလုံးက သာမန်မျှသာဖြစ်သည်။
ဒါရိုက်တာ "..."
ဒီလူဘယ်သူလဲ...
ကွန့်မန့်ဘောက်စ်များ ဘူးလက်ချတ်ဘောက်စ်များ ဂယက်ထသွားသည်။
"ဒီလူက ဘယ်သူလဲ။ ဘာလို့ရုတ်တရက် ပေါ်လာတာလဲ"
"ဝတ်စုံကိုလည်းကြည့်ဦး။ မိတ်ကပ်အပြင်အဆင်ကလည်း ညံ့လိုက်တာ။ ဒီလိုအန္တရာယ်ကြားမှာ အစွန်းအထင်းမရှိတဲ့ ရှေးဟောင်းဝတ်စုံကို ဝတ်ထားတယ်ပေါ့"
"ဒါက သရုပ်ဆောင်အသစ်လား။ ဇာတ်လမ်းမှာ ဘာအရိပ်အမြွက်မှလည်း ကြိုပြမထားဘူး"
"ဇာတ်လမ်းတွဲရဲ့ အနှစ်သာရကာ အဲဒါပဲလေ။ နောက်ဇာတ်လမ်းတွဲမှာ ဘာဖြစ်လာမယ်ကိုတာ ကြိုတင်မခန့်မှန်းနိုင်ဘူး"
"ဒါလည်းဟုတ်တာပဲ"
"ဒီသရုပ်ဆောင်သစ်က အတော်ချောတယ်နော်။ အပူအပင်ကင်းတဲ့ သာမန်ဓားသမားတစ်ယောက်ပုံစံမျိုးပဲ"
"ဇာတ်ကြောင်းပြန်မယ့်အခန်းကို စောင့်ကြည့်ကြတာပေါ့။ သူ့အတိတ်ကြောင်းက စိတ်ဝင်စားစရာကောင်းမှာပါ"
ပရိတ်သတ်မှတ်ချက်များကြောင့် သရုပ်ဆောင်သစ်က အတော်လူကြိုက်များလာသည်။
သို့သော် ဒါရိုက်တာကတော့ သိပ်မကြိုက်။
"ဘာမှအမှားအယွင်းမဖြစ်ဖို့ မျှော်လင့်ရတာပဲ"
ထို့နောက် ကယ်ဆယ်ရေးအဖွဲ့နှင့် သရုပ်ဆောင်သစ် တိုက်ခိုက်သည့်မြင်ကွင်းပေါ်လာသည်။ သရုပ်ဆောင်သစ်က အဖွဲ့ဝင်များကို အလွယ်တကူ အနိုင်ယူလိုက်သည်။ အဆင့်တက်သွားသည့် ရှီလင်းယွန်ပင် ဘာမှမတတ်နိုင်။
ဖန်သားပြင်ကြည့်၍ ပရိတ်သတ်များ စိတ်ပျက်နေကြသည်။
နောက်ပိုင်းတွင် နားလည်မှုလွဲသည့်ကိစ္စ ရှင်းသွားသည်။ နာနိုကင်မရာများက ကြယ်ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားသည်။ လုယန် ကောင်းကင်သို့ပျံတက်သွားသည့်မြင်ကွင်းကိုလည်း ရှင်းလင်းစွာ ရိုက်ကူးထားနိုင်သည်။
သရုပ်ဆောင်သစ်က ဓားတစ်သောင်းအသွင်ပြောင်းပညာဖြင့် သန္ဓေပြောင်းသားရဲအားလုံး တစ်ခါတည်းအပြတ်ရှင်းလိုက်သည်ကို ကြယ်စုမဟာမိတ်ပရိတ်သတ်များ မြင်ကြရသည်။
"ဒီ special effects တွေက အရမ်းပီပြင်တာပဲ။ ဒီလိုအသက်ဝင်တဲ့ ပုံရိပ်မျိုးဖန်တီးရင် ငါ့အိမ်ကကွမ်တမ်ကွန်ပြုတာဆို မီးခိုးထွက်လာလောက်တယ်"
"ဒီလူက ကြယ်ကမ္ဘာတပ်ဖွဲ့ကိုတောင် ယှဉ်နိုင်လောက်တယ်"
"သရုပ်ဆောင်အတုကို တကယ့်လက်တွေ့ တိုက်ခိုက်စွမ်းအားနဲ့ နှိုင်းယှဉ်နေပြန်ပြီလား"
"သူက အာကာသခရီးသွားတစ်ယောက် ဖြစ်လောက်မလား"
"မဖြစ်နိုင်လောက်ပါဘူး။ ဇာတ်လမ်းဆုံးခါနီးရင် မြေပုံသစ်တစ်ခု အမြဲမိတ်ဆက်ပေးတာပဲလေ"
"ဒီသရုပ်ဆောင်သစ်က သောက်ရမ်းစွမ်းအားကြီးတာပဲ"
"သဘောပေါက်ပြီ။ ဒီလိုပြိုင်ဘက်ကင်းသရုပ်ဆောင်မျိုးပေါ်လာတာ ဇာတ်လမ်းကိုဆွဲဆန့်ဖို့ပဲ။ အဲလိုမှမလုပ်ရင် ဇာတ်လမ်းရှေ့ဆက်လို့ မရဘူးလေ"
သရုပ်ဆောင်သစ်ပေါ်လာသည်က ပရိတ်သတ်အတွက် လုံးဝကွဲပြားသည့် အတွေ့အကြုံဖြစ်သည်။ ကြည့်ရှုနှုန်းက ၄၀ ရာနှုန်းအထိ ထိုးတက်လာသည်။
ဒါရိုက်တာ မင်သက်မိနေသည်။ ကွမ်တမ်ကွန်ပြုတာကလည်း ကြယ်ကမ္ဘာဖြတ်ခရီးသွားတစ်ယောက်ဖြစ်ကြောင်းသာ ကောက်ချက်ချနိုင်ပြီး မီးခိုးထွက်၍ စက်ပျက်သွားသည်။
"ဒါရိုက်တာ၊ ဘယ်လိုလုပ်ကြမလဲ"
ကင်မရာမန်းနှင့် တစ်ခြားအဖွဲ့ဝင်များ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။ သတင်းမပေါက်ကြားဖို့ သဘောတူညီချက်စာချုပ်ကို အားလုံးလက်မှတ်ထိုးထားသည်။ အဖြစ်မှန်ကိုတော့ သူတို့ထုတ်ပြောမည်မဟုတ်။
သို့သော် ဇာတ်လမ်းကို ဘယ်လိုရှေ့ဆက်ရမည်မသိတော့။
ဒါရိုက်တာ အသိပြန်ဝင်လာသည်။ လက်မှိုင်ချပြီး ကံကြမ္မာကို လက်ခံနေရမည့်အချိန်မဟုတ်။
"ဥက္ကဌဆီ မက်ဆေ့ပို့ပါ။ ဒီလူကို ထိန်းသိမ်းထားပြီး ရသလောက်သတင်းနှိုက်ဖို့ ပြောလိုက်။ နာနိုကင်မရာတွေရဲ့ အရွယ်အစားက ၁ နာနိုမီတာတောင် မရှိဘူး။ ဒီလူငါတို့ကို သတိမထားမိသေးတာ သေချာတယ်"
ဥက္ကဌလည်း ထုတ်လုပ်ရေးအဖွဲ့ဝင်ပါသည်။ ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာမှ အပြောင်းအလဲအားလုံးကို သူစီမံခန့်ခွဲနေခြင်းဖြစ်သည်။
ယခု ဖန်သားပြင်ပေါ်တွင် လုယန်က ကယ်ဆယ်ရေးအဖွဲ့ကို ဦးဆောင်၍ မြိုတော်သို့ပြန်နေသည်။ ဥက္ကဌက သူတို့ကို ကြိုဆိုပြီး ရုံးခန်းထဲခေါ်သွားသည်။
ဥက္ကဌစိတ်သက်သာရာရ၍ သက်ပြင်းချသည်။ နောက်ဆက်လုပ်ရမည့် အစီအစဉ်များကို စဉ်းစားသည်။
ကြီးမားသည့်ဖန်သားပြင်ပေါ်၌ လုယန်က ကယ်ဆယ်ရေးအဖွဲ့၏ အတိတ်ကအတွေ့အကြုံများကို ပြန်သုံးသပ်နေသည်ကို မြင်ရသည်။
"မင်းတို့နောက်ခံဇာတ်လမ်းတွေက တကယ်အံ့ဩစရာကောင်းတာပဲ။ ဒါပေမယ့် အံ့ဩစရာအကောင်းဆုံးကတော့ ဒါရိုက်တာဖန်တီးထားတဲ့ အစီအစဉ်ပါ"
ရုတ်တရက် လုယန် နောက်သို့လှည့်ကြည့်လာသည်။ သူ့မျက်နှာက ဖန်သားပြင်ကြီးတစ်ခုလုံးပြည့်နေသည်။ ကင်မရာမှတစ်ဆင့် ဒါရိုက်တာကို စကားပြောသည်။
"ခင်ဗျားလည်း အဲလိုပဲတွေးနေတယ်မဟုတ်လား ဒါရိုက်တာ"
ပရိတ်သတ်အားလုံး မင်သက်မိသွားသည်။
ဒါရိုက်တာစိတ်တွင် ရေခဲတွင်းတစ်ခုထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။
***********************************